"နင်အဆင်ပြေရဲ့လား"
သူသံယောဇဉ် ရှိသူကို ကောင်မလေးက မေး၏။ ကောင်လေးက မေးတစ်ချက် ဆတ်ရင်း
အသံပြတ်နှင့် ပြန်ဖြေ၏။
"ကောင်းပါတယ်"
(၂)
ကောင်မလေးအလုပ်ရှုပ် ပင်ပန်းနေသည်။ ကောင်လေးက တွေ့တော့ မေးသည်။
"ငါဘာကူညီရမလဲ"
ကောင်မလေးက ခပ်တင်းတင်း လေသံနှင့် မျက်နှာလွှဲရင်း ဖြေ၏။
"ရပါတယ်……… ငါ့ဟာငါပဲ လုပ်မယ်"
(၃)
ကြာတော့ အနေအထား တွေက နီးစပ်ဖို့ ဦးမတည်တော့။ ကောင်မလေး ရင်ထဲက
စကားတစ်ခွန်းကို မရဲတရဲ မျှော်လင့်ရင်း ကောင်လေးက မေးသည်။ မေးခွန်းက
ရွဲ့သလို ဖြစ်သွား၏။
"ငါဘော်ဒါတွေနဲ့ လျှောက်လည်မလို့။ ကောင်းမလားဟင်"
"ကောင်းတယ် လုပ်လေ….. သွားပေါ့"
လက်သည်းတွေကို လက်မနှင့် ရည်ရွယ်ချက်မဲ့ ပွတ်သတ်နေရင်း ကောင်လေး မျက်နှာ
မကြည့်ဘဲ ကောင်မလေးက ဖြေသည်။ မျက်နှာ မကြည်မလင်ကို ဖုံးကွယ်၍ ကောင်လေး
ထွက်သွား၏။
(၄)
အေးဆေးသော အခြေအနေကို ဆက်ထိန်းသိမ်းထားလို၍ လည်းကောင်း၊ အကူအညီ မယူလိုသော
မာနကြောင့် လည်းကောင်း၊ မိမိရင်ထဲက အလေးထားအရေးစိုက်မှုကို ဖုံးကွယ်လို၍
လည်းကောင်း၊ စိတ်ထဲက မကြည်မလင် ဖြစ်နေ၍ လည်းကောင်း …………… စသဖြင့် မိမိ
ချစ်ခင် တန်ဖိုးထားရသူကို စကားအချို့ ဖျတ်ကနဲ တုန့်ပြန် ပြောဆိုတတ်ကြသည်။
ထိုစကားများကတော့ ကောင်းပါတယ်၊ ရပါတယ်၊ ကောင်းတယ် လုပ်လေ စသဖြင့်
ဖြစ်တတ်ကြသည်။
တစ်ခါတစ်ရံ၌ တိုက်ရိုက် အဓိပ္ပာယ်ကို ကိုယ်စားမပြုဘဲ ဆန့်ကျင်ဘက်ကို
ကိုယ်စားပြုတတ်ကြသော ဝေါဟာရများတွင် အဆိုပါ ဝေါဟာရများ ထိပ်ဆုံးက
ပါမည်ထင်သည်။ ကြားရတော့သာ ကောင်းပါတယ်၊ ရပါတယ်၊ သဘောတူပါတယ် ဆိုသော
အဓိပ္ပာယ် ရသော်လည်း ဆန့်ကျင်ဘက် မကောင်းသော အဓိပ္ပာယ်မှန်း သိသာနေသည်။
မာကျောကျော အေးတိအေးစက် အမူအရာနှင့် ယှဉ်တွဲ ပြောလိုက်လျှင် အပြောခံရသူ
ရင်ထဲ နင့်ကနဲ ဖြစ်သွားစေသည်။ ချစ်ရသူ နှစ်ဦးကြား ရေရှည်ဆက်ဆံရေးကတော့
အက်ရာတွေ ထင်စပြုလာပြီ ဖြစ်သည်။
(၅)
မြန်မာစကား၏ ကောင်းပါတယ်၊ ရပါတယ်၊ လုပ်လေ ဆိုသော အေးစက်စက်
စကားလုံးများကို သိုးဆောင်းဘာသာစကား၌ "Fine" ဆိုသော စကားလုံး
တစ်လုံးထဲဖြင့် ကိုယ်စားပြုနိုင် လေသည်။
fine (adj) bad or not convenient
fine ဆိုသော စကား၏ အဓိပ္ပာယ်ကို Cambridge Advanced Learner's Dictionary
