Showing posts with label ရသ-စာပေ. Show all posts
Showing posts with label ရသ-စာပေ. Show all posts

"မီးခိုးစော်နံသော လူတချို့အကြောင်း

1.
ဆရာငွေကြည်ရဲ့ ကာတွန်းလေးလို့ ထင်တာပဲ
ဖတ်ဖူးတာလေး မှတ်မိနေသေးလို့... ...
တခါက... လင်မယားနှစ်ယောက်ရှိတယ်။
မိန်းမက ဟင်းကို ဘယ်လောက်ကောင်းအောင်ချက်ချက်၊ ယောက်ျားလုပ်သူက ဘယ်တော့မှ အကောင်းမပြောဘူးတဲ့။

ဒါနဲ့ တရက်...
ထမင်းစားမယ်လုပ်တော့ မိန်းမက ပြောတယ်... ...
"ရှင်က ကျမဘာချက်ချက် မကောင်းဘူးပြောလို့၊ ဒီနေ့တော့ ဆိုင်က ထမင်းဟင်းတွေ ဝယ်ကျွေးတာ"
စားနေရင်းနဲ့ ယောက်ျားက ချီးကျူးတယ်... ...
"ကောင်းတယ်ဟေ့... ဟင်းဆိုတာ ဒါမျိုးမှ၊ မင်း ချက်တာနဲ့ ဘာမှမဆိုင်ဘူး"... ဘာညာနဲ့ ပြောတာပေါ့
မိန်းမလုပ်သူကလည်း ဘာမှပြန်မပြောဘဲ အသာထိုင်ကြည့်နေတယ်။
အဲ..
ယောက်ျားလုပ်သူလည်း ထမင်းစားပြီးရော မိန်းမက ပြောတယ်.... ...
"အဲဒီဟင်းတွေ ကျမချက်တာ၊ ဘယ်ဆိုင်ကမှ ဝယ်တာမဟုတ်ဘူး၊ ရှင့်စိတ်ကို စမ်းချင်လို့ တမင်ပြောလိုက်တာ"
..ဆိုတော့ ယောက်ျားက ပြန်ပြောသတဲ့... ....
"အင်း... ဒ့ါကြောင့် မီးခိုးစော်လေးတော့ နံတယ်လို့ထင်သား"... တဲ့။
ကျနော်ပြောချင်တာက...
တချို့သောလူတွေဟာ 'ငါပြောတာမှ အမှန်၊ ကျန်တဲ့လူတွေ ဘာပြောပြောအမှား၊ င့ါကို လာမယှဉ်နဲ့'... စတဲ့ င့ါစကားနွားရ၊ တဇောက်ကန်း နဲ့ တစ်ဖက်စွန်းရောက်အောင်ထိ အတ္တကြီးကြတယ်။
အကျိုးသင့် အကြောင်းသင့်နဲ့ ရှင်းပြလို့ သူမှားကြောင်း သူ့အသိစိတ်က လက်ခံသွားရင်တောင်မှ မှားပါတယ် ဝန်မခံဘဲ 'မီးခိုးစော်လေးတော့ နံတယ်လို့ထင်သား' လို့ လုပ်တတ်ကြတယ်။
2.
ကျနော်က ဟာသတွေကို အင်တာနက်မှာ ရှာဖွေလို့ ဖတ်တဲ့အခါ တချို့ဟာသတွေက တော်တော်ကောင်းတယ်။
ဒါပေမယ့်..
အရွယ်ငယ်သေးတဲ့ စာဖတ်ပရိတ်သတ်တွေ ဖတ်ဖို့ မသင့်တော်တဲ့ ညစ်တီးညစ်ပတ် မထိတထိဟာသလေးတွေ ဖြစ်နေတတ်တယ်။
အဲဒီတော့ ကျနော်က 18+ group လေးလုပ်ပြီး အဲဒီမှာ တင်တယ်။
အဖွဲ့ဝင်အဖြစ် အရွယ်ရောက်ပြီး ယောက်ျားလေးတွေကိုပဲ စီစစ်ပြီးလက်ခံတယ်။
ကျနော်လည်း ဘာသာပြန်ချင်တာ ပြန်လို့ရ၊ Dirty Joke ကြိုက်တဲ့ ပရိတ်သတ်လည်း စိတ်ကျေနပ် ပေါ့လေ။
အဲဒီ Group မှာတင်တဲ့ ပို့စ်တွေကို အပြင်မှာ ပြန်မတင်ကြဖို့ စည်းကမ်းသတ်မှတ်ထားတယ်။
ဒါပေမယ့် တစ်ရက်ကတော့ အဖွဲ့ဝင်တစ်ယောက်က စည်းကမ်းဖောက်ပြီး ကျနော်တင်တဲ့ ဟာသတစ်ခုကို အပြင်မှာ ပြန်ပြီး Copy and paste လုပ်တယ်။
အချိန်တိုအတွင်းမှာ Share လိုက်ကြတာ ဘယ်လိုမှ ပြန်သိမ်းလို့ လိုက်တားလို့ မမှီတော့ဘူးဖြစ်သွားတယ်။
FB အကောင့်တွေမှာရော၊ FB group တွေမှာရော၊ Blogg တွေမှာရော၊ သတင်းဌာနတွေမှာရော...
တော်တော်များများလည်း ဖတ်လိုက်မိမယ်ထင်တယ်
ခုမှတော့ မထူးတော့လို့ ဒီမှာ ပြန်ပြပါမယ်... .... ...
18+ ပါ ( ၁၈ နှစ်အောက် မဖတ်ပါနဲ့၊ ဖတ်လည်း ဘာမှမတတ်နိုင်၊ ကိုယ်သိတာ မှတ်လို့)
"အပျိုစစ်/မစစ်"
ကိုယ်ယူမယ့် မိန်းမ အပျိုစစ်မစစ် သိချင်ရင် အောက်ပါအတိုင်း စမ်းသပ်ပါ။
လိုအပ်သောပစ္စည်း... ...
1. သုတ်ဆေး အနီတစ်ဘူး
2. သုတ်ဆေး အစိမ်းတစ်ဘူး
3. စုတ်တံတစ်ချောင်း
4. ဂေါ်ပြားတစ်ချောင်း
စမ်းသပ်ရမည့် အချိန် => မင်္ဂလာဦးည
စမ်းသပ်နည်း... ...
မင်္ဂလာဦးည အိပ်ရာမဝင်ခင် သင်၏ 'ယဥ' နှစ်လုံးအား၊ တစ်လုံးကို ဆေးအနီ တစ်လုံးကို ဆေးအစိမ်း သုတ်ပါ။
ပြီးလျှင် ကိုယ်လုံးတီးချွတ်၍ ကုတင်ပေါ်တက်ပါ။
သင့်ယဥကို မြင်သော သတို့သမီးက အော်မည်... ...
"ဟား... ယဥကလည်း အစိမ်းတစ်လုံး၊ အနီတစ်လုံး၊ တခါမှ မမြင်ဖူးဘူး"... ဆိုလျှင် အပျိုမစစ်။
ဂေါ်ပြားဖြင့် ရိုက်သတ်လိုက်ပါ။
3.
အဲဒီဟာသကို ညီငယ်တစ်ယောက် သူ့ FB မှာတင်တယ်။
ဒီအတိုင်းတင်တာတော့ မဟုတ်ဘူး၊ ဟိုနည်းနည်း ဒီနည်းနည်းပြင်ပြီးတင်တယ်။
သိပ်အများကြီးပြင်တာတော့မဟုတ်ဘူး
ဥပမာ...
'ဂေါ်ပြားဖြင့် ရိုက်သတ်လိုက်ပါ' .. ဆိုတာကို 'ဂေါ်ပြားဖြင့် ထုသတ်လိုက်ပါ'..
'တစ်လုံးကို ဆေးအနီ တစ်လုံးကို ဆေးအစိမ်း သုတ်ပါ' ဆိုတာကို 'ဘယ်ဘက်ကို အစိမ်းရောင်သုတ်၍ ညာဘက်ကို အနီရောင် သုတ်လိုက်ပါ'.. ဒီလောက်ပါဘဲ။
ကျန်တာတွေကတော့ ကျနော့်ဟာသအတိုင်း နံပတ်တပ်တာတောင် မလွဲပါဘူး။
သူက ရေးသူနာမည် မတပ်တော့ ကျနော့်ပရိတ်သတ်က သွားပြောတယ်။
ဒီတော့ သူက သူရေးတာလိုလို ဘာလိုလို ပြန်ပြောတယ်.
နောက်ဆုံး ကျနော်ပါ ဝင်ပါရတာပေါ့။
'ညီလေး...မူရင်းဟာသရှိရင် ပြပါ' ဆိုတော့ သူ့မှာ တကယ်ပဲ မူရင်းဟာသရှိတော့ ပြလာတယ်... ...
မူရင်းဟာသက... ....
Irish Virginity Test Kit
Paddy is planning to marry, he is, and asks his family doctor how he could tell if his bride-to-be is still a virgin.
His doctor says, "Aye, Paddy, all Irish use three things for what we call a Do-It-Yourself... Virginity Test Kit .... a small can of red paint, a small can of blue paint, and a shovel."
Paddy asks, "Aye, and what do I do with these things, doctor?"
The doctor replies, "Before ye climb into bed on your wedding night, Paddy, you paint one of your balls red and the other ball blue.
If she says, "That's the strangest pair of balls I've ever seen", you hit her with the shovel.'
ကဲ...
မူရင်းဟာသကို တိုက်ရိုက်ပြန်ကြည့်ပါ။
ကျနော်လည်း အဲဒီဟာသကိုပဲ ဘာသာပြန်ထားတာပါ။
ဒါပေမယ့်... ကျနော်က နောင်မှာ အဲလိုဟာသတစ်ပုဒ်ကို လူအများ အတူတူ ဘာသာပြန်မိရင် 'ငါပြန်တာကူးချတယ်၊ သူပြန်တာကူးချတယ်" နဲ့ အငြင်းပွားရမှာ စိုးလို့ မူကွဲနေအောင် ပြန်ပါတယ်။
မူရင်းဟာသဆီက Main idea ကိုပဲ ယူပါတယ်။
ကျန်တာ ကျနော်စကားနဲ့ ကျနော် ပြောင်းထားတာပါ။
4.
တနေ့ကလေးတင် ကျနော်တင်လိုက်တဲ့ ဟာသတစ်ခုရှိပါသေးတယ်... ...
ပြန်ပြောကြည့်ရအောင်ပါ... ...
ကျနော့်ဘာသာပြန်လိုက်တာက ဒီလို... ... ...
"ချစ်လွန်းလို့ ဖြစ်သွားတာပါ"
တခါက ကျနော့်ချစ်သူနဲ့ လျှောက်လည်ကြရင်း ဘယ်မှသွားစရာမရှိတာနဲ့ ကာရာအိုကေဆိုင်ထဲ ရောက်သွားရော...
သူက ကျနော့်ကို သီချင်းအတင်းဆိုခိုင်းတာနဲ့ ဆိုပြလိုက်တယ်။
သီချင်းဆိုပြီးတော့ ကျနော်က သူ့ကိုပြောမိတယ်...
"ခေး ကိုချစ်လွန်းလို့သာ တော်တော်ကြီးကြိုးစားပြီး ဆိုပြလိုက်တာ"
.. ဆိုတော့ သူကလည်း ပြန်ပြောရှာတယ်... ...
"ခေး ကလည်း ကိုကို့ ကို ချစ်လွန်းလို့သာ တော်တော်ကြီး သည်းခံပြီး နားထောင်လိုက်တာ"... တဲ့။
မူရင်းက ဒီလို... ...
At a recent family gathering, we borrowed a karaoke machine, and my daughter asked her 90-year-old grandmother what song she'd like to hear. Her choice was "Unforgettable" by Nat King Cole. Three of us decided to give it a try. Afterwards, my daughter wrapped her arms around her grandmother and said sweetly, "We sang that because we love you." "And I listened because I love you!" was her grandmother's wry reply.
5.
ခုနက ညီငယ်လေးအကြောင်း ဆက်ပြောရရင်... ..
ပရိတ်သတ်တစ်ယောက်က မူရင်းနဲ့ သူဘာသာပြန်တယ်ဆိုတဲ့ဟာ ဖတ်ကြည့်ပြီး သူ့ကို ပြောတာပေါ့... ...
"သိပ်မတူသလိုပဲနော်'... တဲ့။
သူ့ဟာက အသိသာကြီးလေ
သူက မူရင်းကို ဘာသာပြန်ထားတာလား၊ ကျနော်ဟာသကို တစ်လုံးနှစ်လုံးပြင်ထားတာလားဆိုတာကို
ဒါကို သူဝန်မခံဘဲ ပြောသွားတာက... ...
"ကျနော်က ဦးသန်ဟာသထဲက ယဥ ဆိုတာလေး သဘောကျလို့ အဲဒီ ယဥ လေးကို ပဲ ယူပြီး တင်လိုက်တာပါ၊ မရည်ရွယ်ဘဲ တိုက်ဆိုင်သွားတာပါ"... တဲ့။
....ဆိုတော့
သက်သေသက္ကာရနဲ့ ခိုင်ခိုင်မာမာပြနေတာကို သူ့အသိစိတ်မှာ သူ့ဘက်ကမှားသွားကြောင်း သိနေပေမယ့်... ..
"ငါ မှ အမှန်"... ဆိုတဲ့ အတ္တစိတ်ကြောင့် ဝန်ခံခြင်း၊ တောင်းပန်ခြင်းမပြုနိုင်တော့ဘဲ
နောက်ဆုံး.... မချိမဆန့်လေး ပြောသွားတာက... ... ...
အဲ...
ဒီဇတ်လမ်းအစမှာ ပြောခဲ့သလို... ...
"မီးခိုးစော်လေးတော့ နံတယ်လို့ ထင်သား"... ပေါ့ဗျာ။
ဒါပါပဲ...
အားလုံးကိုလေးစားလျက်-သန်၎ကို
Read More

အများကြီးတွေးနေတာကို ဘာကြောင့်ရပ်သင့်သလဲ ?

လူတွေကို သူတို့လိုချင်တဲ့ရလာဒ်တွေ မရအောင် ဘယ်ဟာက
တားဆီးနေတာလဲ?

