"အစ်(ထ်)ဇာ့(ခ်)ပါး(လ်)မယ်(န်)" ဆိုသူဟာ နယူးယောက်မြို့၊
လင်ကွန်းဗဟိုဌာနရဲ့ ခန်းမတောင် စင်မြင့်ပေါ်ကို တက်လာပါတယ်။
တယောတီးပြီးဖျော်ဖြေဖို့ပါ။
ပါးလ်မယ်န် ရဲ့ ဖျော်ဖြေပွဲကို ကြည့်ရှု့ဖူးသူတွေအတွက်ကတော့
ပါး(လ်)မယ်(န်) တစ်ယောက် စင်ပေါ်တက်လာတယ် ဆိုတာကပဲ သူ့အတွက်တော့ ဧရာမ
အောင်မြင်မှုကြီး တစ်ရပ်လို့ နားလည်ထားကြပါတယ်။ ပါး(လ်)မယ်(န်) ဟာ
ကလေးဘဝကတည်းက ပိုလီယို အကြောသေရောဂါ ခံစားခဲ့ရသူ ဖြစ်တဲ့အတွက်
သူ့ခြေထောက် နှစ်ဖက်စလုံး မသန် ပါဘူး။ ချိုင်းထောက်နှစ်ဖက် သုံးပြီးမှ
လမ်းလျှောက်နိုင်တဲ့သူပါ။
အဲတော့ကာ စင်မြင့်ပေါ်က သူတယောထိုးမယ့် နေရာရောက်တဲ့အထိ တစ်လှမ်းချင်း
နာနာကျင်ကျင် ၊ ပင်ပင်ပန်းပန်း လျှောက်နေတဲ့သူ့ကို ကြည့်မြင်နေရတာကိုက
ပရိသတ်ရဲ့ ရင်ထဲမှာ မချိတင်ကဲ ဖြစ်ချင်စရာပါ။ သည်လိုနဲ့ သူထိုင်မယ့်
ကုလားထိုင်ဆီ ရောက်တဲ့အထိ ပင်ပန်း ဆင်းရဲခြင်း ကြီးစွာ
လျှောက်လာခဲ့ပါတယ်။
ပြီးတော့ ကုလားထိုင် မှာ ဝင်ထိုင်လိုက်တယ်။ သူ့ချိုင်းထောက်တွေကိုလည်း
ကြမ်းပေါ်ကို ညင်ညင်သာသာ ချလိုက်တယ်။ သူ့ခြေထောက်တွေကို သိုင်းပြီး
ထိန်းထားတဲ့ သတ္တုကွင်းတွေ ၊ တန်းတွေကိုလည်း ဖြည်လိုက်ပြီးတဲ့နောက်
ခြေတစ်ဖက်ကို နောက်ကို ဆုတ် ၊ ကျန်တဲ့တစ်ဖက်ကို ရှေ့ကို ဆန့်လိုက်ပါတယ်။
အဲ...ပြီးတော့ ကုန်တဲ့ပြီး ကြမ်းပေါ်မှာ ချထားတဲ့ တယောလေးကို
ကောက်ယူလိုက်ပါတယ်။ တယောကိုသူ့မေးအောက်မှာ နေရာ ချပြီးတဲ့ အခါမှာတော့
နရီဆရာကို ခေါင်းဆက်ပြလိုက်ပြီး သူ့တယောကို စထိုးပါတော့တယ်။
ပါး(လ်)မယ်(န်)ရဲ့ တင်ဆက်မှုကို ယဉ်ပါးပြီးဖြစ်နေတဲ့ ပရိသတ်ဟာ သူလုပ်သမျှ
အစအဆုံးကို ငြိမ်ငြိမ်သက်သက်ပဲ ကြည့်နေခဲ့ကြတာပါ။ သူစင်ပေါ်ကိုတက်လာတာ ၊
ချိုင်းထောက်တွေချတာ ၊ခြေထောက်ကို သိုင်းထားတဲ့ ကွင်းတွေ ဖြည်တာ ၊
တယောကို ယူတာအထိ စိတ်ရှည်ရှည်နဲ့ ကြည့်နေခဲ့ကြပြီး သူလည်း တယောစထိုးရော
သူ့ဂီတမှာ ချက်ချင်းလို နစ်မျောသွားပါတော့တယ်။
ဒါပေမယ့် အဲသည့်နေ့က ပွဲမှာတော့ လွဲချက်တစ်ခုက ဖြစ်လာခဲ့ပါတယ်။
တေးသွားကို တီးခါစပဲ ရှိသေးတယ် ၊သူ့တယော ရဲ့ ကြိုးတစ်ချောင်းဟာ ထောင်းခနဲ
ပြတ်သွားတာကို ပရိသတ်အားလုံး ကြားလိုက်ရပါတယ်။ ကြားဆို ကြိုးပြတ်သံက
