ဆန်းသစ်နိုင်ခဲ့လို့ ကမ္ဘာ့အလယ်မှာမျက်နှာပန်းလှနေ ချိန်ဝယ်…။
အခွင့်လမ်းတွေ၊ အခွင့်ရေးတွေဟာ မြန်မာနိုင်ငံအတွင်းသို့
တန်းစီဝင်လာနေခြင်းပါ။ သို့သော် အခွင့်အလမ်းတို့၊ အခွင့်ရေးတို့ဆိုတာ
အမြဲတမ်းကြီး ရှိနေမှာမဟုတ်ပါ။ ပြောချင်တာက မြန်မာနိုင်ငံမှာ
ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတာ မြန်မာပြည်သူ၊ ပြည်သားများလည်းသိ၊
ကမ္ဘာကလည်းသိနေခြင်းပါ။ မြန်မာနိုင်ငံသားတို့ဟာ သိရုံသာသိပြီး
လက်ခံကျင့်သုံးနိုင်ခြင်း မရှိခဲ့လျှင် ဒီစနစ်က ဒီနိုင်ငံအတွက်၊ ဒီပြည်သူ
တို့အတွက် ဘာတွေများ ထူးထူးခြားခြားဖြစ်လာမှာလဲလို့ သိချင်သူတွေကလည်း
ဒုနဲ့ဒေးပါ။ ဖြစ်သင့်တာက ပြည်သူတွေ ဒီမိုကရေစီစနစ်ကို လက်ခံလာပြီဆိုရင်
စနစ်ရဲ့တန်ဖိုး၊ စနစ်ရဲ့ဂုဏ်သိက္ခာ၊ စနစ်က သတ်မှတ် ပြဋ္ဌာန်းပေးတဲ့ဥပဒေ
ဒါတွေကို သိထားကြရမှာပါ။ နိုင်ငံကို ဒီစနစ်နှင့်
မြှင့်တင်နိုင်ဖို့နိုင်ငံအတွက် အသွင်ကူး ပြောင်းရေးကာလမှာ
ပူးပေါင်းပါဝင်နိုင်ကြဖို့ပါ။ ပညာအရည်အချင်းများ မြှင့်တင်ပေးနိုင်ရန်
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် အကြံဉာဏ်ကောင်းများကို
ပေးကြဖို့ပါ။
စနစ်တစ်ခုကို ပြုပြင်ပြောင်းလဲပေးကြရတဲ့အခါမှာ
မြန်လွန်းလျှင်လည်း လွှဲချော်နိုင်သလို၊ နေလွန်းပြန် လျှင်လည်း
ကြန့်ကြာသွားနိုင်ခြင်းပါ။ သို့သော် မြန်မြန်ဆန်ဆန်
ပြုပြင်သင့်တဲ့အရာမျိုးကို မြန်မြန်ဆန်ဆန် မပြုပြင်နိုင်ဘဲ
နှေးကွေးနေမည်ဆိုလျှင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ခြင်းပါ။
ပညာရေးနလံထူမှ တိုင်းပြည်နလံထူမယ်
ဥပမာ၊ ပညာရေးစနစ် မကောင်းရင် ပညာသင်ပေးရတဲ့ဆရာ၊ ဆရာမများ၊
ပညာသင်ကြားရတဲ့ကျောင်းသား၊ ကျောင်းသူများအတွက် အချိန်ကုန်၊
လူပင်ပမ်းသလောက် ခရီးမရောက်ဘဲ ပညာတတ်မြောက်မှုမှာလည်း
ရာခိုင်နှုန်းနည်းပါးနေခြင်း ဆိုတဲ့ ဘေးထွက်ဆိုးကြိုးများကို မလွဲမသွေ
ခံစားကြရမှာပါ။
ထို့ကြောင့် နိုင်ငံတော်၌ချိန်သင့်ခါသင့်
ပြုပြင်ပြောင်းလဲပေးရမဲ့ အရေးတွေထဲမှာ ပညာရေးဟာ အရေးတစ်ရပ်ဖြစ်ကြောင်း
သုံးသပ်နိုင်ကြဖို့ပါ။ တရားဥပဒေစိုးမိုးရေးတို့၊
စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ဆိုတဲ့ အရေး တွေဟာ