အဲဒီအရာတွေထဲကတစ်ခုကတော့ မိမိကိုယ်တိုင် တည်ဆောက်ထားတဲ့ အတားအဆီးတစ်ခုပါပဲ။ အဲဒါက ဘာလဲဆိုတော့ အများကြီးတွေးခြင်း ပဲ ဖြစ်ပါတယ်။

တကယ်တော့ ကိစ္စတွေပြီးမြောက်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ရိုးရှင်းပါတယ်။ တွေးနေတာတွေကိုရပ်ပြီး လက်တွေ့ စလုပ်ဖို့ပါပဲ။

အများကြီးတွေးခြင်းဟာ လူတွေကို အောင်မြင်ရေး တက်ကျမ်းစာအုပ်တွေဆီ ဆွဲခေါ်နေတဲ့ ပြဿနာတစ်ခု ဖြစ်နိုင်ပါတယ်။ ပြီးတော့ အဲဒီ တက်ကျမ်းစာအုပ်တွေဆီကနေ အသုံးဝင်တဲ့ အကြံဥာဏ်တွေရပြီးသော်ငြား သူတို့ရဲ့ ရည်မှန်းချက်တွေ မအောင်မမြင်ဖြစ်နေရတဲ့ အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အောင်မြင်ရေး တက်ကျမ်းစာအုပ် ငါးအုပ်လောက်ဖတ်ပြီးပြီဆိုရင် သင် တွေးတယ်၊ အစီအစဉ်တွေဆွဲတယ်၊ ပြီးတော့ ထပ်တွေးတယ်။ နောက်ဆုံးတော့ သင်ဟာ အတွေးတွေထဲမှာ လမ်းပျောက်သွားတယ်။ ပြီးတော့ အောင်မြင်ရေးစာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ် ဖတ်နေခြင်းဟာ ပညာသားပါပါ အချိန်ဆွဲခြင်း တစ်မျိုးပါပဲ။

အခု ကျနော်ပြောနေတာက အဲဒီလိုစာအုပ်တွေဖတ်ခြင်းဟာ၊ ဒါမှမဟုတ် တွေးခြင်းဟာ မကောင်းတဲ့အရာတစ်ခုဖြစ်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါတွေ အရမ်းများသွားရင်လည်း အလုပ်မဖြစ်တော့ပါဘူး။

ဒီတော့ အများကြီးတွေးတာကို ဘာကြောင့်ရပ်သင့်တယ်ဆိုတဲ့ ကောင်းမွန်တဲ့ အကြောင်းအချက် (၃)ခုရှိပါတယ်။

၁။ တွေးခြင်းဟာ လက်တွေ့လုပ်ဆောင်ခြင်းကို အစားမထိုးနိုင်ပါ။

အများကြီးတွေးတဲ့အခါ ဆန္ဒတစ်ခုတော့ ရှိလိမ့်မယ်လို့ ကျနော်ထင်တယ်။ တွေးတာဟာ လက်တွေ့လုပ်ခြင်းကို တစ်နည်းနည်းနဲ့ အစားထိုးနိုင်လိမ့်မယ်ဆိုတဲ့ ဆန္ဒပေါ့။ လွယ်ကူတဲ့နည်းလမ်းတစ်ခုကိုတွေ့ပြီး သင်လိုချင်တဲ့အရာကို အမှန်တကယ် မလုပ်ဆောင်ပဲ ရနိုင်ကောင်းရဲ့ဆိုတဲ့ ဆန္ဒမျိုးပေါ့။

လက်တွေ့မလုပ်ဆောင်ဘူးဆိုရင်တော့၊ အခြေအနေအများစုမှာ သင်ဟာ သင်လိုချင်တာကို မရတတ်ပါဘူး။ တွေးခြင်းဟာ ဘာမှန်းမသိတဲ့အရာတစ်ခုထဲကို ပြုတ်ကျသွားသလိုပဲ ကြောက်စရာလည်းကောင်း၊ ဘာဖြစ်မယ်ဆိုတာလည်း မသေချာပါဘူး။

ဒီတော့ အဲဒါဟာ လက်တွေ့လုပ်ဆောင်ခြင်းတွေကနေ ရှောင်ပုန်းရာနေရာတစ်ခု ဖြစ်လာပါတော့တယ်။ ပြီးတော့ တွေးခြင်းဟာ ဘယ်လိုအကျိုးရှိတယ်ဆိုတာ သင့်ကိုယ်သင် အကြောင်းပြချက်တွေ ပေးပါတော့တယ်။

၂။ သင်ဟာ ကိစ္စတွေကို ပိုမိုရှုပ်ထွေးသွားစေနိုင်ပါတယ

ကိစ္စတွေဟာ ခက်ခဲသလား၊ ရှုပ်ထွေးသလား။ ဟုတ်ပါတယ်၊ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို ပိုပြီး ခက်ခဲအောင်လုပ်နေတာ သင်ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာကိုလည်း သင်စဉ်းစားချင်ပါလိမ့်မယ်။

အများကြီးတွေးခြင်းဟာ ကိစ္စတွေကို သင့်ရဲ့စိတ်ထဲမှာ ပိုပိုပြီး ရှုပ်ထွေးလာစေပါတယ်။ အတော်အသင့်ရိုးရှင်းနေတဲ့ကိစ္စတစ်ခုကို အရှုပ်အထွေးကြီးတစ်ခုဖြစ်သွားအောင် ပြောင်းလဲပစ်နိုင်တယ်။ ပြီးတော့ နည်းနည်းလေး ဇွဲခတ်ပြီး လုပ်လိုက်ရင် ဖြစ်နိုင်တဲ့အရာတစ်ခုကို တစ်လက်မပြီး တစ်လက်မ နာကျင်စွာနဲ့ ရှေ့တိုးနေရတဲ့ တိုက်ပွဲကြီးတစ်ခုလို ဖြစ်သွားစေနိုင်ပါတယ်။

ပြဿနာကဘာလဲဆိုတော့ သင်ဟာ ကိစ္စတစ်ခုကို ပိုပြီးရှုပ်ထွေးအောင် ခက်ခဲအောင် လုပ်လိုက်တဲ့အခါ အဲဒီကိစ္စဟာ အရေးကြီးတယ်လို့ သင် ထင်လာမယ်။ ပြီးတော့ အဲဒါဟာ အမှန်တကယ်အရေးကြီးတယ်လို့ ခံစားလာရပါလိမ့်မယ်။

၃။ သင့်ရဲ့ လုပ်ဆောင်မှုတွေဟာ ပိုဆိုးလာပါတယ်

သင်ဟာ အများကြီးတွေးတဲ့အခါ အဲဒါတွေဟာ ပိုပြီး ရှုပ်ထွေးသွားတယ်။ ဒီတော့ သင်ဟာ ကြောက်လာပြီး၊ တစ်ခုခုကို စလုပ်ဖြစ်ဖို့ တွန့်ဆုတ်နေလိမ်မယ်။ တစ်ခုခုနဲ့ပတ်သက်လို့ အများကြီးတွေးနေတဲ့အခါ လုပ်စရာရှိတာကို လုပ်ဖြစ်ဖို့ ပိုပြီးခက်ခဲပါတယ်။ သင်အခုလက်ရှိလုပ်နေတဲ့အရာတွေအပေါ် အာရုံစိုက်ရမယ့်အစား ပိုပြီးကောင်းတဲ့ အနာဂတ်ဇာတ်လမ်းတွေကို စိတ်ကူးယဉ်မိတာမျိုးလည်း မကြာခဏဖြစ်နိုင်ပါလိမ့်မယ်။

ဒါက သင့်ရဲ့ လုပ်ဆောင်ချက်တွေကို ပိုဆိုးစေပါတယ်။ ရလာဒ်တွေကိုလည်း ဖြစ်သင့်တာထက် ပိုပြီးဆိုးစေပါလိမ့်မယ်။

အများကြီးတွေးနေတာကို ဘယ်လိုရပ်မလဲ?

ကျနော်ဟာ အရင်က အလွန်အကျွံတွေးခဲ့သူတစ်ယောက်ပါ။ အခုထိလည်း ဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် တဖြည်းဖြည်းချင်းတော့ တိုးတက်လာပါပြီ။ ကျနော်အလွန်အကျွံ မတွေးမိစေဖို့အတွက် အလေ့အကျင့်လေး ၃ ခု လုပ်လေ့ရှိပါတယ်။

ပြဿနာကို အာရုံစိုက်ပါ

အရေးအကြီးဆုံးကတော့ သင်ဟာ အတွေးလွန်တော့မယ်ဆိုတာကို သတိထားမိဖို့ပါပဲ။ ပြီးတော့ အဲဒါကို နေ့စဉ်ဘ၀မှာ သတိရှိနေဖို့လိုပါတယ်။ ဒီတော့ ..ဥပမာ သင်ဟာ စာလေးတွေ ရေးပြီး ကပ်ထားနိုင်ပါတယ်၊ ” အလွန်အကျွံ မတွေးနဲ့၊ လက်တွေ့လုပ်ဆောင်” ဆိုတဲ့ စာသားမျိုး။

အဲဒါကို သတိရှိနေမယ်ဆိုရင် သင်ဟာ သင်လက်ရှိလုပ်နေတဲ့အရာအပေါ် အာရုံစိုက်နိုင်မယ်၊ အတွေးလွန်နေတာတွေကို ရပ်နိုင်မယ်၊ ပြီးတော့ အကျိုးရှိမယ့် တစ်စုံတစ်ခုကို လုပ်နိုင်မယ်။ အများဖြင့်တော့ အတွေးစက်ကွင်းထဲကနေ ခုန်ထွက်ပြီး နာရီဝက် တစ်နာရီလောက် အဲဒီအထဲကို ပြန်မရောက်အောင်နေဖို့ဆိုတာ ပိုပြီး လွယ်ကူပါတယ်။

ဆုံးဖြတ်ချက်တွေအတွက် အချိန်ကန့်သတ်

အကြောင်းအရာတစ်ခုခုကို ရက်ပေါင်းများစွာ တွေးမယ့်အစား၊ သင့်ကိုသင်ပြောပါ.. ဥပမာ..သင်ဟာ တွေးဖို့၊ စဉ်းစားဖို့အတွက် မိနစ် ၃၀ ပဲ အချိန်ယူမယ် – ဆိုတာမျိုး။ အဲဒီနောက် သင် ဆုံးဖြတ်ချက်တစ်ခုကို ချပါ။

လက်ရှိအချိန်မှာ နေထိုင်ပါ

အတိတ်ကို တွေးနေမယ့်အစား ဒါမှမဟုတ် အချိန်ပေါင်းများစွာကြာမယ့် မနက်ဖြန်နယ်မြေထဲကို ပျံသန်းသွားမယ့်အစား သင့်ရှေ့မှာ ရှိနေတဲ့အရာကို အာရုံစိုက်ပါ။ ဥပမာ- တင်းနစ်ကစားသမားတစ်ယောက်ဟာ ကစားနေတဲ့အချိန်မှာ အများကြီး မတွေးဘူး။ သူဟာ သူ့ရဲ့ မသိစိတ်ကို ယုံကြည်တယ်။ အတော်ကြာအောင် လေ့ကျင့်လိုက်တဲ့အခါ သူ့ရဲ့ ခန္ဓာကိုယ်ဟာလည်း ဘယ်လိုအခြေအနေမျိုးမှာ ဘာလုပ်ရမယ်ဆိုတာ အလိုလိုသိသွားပါတယ်။

သင့်ရဲ့ နေ့စဉ်ဘ၀မှာလည်း အဲဒီလိုပါပဲ။ သင်ဟာ အရာတိုင်းနဲ့ပတ်သက်လို့ အများကြီးတွေးနေဖို့မလိုပါဘူး။ လက်ရှိအချိန်မှာပဲ နေထိုင်နိုင်ပါတယ်၊ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေ သဘ၀အလျောက် ထွက်ပေါ်လာပါစေ။

ဒါက နည်းနည်း အူကြောင်ကြောင်နိုင်တယ်လို့ ထင်ပါသလား။ ဒါပေမယ့် သင်ဟာ အများကြီးတွေးနေမယ့်အစား လက်ရှိအချိန်မှာရှိနေတဲ့အရာတွေကို လုပ်ဆောင်တဲ့အခါ ရလာဒ်တွေဟာ ပိုပြီးကောင်းလာတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ သင့်ကို ဘာမှ မလှုပ်ရှားနိုင်အောင်လုပ်နေတဲ့ အများကြီးတွေးနေတာတွေကို ထွက်သွားခွင့်ပြုလိုက်ပါ။ သင့်ရဲ့ စွမ်းရည်တွေအပေါ် ယုံကြည်ပါ။

Ref: 3 Good Reasons to Stop Thinking So Much, And How to Do It by Henrik Edberg
Read More

အပျိုစင်


ကျွန်တော် ဒီစာရေးလို. ဒီဇာတ်လေးရေးလို. မိန်းမတွေဘက် မျက်နှာလိုက်တယ်လို.ထင်ချင်ထင်မယ်။ ဒါပေမယ့် ကျွန်တော့်နားထဲမှာ ပြန်ပြန်ကြွားနေတဲ့အသံတွေ ကြားနေရလို.ပါဗျာ။ အားလုံး ဖြူစင်သန်.ရှင်း အပြစ်ကင်းစွာ ချစ်နိုင်ကြပါစေဗျားးးးးးးးးးးးးးးး။