ငြိမ်သက်နေတဲ့ ခန်းမ ဆောင်ထဲမှာ သေနတ်သံလို ဟိန်းပြီး ထွက်လာခဲ့တာကိုး ။
ကြိုးပြတ်သွားပြီဆို သေချာလှသလို ပါး(လ်)မယ်(န်) အတွက်
ဘာလုပ်ရမယ်ဆိုတာလည်း သေချာလို့နေပါတယ်။
သူ့အနေနဲ့ ခြေထောက်သိုင်းထဲ့ကွင်းတွေကို ပြန်တပ် ၊ ချိုင်းထောက်တွေကို
ကောက်ယူ ၊ ပြီးတော့ စင်မြင့်ပေါ်ကနေ တစ်လှမ်းချင်း ပြန်ဆင်းပြီး တခြား
တယောတစ်လက်ရှာရင်လည်း ရှာ ၊ ဒါမှမဟုတ်လည်းပြတ်သွားတဲ့ ကြိုးနေရာမှာ အစား
ထိုးဖို့ နောက်ထပ်ကြိုး တစ်ချောင်းရှာရင်လည်း ရှာရတော့မှာပေါ့ ။
ဒါပေမယ့် ပရိသတ် မျှော်လင့်ထားသလို သူက မလုပ်ခဲ့ပါဘူး။ ပါး(လ်)မယ်(န်)က
ခဏတော့ ငြိမ်ကျသွားတယ်။ မျက်စိ တွေကို တစ်ချက်မှိတ်လိုက်တယ်။ ပြီးတော့
နရီဆရာကို အချက်ပေးပြီး သူ့တေးသွားကို အစကပြန်စတယ်။
သူ့ကို ပံ့ပိုးပေးနေတဲ့ သံစုံတီးဝိုင်းဆီက တေးသံတွေ ထွက်ပေါ်လာသလို သူလည်း
ရောက်တဲ့နေရာကနေ သူ့တယောသူ ဆက်ထိုး နေပါတော့တယ်။ သူ့တယောဆီက ထွက်လာတဲ့
အသံမှာတင် သူဟာ ဂီတကို ဘယ့်လောက် မြတ်နိုးတယ်.၊ ဘယ့်လောက် ဝါယမစိုက်ပြီး
ထိုးနေတယ် ၊ ဘယ့်လောက်ကျွမ်းကျင်တယ်ဆိုတာကို ခံစားလို့ ရနေသလို
ခါတိုင်းတစ်ခါမှ မကြားဖူးတဲ့ လက်သံကိုလည်း ပရိသတ်ကကြားနေရပါတယ်။
သံစုံတီးဝိုင်းမှာ တယောကို ကြိုးလေးသုံးချောင်းတည်းနဲ့ ဘယ်လိုမှ တီးလို့
မဖြစ်နိုင်ဘူးဆိုတာ လူတိုင်းသိပါတယ်။ ကျွန်တော်လည်းသိတယ် ၊
ခင်ဗျားလည်းသိတယ် ၊ လူတိုင်းလည်းသိတယ်။ ဒါပေမယ့် အဲသည့်ညမှာတော့
ပါး(လ်)မယ်(န်) က မသိတော့ဘူး ။ သိအောင်လည်း မကြိုးစားတော့ဘူး။ (အမှန်ဆို
သိဖို့လည်း မလိုတော့ပါဘူး -)
သူတီးခတ်နေတာကိုကြည့်ပြီး တီးနေတဲ့ တေးသွားရသကို မပျက်စီးအောင် ရှိနေတဲ့
ကြိုးသုံးချောင်းနဲ့ လှလှပပလေး ပြုပြင်တီးခတ်ဖို့ တစ်ရံမလပ်
စိတ်ကူးနေတာကို ပြက်ပြက်ထင်ထင် မြင်နေရတယ်။ တစ်နေရာမှာဆိုရင် တယောကြိုး
တွေကို လုံးလုံး ညှိမထားဘဲများ တီးနေသလား အောက်မေ့ရလောက်အောင် သူ့တယောဆီက
အသံဆန်းတွေ ထွက် လာတယ်။ အသံဆန်းသာ ဖြစ်နေတာ ၊ အသံကြောင်တွေတော့ မဟုတ်ဘူး။
သီချင်းလည်းဆုံးရော ခန်းမတစ်ခုလုံးဟာ အပ်ကျသံတောင် ကြားရလောက်အောင်
ငြိမ်သက်တိတ်ဆိတ်လို့နေတယ်။ ပရိသတ် မင်သက်မိသွားတာလေ။ ခဏလေးနေတော့မှ