က အထက်ပါအတိုင်း အဓိပ္ပာယ် ဖွင့်ဆိုသည်။ နာမ၀ိသေသန ဖြစ်ပြီး မိမိ၏
အလိုမကျမှု ၊ အလွန် မသာယာသော စိတ်အခြေအနေကို တစ်ဖက်သားကို ဖော်ပြရာ၌
အသုံးပြုသော စကားလုံး ဖြစ်လေသည်။
ကိုယ်ကတော့ ခပ်တည်တည် နေလိုသည်ကို ပြလို၍ လည်းကောင်း၊ အကူအညီ မယူလိုသော
မာနထားလို၍ လည်းကောင်း၊ အောက်ကျနောက်ကျ ခံ၍ အူတိုမပြလို၍ လည်းကောင်း၊
ကိုယ့်စိတ်မကြည် ဖြစ်နေ၍လည်းကောင်း……… စသဖြင့်
အကြောင်းရင်းပေါင်းများစွာကြောင့် မြတ်နိုးတန်ဖိုးထားရသူကို "Fine" ဟု
ပြောမိတတ်ကြသည်။ ထိုအေးစက်သော စကားများသည် ကိုယ်နှင့် ချစ်ရသူ အကြား
ဆက်ဆံရေးကို ဆွေးမြေ့ ပျက်စီးစေသည်။ အနီးကပ်ဆုံး အနေအထားတွင် ရှိနေသော
သူ့ကို လက်တစ်ကမ်း အကွာသို့ တွန်းပို့လိုက်သလို လက်တစ်ကမ်း အကွာမှ ထပ်မံ၍
ဝေးကွာသွားစေသည်ဟု စိတ်ပညာရှင် ဂျွန်အိုင်ကန်က သူ၏ နာမည်ကျော်
"မရည်ရွယ်ဘဲ အထီးကျန်ဖြစ်ရခြင်း" (Accidentally Single) စာအုပ်တွင်
ရေးသား ဖော်ပြထားသည်။
"Fine" ဟူသော စကားလေးက ဤမျှ တာသွားသည်။ အဘယ့်ကြောင့် ဆိုသော် သင်၏ တကယ့်
အခြေအနေကို သိလိုသူက ဂရုတစိုက်မေးခြင်းကို ကောင်းပါတယ်ဟု အေးစက်စက်
အမူအရာဖြင့် ဖြေကြားခြင်းသည် သင့်ဘက်က သူနှင့် နှလုံးသားချင်း မနီးစပ်လို
ဟု ထင်သွားစေနိုင်သည်။ အကူအညီပေးလိုသူ၏ ကမ်းလှမ်းသော စကားလုံးများကို
ရပါတယ် ဟု ခပ်ဆတ်ဆတ် ပြန်ဖြေခြင်းသည် သင်က သူ့ကို မလိုအပ်ဟု ယူဆထားသည်ဟု
သူက အထင်လွဲသွားနိုင်သည်။ အားငယ်သွားနိုင်သည်။ ဒေါသထွက် သွားနိုင်သည်။
အကူအညီ မယူလိုသောသူသည် ကိုယ့်အလှည့်ကျလျှင်လည်း အကူအညီ မပေးလိုဟု
သွယ်ဝိုက် ပြောသည်ဟု တစ်ဖက်သားကို နားလည်သွားစေသည်။
နှစ်ယောက်တူတူ ပြဿနာ အတော်များများကို ဖြေရှင်းဖူးသူ စုံတွဲများသည် အခြား
သာမန်စုံတွဲများထက် ပို၍ ချစ်ကြကြောင်း တွေ့ရသည်ဟု စိတ်ပညာရှင် အိုင်ကန်က
ပြောသည်။
သူက သင့်ကို အူတိုစေလို၍ လည်းကောင်း၊ အကြံဥာဏ် တစ်စုံတစ်ရာ ရလို၍
လည်းကောင်း အလေးထားမေးသော်လည်း သင်က ကောင်းပါတယ်၊ လုပ်လေ ဟု စိတ်မပါ့တပါ
အမူအရာနှင့် ပြောခြင်းသည် အေးစက်သော တုန့်ပြန်မှု တစ်ခု ဖြစ်လေသည်။
"အေးစက်တဲ့ အစားအသောက်တွေ စားရတာ ကိစ္စမရှိဘူး။ အေးစက်တဲ့ စကားလုံးတွေရဲ့