သာယာလှပသော ညချမ်းလေးတွင် ငယ်လေးတို.မောင်နှမနှစ်ယောက် စကားကောင်းနေကြသည်။ ဖေဖေ၊ မေမေတို.က အလုပ်ပင်ပန်းလာသည်မို. စောစောအိပ်ရာဝင်နှင့်ပြီ။ စစ်နောင်က “ငယ်လေး…. ညီမလေးက အခုဆို ၁၈နှစ်ပြည့်ပြီနော်။ ညီမလေးက အခုထိ ကလေးလေးလိုပဲ။ ကိုကြီးမျက်လုံးထဲမှာလည်း ကလေးလေးပါပဲကွာ။ ဒါပေမယ့် ညီမလေးက အရွယ်ရောက်လာပြီဆိုတော့ ကိုကြီး ပြောသင့်ပြောထိုက်တာတော့ ပြောထားရဦးမယ်ကွာ…….” “ ပြောလေ ကိုကြီး” စစ်နောင် ဖတ်လက်စစာအုပ်ကို စားပွဲပေါ်ပစ်တင်လိုက်ရင်း “ ကိုကြီးတို.ယောက်ျားလေးတွေက ဘယ်လိုမိန်းကလေးမျိုးကို လက်ထပ်ချင်တယ်လို.ထင်လဲ။” “ အင်း…..ငယ်လေးထင်တာတော့ အလှဆုံးအချောဆုံးကောင်မလေးပေါ့ ကိုကြီးရ” “ ဟုတ်သင့်သလောက်ဟုတ်မယ်။ ဒါပေမယ့် ယောကျာ်းလေးအများစုလက်ထပ်ချင်တာကတော့ အပျိုစင်………..” “ အပျိုစင်……………..ဟုတ်လား” “ဟုတ်တယ် ညီမလေး။ ကိုကြီးတို.ယောက်ျားလေးတွေက ကိုယ်ရှုပ်ချင်သလောက်ရှုပ်၊ နောက်ဆုံးကျရင်တော့ အပျိုစင်ကိုပဲ လက်ထပ်ချင်ကြတာကွ” “ငယ်လေး သိပ်နားမလည်ဘူး ကိုကြီး။ အပျိုစင်မဟုတ်လည်း ကိုယ်ကျင့်တရားကောင်းတဲ့ကောင်မလေး၊ စိတ်သဘောထားကောင်းတဲ့ကောင်မလေးဆိုရင် လက်ထပ်သင့်တယ်မဟုတ်လား……” “ ညီမလေး ပြောတာ မှန်သင့်သလောက်တော့မှန်တယ်။ ဒါပေမယ့် ကိုကြီးတို. အပျိုစင်ကိုလိုချင်တယ်ဆိုတာ အပျိုစင်မို.လို. လိုချင်တာမဟုတ်ဘူး။ ဒီမိန်းကလေးဟာ သူ.ကိုယ်သူ ထိန်းသိမ်းနိုင်တယ်၊ သူ.ကိုယ်သူ ကာကွယ်စောင့်ရှောက်တတ်တဲ့အမျိုးကောင်းသမီးမို.လို. သဘောကျတာ ညီမလေးရ။ ကံတရားကြောင့် ကိုယ့်ဘာသာကိုယ် ထိန်းသိမ်းချင်ရဲ.သားနဲ. မထိန်းသိမ်းနိုင်ခဲ့တဲ့ အမျိုးသမီးတွေကတော့ ချွင်းချက်ပေါ့ကွာ” “ ငယ်လေး သဘောပေါက်ပါပြီ ကိုကြီးရ။ ကိုကြီး ဘာပြောချင်လည်းဆိုတာ ငယ်လေးနားလည်ပါတယ်။ ငယ်လေးကြောင့် မိဘတွေနဲ. ကိုကြီး ဘယ်တော့မှစိတ်မညစ်စေရဘူးနော်….ကိုကြီး” စစ်နောင် ငယ်လေး၏ဆံပင်များကိုဖွလိုက်ရင်း “ အော် ချစ်ဖို.ကောင်းလိုက်တဲ့ ညီမလေးကွာ…….” “ ကိုကြီး ညီမပဲဟာ။ ချစ်ဖို.ကောင်းမှာပေါ့ ………” အိမ်ကလေးအတွင်းဝယ် ကြည်နူးဖွယ်ကောင်းသောချစ်ခြင်းမေတ္တာတရားကြောင့် ထိုမိသားစုလေးမှာ အေးချမ်းနေခဲ့ပါသည်။
 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 ဆိတ်ငြိမ်သောပန်းခြံအတွင်း တစ်နေရာတွင် မိုးထက်မြင့်နှင့်ငယ်လေးတို. ချစ်သူဘာသာဘာဝ စကားပြောနေကြသည်။ လေညင်းများတိုက်ခတ်နေသောကြောင့်လည်းကောင်း၊ ချစ်သူနှင့်တွေ.ရသောကြောင့်လည်းကောင်း ငယ်လေး၏ရင်ထဲတွင် အေးချမ်းမှုကိုခံစားနေရသည်။ မိုးထက်မြင့်တစ်ယောက်မှာတော့ စိတ်ထဲတွင်အတွေးများနှင့် ပူလောင်နေပါသည်။ သူနှင့်ငယ်လေးတို. ချစ်သူဖြစ်ခဲ့သည်မှာ ၂နှစ်ခန်.ရှိပြီ။ ဘာ…….ဘာမှ မဘာရသေး။ “ မင်းယောက်ျားမဟုတ်ဘူးလား” ဟူသော သူငယ်ချင်းကိုကောင်း၏အသံကို ပြန်ကြားယောင်နေမိသည်။ သူတို.သူငယ်ချင်းတွေအကြားတွင် သူ.မှာမျက်နှာငယ်နေရသည်။ ငယ်လေးက ထိန်းသိမ်းလွန်းသဖြင့် သူ.မှာ ကြွားခွင့်မရ….။ဒီနေ.တော့ ရဲဆေးနည်းနည်းတင်လာပါသည်။ သူ ငယ်လေးကိုပိုင်ဆိုင်ဖို. ကြိုးစားသည်။ ငယ်လေးက တားသည်။ ကိုကောင်း၏စကားက နားထဲဝင်လာပြန်ပါသည်။ မိန်းကလေးတွေက ဟင့်အင်းဆိုရင် ရှေ.သာဆက်တက်ပါဟူ၏။ သူ.အတွက် အခြေအနေနှင့်အချိန်အခါပေးနေပါသည်။ တစ်နာရီခန်.အကြာတွင် သူလိုချင်ရာရလိုက်သည်။ သို.သော် ငယ်လေး၏မျက်နှာရိပ်မျက်နှာကဲကို အကဲမခတ်တတ်။ တစ်ခုခုတော့ ဖြစ်နေသည်မှာ သေချာသည်။ ငယ်လေးကို ချော့မြူကာ အိမ်ပြန်ပို.လိုက်သည်။ ထို.နောက် သူ.ကားကလေးက ကိုကောင်းတို.ထိုင်နေကျ ဘီယာဆိုင်ဆီသို…………………..ကြွားလို.ရပြီလေ။သူ ………….လူလားမြောက်သွားပြီဟု။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx စစ်နောင်

 ငယ်လေးပြန်လာချိန်တွင် တွေ.လိုက်သည်။ ညီမလေး မျက်နှာသိပ်မကောင်း………။ မေးကြည့်မိသည်။ ခေါင်းကိုက်နေလို.ပါဟုပြောသဖြင့် ဆေးသောက်ရန်ပြောပြီး စိတ်ချလက်ချပင် ရေချိုးနေလိုက်သည်။ ငယ်လေး အိပ်ရာထဲသို.ရောက်မှ တင်းထားသမျှ လျော့ချလိုက်သည်။ မျက်ရည်တို.က ပေါက်ပေါက်ပေါက်ပေါက်ကျလာသည်။ ငယ်လေးရင်ထဲတွင် တင်းကျပ်နေသည်။ ကိုကြီး ပြောနေကျစကားတို.က နားထဲတွင် ကြားယောင်လာသည်။ အပျိုစင်………..အပျိုစင်………….အပျိုစင်……ထိုဘ၀ကို ငယ်လေးပြန်မရနိုင်တော့ပါ။ ထိုခဏ၀ယ် ဖုန်းမြည်လာသည်။ သူငယ်ချင်း မျိုးယုထံမှ………….။ မျိုးယုအစ်ကိုနှင့် မိုးထက်မြင့်တို.က သူငယ်ချင်းတွေဖြစ်သည်။ မိုးထက်မြင့်က မျိုးယုအစ်ကိုကို ဖုန်းဆက်ကြွားသည်တဲ့။ မျိုးယုက ဖုန်းပြောနေသည်ကိုကြားသဖြင့် ငယ်လေးကိုပြန်ပြောပြခြင်း။
သူ ငယ်လေးကိုရပြီးပြီဆိုပါလား………………။ တစ်လောကလုံး ချာချာလည်သွားသလို ခံစားလိုက်ရသည်။ သွားပြီ။ ငယ်လေးဘ၀တော့ သွားလေပြီ…….။ မျိုးယုအစ်ကိုနှင့် ကိုကြီးကလည်း သူငယ်ချင်းတွေဖြစ်သည်။ ကိုကြီးသာပြန်သိသွားလျှင်………………ငယ်လေး မွန်းကျပ်လာသည်။ သေချင်လောက်အောင် ခံစားရသည်။ ငယ်လေး သေလို.မဖြစ်သေးပါ။ ငယ်လေးသည် စိတ်ဓာတ်ပျော့ညံ့သောမိန်းကလေးမဟုတ်။ မျက်ရည်တို.ထပ်မထွက်နိုင်လောက်အောင် ခန်းခြောက်သွားသောအချိန်တွင် ဆုံးဖြတ်ချက်တစ်ခုကို ချကာ facebook ဖွင့်လိုက်သည်။ မိုးထက်မြင့်အတွက် သီးသန်. Message…… “ ကို ငယ်လေး နောက်ဆုံးအနေနဲ.စာရေးလိုက်ပါတယ်။ ငယ်လေးဘ၀မှာ အပျိုစင်ဆိုတဲ့သိက္ခါကိုစောင့်ထိန်းဖို. ကြိုးစားခဲ့ပါတယ်။ ကို.ကိုချစ်လို. ငယ်လေးဘ၀ကို ပေးခဲ့ပါတယ။် ဒါဟာ ကို.ကိုချစ်လို.ပါ။ ဒါပေမယ့် ကိုမိုးထက်မြင့်…………..ကိုမိုးထက်မြင့်လို.ပဲသုံးပါရစေတော့။ တဒင်္ဂသာယာမှုနောက်ကိုလိုက်ပြီး လူတစ်ယောက်ရဲ.တစ်ဘ၀တာပျော်ရွှင်ချမ်းမြေ့မှုမျိုးကို ဖျက်ဆီးတတ်တဲ့ရှင့်လိုလူမျိုးကို နောက်ထပ် ချစ်လည်းမချစ်နိုင်၊ လက်လည်းလက်မထပ်နိုင်တော့ပါဘူး။ ကြွားဝါလိုမှုအတွက် လူတစ်ယောက်ရဲ. ကိုယ်ချစ်တဲ့လူတစ်ယောက်ရဲ.သိက္ခါကိုထိပါးပျက်စီးစေတဲ့ ယောက်ျားမျိုးကို အရမ်းရွံတယ် ကိုမိုးထက်မြင့်။ ရှင့်ကိုယ်ရှင် ပြန်မေးကြည့်လိုက်ပါဦး။ ယောက်ျားဆိုတာ ဘာလဲလို.။ ကိုယ့်ချစ်သူရဲ. မိန်းကလေးတစ်ယောက်ရဲ.ဖြူစင်မှုသိက္ခါကို ဖျက်ဆီးနိုင်တာက ယောက်ျားလား။ ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့သူက ယောက်ျားလားဆိုတာ………။ ရှင်…………….ယောက်ျားရောစစ်ရဲ.လား?”
#ရှမ်းကလေး

Read More

မေတ္တာဟာ နေရာတိုင်းမှာ ရှိပါတယ်


အရေးတယူဆက်ဆံသူ မရှိလို့ အားငယ်လာတတ်တာဟာ အနီးမှာရှိသူတွေကို မမြင်ဘဲ၊ အဝေးမှာရှိသူများကို မှန်းမျှော်ခြင်းကြောင့်သာ ဖြစ်ပါတယ်။ လူ့ သဘောသဘာဝအရ ဖြစ်သင့်တာထက် ဖြစ်ချင်တာကို ဦးစားပေးလွန်းတာကြောင့်ပါ။

အားငယ်တတ်သူတွေဟာ အထီးကျန်တာကနေ စတာပဲ။ အထီးကျန်တတ်သူ တော်တော်များများဟာ ကိုယ့်ခံယူချက်က ပတ်ဝန်းကျင်ဆိုတာနဲ့  သဟဇာတ မဖြစ်တဲ့အတွက် တစ်ယောက်တည်းနေရင်း က ဖြစ်သွားတာပါ။

အမှန်တကယ်က သူတစ်ပါး ခံစားချက်ကို လစ်လျူရှုတာကြောင့်လည်း ပါတာပေါ့။ ကိုယ်က ဖြစ်ချင်တာတွေ ရှိပေမယ့်၊ အခြားသူအတွက့် ဖြစ်သင့်တာလေးတစ်ခုတော့ လုပ်ပေးသင့်ပါတယ်။ မေတ္တာဟာ အသွားအပြန်ရှိတာတော့ ယုံတယ်မလား။

မေတ္တာ မထားနိုင်ကြလို့ အထီးကျန်တာတွေ၊ အားငယ်တာတွေ ဖြစ်လာတာပါ။ လောကမှာ အပေါဆုံးအရာက မေတ္တာတရားပါ။နေရာတိုင်းမှာ မေတ္တာတရားကို ရှာလို့ ရနိုင်တယ်။ သို့ သော် ကိုယ့်မေတ္တာတော့ အရင်းပြုရပါမယ်။

လောကကြီးက ကိုယ်ပေးသလောက် ကိုယ့်ကို ပြန်ပေးတယ်ဆိုတာ ကြားဖူးမှာပါ။ ကိုယ့်မပေးလို့ ကိုယ်မရတာဘဲ ဖြစ်မှာပါ။ ဒါကြောင့် ဘ၀မှာ အထီးကျန်ခြင်း၊ အားငယ်ခြင်း မဖြစ်ရအောင် သူများရဲ့ အထီးကျန်ခြင်း၊ အားငယ်ခြင်းကို မိမိက ဖြည့်ဆီးပါဝင်ပေးလိုက်ပေါ့။
Read More

ဘ၀နေနည်း


ပညာသင်ကြား ၊ စာဖတ် ၊ ပေါင်းသင်းဆက်ဆံ စတဲ့ ကိစ္စရပ်တွေဟာ ဘ၀မှာဘယ်လိုနေထိုင်ရမလဲ ဆိုတာကို သင်ကြားနေရတာပါဘဲ။ အိပ် စား နေ လမ်းလျှောက် ဆိုတဲ့ မော်ဒန် သင်တန်းတွေကနေ
ပေးနေတာက သင်တန်းသားတွေအတွက် အလှတရားမဟုတ်ပါဘူး။
တကယ့်အစစ်အမှန်ပေးနေတဲ့
အနှစ်သာရက ဘ၀မှာ လှလှပပ နေတက်ထိုင်တက်ဖို့ပါ။မော်ဒယ်သင်တန်းသူ/သားတွေလည်း သင်္ခါရ ကမလွတ်နိုင်ဘူးလေ။သူတို့လည်း တစ်နေ့ အို နာ သေကြရမှာပါဘဲ။မအို မနာခင် ဘယ်လို အိပ် စား နေ လမ်းလျှောက် ၀တ်ဆင် ဆိုတဲ့ သင်ခန်းစာက ငယ်ရွယ်တဲ့အခါ လှပဖို့ ကြီးရင့်တဲ့အခါ မျှတဖို့ ချင့်ချိန်တက်အောင် လေ့ကျင့်သင်ကြားပေးခြင်းပါဘဲ။ အနောက်နိုင်ငံတွေမှာ အတော်များ များ က မော်ဒယ်သင်တန်းလိုမျိုးသင်တန်းတွေတက်ကြတယ်။ စမတ်ကျကျ နေတက်ထိုင်တက်မှ
လူတွေက ယုံကြည်မှုရှိလာတယ်ဆိုတဲ့ အယူအဆကြောင့်ပါဘဲ။

များလှတဲ့မြန်မာက ဘဏ်တွေထဲမှာ CB ဘဏ်ဟာ အလုပ်ခေါ်ယူတဲ့နေရာမှာ ဘွဲ့တွေ ဆာတီဖကိတ်တွေ ထက် အလုပ်လာလျှောက်တဲ့သူတွေဟာ ရုပ်ရည်ချောမော လှပရမယ် ဆိုတဲ့အချက်ကို အဓိက ဦးစားပေးရွေးချယ်တယ်၊ သူတို့ခံယူချက်က ဘဏ်လုပ်ငန်းမတက်ရင် သင်ပေးလို့ရတယ်၊ဘဏ်ဝန်ထမ်းလုပ်မဲ့သူတွေ မလှတာ ပြင်ပေးလို့မရဘူးတဲ့။ဒီခံယူချက်ကြောင့်ပဲ
ထင်ပါရဲ့။ CBဘဏ်ဝန်ထမ်းတွေအားလုံးက တဆိုဒ်ထဲ ၊ တညီထဲ ။ အလုံးအထည်က အစ တူညီလုနီးပါးဘဲ ။ ယောင်္ကျားလေး ၀န်ထမ်း ၊ မိန်းကလေး ၀န်ထမ်း အကုန်လုံးချောချောလေးတွေ ပါဘဲ။ ဘဏ်ဖွင့်မဲ့မြို့မှာ အလုပ်ခေါ်လို့ ချောချောလှလှလေးတွေ မရှိဘူးဆိုရင် တခြားမြို့က ချောတဲ့ လှတဲ့သူတွေကို ခေါ်ယူပြီး ခန့်တော့တာပါဘဲ။ (ဘယ်မြို့ရောက်ရောက် CBဘဏ်များတွေပြီဆိုရင်
အူးအိမ်ကြီးတို့က မစားရ၀ခမန်း CBဘဏ် ၀န်ထမ်းမလေးတွေ သွားငန်းပလိုက်တာဘဲ..XD..XD )

