Foreign Policy ကရွေးချယ်သည့် ၂၀၁၂ ခုနှစ် ကမ္ဘာ့ဥာဏ်ကြီးရှင် ၁၀၀ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ ပထမနေရာတွင် ပူးတွဲဖော်ပြခံရ

၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ဥာဏ်ကြီးရှင် ၁၀၀ ကို အမေရိကန် Foreign Policy
မဂ္ဂဇင်းက ရွေးချယ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့က
ပထမနေရာတွင် ပူးတွဲဖော်ပြခံခဲ့ရသည်။

အာရပ်နွေဦး လှုပ်ရှားမှုအတွက် မျှော်လင့်ချက်များ မှေးမှိန်လာနေပြီး
ပြည်တွင်းစစ်တွင်း သက်ဆင်းနေသော ဆီးရီးယားကို ကမ္ဘာက ကြည့်နေရသည့် ၂၀၁၂
ခုနှစ်တွင် ကမ္ဘာ၏ အခြားတစ်ဖက်၌ ကမ္ဘာ့အဆိုးရွားဆုံး အာဏာရှင်
အုပ်စိုးမှုစာရင်းဝင် မြန်မာနိုင်ငံက ဖြစ်လာနိုင်ဖွယ်မရှိဟု ယူဆခဲ့ရသည့်
မဟာမိတ်နှစ်ဦး၏ ခေါင်းဆောင်မှုအောက်တွင် ပြုပြင်ပြောင်းလဲမှုများ
စတင်ဆောင်ရွက်ခဲ့သည်။

မည်သည့်နေရာတွင်မဆို အပြောင်းအလဲ ဖြစ်နိုင်ကြောင်း ကမ္ဘာတွင်
လွတ်လပ်မှုအကင်းမဲ့ဆုံး နိုင်ငံတစ်နိုင်ငံမှာပင် အပြောင်းအလဲ
ဖြစ်လာနိုင်ကြောင်း ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ
ဦးသိန်းစိန်တို့က ဖော်ထုတ်ပြသခဲ့ကြသည်ဟု Foreign Policy မဂ္ဂဇင်းက
ရေးသားခဲ့သည်။

ယခင်ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးသမ္မတ ဖြစ်လာခဲ့ရာ
နှစ် ၂၀ နီးပါး အကျယ်ချုပ် ကျခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည်
ပါလီမန်အမတ် ဖြစ်လာခဲ့သည်။

သမ္မတဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့ပြီးနောက်
စီးပွားရေးကိုဖွင့်လှစ်ပေးခဲ့ပြီး လွတ် လပ်စွာဖော်ထုတ်ခွင့်ကို
ထိန်းချုပ်ထား ခဲ့ခြင်းအား စတင်ဖြေလျော့ပေးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်
အမေရိကန်က မြန်မာနှင့် သံတမန်ဆက်ဆံရေးပြန် လည်ထူထောင်ခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရသည် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ပြီး
မီဒီယာကို ထိန်းချုပ်မှုအား လျှော့ချခဲ့သဖြင့် အမေရိကန်က စီးပွားရေးဒဏ်ခတ်
ပိတ်ဆို့မှုနှင့် ခရီးသွားလာမှု ပိတ်ပင်တားမြစ်ထားခြင်းတို့ကို
လျှော့ချပေးခဲ့သည်။

စကားကို ညင်သာစွာပြောတတ်သော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ
ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန်အတွက် နိုင်ငံရေး မဟာမိတ်တစ်ဦး
ဖြစ်လာနိုင်ဖွယ်မရှိဟု ထင်မှတ်ခဲ့ရသည်။ နိုင်ငံရေး၏ လက်တွေ့ဆန်မှုကို
လက်ခံခဲ့ပြီး သူမ၏ ပုဂ္ဂလိက ရပ်တည်မှုအရ ဆောင်ရွက်နိုင်သမျှကို
ဆောင်ရွက်ခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန်နှင့်
နိုင်ငံရေးမိတ်ဖက် ဖြစ်လာခဲ့သည်။ တိုင်းရင်းသားများနှင့် ပဋိပက္ခမှာလည်း
မြင့်တက်နေပြီး၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု များမြန်လွန်းနေကြောင်း
ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ထားကာ မြန်မာနိုင်ငံ၏ ရုန်းကန်မှုသည်
မပြီးဆုံးသေးသော်လည်း၊ သူနှင့်ဦးသိန်းစိန်တို့၏ လတ်တလော
ညှိနိုင်းဆောင်ရွက်ရန် ဆန္ဒနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကာလရှည်
ကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒတို့က ချီးကျူးရမည်ဖြစ်သည်။

၁၉၉၁ ခုနှစ်က ရရှိခဲ့သော နိုဗယ်ငြိမ်းချမ်းရေးဆုကို ၂၀၁၂ ခုနှစ် ဇွန်လကမှ
လက်ခံယူနိုင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်က အမှောင်မိုက်ဆုံး နေရာများတွင်
သူမကဲ့သို့ ရုန်းကန်နေရသူများအတွက် "အမေ့လျော့ ခံရလွန်းတာဟာ တစ်စတစ်စ
သေဆုံးသွားတာပါပဲ။ မေ့လျော့ခံရတာဟာ ကျွန်မတို့နဲ့ လူ့အဖွဲ့အစည်းကို
ချိတ်ဆက်ပေးထားတဲ့ ကွင်းဆက်တစ်ချို့ ပြတ်တောက်သွားတာပါပဲ" ဟု ကမ္ဘာကို
သတိပေးခဲ့သည်။

ထိုသဘောထားသည် အလက်ပိုမှ ဟာဗားနားထိ၊ ပြုံယမ်းမှ တီဟီရန်ထိ
သိရှိခံစားဆဲဖြစ်သလို ထိုခံစားမှုမျိုးသည် အမြဲတမ်းတည်မြဲနေရန်
မလိုအပ်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့က
ပြသခဲ့ပြီးဖြစ်ကြောင်း Foreign Policy က ရေးသားခဲ့သည်။

Link : http://www.weeklyeleven.com/index.php?option=com_content&view=article&id=16550:foreign-policy----------&catid=42:2009-11-10-07-36-59&Itemid=112

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