ပရိသတ်အားလုံးဟာမတ်တတ်ထရပ်ပြီး လက်ခုပ်သြဘာ ပေးကြ ပါတော့တယ်။ ဇာတ်ရုံ
တစ်ခုလုံးရဲ့ နေရာအနှံ့က ပေါ်ထွက်နေတဲ့လက်ခုပ်သံဟာ တစ်ခန်းလုံးမှာ
သောသောကို ညံလို့ပါ။ လူတိုင်း မတ်တတ်ရပ်ပြီး လက်ခုပ်လည်းတီး ၊
အသံထွက်ပြီးလည်း ချီးကျူး ၊ လက်ခေါက်တွေလည်း မှုတ်ရင်း သူ့ရဲ့
အောင်မြင်မှုကို နည်းမျိုးစုံနဲ့ ထောပနာပြုနေကြပါတော့တယ်။
ပါး(လ်)မယ်(န်)ကတော့ ပြုံးနေလေရဲ့။ သူ့နဖူးပေါ်က ချွေးစေးကလေးတွေကို
သုတ်လိုက်ပြီးမှ သူ့တယောထိုးတဲ့ ဘိုးတံကို မြှောက်ပြီး ပရိသတ်ကို
ငြိမ်သက်ကြဖို့ အချက်ပေးလိုက်ပါတယ်။ ပရိသတ်ကလည်း ငြိမ်ကျသွားတဲ့
အခါမှာတော့ သူက ကြွားဝါတဲ့လေသံ ဘဝင်ခိုက်နေတဲ့လေသံ တစ်စက်မှမပါဘဲ အေးဆေး
တိုးသက်စွာ ပြောပါတယ်။
"တစ်ခါတလေကျတော့ ကိုယ့်မှာ ကျန်နေတာလေး ၊ ရှိနေတာလေးနဲ့တင်
တေးသွားတစ်ခုကို ဘယ်လောက် ကောင်းအောင် ဖန်တီးနိုင်သေးလဲ ဆိုတာ
စမ်းသပ်ရှာဖွေကြည့်ဖို့က အနုပညာသမားရဲ့ တာဝန်မဟုတ်ဘူးလားဗျာ ... " တဲ့…။
ဟား ………….. အင်မတန်ကို တာသွားတဲ့ ဝါကျပါ ။
အဲသည့်အချိန်ကစပြီး သူ့စကားဟာ ကျွန်တော့်ရင်ထဲ အသည်းထဲမှာ ခိုင်ခိုင်ကြီး
စွဲနေပါတော့တယ်။သည်စကားဟာ ဘဝရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ရော
မဖြစ်နိုင်ဘူးလား ။ အနုပညာသမားတွေနဲ့တင်ဆိုင်တာမဟုတ်ဘဲ ကျွန်တော်တို့
အားလုံး အတွက် သည်စကားက အသုံးတည့်မနေဘူးလား။
ပါး(လ်)မယ်(န်) ဟာ သူ့ဘဝတစ်သက်တာလုံးမှာ ကြိုးလေးချောင်းတပ် တယောလေးနဲ့
တီးခတ်ဖို့ တစ်ချိန်လုံး စိတ်ကူး ပြင်ဆင်ခဲ့တာပါ။ ဒါပေမယ့်
ဘယ်လိုမှမထင်ထားတဲ့အချိန် ၊ ပွဲအလယ်တည့်တည့်ကျခါမှကြိုးတစ်ချောင်းက
ပြတ်သွားပြီး သူ့တယောမှာ ကြိုးသုံးချောင်းပဲ ကျန်တော့တဲ့
အနေအထားကိုရောက်သွားခဲ့ပါတယ်။
သူဟာ အဲသည့် ကျန်တဲ့ သုံးချောင်းနဲ့ပဲ သူ့တေးသွားကို မဖြစ်ဖြစ်အောင်
ဆက်တီးခဲ့ပါတယ်... အဲလိုတီးလိုက်လို့ ထွက်လာတဲ့ သူ့လက်သံဟာ
ခါတိုင်းထက်တောင် ပိုလှနေတယ် ၊ ပိုခမ်းနားနေတယ် ၊ ပိုပြီး အမှတ်ရစရာ
ကောင်းနေ ပါတော့တယ်။ ခါတိုင်း ကြိုးလေးချောင်းအပြည့်အစုံနဲ့
သူတီးခဲ့သမျှထက်အပုံကြီးတောင် သာနေတာကို အဲသည့်ညက ပရိ သတ်အားလုံး
သိနေကြပါတယ်။
ကျွန်တော်တို့ တစ်ဦးစီရဲ့ဘဝမှာလည်း တေးသွားလေးတွေကို