ဒါဆို အလှတရားကလောကမှာ အတော်အတန်အရေးကြီးလှတယ်ဆိုတာပေါ်လာတာပေါ့။တချို့ဆို
လှချင်လွန်းလို့ပြင်လိုက်ရတာ ကိုယ်နဲ့ အဆင်ပြေလားမပြေလားတောင်မသိတော့ဘူး။ပြင်ထား ဆင်ထားလိုက်တာ တက်တက်ကိုလွဲလို့။ ကုလားမလေး အမီနံ အိမ်ပြန်ရောက်တဲ့အချိန် ကိုရီးယား
ဇာတ်လမ်းတွဲနဲ့ အံကိုက်ပဲ။ကြည့်လွန်းတော့ ကိုရီးယားယဉ်ကျေးမှုက အန်တာတိတ်မန့်ကနေကူး
ရော။အဲ့တော့ ကိုရီးယား ဆံပင် ၊ ကိုရီးယား စတော်ကင် ၊ ကိုရီးယား စတိုင်တွေဖြစ်လာတာပေါ့။
တနေ့ သူ့ယောက်င်္ကျား အီစွတ် ကိုဘယ်သူချောက်တွန်းလိုက်လဲ မသိဘူး။မူးမူးနဲ့ပြန်လာပြီး
အမီနံကို ဘာမှမမေး မပြောဘဲ ပါးကြီးဘဲ ရိုက်တာ ဘေးနားကဆွဲလို့ အမီနံ သက်သာရာရတာပေါ့
ဘာဖြစ်လို့ဒီလောက်ရိုက်ရတာလဲမေးတော့ သူ့မိန်းမအမီနံ ကိုရီးယားကလာတဲ့ ဆွန်ကျု ၀ယ်စား လို့ တဲ့။ ၀က်သားကို သူတို့ကုလားတွေ မစားရဘူးဆိုတာသိရဲ့နဲ့ ကိုရီးယားလို ဆွန်ကျု ခေါ်တဲ့ ၀က်သားကို စားလို့ ရိုက်တာလို့ပြောတော့ ကိုရီးယား ဇာတ်လမ်းတွဲ ပရိတ်သတ်လဲ တဟားဟားပွဲ ကျ သွားပြီး အဲ့နေ့ကစ အမီနံကနေ ကိုရီးယားအသံလေးပါတဲ့ ဆွန်ကျု အမီနံဖြစ်သွားတော့တာ ဘဲ။အလှတော့အလှဘဲ ကွန်မြူနကေးရှင်းကပေးတဲ့ အလှဟာ ကိုယ့်သဘာဝ ယဉ်ကျေးမှု ဇရိုက်
ဓလေ့တွေနဲ့လွဲထွက်နေရင် အများအမြင်မတင့်တယ်ဘူးပေါ့။

လူတိုင်းမှာအလှကိုယ်စီရှိနေကြပါတယ်။တချို့ကရုပ်ရည်၊တချို့က ပညာ ၊တချို့က မိတ္တ စတဲ့ အမည်ကွဲတွေအမျိုးမျိုးနဲ့ ရှိနေတက်ကြပါတယ်။လူမျိုး ၊ ဓလေ့ ၊ဘာသာတရား အရ ကွဲပြားနေကြ တာပါဘဲ။ဒီအလှတရားတွေဟာ မမြဲတဲ့သဘောရှိနေတော့ ကိုယ်ကလှတယ်လို့ထင်နေပေမဲ့ တခြားသူက မလှဘူးထင်နေတက်ပါတယ်။ဘယ်သူမှ မငြင်းနိုင်တဲ့ အလှတရား အစစ်ကတော့ ဘ၀ကို အမွန်မြတ်ဆုံး နေတက်ခြင်းပါဘဲ။ဘ၀ကို မွန်မြတ်စွာနေတက်ဖို့ ဗုဒ္ဓဘာသာတွေအတွက်
ဘ၀နေနည်းဆိုတာရှိပါတယ်။အဲ့တာတွေကတော့
(၁) မေတ္တာဖြင့် နေခြင်း
(၂) ကရုဏာဖြင့် နေခြင်း
(၃) မုဒိတာဖြင့် နေခြင်း
(၄) ဥပေက္ခာဖြင့် နေခြင်းတို့ ဖြစ်ပါတယ်။

(၁) မေတ္တာဖြင့် နေခြင်း
မေတ္တာနဲ့နေခြင်းဆိုတာ မေတ္တာဆိုတဲ့ပါဠိပုဒ်ကနေလာတာပါ။အဓိပ္ပါယ်က “အကျိုးလိုလားမှု”လို့ အနက်ထွက်ပါတယ်။တပါးသူ၏ အကျိုး လိုလားမှုကို မေတ္တာလို့ ခေါ်ပါတယ်။သတိပြုရမယ့်အချက်
က တခါတရံမှာ ‘အချစ်’က မေတ္တာအသွင်ဆောင်ပြီးလူတွေကို လှည့်စားတတ်ဆိုတာပါဘဲ။မေတ္တာနဲ့
အချစ်ကမတူတဲ့အဓိပ္ပါယ်ရှိပါတယ်။ဗုဒ္ဓဘာသာမှာ မေတ္တာပို့ ကျင့်စဉ်ဆုတာရှိပါတယ်။၊ ‘မေတ္တာ’ ဆိုတာ ပို့လို့ရပါသလားလို့မေးရင်--ရတယ်လို့ဖြေရမှာပါ။ဒါပေမဲ့ မတ္တာပို့နည်း စနစ်ကျဖို့တော့ အထူးလိုအပ်ပါတယ်။

မေတ္တသုတ်မှာ မေတ္တာပို့မဲ့သူက ထားရှိရမဲ့ စိတ်ဓာတ်ကို ဒီလိုဖ်ာပြထားပါတယ်။ “ရင်သွေး တစ်ဦး တည်းသာ ရှိသောမိခင်သည် ထိုရင်သွေးကို အသက်နှင့်ရင်းနှီး၍ စောင့်ရှောက် လိုသော၊ အကျိုး လိုလားသော စိတ်ဓာတ်ရှိသသို မေတ္တာပို့လိုသူသည်လည်း မိမိမေတ္တာပို့မည့် သူအပေါ်တွင် တကယ် အကျိုးလိုလားမှုနှင့် စောင့်ရှောက်လိုမှု ရှိရမည်”ဟု ဖော်ပြထားပါတယ်။ မေတ္တာပို့မည့်သူရဲ့ သန္တာန်မှာလည်း မိခင်အရင်းက သားသ္မီးကို စောင့်ရှောက်လိုသော၊ အကျိုးတကယ်လိုလားသော စိတ်ဓာတ်များ မွေးမြူ ထားရမှာဖြစ်ပါတယ်။

မေတ္တာပို့လိုသူက မေတ္တာမပို့ခင် မိမိမေတ္တာပို့မဲ့သူရဲ့ ရုပ်အသွင်ကို အာရုံမှာ ကြည်ကြည် လင်လင် ပေါ်လာအောင် ကြည့်ရပါတယ်၊၊ ပေါ်လာပြီဆိုမှ စိတ်ပါလက်ပါ မေတ္တာပို့ရမယ်။
မေတ္တာပို့တဲ့အခါမှာ ဘယ်သူကစ၍ မေတ္တာပို့ရမယ်ဆုတာကို သိရန်လိုအပ် ပါတယ်။၊ ပထမဆုံး မိမိကိုယ်တိုင်ကို စတင်ပြီး မေတ္တာပို့ရပါတယ်၊၊ မိမိကိုယ်ကို မေတ္တာပို့တဲ့ အခါမှာ လည်း မိမိရုပ်အသွင်ကို မှန်ရှေ့မှာရပ်၍ ကြည့်သလို ထင်လာအောင် အာရုံတွင်ထင်ပေါ်စေပြီးမှ မေတ္တာပို့ရ
ပါတယ်။

များသောအားဖြင့် လူအများ မေတ္တာပို့သည့်အခါ သူတပါးကိုချည်း မေတ္တာပို့နေတတ်ကြသည်။ မိမိကိုယ်ကို မေတ္တာစပြီး ပို့ရကြောင်းသိသူ နည်းနေသေးသည်၊၊ ပါဠိစာပေအရ မေတ္တာပို့သည့်အခါ အစဆုံး မိမိကိုယ်ကို မေတ္တာပို့ပြီးမှ ထိုမေတ္တာကို အခြားသူများသို့ ဖြန့်ဝေပေးရခြင်း ဖြစ်သည်၊၊ သတိပြုသင့်သည့် အခြားတစ်ခုမှာ သေပြီးသူကို မေတ္တာပို့၍ မရဆိုသည့် အချက်ဖြစ်သည်၊၊ သေပြီးသူသည် မည်သည့်ဘုံဘ၀တွင် မည်သည့် သတ္တ၀ါမျိုးဖြစ်နေသည်ဟု အတိအကျ မသိရတော့သည့်အတွက် ထိုသူ၏ရုပ်အသွင်ကို အာရုံတွင်မြင်ကြည့်၍ မရတော့ပါ၊ ထို့ကြောင့် သေလွန်ပြီးသူကို ဗုဒ္ဓဘာသာအလိုအရ မေတ္တာ မပို့ရတော့ဘဲ၊ ကုသိုလ်ပြုပြီး အမျှပေးဝေရန်သာ ဖြစ် ပါသည်၊၊

ကွယ်လွန်ပြီးသည့် မိဘဆွေမျိုးများကို ကျန်းမာပါစေ ချမ်းသာပါစေဟု မေတ္တာပို့နေသူများကို တွေ့ခဲ့ရဘူးသည်၊၊
သေပြီးသူကို မေတ္တာပို့၍ မရကြောင်း သတိပြုရပါမည်၊၊
မေတ္တာစတင် ပို့သည့်အခါ တွင်လည်း သိပ်ချစ်လွန်းသူများနှင့် သိပ်မုန်းလွန်းသူများကို နောက်ဆုံးထား၍ မေတ္တာပို့ရပါသည်၊၊ အကြောင်းမှာ သိပ်ချစ်သူကို အစဆုံးမေတ္တာပို့သည့်အခါ လိုအပ်သည့်မေတ္တာအပြင် ဆန္ဒရောသည့် အချစ်စိတ်များ ဖြစ်ပေါ်လာတတ်၍ ဖြစ်ပြီး၊ သိပ်မုန်းသည့်သူများကို မေတ္တာအရင်ပို့မိလျင် မေတ္တာအစား ဒေါသများ ၀င်လာတတ်၍ဖြစ်သည်ဟု စာပေက ရှင်းပြပါသည်၊၊

မေတ္တာကို ပထမဆုံး---မိမိကိုယ်ကို စတင်ပို့ရပါသည်၊ဒုတိယအနေဖြင့် လေးစားထိုက်သူများကို ပို့ရပါသည်၊တတိယအနေဖြင့် ချစ်ခင်သူများကို ပို့ရပါသည်၊စတုတ္ထအနေဖြင့် မချစ် မမုန်းသူများကို ပို့ရပါသည်၊ပဉ္စမအနေဖြင့် မုန်းသူများကို ပို့ရပါသည်၊၊ ဤမေတ္တာပို့အစဉ်မှာ ၀ိသုဒ္ဓိမဂ်ပါဠိတော် ညွန်ကြားချက်နှင့် အညီဖြစ်ပါသည်၊၊ (မေတ္တာပို့ပုံများကို အောက်ဆုံးတွင် သီးခြားဖော်ပြပါမည်)၊၊

သီးခြားအနေဖြင့် မေတ္တာပို့နည်း သုံးမျိုးရှိသေးကြောင်းလည်း ပါဠိတော်တွင် ဖော်ပြထားပါသည်---
(၁) ဒေသအလိုက် မေတ္တာပို့နည်း၊(၂) ပုဂ္ဂိုလ်အလိုက် မေတ္တာပို့နည်း၊(၃) ရည်ညွှန်း မေတ္တာပို့နည်းတို့ ဖြစ်ပါသည်၊၊

ဒေသအလိုက် မေတ္တာပို့နည်းမှာ မိမိ မေတ္တာပို့မည့် မြို့၊ ရွာ၊ တိုင်း၊ နိုင်ငံနာမည်ကို အတိအကျ ဖော်ပြ၍ မေတ္တာပို့နည်း ဖြစ်သည်၊၊ ဤနည်းဖြင့် မေတ္တာပို့သည့်အခါ မိမိအိမ်မှစတင်ပြီး ဒေသအသီးသီး နိုင်ငံအသီးသီးကို နာမည်ဖော်ပြ၍ မေတ္တာပို့ရမည် ဖြစ်ပါသည်၊၊ ပုဂ္ဂိုလ်အလိုက် မေတ္တာပို့နည်းမှာ မိမိမေတ္တာပို့လိုသူ၏ နာမည်အတိအကျကို ဖော်ပြ၍ မေတ္တာပို့နည်း ဖြစ်ပါသည်၊ ဤနည်းဖြင့် မေတ္တာပို့သည့်အခါတွင် မိမိနာမည်မှစ၍ အခြားမေတ္တာပို့လိုသော သူများ၏နာမည်များကို ဖော်ပြပြီး မေတ္တာ ပို့ရမည် ဖြစ်ပါသည်၊၊ ရည်ညွှန်း မေတ္တာပို့နည်းမှာ မည်သူမည်ဝါ၊ မည်သည့်ဒေသဟု နာမည် အတိအကျ မဖော်ပြဘဲ စင်္ကြာဝဠာရှိရှိသမျှ သတ္တ၀ါအားလုံးကို ရည်ညွှန်း၍ မေတ္တာပို့နည်း ဖြစ်ပါသည်၊၊ (ဤနည်းများဖြင့် မေတ္တာပို့နည်းများကိုလည်း အောက်ဆုံးတွင်ဖော်ပြပါမည်)

ပါဠိစာပေတွင် “မေတ္တာစေတော ၀ိမုတ္တိ”ဆိုသောပုဒ် တစ်ပုဒ်ရှိပါသည်၊၊ အဓိပ္ပါယ်မှာ“မေတ္တာများဖြင့် လွပ်လပ်နေသူ”ဟူ၍ ဖြစ်သည်၊၊ ဖော်ပြခဲ့ပြီးသော နည်းများဖြင့် မေတ္တာပို့နိုင်သူများသည် မေတ္တာဖြင့် ဘ၀လွပ်လပ်သူဟု ခေါ်ဆိုနိုင်ကြောင်း သိမှတ်ရန်ဖြစ်သည်၊၊ ဘယ်အရာတွေမှ ဘ၀လွပ်လပ်သူဖြစ် ပါသလဲဆိုလျင် လောဘ ဒေါသ မောဟနှင့် မာန၊ အတ္တ၊ မစ္ဆရိယ စသည့် စိတ်အညစ်အကျေးများမှ လွပ်လပ်သူဟူ၍ ဗုဒ္ဓရှင်တော်က ရှင်းလင်း သင်ပြထားပါသည်၊၊

မေတ္တာစိတ်နည်းပါးနေသူသည် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကျဉ်းကျနေသူ ဖြစ်သည်ဟုဖော်ပြ ထားပြန်ပါသေးသည်၊ လောဘ ဒေါသ မောဟနှင့် အတ္တ မာနထောင်များတွင် အကျဉ်းစံနေရသူဟု စာပေတွင် မှတ်တမ်းတင်ထားပါသည်၊၊ မေတ္တာစိတ်ခေါင်းပါးလွန်းလာပြီဆိုလျင် အများနှင့် မဆိုထားဘိ တစ်ယောက်တည်းနေလျှက်ပင် အလိုမကျ ရန်တွေ့နေတတ်ပါသည်၊၊ ဤသူများကို ဒေါသအကျဉ်းစံများဟု ခေါ်ဆိုရမည် ဖြစ်ပါသည်၊၊