နိုင်ငံအတွက်လိုအပ်နေသလို အသွင်ကူးပြောင်းရေးကာလမှာ
ပညာရေးပြုပြင်ပြောင်းလဲရေး ကိစ္စဟာ အရေးတကြီးလိုအပ်နေခြင်းပါ။
ပညာရေးနာလံမထူနိုင်ရင် တိုင်းပြည်တိုးတက်ရေးမှာလည်း နာလံထူ နိုင်မည်
မဟုတ်ပါ။ ပညာကို ပြည်သူလုထုအား တပြေးညီမပေးနိုင်သေးသမျှကာလပတ်လုံး
အလွှာမတူတဲ့ လူတန်း စားတွေ၊ ပြည်ထောင်စုဖွား တိုင်းရင်းသားများအကြား
ခွဲခြားဆက်ဆံမှုတွေ၊ ဆင်းရဲချမ်းသာ ကွာဟမှုတွေ ဒါတွေဟာ
ဆက်လက်တည်ရှိနေမှာပါ။ ဒီအတွက် ဒီတိုင်းပြည်ဟာ ပညာရေးကျိန်စာသင့်နေတဲ့
နိုင်ငံ တစ်နိုင်ငံလို လူစင် မမှီတဲ့လူတွေ၊ လူအဆင့်တန်းမမှီတဲ့
လူဆင်းရဲသားတွေ ဆက်လက်ပြီး များမြဲများ နေမှာပါ။
မသင်မနေရ ကျုရှင်ပညာရေး အလိုမရှိ
ဒီအရေးတွေကို ဒီလိုပဲ မြင်ထားတာဖြစ်လို့ ဒီမိုကရေစီစနစ်အရ
ဆန္ဒများကို ထုတ်ဖေါ်ပြောကြားရမှာပါ။ အကယ်၍သာ ဒီတိုင်းပြည်မှာမွေးဖွားတဲ့
ကျောင်းသား၊ ကျောင်းသူတိုင်းအတွက် အထက်တန်းပညာကို
မသင်မနေရပညာရေးမျိုးနှင့် အခမဲ့ပညာရေးမျိုးဖြစ်အောင် ဆောင်ရွက်ပေးတာမျိုး
မရှိသေးဘူးဆိုရင်၊ ထိုသို့ဆောင်ရွက်ပေးရာမှာည်း စာသင်ခန်းတွင်း၌သာ
ပညာကိုတတ်မြောက်အောင် သင်ပေးပြီး၊ ထိုသင်္ခန်းစာ အတွက်
ကျုရှင်တက်ရန်မလိုတဲ့ ပညာရေးမျိုးဖြစ်အောင် နိုင်ငံတော်မှ
အမြန်ဆုံးဖြစ်အောင် ပြုပြင်ပြောင်းလဲ ပေးခြင်းမျိုးကို
ပြုလုပ်မပေးနိုင်သေးဘူးဆိုရင် ဒီခေတ်၊ ဒီစနစ်အရ ဒီပညာရေးဟာ
လမ်းမှန်ပေါ်မှာ မရောက်သေးဘူးဆိုတာ သိထားဖို့ပါ။ ထို့ကြောင့်
ပညာရေးပေါ်လစီများကို ချမှတ်ရာ၌ စနစ်တကျရှိနိုင်ဖို့
တိုင်းပြည်တွင်းမှာရှိသော ရဟန်းရှင်လူ ပညာရှင်များပါဝင်တဲ့
ပညာရေးဆီမီနာများကို မကြာခဏဆိုသလို နိုင်ငံတော်မှ
ပြုလုပ်ပေးရမှာဖြစ်တယ်။
ကမ္ဘာ့ပညာရေးစနစ်က လွတ်လပ်စွာကူးယူကြဖို့
ယနေ့မျက်မှောက်ခေတ်၌စနစ်တစ်ခုကို ရိုးသားတဲ့စေတနာနှင့်
ပြုပြင်ချင်ရင် (စေတနာနှင့် ဆန္ဒများ တကယ်ထက်သန်ရှိနေရင်)
ပညာရေးအသွင်ကူးပြောင်းဖို့ ခက်ခဲနိုင်စရာအကြောင်းမရှိပါ။ အဘယ့်ကြောင့်
ဆိုသော် စီးပွားရေးစနစ်ကို ပြုပြင်ချင်ရင်
စီးပွားရေးအခြေခံသဘောထားများကို စီးပွားရေးပညာရှင်များက
အင်တာနက်စာမျက်နှာပေါ်မှာ စီးပွားရေးနည်းစနစ်များ၏ ဒေတာ (data) များကို