ဒဏ်တော့ မခံနိုင်ဘူး" ဆိုသော စကားတစ်ခွန်းကို ကြားဖူးသည်။ ထိုအတိုင်း
သူခံစားသွားရပေမည်။
Many words hurt more than swords. ဟူသော စကားလုံးများသည် ဓားများထက်
ပို၍ အနာတရ ဖြစ်စေသည် အင်္ဂလိပ် စကားပုံအရ သင့်ကို ချစ်မြတ်နိုးသူ၏
ရင်ဘတ်ထဲသို့ ဓားထက်ချွန်သည့် စကားလုံးများ ထိုးစိုက်နှစ်မြှုပ်ပစ်ရန်
ဆုံးဖြတ်ပြောဆိုလိုက်ခြင်းသည် သင့်ကို တစ်ချိန်တွင် နောင်တ
ရစေလိမ့်မည်မှာ သေချာလှပေသည်။
တကယ်ကောင်း၍ သဘောတူ၍ ပြောခြင်းဆိုလျှင် တစ်ခွန်းတည်း မပြောသင့်ပါ။
ဘာကြောင့် ကောင်းသည်ဟု ထင်ပါသည်ဟူသော ဖြည့်စွက်စကားလေး တစ်ခွန်း
နှစ်ခွန်း ပြောလိုက်ရုံဖြင့် သင်က ဘာမှ မရင်းလိုက်ရဘဲ သူ့ဆီက ချစ်ခင်မှု၊
မေတ္တာအများကြီး ပြန်ရနိုင်လေသည်။ ထို့အတူ အကူအညီ ပေးရန် ကမ်းလှမ်းချက်ကို
အကြောင်းအမျိုးမျိုးကြောင့် ငြင်းမှ ဖြစ်မည် ဆိုလျှင်လည်း "Fine" ဟု
တစ်ခွန်းတည်း မပြောဘဲ နားလည်အောင် သိမ်မွေ့သော အမူအရာ ဘာသာစကားဖြင့်
ဖော်ပြနိုင်ဖို့ လိုလေသည်။ သူလုပ်ချင်တာတစ်ခုကို သင်က
သဘောမတူလိုလျှင်လည်း အကြောင်းရင်းကို နွေးထွေးသော လေသံဖြင့် ပြောသင့်သည်။
ဥာဏ်စမ်းမေးခွန်းတစ်ခု ရှိသည်။ အရှေ့အရပ်ကို မျက်နှာမူထားသူတစ်ဦးနှင့်
အနောက်အရပ်ကို မျက်နှာမူထားသူ တစ်ဦးတို့ တစ်ယောက်မျက်နှာတစ်ယောက်
အတည့်မြင်ရရန် မှန်ဘယ်နှချပ် အကူအညီ လိုပါသနည်း ဟူသော မေးခွန်း ဖြစ်သည်။
ရူပဗေဒ ဆိုင်ရာ မေးခွန်းထင်၍ ဖြေသူအားလုံးက အလင်းဆိုင်ရာ ရိုက်ထောင့်၊
ပြန်ထောင့် သဘောတရားတွေ တွက်ချက်ကာ ၂ ချပ်၊ ၄ ချပ်၊ ၈ ချပ်စသဖြင့်
အဖြေတွေ အမျိုးမျိုး ပေးကြသည်။ တကယ်တမ်းက ထိုမေးခွန်းသည် လူမှုဆက်ဆံရေး
ဆိုင်ရာ မေးခွန်း ဖြစ်ပြီး အဖြေကလည်း ရှင်းပါသည်။
အရှေ့အရပ်နှင့် အနောက်အရပ်ကို မျက်နှာမူထားသူ နှစ်ယောက် တစ်ယောက်မျက်နှာ
တစ်ယောက် မြင်ရဖို့ မှန်တစ်ချပ်မှ မလိုပါ။ မျက်နှာချင်း
ဆိုင်လိုက်ကြရုံသာ လိုပါသည်။ သဘောထားကွဲလွဲမှုများတွင်လည်း မျက်နှာမူရာ
မတူသည့်တိုင်အောင် အပြန်အလှန် ကျောခိုင်းမထားဘဲ
နှစ်ဦးမျက်နှာချင်းဆိုင်လိုက်လျှင် ပြေလည်ပါသည်။
Written by : ဒေါက်တာသီဟသစ်
Post by www.mmdailynews.com
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