မေတ္တာ၏ အစောဆုံးအကျိုးကျေးဇူးမှာ“ကိုယ် စိတ်လွပ်လပ်နေမှု”ဖြစ်ပါသည်၊၊ ကိုယ် စိတ်လွပ်လပ် ပေါ့ပါးပြီး အကျိုးလိုလားသော စိတ်သက်သက်ဖြင့် မေတ္တာပို့လိုက်လျင် မေတ္တာပို့သူရော မေတ္တာအပို့ခံ ယူရသည့်သူပါ မေတ္တာ၏အကျိုးကို တကယ်ရရှိနိုင်ကြောင်း ပါဠိစာပေ နေရာများစွာတွင် ဆိုထားပါသည်၊၊

ပါဠိတော်တွင် တိုက်ရိုက်လာသည့် မေတ္တာပို့သူ ရရှိနိုင်သောအကျိုး ဆယ့်တစ်မျိုး ရှိကြောင်းကို လေ့လာ ရပါသည်---
(၁) မေတ္တာရှင်များသည် အိပ်စက်၍ လွယ်ကူသည်၊
(၂) မေတ္တာရှင်များသည် ကြည်ကြည်လင်လင် အိပ်ရာမှ နိုးထနိုင်သည်၊၊
(၃) မေတ္တာရှည်များသည် အိပ်မက်ဆိုး မြင်မက်မှု မရှိနိုင်ပါ၊
(၄) မေတ္တာရှင်များသည် အများ၏ ချစ်ခင်မှုကို ရရှိသည်၊
(၅) မေတ္တာရှင်များသည် မမြင်ရသည့် ပုဂ္ဂိုလ်ထူးများ၏ ချစ်ခင် စောင့်ရှောက်မှုကို ရသည်၊
(၆) မေတ္တာရှင်များသည် နတ်တို့ ချစ်ခင်စောင့်ရှောက်မှုကို ရသည်၊
(၇) မေတ္တာရှင်များသည် မီး အဆိပ် လက်နက်စသော ဘေးအန္တရာယ်များ မကျရောက်နိုင်ပါ၊
(၈) မေတ္တာရှင်များသည် စိတ်ကြည်လင် လွယ်ပါသည်၊
(၉) မေတ္တာရှင်များသည် မျက်နှာအသွင် တည်ကြည်ရသည်၊
(၁၀) မေတ္တာရှင်များသည် သက်တမ်းစေ့ နေနိုင်ပြီး၊ သေဆုံးသည့်အခါ ချမ်းသာစွာ သေဆုံးနိုင်သည်၊
(၁၁) မေတ္တာရှင်များသည် နိဗ္ဗာန်မရသေးခင်၊ ဘ၀သံသရာများတွင် အထက်တန်းကြသော ဘ၀များတွင် ဖြစ်နိုင်သည်၊၊
မေတ္တာပို့နည်းနှင့် မေတ္တာပို့မည့်သူ၏ လိုအပ်သည့်စိတ်ထားများကို တင်ပြ၍ လုံလောက်ပြီဟု အရှင်ယူဆပါသည်၊၊ ယ္ခုအခါ မေတ္တာအသီးသီးပို့ပုံ ပို့နည်းများကို တင်ပြ ဆွေးနွေး သွားပါမည်၊၊

မိမိကိုယ်ကို မေတ္တာပို့ပုံ---ဘုရားတပည့်တော်ကိုယ်တိုင် ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊

မိဘနှစ်ပါးကို မေတ္တာပို့ပုံ---ဘုရားတပည့်တော်၏ မိဘနှစ်ပါး ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊

ချစ်ခင်သူကို မေတ္တာပို့ပုံ---ဘုရားတပည့်တော်၏ ဇနီး/ခင်ပွန်း ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊ (မှတ်ချက်/ ဤနည်းအတိုင်း မချစ် မမုန်းသူနှင့် မုန်းသူများကိုလည်း မေတ္တာပို့ပါ)

ဒေသအလိုက် မေတ္တာပို့ပုံ---ရန်ကုန်မှာနသည့် ဘုရားတပည့်တော်၏ မိသားစု ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊အမေရီးကားတွင်နေသည့် ဘုရားတပည့်တော်၏ မိခင် ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ် ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊(စသည်ဖြင့် ဒေသနာမည်များကို ဖော်ပြ၍ မေတ္တာပို့သ နိုင်ပါသည်)

အရပ်မျက်နှာအလိုက် မေတ္တာပို့ပုံ---အရှေ့အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာ အနန္တသတ္တ၀ါတို့ ဘေးရန်ခပ်သိပ် ငြိမ်းကြပါစေ၊ ကြောင့်ကြခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ (ဤနည်းအတိုင်း အရပ်ဆယ်မျက်နှာသို့ မေတ္တာဖြန့်ဝေရန် ဖြစ်သည်)

ဆက်ပါဦးမယ်။

Ref:>>(မေတ္တသုတ်ပါဠိတော်၊ ဓမ္မပဒပါဠိတော်၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့် ၀ိသုဒ္ဓိမဂ်ပါဠိများကို ကိုးကား၍ရေးပါသည်)
Read More

ချောစေချင်၊ လှစေချင်လွန်းလို့


ဒီဖက်ခေတ် လူငယ်လူရွယ် ကောင်လေး၊ ကောင်မလေးတွေ ချောကြလှကြလိုက်တာ၊ ၀တ်တတ်စားတတ်လိုက်တာ၊ Style လေးတွေနဲ့ သဘောကျနှစ်လိုစရာပဲ။ ဒါပေမယ့်
ကိုယ်တွေ့ဖူးတဲ့လူငယ်လေးအများစု အတွေးအခေါ်ဆိုတာကို မကြိုက်ဘူးတို့၊ ၀ါသနာမပါဘူးတို့၊ တွေးတယ်ဆိုတာ သူတို့အလုပ်မဟုတ်သလို၊
သူတို့နဲ့မဆိုင်သလို၊ တွေးခေါ်ခြင်းဟာ ရွှေးချယ်မှုတစ်ခုလို တွေးခေါ်ခြင်းနဲ့ပါတ်သက်တဲ့ ခံယူချက်နဲ့ အမြင်လေးတွေမှားယွင်းနေတာတွေ့တွေ့နေရတယ်။

တွေးခေါ်တယ်ဆိုတာ ထမင်းစားတာနဲ့အတူတူပဲ။ လူရယ်ဖြစ်လာရင် ခန္ဓကိုယ်နှစ်ခုရှိတယ်လို့သိထားမှရတယ်။ ရုပ်ခန္ဓာကိုယ် (Physical Body) နဲ့ စိတ်ခန္ဓာကိုယ် (Mental Body) ပေါ့။ ရုပ်ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့ အဟာရတွေစားသောက်ရတယ်။ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးဖို့ မြန်မာလူမျိုးတွေအဓိကစားကြတာ ထမင်းပေါ့။ ထမင်းစားတာ ၀ါသနာမပါတဲ့လူဆိုတာမရှိပါဘူး။ ထမင်းဆိုတာ ကြိုက်လို့၊ မကြိုက်လို့မရဘူးလေ။ ပြောချင်တာ ထမင်းစားတယ်ဆိုတဲ့ကိစ္စဆိုတာ ရွှေးချယ်လို့ရတဲ့ကိစ္စမဟုတ်ဘူး။ မဖြစ်မနေလုပ်ကို လုပ်နေရမယ့်ကိစ္စကိုး။

ရုပ်ခန္ဓာဆိုတာ ထမင်းစားနေယုံနဲ့မပြီးဘူး။ နည်းစနစ်မှန်မှန်ကန်ကန်နဲ့ ကာယလေ့ကျင့်ခန်းတွေလုပ်ဖို့လည်းလိုတယ်။ ဒါမှရုပ်ခန္ဓာ အချိုးအဆစ်ပြေပြစ်၊ ဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းမှာဖြစ်တယ်။ ပုံမှန်ကာယလေ့ကျင့်ခန်းတွေလုပ်နေရင် ကာယသုံးရတဲ့အလုပ်တွေလုပ်ရတဲ့အခါ မမောမပန်း၊ အားသွန်ခွန်စိုက် ပြီးမြောက်အောင်မြင်အောင်လုပ်နိုင်မှာဖြစ်တယ်။

ရုပ်ခန္ဓာအတွက် ထမင်းစားတဲ့နည်းတူ၊ စိတ်ခန္ဓာအတွက်လည်း အသိပညာရှာရတယ်။ ဒါမှပဲ စိတ်ခန္ဓကိုယ်ဟာ အဟာရရရှိပြီး ဖွံ့ဖြိုးကြီးထွားမှာဖြစ်တယ်။ ဆိုလိုတာ ရုပ်ခန္ဓာအတွက် ထမင်းစားရသလို၊ စိတ်ခန္ဓာအတွက် အသိပညာဆိုတဲ့ အဟာရဖြည့်တင်းနေဖို့လိုတယ်။ အသိပညာရှာနေယုံနဲ့လည်းမပြီးဘူး၊ စိတ်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကာယလေ့ကျင့်ခန်းလုပ်ရတယ်။ စိတ်ခန္ဓာအတွက်ကာယလေ့ကျင့်ခန်းဆိုတာ တွေးတောဆင်ခြင်တာပဲ။

နေ့စဉ်လူနေမှုဘ၀တွေမှာ၊ ရုပ်ပိုင်းဆိုင်ရာကာယခွန်အားသုံးရတဲ့အလုပ်တွေထက်၊ စိတ်ခွန်အားသုံးရတဲ့အလုပ်တွေကပိုများတယ်။ စိတ်ခွန်အားမပြည့်ဝနေရင်၊ စိတ်ခွန်အားတွေဖွံ့ဖြိုးစေမယ့် တွေးခေါ်မှုလေ့ကျင့်ခန်းတွေမလုပ်နေရင် ကိုယ့်ရဲ့ စိတ်ခန္ဓာကိုယ်ဟာ လူစဉ်မှီအောင်ဖွံ့ဖြိုးနေမှာမဟုတ်ဘူး။

အရပ်ကလေးပုလို့လူစဉ်မမှီတာ ရှက်စရာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ လူစဉ်မမှီတာကမှ တစ်ကယ်ရှက်စရာကောင်းတာပါ။ ၀ိတ်တွေပိုပြီးဝနေတာ စိတ်အနှောက်အယှက်ဖြစ်စရာကောင်းပေမယ့် စိတ်ခန္ဓာကိုယ် အဟာရတွေပြည့်ပြီးဝနေတာ ကျေနပ်ဖွယ်ကောင်းပါတယ်။

ရုပ်ခန္ဓာလေးက ရူချင်စဖွယ်တင့်တယ်လှပပေမယ့်၊ စိတ်ခန္ဓာကိုယ်က ရုပ်ဆိုးနေရင် တစ်ကယ်ပဲတန်ဖိုးရှိပါ့မလား။ ရှင်မဟာရဋ္ဌသာရကလည်း "အဆင်းလှဆန်း၊ လူ့ပေါက်ပန်းဟု၊ သွမ်းမှန်းသိထွေ၊ ကဲ့ရဲ့ လေအံ့" ဆုံးမဖူးတယ်။

ရုပ်ခန္ဓကိုယ်ရဲ့ အလှအပဆိုတာ ကိုယ်ပြောင်းလည်းလို့ရတဲ့ ကိစ္စတွေမဟုတ်ဘူးဆိုပေမယ့်၊ စိတ်ခန္ဓာကိုယ်လေးလှပဖို့ကတော့ ခုလုပ်ခုလှတယ်။

ဒီခေတ်ကြီးက ဘယ်လို Fashion ခေတ်စားတယ်၊ ဘယ်လို Style ဆို ကိုယ်နဲ့ လိုက်ဖက်မယ်ဆိုတာ၊ ဂျာနယ်အစ၊ TV တွေမှာအဆုံး မမြင်ချင်မကြားချင်တော့လောက်အောင် အလျံပယ်ပြောဆိုနေကြပေမယ့်၊ စိတ်ခန္ဓာအတွက် လိုအပ်ချက်တွေကျတော့ မပြောကြသလောက်ကိုယ် ရှားတယ်။

ရုပ်ပိုင်းဖွံ့ဖြိုးမှုတွေများပြီး၊ စိတ်ပိုင်းဖွံ့ဖြိုးမှုတွေနည်းပါးလှတဲ့ခေတ်ကြီးမှာ ညီတွေ၊ ညီမတွေ စိတ်ကော၊ ရုပ်ပါ ကျန်းမာသန်စွမ်း လှပနေနိုင်စေဖို့။

~AMM~
GREENHILL
Read More

ရဲရင့်လွန်း တဲ့သူရဲကောင်းလား ၊ သိပ်မိုက်မဲတဲ့သူလား

Troy ရုပ်ရှင်ကား ကို ကျွန်တော်ခဏခဏပြန် ကြည့်ဖြစ်တယ် ။ ရောမခေတ် စစ်ကားဆိုပေမဲ့ ... ရသတွေ ၊ အတွေးတွေ ၊ သံဝေဂတွေ အများကြီးပေးလို့ပါ ။ အဲဒီ ဇာတ်ကား ထဲ က ဇာတ်ဝင်ခန်းအတော်များများကို ကျွန်တော့် စိတ်ထဲ စွဲနေတယ် ။ ထွိုင်မြို့ ကို ဂရိတို့ရဲ့ အာဂါမီနွန် ဘုရင် က စစ်သွားတိုက်တော့ စစ်သူကြီး အားခီးလက်စ် ဦးစီးတဲ့ တပ်တွေဟာ အပိုလို ဘုရားကျောင်းကို အရင်ဆုံး တိုက်ပစ်လိုက်ကြတယ် ။ အဲဒီချိန် ထွိုင်မင်းသား ဟက်စ်တာ ရဲ့ ထရိုဂျန်တပ်ကလည်း ဘုရားကျောင်းကို ကာကွယ်ဖို့လာကြ တယ် ။ ဘုရားကျောင်းကိုအရင်ရောက်နှင့် နေပြီးသား အာခီးလက်စ် တပ်တွေရဲ့ ချေမှုန်းခြင်း ကို ခံလိုက်ရပီး မင်းသား ဟက်စ်တာ နဲ့ စစ်သား အနည်းငယ်သာကျန်တော့တယ် ။ ဘုရားကျောင်းထဲ ဝင်သွား တဲ့ စစ်သူကြီး အာခီးလက်စ် နောက်ကို ဓားကိုင်ပြီး ပြေးလိုက်လာ တဲ့ မင်းသား ဟက်စ် တာ ကို ... အာခီးလက်စ် ကနေ အော်မေးလိုက်တယ် ...။


"ငါ ..အာခီးလက်စ် ရဲ့နောက် ကို တစ်ယောက်တည်း လိုက်လာတဲ့ သူဟာ.....
သိပ်ရဲရင့် တဲ့ သူရဲကောင်းလား ...ဒါမှမဟုတ် ... သိပ်မိုက်မဲတဲ့သူလား " ...တဲ့ ။