သူတို့ကိုယ်တိုင် သုတေသနပြုထားတဲ့ အချက်အလက်များနှင့်အတူ
မျှဝေပေးထားခြင်းပါ။
နိုင်ငံရေး၊ ပညာရေးစနစ်များ၌လည်း အလားတူပင် ရယူနိုင်ခြင်းပါ။
ကမ္ဘာ့လူထုကိုသိအောင် ဖြန့်ဝေပေးထားတဲ့စနစ်တွေ အများကြီးရှိနေပါတယ်။ ဥပမာ၊
ပညာရေးစနစ်မျိုးပါ။ စနစ်တစ်ခုကို မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊
မိမိတို့ဒေသနှင့် လိုက်လျှောညီထွေရှိ၊ မရှိ စိစစ်နိုင်ဖို့ကတော့
တိုင်းပြည်ခေါင်းဆောင်များနှင့် ပညာရှင်များရဲ့တာဝန်ဖြစ်တယ်။
သုတေသနပြုပြီး ကိုယ့်တိုင်း ပြည်၊ ကိုယ့်လူမျိုးအတွက် ပြဋ္ဌာန်းပေးသင့်တဲ့
ပညာရေးဟာ ဘယ်လိုပညာရေးမျိုးဖြစ်သင့်တယ်ဆိုတာ အသိရှင်းနေဖို့ပါပဲ။
ယနေ့ ကမ္ဘာမှာကျင့်သုံးနေတဲ့ စနစ်တွေကို သုံးသပ်ကြည့်ရင်
နိုင်ငံရေးစနစ်ပဲဖြစ်ဖြစ်၊ စီးပွားရေး စနစ်ပဲဖြစ်ဖြစ်၊
ပညာရေးစနစ်ပဲဖြစ်ဖြစ် ပြည်သူတွေအတွက် အကျိုးပြုလုပ်ငန်းမျိုးတွေ
ဖြစ်နေခဲ့မည်ဆိုလျှင် ကော်ပီရိုက် (ကူးယူခွင့်ကို ပိတ်ပင်ထားခြင်းမျိုး)
မရှိဘူးဆိုတာ နားလည်ထားခြင်းပါ။
ဥပမာ၊ အမေရိကန် ပညာရေးစနစ်၊ အင်္ဂလန်ပညာရေးစနစ် စသည်မျိုးပါ။ တကယ်တော့
မိမိတို့နိုင်ငံနှင့်ရော၊ ကျင့်သုံးနေတဲ့ ခေတ်စနစ်နှင့်ပါ
လိုက်လျှောညီထွေရှိတဲ့စနစ်မျိုးကို အသုံးပြုဖို့ပါ။ ဥပမာ၊
အမေရိကန်တက္ကသိုလ် ကြီးများသို့ သွားရောက်၍ ပညာကို ဆက်လက်သင်လိုလျှင်
SAT, သို့မဟုတ် TOEFl, သို့မဟုတ် GRE စသည့် စာမေး မျိုးကို
ဖြေဆိုထားကြရမှာပါ။ အင်္ဂလန်တက္ကသိုလ်ကြီးများသို့ သွားရောက်၍ ပညာကို ဆက်လက်
သင်လိုလျှင် အိုလယ်ဗယ် သို့မဟုတ် အေလယ်ဗယ်လို စာမေးပွဲမျိုး၊ သို့မဟုတ်
IELTS စသည့် စာမေးမျိုးကို ဖြေဆိုထား ကြရမှာပါ။
မျိုးချစ်စိတ်ဖောင်းပွခြင်းနဲ့ လိုက်လျောညီထွေ မကျင့်သုံးနိုင်ခြင်း
တချို့ကတော့လည်း သူများနိုင်ငံရဲ့မူစနစ်များကို
မိမိနိုင်ငံရဲ့ပညာရေးအတွက် ပုံတူကူးချတာမျိုးထက် ကိုယ်ပိုင်မူ၊
ကိုယ်ပိုင်ဟန်မျိုးနှင့် တိုင်းပြည်ကို စနစ်တကျထူထောင်နိုင်အောင်
ကြိုးစားတာက ပိုမကောင်းဘူး လားလို့ သံသယလေသံမျိုးနှင့် ပြောနေသူတွေကလည်း
ရှိနေဆဲပါ။ မှန်သင့်သလောက်တော့ မှန်တယ်လို့ ဆိုနိုင်ပေမဲ့