တီးခတ်ဖန်တီးနေကြတာပါ။ ပထမတော့ ကျွန်တော်တို့မှာ ရှိသမျှ
ပြည့်ပြည့်စုံစုံအနေအထားနဲ့ တီးကြတာပေါ့။
အဲလိုမှမဖြစ်နိုင်တော့ဘူးဆိုရင်တော့လည်း ကျွန်တော်တို့မှာ ရှိသမျှ ၊
ကျန်သမျှ ကြိုးလေးတွေနဲ့ပဲ အသာယာဆုံး ၊အကောင်းဆုံးဖြစ်အောင်
ဆက်တီးဖို့ကလည်း ကျွန်တော်တို့ တာဝန်ပဲ မဟုတ် ပါလား ခင်ဗျာ။
ဘဝဆိုတာ တယောလို ၊ စန္ဒယားလို တူရိယာတစ်ခုခုနဲ့ အလားသဏ္ဍန်တူလှပါတယ်။
ကိုယ့်ဘဝက ဘာသံထွက်လာမလဲ ဆိုတာ ကိုယ်တီးတဲ့ အပေါ်မှာသာ လုံးဝမူတည်နေပါတယ်။
ကိုယ်က ဘီလူးဆိုင်းတီးရင် ဘီလူးဆိုင်းပဲ ထွက်မှာ ၊ ကိုယ်က တေးထပ်တီးရင်
တေးထပ်ပဲ ထွက်မှာပါ။ လွမ်းမောဖွယ်တေးသွားကို တီးနေပေမယ့် ကိုယ်က
ဆောင့်ကြီးအောင့်ကြီး တီးနေမိပြန်ရင်လည်း ဘယ်သူကမှ လွမ်းကြမှာမဟုတ်ပါဘူး။
သည်ဇာတ်လမ်းလေးမှာတော့ ကျန်သမျှ ကြိုးလေး သုံးချောင်းနဲ့တောင်
အကောင်းဆုံး ၊ အလှဆုံး တေးသွားတစ်ခု ဖန်တီး နိုင်တာကို ပါး(လ်)မယ်(န်) က
လက်တွေ့ပြခဲ့ပါပြီ။ ကျွန်တော်တို့လည် ဘဝတေးသွားကို အကောင်းဆုံး ၊ အလှဆုံး
ဖြစ်အောင် ရတတ်သမျှ ၊ ကျန်သမျှကြိုးလေး သုံးချောင်းနဲ့ အသက်ရှိနေသမျှ
ကြိုးစားတီးခတ်ကြရဦးမှာပါ။
ပြောချင်တာလေးပါ…..။
ကျွန်တော်လည်း ပြည့်စုံ ပြည့်ဝနေသူတစ်ဦးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်
နေ့စဉ်နဲ့အမျှ အကောင်းဆုံး ဆိုတာလေး တွေကို ဖြစ်လာအောင် ကြိုးစားနေပါတယ်။
တစ်ခါတစ်ရံမှာ ကျွန်တော့်ကို မှားယွင်းသတ်မှတ်ချက်ပေးသူတွေ မကြာခဏ
ကြုံတွေ့ရပါတယ်။ အရင်က ၀မ်းနည်းခဲ့ဖူးပေမယ့် အခုအချိန်မှာတော့
ဝမ်းမနည်းချင်တော့ပါဘူး။ အချိန်တွေ ဆင်းရဲလွန်း လို့ပါ။ ကျွန်တော့်ကို
သတ်မှတ်ချင်တယ်ဆိုရင် ကျွန်တော့်ဘ၀ကို မြင်မှသာ သတ်မှတ်လို့ရမှာပါ။
လက်ရှိအချိန်မှာတော့ ကျွန်တော်လည်း ကြိုးသုံးချောင်းနဲ့ တီးခတ်နေပါတယ်။
မိတ်ဆွေများကရော……?????
Email : nnophoto@gmail.com ------------------------ ဖုန်း - 09.4200
17519 ----------- သို့ ဆက်သွယ်မျှဝေနိုင် ပါသည်။ Command များလည်း
ပေးဝေနိုင်ပါသည်။ ကျေးဇူးတင်စွာဖြင့် ------------- နန်းညွန့်ဦး
----------------

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