ဆီးဂိမ်းပွဲကြီး ဆီမှာ အားလုံးရဲ့ စိတ်ဝင်စားမှုတွေ က ပြုံကျနေပေမဲ့ အခုရက်ပိုင်းအတွင်းကျိတ်ကျိတ်စကားသံလေးတွေနားစွင့်ရင်းတစ်ယောက်တည်းတွေးနေမိတယ် ။ ဘာလဲ ဆိုတော့ အခြေခံ ဥပဒေ ပြင်ရေးအတွက် ၄ ပွင့်ဆိုင်မဆွေးနွေးရင် ရွေးကောက်ပွဲဝင်မှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားပါ ။ အဲဒီချိန်မှာ အားလုံး ရဲ့ ကြားမှာ သို့လော သို့လော ဖြစ်လာတယ် ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၉၀ ကျော် နှစ်များဆီက အပြုအမူမျိုးထပ်ပြုနေပြီလား ဆိုတဲ့ စကားတွေလည်း ကြားရတယ် ။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ကိုအားလုံးလိုလို က မူအားဖြင့် သဘောတူ ထား ၊ ပြုပြင်ဖို့ ကြိုးစားနေကြသည့်တိုင် ပြည်သူလူထုထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့ သဘောထားထောက်ခံ ပွဲ တွေလုပ်နေတာတွေ ဟာ စဉ်းစားစရာဖြစ်လာတယ် ။ နောက်တစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မလား လိုက်မေးနေသည့်တိုင် ဘယ်အချက်တွေ ကိုပြင်ဆင် မယ် ၊ ဘယ်လိုပြင်ဆင်သင့်တယ် ဆိုတာ ကို ထုတ်ဖော်မပြတဲ့ခါ ။ တစ်ဖက်ကိုလက်ဝါးဖြန့် ပြီး ၊ တစ်ဖက်မှာ လက်သီးဆုပ်ထားသလိုဖြစ်နေတယ် ။

ဒါကိုက ခေါင်းစဉ် ပြစရာ အကြောင်းတစ်ခု ဖြစ်လာတယ် ။ ဒေါ်အာင်ဆန်းစုကြည်ထောက်ခံသူတွေ အနေနဲ့ ၅၉ (ဃ)နဲ့ (စ) ပြင်ဆင်ရေး အတွက် ဆန္ဒပြမယ် လို့ ကြွေးကြော်သူတွေ ရှိသလို ၊ မထောက်ခံ သူတွေ အတွက် ကျ ခု လိုလုပ်နေတာ ဟာ လူထုကို လမ်းပေါ် ဆွဲတင်ချင်လို့ ၊ သမ္မတ ဖြစ်ရေးအတွက် ဘာမဆိုလုပ်လိမ့်မယ်ဆို တဲ့ အတွေးမျိုး တွေးစရာဖြစ်လာတယ်ထင်တယ် ။

ကျွန်တော်လည်း ကိုယ့်ခေါင်းကို အလုပ်ပေးကြည့်တာပေါ့ လေ ။ ဒေါ်စု ဟာ သမ္မတဖြစ်ချင်လို့လား ၊ ဘာအတွက်လဲ ပေါ့ ။ ကျွန်တော်စဉ်းစား မိတာ ဟာ ကလေးကလား ဆန် ချင်ဆန် နေပါလိမ့်မယ် ။ အခု ဒေါ်အောင်ဆန်းစုကြည် ရော ၊ အစိုးရ ကော လှမ်းနေကြတဲ့ ခြေလှမ်းဟာ ကျွန်တော်တို့ ငယ်ငယ် က မှိုကျင်း မှတ်နေသလို လို့ပဲ မြင်ပါတယ် ။

ကျွန်တော်တို့ ငယ်ငယ် က သူငယ်ချင်းတွေ နဲ့ အတူ နွားစာ (မြက်စို) ရိတ်သွားကြတယ် ။ အခုလို နတ်တော်ဆိုရင် မှိုကျင်းတွေက လှိုင်လှိုင်ပေါက်ချိန်ပေါ့ ။ အဲဒီမှာ မြက်ရိတ်ရင်းမှိုကျင်းတွေ့ ပြီဆိုတာနဲ့ ဒါ ငါ့ နေရာ ဆိုပြီး တံဇဉ်နဲ့ လှမ်း ပေါက်ပြီး မှတ်တယ် ၊ သူငယ်ချင်းကလည်း ဒါငါ့နေရာဆိုပြီး တံဇဉ်နဲ့ လှမ်းပေါက်ပြီး မှတ်တယ် ။ သူ့တံဇဉ်က ကိုယ့်ဖက်ရောက် ၊ ကိုယ့်တံဇဉ်က သူ့ဖက်ရောက်ပေါ့လေ ။ ဘယ်သူမှလည်း တစ်ဝက်စီ ကွာဆိုပြီး တိတိကျကျ စမမှတ်ဘူး ။ လူ့လောဘ အသေးစားလေးတွေပေါ့ ။ တကယ်တမ်းလည်း နှုတ်ရော သူ့တံဇဉ်ကိုယ်ကျော် နှုတ် ၊ ကိုယ့် တံဇဉ်သူကျော် နှုတ် နှုတ်တာပါပဲ ။
အခုလည်း အဲလို ပဲ လို့ မြင်တယ် ။ ဒါက သူငယ်ချင်း ၂ ယောက်တည်း ဆိုရင်ပြောတာပါ ။ အဲ ... ၃ ယောက် ၊ ၄ ယောက် ရှိလာပြီဆိုရင်တော့ ... စတွေ့ တဲ့ သူ ၂ ယောက်က ဒါငါ့နေရာ ၊ ဒါသူ့နေရာ နဲ့ ကြို မှတ်ပြီးငြင်းနေတဲ့ ချိန် တခြားလက်သွက်တဲ့ သူငယ်ချင်းတွေ က အမြန်ဝင်နှုတ်ပြီး ကုန်တာပဲ ။ အဲဒါကြောင့် ရွာတွေ မှာ စကားလေးတစ်ခုရှိကြတယ် ။ ... "မှို နဲ့ အပျို ... ကြို မမှတ်ကောင်းဘူး" တဲ့ ။ မှို ဆိုလည်း တွေ့ရင် ချက်ခြင်း နှုတ် ၊ အပျို ဆိုလည်း ကိုယ်ကြိုက်ရင်ချက်ချင်းလိုက် ဆိုတဲ့သဘောပေါ့ ။ အခုလည်း အစိုးရအဖွဲ့ရော ၊ ဒေါ်အောင်ဆန်းစုကြည်ဦးစီးအဖွဲ့ရော .... " မှို နဲ့ အပျို ... ကြိုမမှတ်ကောင်းဘူးနော်" ဆိုပြီး ကလေး စကားလေးသွားပြောရကောင်းမလား စဉ်းစားနေမိတယ် ။

ဒါက ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ၄ ပွင့်ဆိုင်တွေ့ဖို့တောင်းသလဲ ၊ လူထုအင်အားပြသလဲ ၊ ၂၀၀၈ ကို မပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲ မဝင်ဘူး စကားပြောသလဲ ဆိုတာ ပဋိသာရ စကားလေး အင်ထိုပျိုးကြည့်တာပါ ။
၂၀၁၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးစာပြိုင်ခဲ့ကြတာက မဲဆန္ဒနယ် ၁၁၅၄ ခု ။ ပါတီ ၃၇ ပါတီက အမတ်ပေါင်း ၃၀၉၆ ယောက်ပြိုင်ခဲ့ကြတယ် ။ လွှတ်တော်အတွက် အမတ် နေရာ ၆၆၄ နေရာရှိတယ် ။ အဲဒီထဲက တပ်မတော်သားကိုယ်စားလှယ်များ က ၂၅ ရာခိုင်နှုန်း ဆိုတော့ ၁၆၆ နေရာဖယ်လိုက်ရင် ၄၉၈ နေရာ ပေါ့ ။ တိုင်းရင်းသားပါတီ များ အားလုံးပေါင်းကို ကြည့်လိုက်တဲ့ခါ ၂၀၁၀ ရွေးကောက်ပွဲ မှာတောင်အမတ်နေရာရဲ့၁၄၊၁၅ခိုင်နှုန်းနီးပါး လောက်လွှတ်တော်မှာဝင်သွားတာကိုတွေ့ရတယ် ။ ဒီသမ္မတသက်တမ်း ၅ နှစ်မှာ ပွင့်လင်းလာတဲ့ အခြေနေတွေ ၊ တိုင်းရင်းသားတွေရဲ့ စိတ်ဝင်စားမှု အခြေနေတွေ ၊ ဆိုင်ရာတိုင်းရင်းသားခေါင်းဆောင်တွေ နဲ့ တိုင်းရင်းသား တို့ စည်းလုံးမှုတွေ ကိုကြည့်ရင် ၂၀၁၅ မှာ လွှတ်တော်ရဲ့ ၂၀ နဲ့ ၂၅ လောက် ထိ နေရာရမယ်လို့ ခန့်မှန်းရပါတယ် ။ USDP ကလည်း အရင်ကအ ရှိန်တွေ နဲ့ အနည်းဆုံး ၁၀ ရာခိုင်နှုန်းလောက်ထိ ပါအောင်လုပ်မယ်လို့ယူဆရတယ် ။ NDF ၊ တစည တို့ ၂ ခုပေါင်းဟာ ၂၀၁၀ တုန်း က ၈ ရာခိုင်နှုန်းလောက်ရှိတာ ဖြစ်လို့ ၂၀၁၅ ရွေးကောက် ပွဲ ကျရင် တခြား ပါတီလေးတွေ ရော ၄င်းပါတီ ၂ ခုရောပေါင်းဟာ ၅ ရာခိုင်နှုန်းလောက်ထိရှိနိုင်တယ်လို့ ယူဆရပါတယ်။

ဆိုတော့ အတော်များများ မှန်းကြတာ ဟာ NLD က ၂၀၁၅ အလွန်မှာ ဝက်ဝက်ကွဲ နိုင်လိမ့်မယ်လို့ မှန်းကြတယ် ။ ဝင်ပြိုင်မယ်ဆိုရင် နိုင်လည်း နိုင်ပါလိမ့်မယ် ။ သို့သော လွှတ်တော် ထဲ ရောက်နိုင်တဲ့ အမတ်သည် ၄၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်သာ ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ် ။
(ခန့်မှန်းချက်မျှသာ) ။ ဆိုတော့ ၂၅ ၊ ၂၅ ၊ ၁၅ ၊ ၃၅ ဆိုတဲ့ လွှတ်တော်တွင်းအချိုးကိုမြင့်ကြည့်ပါ ။ NLD နိုင်ခဲ့ လို့ အစိုးရဖွဲ့နိုင်သည့်တိုင် ဒီအချိုး အတိုင်းဖြစ်ခဲ့ရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့ ၇၅ ရာခိုင်နှုန်းနှင့် အထက် ထောက်ခံ ရမည်ဆိုတဲ့ အချက်နဲ့ ထည့်ကြည့်ပါ ။ အဲဒါဆိုရင် ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ မတိုင်မီ ဖွဲ့စည်းပုံပြင်ဖို့ စိုင်းပြင်းနေရသလဲ ။ သူရဲ့ တားဂတ်ဟာ ၅၉(စ) ဟုတ်ရဲ့လား ဆိုတာ ရေးရေးလေး မှန်းဆလို့ရမယ်ထင်တယ် ။

ကျွန်တော့ အတွေးမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ခေါင်တက်ကိုင်တာဖြစ်ပါတယ် ။ ၂၅ ရာခိုင်နှုန်းက လျှော့ချရေး နဲ့ ၇၅ ရာခိုင်နှုန်းသဘောတူညီမှု ဆိုတဲ့ ဒူးလောက်ကိုတင်ပစ် လိုက်တာပါ ။ အဲဒီနည်းတူ ခွချက် နဲ့ လူထူအင်အား ပြသလို ၊ သမ္မတဖြစ်ချင်တယ်လေသံပစ်ပြီး ၅၉(စ) ၂ စဆွဲ ထုတ်သွားတာဖြစ်ပါတယ် ။ ဒါမှ သာ နောက်တစ်ဆက် လွှတ်တော် ထဲမှာ အသက်ရှုချောင်မယ်မလား ။ တကယ်လို့သာ ဒီတိုင်းပဲ ဆိုရင် အစိုးရဖွဲ့နိုင်သည့်တိုင် ဖွဲ့စည်းပုံတိုင်းပဲ ခရီးဆက်ရပါလိမ့်မယ် ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဟာ ခပ်ဝေးဝေး ထိရောက်အောင်ကို တံဇဉ် ပစ် ပြီး မှိုကျင်း ဦးကြည့်တယ်လို့ မြင်ပါတယ် ။

ဆိုတော့ ကျွန်တော့် အတွက် စဉ်းစားစရာရှိလာတာ က ဒေါ်အောင်ဆန်းစုကြည်မှာ Plan B ရှိနေပြီလား ဆိုတဲ့ အတွေး ဖြစ်ပါတယ် ။ တကယ်လို့ Plan B ကောင်းကောင်းရှိခဲ့တယ်ဆိုရင်တော့ လာမဲ့ ၂၀၁၄ ဟာ ကျွန်တော်တို့ အတွက် စိတ်ဝင်စားစရာအကောင်းဆုံး နှစ်တစ်နှစ်ဖြစ်လာမှာပါ ။ အဲလို မှမဟုတ်ဘူးဆိုရင်တော့ .... ကြမ်းကျွံတာ နှုတ်လို့ရတယ် ၊ စကားကျွံ့တာ နှုတ်လို့ မရဘူးဆိုတဲ့ အဆိုတွေလည်းရှိရဲ့မဟုတ်လား ။ အဲဒီတော့ ထွိုင် ကား ထဲ က အားခီးလက်စကားကို ပဲ ကျွန်တော် ပြန်ပြောချင်မိတယ် ....

"အာခီးလက်စ် ရဲ့နောက် ကို တစ်ယောက်တည်း လိုက်လာတဲ့ သူဟာ.....
သိပ်ရဲရင့် တဲ့ သူရဲကောင်းလား ...ဒါမှမဟုတ် ... သိပ်မိုက်မဲတဲ့သူလား"

မှတ်ချက် ။ ။ ကျွန်တော့် အတွေးမျှ သာ ။ သင့်မသင့် ချင့်၍သာယူလေ ။

~~ရုပ်ဆိုး~~
Read More

“လူနေခြုံကြား”

ကလေးဘ၀တုန်းက အဆော့ကစားမက်တာ၊ ကာတွန်းပုံပြင်ကြိုက်တာတွေကြောင့် ကျောင်းစာတွေကို သည်လောက်ကြီး စိတ်ဝင်တစား မရှိလှပါဘူး။ အတန်းသစ်တက်လို့ ဖတ်စာအုပ်အသစ်တွေ ထုတ်ပေးရင် သည်နှစ် ငါ့ကို ဘာတွေသင်မှာလဲ မသိဘူး ဆိုပြီး အစအဆုံး တစ်ခေါက်ဖတ်ကြည့်တာကလွဲလို့ စာကျက်ရတာတော့ အင်မတန်ပျင်းပါတယ်။ တစ်ခါတစ်ခါမှာတော့ ကိုယ့်အတန်းထဲမှာကိုယ် အဆင့်တစ်တွေဘာတွေ ရတဲ့အခါ ရဘူးသား။ အဲ့ဒါမျိုးက အိမ်ကမွေးသဖခင်ကသာ ရီပို့ကဒ်ကြီးကြည့်ကြည့်ပြီးပျော်တာ။ ကိုယ့်ဘာသာတော့ ဘယ့်နှယ်မှ စိတ်ထဲမရှိဘူး။ အိမ်မှာလက်မှတ်ထိုးပြီး ဆရာမဆီပြန်အပ်လိုက်ရင် အဲသည်ကဒ်ပြားကြီးက ဘာတစ်ခုမှ အသုံးမ၀င်။ စာမကျက်ဖြစ်လို့ အဆင့်ကျသွားရင် အဆူခံရဖို့ပဲ ရှိမှာ။ ကိုယ့်အတန်းကိုယ် အဆင့်တစ် ရတာများ ဘာမှခက်တာလည်း မဟုတ်။
ကိုယ့်အတန်းသားချင်း ဘယ်သူဘယ်လောက်စာရသလဲ သိပြီးသား။ အဆင့်တစ်ရတဲ့ကောင်ဆိုတာ ဘောလုံးကန်တတ်တဲ့ကောင်၊ စွန်လွှတ်တတ်တဲ့ကောင်လောက်မှ အထင်ကြီးစရာ မရှိ။


           အဲဒီအချိန်တုန်းက ကိုယ့်စိတ်ထဲမှာ ကျိတ်ပြီး အထင်ကြီးမိနေတဲ့ အတန်းဖော် သူငယ်ချင်းတွေတော့ ရှိပါတယ်။ သူတို့မိဘတွေက အရမ်းဂရုစိုက်ပြီး ဆရာမတွေနဲ့ တော်တော်ရင်းရင်းနှီးနှီးရှိသလို အတန်းထဲမှာဆိုလည်း အဲသည်ကလေးတွေက ဆရာမ ပါးစပ်ဖျားကမချ “တော်လိုက်တာ။ တော်လိုက်တာ။” ဆိုတဲ့ ကလေးတွေပါ။ ဘာတွေတော်သလဲတော့ မသိဘူးပေါ့။ ဒါပေသိ ဆရာမက တော်တယ်ဆိုရင် တော်ကိုတော်လို့။ အတန်းထဲမှာတော့ မသိသလိုမခင်သလို တည်တည်ကြီးနေပြီး အိမ်ပြန်ရောက်တော့မှ သူတို့နေပုံထိုင်ပုံ ၀တ်ပုံစားပုံတွေကို ခရေစေ့တွင်းကျ ပြန်ပြောပြတတ်တော့ ကိုယ့်အမေတွေအဖွားတွေကတောင် အဲသည်ကလေးတွေကို မမြင်ဖူးပဲနဲ့ သိနေတတ်တယ်။ အတုခိုးတတ်တဲ့အရွယ်မို့ထင်ပါရဲ့။ မသိမသာ ကျိတ်ကျိတ်ပြီး အတုခိုးတယ်။ ကိုယ့်အိမ်မှာက ကိုယ်အတုခိုးစရာ မတိမ်းမယိမ်း ယောင်္ကျားလေးတစ်ယောက်မှ ရှိတာလည်း မဟုတ်ဘူးလေ။ ရှေ့မှာ အမတွေချည့်ပဲ ရှိတယ်။ ကိုယ့်စိတ်ထဲမှာတော့ အဲသည် သူငယ်ချင်းကလေးတွေကို အပြိုင်အဆိုင်ဆိုတဲ့စိတ်၊ နိုင်ရမယ်ဆိုတဲ့စိတ်လည်း တစက်ကလေးမှ မရှိခဲ့ပါဘူး။ အားကျအထင်ကြီးတဲ့စိတ်ပဲ ရှိတယ်။ ကိုယ့်ထက်သာတဲ့ဘ၀လို့ ကိုယ့်ဘာသာလက်ခံထားတယ်။

            ဒါပေမယ့်လည်း အဲသည်အငုံ့စိတ်ကို ပုတ်နှိုးလိုက်သလို အနှိုးခံရတဲ့အခါတွေ ရှိလာခဲ့ပါတယ်။ တချို့ဆရာတွေက တော်တော်မျက်နှာလိုက်တာကိုး။ သူတို့ဘာသူတို့ ကိုယ်ချစ်တဲ့ကလေးကို မျက်နှာသာပေးတာလည်း ပေးပေါ့။ ကိစ္စမရှိပါဘူး။ ဒါပေမယ့် မဆီမဆိုင် အဲသည်ကလေးတွေနဲ့ ယှဉ်ပြီး ကိုယ့်ကိုလာနှိမ်သလို ခံစားရတဲ့အခါ ကလေးပေမယ့် စိတ်ထဲမှာ နေလို့မကောင်းဘူး။ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ် ဆိုရင် ကြည့်ကြသေးတာပေါ့ဟာ။ ငါက သူတို့ထက်သာအောင်ကို ကြိုးစားပလိုက်ဦးမယ် ဆိုတဲ့ စိတ်ကလေး ၀င်လာပါတယ်။ မှတ်မှတ်ရရ၊ ၇ တန်းနှစ်မှာ အတန်းထဲက သူငယ်ချင်းတစ်ယောက်ကို ဆရာမတွေက လူရည်ချွန်ဖြေဖို့ ကြိုတင်လေ့ကျင့်ပေးတာတွေ လုပ်တဲ့အခါ ကိုယ်ကဘုမသိဘမသိနဲ့မို့ “အဲဒါ ဘာလုပ်တာတုန်း” လို့ သွားမေးမိပါတယ်။ “ဒါ လူရည်ချွန်ဖြေဖို့လေ။ အရမ်းခက်တာ။ ကျောင်းစာရော။ အထွေထွေဗဟုသုတရော၊ အားကစားနဲ့ ဖွံ့ဖြိုးရေးတွေပါ ထူးချွန်ရတယ်။” လို့ ဖြေပါတယ်။ လူရည်ချွန်ရရင် ငပလီသွားရတယ်ဆိုတော့  အိမ်နဲ့အညာကလွဲရင် ဘယ်ကိုမှ မရောက်ဘူးတဲ့ကိုယ်က “ကျွန်တော်ရော ဖြေလို့မရဘူးလား ဆရာမ။” လို့ လျှာရှည်မိပါတယ်။ ဆရာမက ငါးခူပြုံးကလေးပြုံးပြီး “ရတယ်လေ။ သုံးယောက်ရွေးမှာ။ ပထမ၊ ဒုတိယ၊ တတိယ ၀င်အောင်လုပ်။ ကိုယ့်အတန်းထဲမှာတင် ကိုယ်ရတာ မဟုတ်ဘူးနော်။ စိန်ပေါကျောင်း တစ်ကျောင်းလုံးမှာ ရရမှာ။” တဲ့။ ကိုယ့်ဘ၀ကြီးကို ပြောင်းလဲသွားစေတဲ့စကားတစ်ခွန်းကို ပြပါဆိုရင် အဲသည်အချိန်တုန်းက ဆရာမပြောတဲ့ အဲသည်စကားကိုပဲ ပြန်ကောက်ရမှာပါပဲ။ သူပြုံးတဲ့ အပြုံးလေးကို မခံချင်တာရယ်၊ ကိုယ်စထားတဲ့ စကားလေးကို မလျှော့ချင်တာရယ်ကြောင့် မခံချင်စိတ်နဲ့ စာတွေကိုနင်းကန်ကျက်မိတာ စာမေးပွဲပြီးတိုင်း ဖျားဖျားယူရလောက်အောင် ပါပဲ။

           အတန်းတင်စာမေးပွဲပြီးတဲ့အခါ ဆရာမက သူ့အတန်းထဲက ဆုရတဲ့ကျောင်းသား နှစ်ယောက်ကို ဘောပင်လှလှလေး တစ်ချောင်းစီပေးတယ်။ သူ့ဆီက သူကိုယ်တိုင် ကျေကျေနပ်နပ်ပေးတဲ့ဆုကိုယူရတာ အရသာရှိလိုက်တာလေ။ ငွေကြေးတန်ဖိုးနဲ့တွက်ရင် ဘောပင်လေးတွေက အဖိုးမတန်ပါဘူး။ ကျောင်းကရတဲ့ဆုကလည်း အဖိုးမတန်ပါဘူး။ ဒါပေမယ့် အနှိမ်ခံရရင် ဘယ်လိုပြန်ပြီး အနိုင်ယူရသလဲဆိုတဲ့ သင်ခန်းစာကတော့ တော်တော် အဖိုးတန်ပါတယ်။ လူလတ်တန်းစား အောက်ခြေနားက ကလေးတစ်ယောက်အဖြစ်နဲ့ ခွဲခြားနှိမ့်ချဆက်ဆံခံရတာ ဘ၀မှာ အခါခါ ရှိခဲ့ပါတယ်။ ကံကြမ္မာလေး မျက်နှာလိုက်တယ်ဆိုတာလည်း ခနခန ကြုံနေကျပေါ့။ ကိုယ့်အဖို့ကတော့ အဲသည် ဖိနှိပ်နှိမ်ချမှု၊ ခွဲခြားဆက်ဆံမှုတွေကို ပြန်လည်ထောက်ကန်စရာ တွန်းအားအဖြစ်နဲ့ အသုံးချခဲ့တယ်။

            သည်လိုနဲ့ပဲ အသက်အရွယ်တွေရလာတဲ့အခါ ကိုယ့်အကြောင်းသူ့အကြောင်း ဘာမှမသိသေးပဲနဲ့ လူကို အသားလွတ်ကြီး ခွဲခြားဆက်ဆံခံရတဲ့ အတွေ့အကြုံတွေလည်း မနည်းမနောကြီး ရှိလာပါတော့တယ်။ အထူးသဖြင့်တော့ မြန်မာလူမျိုးဖြစ်နေမိတဲ့အပေါ် တိုင်းတပါးသားတွေက အထင်သေးအမြင်သေး
နှိမ့်ချဆက်ဆံတတ်တာဟာ နိုင်ငံခြားသွားတဲ့ မြန်မာလူမျိုးတိုင်းလိုလို ခံစားဖူးတဲ့ အတွေ့အကြုံပါ။ ခက်တာက ကိုယ့်အမိနိုင်ငံတော်ကြီးရဲ့ ဂုဏ်သိက္ခာကို ကိုယ်တစ်ယောက်တည်းနဲ့ ခါးတောင်းမြောင်အောင်ကျိုက်ပြီး တင်ပေးလို့မရတာကြောင့် အရင်ဆုံးကြိုးစားရတာကတော့ ကိုယ့်ဂုဏ်သိက္ခာကိုအရင် သူတို့လက်တွေ့သိအောင် ပြရတော့မှာပါ။ သည်လိုပြနိုင်ဖို့ အရင်ဆုံးလိုအပ်တာကတော့ ကိုယ်ကိုယ်တိုင် ဂုဏ်သိက္ခာရှိသော မြန်မာတစ်ယောက်ဖြစ်ဖို့ပါပဲ။ ကောင်းပါပြီ။ ဘယ်အရာတွေဟာ လူတစ်ယောက်ကို တင့်တင့်တယ်တယ်နဲ့ ဂုဏ်ရှိစေနိုင်မှာလဲ။

            ပထမအချက်ကတော့ လူပြိန်းကြိုက်ပြောချင်ပြော၊ လူတိုင်းသည်းခြေကြိုက်ပြောချင်ပြော၊ ပိုက်ဆံရှိရင် ဂုဏ်ရှိတယ်။ ငွေရှိရင် မျက်နှာမငယ်ဘူး။ မှန်သင့်သလောက်တော့ မှန်တယ်ဗျ။ လောကကြီး လူပြိန်းတွေလောက်ပေါတာ လူပြိန်းတွေပဲ ရှိတယ်။ ဒါကြောင့် လူပြိန်းကြိုက်ဖြစ်တဲ့ ဥစ္စာငွေကြေးဟာ ဘယ်နေရာမှာမဆို မျက်နှာပွင့်လန်းတာ အမှန်ပဲ။ ငွေရှိရင် ဘာမဆို ၀ယ်လို့ရတဲ့အထဲမှာ ပညာရော၊ သိက္ခာရော၊ နံမည်ဂုဏ်သတင်း ကျော်ဇောခြင်းတွေပါ ပါတယ်။ တစ်ခုတော့ သိထားဖို့လိုတယ်။ အဲသည်အရှိန်အ၀ါတွေအားလုံးဟာ ကိုယ့်မှာရှိနေတဲ့ ငွေအပေါ်မှာသာ တည်တာ။ အဲသည်ငွေမရှိတော့တဲ့တစ်နေ့ ကုန်းကောက်စရာ ကျန်လိမ့်မယ် မဟုတ်ဘူး။ ဒါကြောင့် ငွေကြောင့်ဖြစ်တဲ့ ဂုဏ်သိက္ခာဆိုတာ လူကိုယ်မှာ မတည်ဘူး။ အငှားသိက္ခာသာဖြစ်တယ်။ ခက်တာက အနှိမ်ခံရတယ်ဆိုတဲ့သူတွေဟာ ဘယ်တော့မှ ငွေရှိတဲ့သူတွေ မဟုတ်ဘူး။ ငွေရှိရင် ငွေမျက်နှာနဲ့ မနှိမ်ရဲဘူး မဟုတ်လား။ နှိမ်ရဲနှိမ်ကြည့်လေ။ ငွေနဲ့ ကောက်ပေါက်လိုက်ရင်
ငေါက်ကနဲထိုင်ဆင်းသွားမှာပေါ့။ သီချင်းထဲကလို “လောကကြီးမှာ ပိုက်ဆံမရှိရင် မျက်နှာ အင်မတန်ငယ်။” ဆိုတာ ကိုယ်တို့မြန်မာတွေ အနှိမ်ခံရတဲ့ အဓိက အကြောင်းရင်းထဲမှာပါတယ်။ ကောင်းပြီလေ။ ဒါဆိုလည်း ငွေမရှိတဲ့သူတွေအတွက် တခြားဟာတွေနဲ့ ဂုဏ်သိက္ခာတက်ပြီး လူရိုသေ ရှင်ရိုသေ ဖြစ်အောင် ဟိတ်ထုတ်ရတော့မှာပေါ့။

            ငွေမရှိလည်းရပါတယ်။ သူတို့နိုင်ငံခြားသားတွေ ကိုယ့်ကိုအထင်မသေးနိုင်အောင် ကိုယ့်ဘက်က ထုတ်ပြစရာ နောက်တစ်ခု ရှိသေးတယ်။ အဲဒါကတော့ “ပညာ” တဲ့။ ပညာတတ်ရင် လူ့အောက်မကျဘူး။ ကလေကချေ အုတ်ကြားမြက်ပေါက် မဟုတ်ဘူး။ ဆရာနဲ့သမားနဲ့ စံနစ်တကျ လေ့ကျင့်သင်ကြား ပျိုးထောင်ထားတဲ့ လူဂုဏ်တန်လို့ မျက်နှာကလေးချီပြီး မော့ထားလို့ရတယ်။ ပညာဆိုတဲ့နေရာမှာ သူတို့လက်ခံအသိအမှတ်ပြုတဲ့ ဘွဲ့လက်မှတ်စာရွက်တွေကိုချည့် ပြောတာ မဟုတ်ဘူး။ မိမိအသက်မွေးမှုအတတ်မှာ ကျွမ်းကျင်လိမ္မာခြင်း၊ ထူးချွန်ပြောင်မြောက်ခြင်းတွေ ရှိရင်လည်း အထင်သေးမခံရဘူး။ သံချီသံကွေးသမားပဲဖြစ်ဖြစ်၊ ဆံပင်ညှပ် လျှော်ကောက်ဖြောင့်သမားပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး အနှိပ်သမလေးတွေဖြစ်နေရင်တောင် ကိုယ်လုပ်တဲ့အသက်မွေးဝမ်းကျောင်းမှာ စေတနာပါပါနဲ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်ရည်ကိုင်ရည်ရှိတဲ့သူဆို အလုပ်ရှင်ကလည်း လက်မလွှတ်နိုင်ဘူး။ Client ကလည်း အထင်မသေးဘူး။ ကိုယ့်ကို မြန်မာရယ်လို့ အထင်သေးတဲ့သူကြုံလာရင် နင်တို့လူမျိုးတွေထက်တော့ ဆယ်ဆသာတယ်လို့ အဲသည်နေရာမှာ ပြလို့ရတယ်ဗျ။ ပညာပြတယ်တော့ ဘယ်ဟုတ်မလဲလေ။ မင့်ဘကြီးက မင့်ထက်တောင် တတ်သေးတယ်လို့ အခွင့်ကြုံတဲ့အခါ အစွမ်းပြခဲ့တာမျိုးကို ပြောတာပါ။

            ပိုက်ဆံမရှိ၊ ပညာမတတ်လို့ အနှိမ်ခံရတယ်ဆိုရင်လည်း အားမငယ်ပါနဲ့လေ။ လူတွေမှာ ဘာမှမရှိလည်းပဲ မာနကြီးတခွဲသားနဲ့ ဂုဏ်ယူနိုင်တာ နောက်တစ်ခုရှိသေးတယ်။ “ရိုးဂုဏ်” တဲ့။ ရိုးသားတယ်၊ အကျင့်စာရိတ္တကောင်းတယ် ဆိုတာ ဘယ်လောက်ချမ်းသာချမ်းသာ၊ ဘယ်လောက်ပညာတတ်တတ်၊ လူတိုင်းရှိနိုင်တဲ့ဂုဏ် မဟုတ်ဘူး။ သမ္မတကြီး၊ ၀န်ကြီးချုပ်ကြီးဖြစ်နေပစေဦးတော့ မတရားသဖြင့် ကောက်ကျစ်လိမ်လည်ပြီး အာဏာရလာတဲ့သူဆိုရင် ငါးပြားဖိုးလောက်တောင် အထင်ကြီးစရာ မကောင်းဘူး။ (ဥပမာ မားကို့စ်တို့ သက်ဆင်တို့ ပြောတာနော်။ တို့ဆီကလူတွေက လွှတ်ရိုးတာ။ မယုံ သတင်းစာဖတ်ကြည့်။) အဲသည်ရိုးဂုဏ်ဆိုတာက အပျိုစင်ကလေးလိုပဲ။ အစဉ်တစိုက် စောင့်စည်းထိမ်းသိမ်းခြင်းနဲ့သာ အမြတ်တနိုး တန်ဖိုးထားစရာ ဖြစ်လာတာ။ တစ်ခါတည်းပါ ဆိုရုံနဲ့ ရေစုန်မျောသွားတတ်တယ်။ လစ်ရင်လစ်သလို လှည်းသားငါးရာနဲ့ပျော်ပါးပြီးကာမှ ရှိသမျှ ပိုက်ဆံပုံအောပြီး ထိုင်းမှာ ပြန်ပြုပြင်လာခဲ့တယ်။ အသစ်ကလေးပါ။ လုပ်လို့မရဘူး။ ကိုယ့်အမြင်ပြောရရင်တော့ ဆင်းရဲသားတွေဟာ ရိုးဂုဏ်ကို ထိမ်းသိမ်းသင့်တယ်။ ကိုယ့်မှာထားစရာမာန ဒါလေးပဲ ရှိတာ။ သူဌေးမဖြစ်လောက်တဲ့ ဘာမဟုတ်တဲ့ ပိုက်ဆံငွေကြေးကလေးလောက်နဲ့ အများမိုးခါးရေသောက် ကိုယ်သောက်လုပ်မိရင် အရေးအကြောင်းကျတော့ ကိုယ့်မှာ ဂုဏ်ယူစရာ၊ တင်းခံစရာ၊ မာနထားစရာ ရိုးဂုဏ်မရှိတဲ့အတွက် လူချမ်းသာတွေက အနိုင်ကျင့်တာ၊ နှိမ်တာခံရတတ်တယ်။ သူဌေးတွေ မရိုးသားလို့ ဘယ်သူမှ အပြစ်မပြောရဲဘူး။ သူတို့မှာ ပိုက်ဆံမျက်နှာရှိတယ်။ ဆင်းရဲသားတွေ စာရိတ္တစွန်းထင်းသွားရင် သိပ်မျက်နှာငယ်ရတာ။ အလကားနေရင်းကို မရှိခိုးနိုး မလှစုန်းရိုးက ရှိပြီးသား။ တကယ်လို့များ ကိုယ့်မှာ ရိုးဂုဏ်ကလေးရှိနေရင် နင်လည်းနင့်မှာ ပိုက်ဆံရှိလို့ မောက်မာသလို ငါလည်းငါ့မှာ အကျင့်စာရိတ္တကောင်းတဲ့ ရိုးဂုဏ်ရှိလို့ ဘာမှ အောက်ကျခံစရာ အကြောင်းမရှိဘူးဆိုပြီး အံတုဘက်ပြိုင် လုပ်နိုင်တဲ့ သတ္တိရှိတယ်။ စာရိတ္တမဏ္ဍိုင်ဆိုတာ ရောင်းစားလို့ ဈေးကောင်းမရပေမယ့်လည်း စိတ်ဓါတ်ခွန်အားကို ပေးနိုင်တဲ့နေရာမှာတော့ ပိုက်ဆံလိုမျိုး အတုအယောင် အငှားသိက္ခာ မဟုတ်ဘူး။ ကိုယ်ပိုင်ပစ္စည်းစစ်စစ်။ လျှာပေါ်ကို မြက်ပေါက်ချင်ပေါက်ပလေ့စေဆိုတဲ့ စိတ်ထားဟာ အဲသည်ကလာပါတယ်။

            ကျန်တာကတော့ အပေါ်ယံလို့ပြောချင်လည်း ပြောလို့ရပါတယ်။ ကိုယ့်အပေါ်မှာ မသိမသာစွဲကပ်နေတဲ့ လူအထင်သေးဖွယ် အမူအကျင့်များကို ဖျောက်ပစ်ရမှာပေါ့။ ကိုယ်ပေါက်ဖွားကြီးပြင်းရာ အသိုင်းအ၀ိုင်းဟာ စည်းကမ်းတကျ အဆုံးအမ အကွပ်အကဲနဲ့ လူလားမြောက်လာပါတယ်လို့ သိစေရမယ်။ ငယ်ငယ်ကဆို အဖွားက ခနခနထိပ်ခေါက်ပြီး သင်တယ်။ ထမင်းစားရင် ပြတ်ပြတ်နဲ့ အသံမမြည်စေနဲ့။ လမ်းလျှောက်ရင် ရှပ်တိုက်ပြီး မလျှောက်နဲ့။ သူများနဲ့စကားပြောရင် မျက်လုံးချင်းဆိုင်ပြီးမှ စကားပြော။ သူ့မျက်စိရှေ့ရောက်ရင် ဘယ်ဟာမှ အပြစ်မလွတ်ပါလားလို့ ထင်ခဲ့မိတာဟာ အခုချိန်ရောက်မှ သဘောပေါက်လာတယ်။ သူကသူ့မြေးကို အဆင့်အတန်းရှိရှိ လူလားမြောက်လာအောင် သွန်သင်နေတာပါလားလို့။ ဒီနေရာမှာတော့ အညာသူ တို့ဖွားအေက အင်မတန်ဘိုဆန်စွာဆုံးမပါတယ်။ အက်တိကက်နားမလည်ရင် အင်ပရက်ရှင် ဒေါင်းသတဲ့။ အရွယ်ကလေးရောက်လာတော့ သူများဆီက အတုခိုးတဲ့အထဲမှာ အဲသည်အကျင့်ကောင်းကလေးတွေကို မှတ်မှတ်သားသား အတုခိုးဖြစ်သွားပါတယ်။ သူများနိုင်ငံရောက်တဲ့အခါ ကွမ်းတံတွေး တပျစ်ပျစ်ထွေး၊ အမှိုက်တွေ့ကရာပစ်၊ တန်းစီရင်ကြားဖြတ်ဝင်၊ အစရှိတဲ့ အမူအကျင့်တွေ အမှတ်မထင်ပြုမိရင် အုတ်ကြားမြက်ပေါက်သဖွယ် အထင်သေးခံရပါလိမ့်မယ်။ (ကိုယ့်ဆီမှာတော့ တို့များရိုးရာ တို့ရိုးရာပေါ့)

           တကယ်လို့များ တိုင်းတပါးသားတွေနဲ့ တွေ့ကြုံဆက်ဆံရင်း မြန်မာလူမျိုးတစ်ယောက် ဖြစ်နေတဲ့အတွက်
နှိမ်ချဆက်ဆံလာခဲ့တယ်လို့ ခံစားရတယ်ဆိုရင် ဒေါသတကြီး ကဲကဲဆတ် ရန်ထောင်တာမျိုးထက်စာရင် ကိုယ့်မှာရှိတဲ့ ကိုယ်ပိုင်အရည်အချင်းကလေးနဲ့ ဂုဏ်သရေရှိရှိ အနိုင်ယူပြလိုက်တာက အများကြီး ပိုပြီး အရသာရှိတယ်ဆိုတာ ခုချိန်မှာတော့ ရှင်းပြဖို့တောင် မလိုတော့ဘူးထင်ပါတယ်။ ကိုယ့်ဘက်က ပညာအရည်အချင်းကလေး
လောက်လောက်လားလားရှိရင်၊ ငွေကြေးနဲ့ယိမ်းယိုင်မသွားတဲ့ ကိုယ်ကျင့်တရားကလေး စောင့်ထိန်းထားမယ်ဆိုရင် ပတ္တမြားအစစ်မို့ နွံမှာနစ်သော်လည်း မညစ်တဲ့အကြောင်း ကောင်းကောင်းကြီး သက်သေပြလို့ရပါလိမ့်မယ်။ အမျိုးမှန်အဖိုးတန် မြန်မာပြည်ဖြစ် စစ်စစ်ကြီးမှန်းသိသွားလို့ သူများက အပိုင်ဝယ်သိမ်းချင်လာပြီ ဆိုတော့မှ တမျိုး စဉ်းစားကြတာပေါ့ကွယ်။ ဟုတ်ဘူးလား။
Read More

ဝီရိယစိုက်ထုတ်ရန် နေရာကို ပြသောသူကို ________ဟုခေါ်သည်။


တစ်ခါတုန်းက မောင်မောင်နဲ့အောင်အောင်ဆိုတဲ့သူငယ်ချင်းနှစ်ယောက် ဒိသာပါမောက္ခ
ဆရာကြီး တစ်ဦးထံကို ပညာသင်ဖို့ အတူတူသွားကြတယ်။ ဆရာကြီးက သူ့ရဲ့ပညာတွေကို တပည့်နှစ်ဦးထံ ဆရာစားမချန် အိပ်သွန်ဖာမှောက်ပေးတယ်။ ပညာသင် သုံးနှစ်ပြည့်တော့ ဆရာကြီးက တပည့်နှစ်ဦးကို ခေါ်ပြီး အလုပ်နှစ်ခုခိုင်းတယ်။ ပထမအလုပ်က ရေတွင်း
တူးရတဲ့အလုပ်၊ ဒုတိယအလုပ်က မနက်မှာ နှင်းရည်တစ်အိုးရအောင် လုပ်ရမယ့်
အလုပ်ဖြစ်တယ်။သူငယ်ချင်းနှစ်ယောက် ပထမအလုပ်ဖြစ်တဲ့ ရေတွင်း
တူးတဲ့အလုပ် စလုပ်ကြတယ်။မောင်မောင်ရေတွင်းတူးတာ
လူတစ်ရပ်နီးပါးတွင်းအနက်ရှိနေပြီ။ဒါပေမယ့်ရေကထွက်မလာသေး
ဘူး။အောင်အောင်တူးတာ တွင်းအနက်က လက်တစ်တောင်ဆစ်လောက်
ပဲရှိသေးတယ်။ရေကထွက်နေပြီ။
ဒုတိယအလုပ်ကို နောက်နေ့မနက်မှာ နှစ်ဦးသားလုပ်
ဆောင်ကြပြန်တယ်။မောင်မောင်က နေထွက်တဲ့အထိ နှင်ရည်ခံတာ
အိုးတစ်ဝက်ပဲရတယ်။အောင်အောင်က နေမထွက်ခင်မှာပဲ နှင်း
ရည်အိုးအပြည့်ရနေပြီ။
ဆရာကြီးက အောင်အောင်ကို " တပည့်အောင်အောင်
...ရေတွင်းတူးတဲ့နေရာမှာ ရေကြောရှိမှန်း ဘယ်လိုသိခဲ့တာလဲကွဲ့ "ဟုမေးတယ်။
" မြက် ပေါများတဲ့မြေကြီးအောက်မှာ ရေကြောရှိ
မှန်းသိနိုင်ပါတယ် ဆရာ "လို့ အောင်အောင်ကဖြေတယ်။
" ဒါဆိုရင် နှင်းရည်ကိုတစ်အိုးရအောင် ဘယ်လိုစွမ်း
ဆောင်ခဲ့တာတုန်းကွဲ့ "
" ကျယ်ပြန့်တဲ့အဝတ်စနှစ်စကို နှင်းရည်စိုနေတဲ့
အပင်ငယ်လေးတွေပေါ်အုပ်မိုးပြီး နှင်းရည်ရွှဲစိုလာတဲ့အခါ
အိုးထဲကို ညှစ်၍ရယူခဲ့ပါတယ် ဆရာ "
" အိမ်း....ကောင်းပေစွ...ကောင်းပေစွ..."
........…………………………………………………………………
…………………………………………………………………………
ဆရာကြီး ပညာသင်ပေးတုန်းက အောင်အောင်တစ်
ဦးတည်းကို သင်ပေးခဲ့ခြင်းမဟုတ်ပါ။နှစ်ဦးလုံးကို သာတူညီမျှ
သင်ပေးခဲ့တာပါ။သို့သော်လည်း အောင်အောင်က ဦးနှောက်နှင့် နှလုံးသားအိတ်ကပ်ထဲအပြည့်ရယူနိုင်ခဲ့ပေမယ့်
အောင်အောင်ကမရယူနိုင်ခဲ့ဘူး။အောင်အောင်က ဆရာသင်ပေး
တဲ့ပညာကို လက်တွေ့ဘဝမှာအသုံးချနိုင်ခဲ့ပေမယ့် မောင်
မောင်က အသုံးမချနိုင်ခဲ့ဘူး။ဆရာက ပညာမိုးတွေ ဘယ်လောက်ပဲရွာချ
နေပါစေ တပည့်ဖြစ်သူက ပညာမိုးရေကို ခံယူတတ်မှ ပညာရတာပါလေ။
………………………………………………………………
………………………………………………………………
ဝီရိယစိုက်ထုတ်ရန်နေရာကို ပြသောသူကို " ဆရာ " ဟုခေါ်သည်။
ငယ်စဉ်မှ ယနေ့အချိန်ထိ ထိတွေ့ဆက်ဆံနေရသော လောကီ၊လောကုတ္တရာ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာအပေါင်းတို့အား ဦးညွှန့်ရိုကျိုး လက်ဆယ်ဖြာထိပ်မှာမိုး၍
ရှိခိုးကန်တော့လိုက်ပါသည်။
စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာ ဘေးရန်ကင်းကွာကြပါစေ။

ဦးတိုးအောင်
Read More

မှော်ဝင်မြို့ - အဖွဲ့ဝင်များ