မျိုးချစ်စိတ်ဆိုတာ ထားသင့်တဲ့နေရာမျိုးမှာ ထားတတ်မှ အဆင်ပြေနိုင်သလို၊
အကျိုးလည်းရှိနိုင် တာပါ။ မထားသင့်တဲ့နေရာမျိုးမှာ ထားနေမယ်ဆိုရင်
အကျိုးမရှိတဲ့အပြင် အကျိုးပျက်ကိန်းပင် ဆိုက်ရောက်နိုင် ခြင်းပါ။
ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို
အောက်တန်းမကျစေချင်တဲ့ စိတ်ဓာတ်မျိုး ရှိတာ ကောင်းပါတယ်၊ ဒါပေမဲ့ … ။
မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့စနစ်က ဒီမိုကရေစီစနစ်။
ဒီစနစ်ကို ကျင့်သုံးလာတော့ စနစ်နှင့် လိုက်လျောညီထွေရှိတဲ့
ဥပဒေစိုးမိုးရေး၊ နိုင်ငံစီးပွားရေး တိုးတက်ကောင်းမွန်လာစေရေး၊
နိုင်ငံတကာအဆင့်မီ ပညာရေးမျိုး ဖြစ်နိုင်ရေးဆိုတဲ့ အရေးတွေကို
အလေးထားပြီး ဆောင်ရွက်နေတာဖြစ်လေတော့ နိုင်ငံတကာရဲ့ ပညာရေးစံချိန်၊
စံနှုန်များကိုမှီအောင် ပြုပြင်ပြောင်းလဲပေးဖို့လိုအပ်တယ်။ နိုင်ငံအတွက်
အကျိုးများမယ်၊ ကောင်းမွန်မယ်ဆိုရင် ဘယ်စနစ်မျိုးကိုပဲယူယူ
အကျိုးများဖို့ပဲ။ နိုင်ငံတကာရဲ့ ပညာရေးအဆင့်အတန်းကို
မီအောင်ပြုပေးချင်တယ်ဆိုရင်တော့ တိုးတက်တဲ့နိုင်ငံများမှာ
ကျင့်သုံးနေတဲ့ပညာရေးစနစ်ကို ကျင့်သုံးနိုင်ရင် အမှားနည်းဖို့သေချာပါတယ်။
ဒီလိုမှမဟုတ်ပဲ ငါသိ ငါတတ် လုပ်နေရင်တော့ ပညာရေး ပြုပြင်ပြောင်းလဲရေးမှာ
ကြန့်ကြာနေမည်ဖြစ်ပြီး၊ စောင့်ရသူများအတွက်လည်း ဆယ်မိုး ဆယ်နွေ
မျှော်လေလေဝေးသာ ဖြစ်နေမှာပါ။ ̏ပညာရှိ သတိဖြစ်ခဲ˝မို့ သတိပေးရခြင်းပါ။
ပိတ်တဲ့စနစ်လား ပွင့်တဲ့စနစ်လား
စနစ်ဆိုတာ အမျိုးမျိုးရှိနိုင်တယ်။ (၁) ကူးယူခွင့်ကို
ခွင့်ပြုထားတဲ့စနစ်၊ (၂)ကူးယူခွင့်ကို ပိတ်ပင် တဲ့စနစ်-ရယ်လို့
နှစ်မျိုးနှစ်စားရှိနေခြင်းပါ။ ကူးယူခွင့်မူကို (ကော်ပီရိုက်မူကို)
ပိတ်ပင်ထားခြင်းမရှိတဲ့ စနစ်မျိုး ထဲမှာ ပါဝင်နေတဲ့ စနစ်မျိုးကတော့ (၁)
နိုင်ငံရေးစနစ် (ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဒီမိုကရေစီ စသည်)၊ (၂)
စီးပွားရေးစနစ် (ဘဏ်လုပ်ငန်း၊ အရင်းအနှီးလုပ်ငန်း၊
အခွန်အခတောင်းခံခြင်းလုပ်ငန်း စသည်)၊ (၃) ပညာရေးစနစ် (တက္ကသိုလ်ပညာရေး၊
အထက်တန်းပညာရေး၊ စသည်) ဒီစနစ်မျိးတွေကတော့ အများပြည်သူ အတွက်
ဖြစ်မည်ဆိုလျှင် မူကို ကူးယူခွင့်ကို ပိတ်ပင်မထားပါ။ ကူးလိုကကူး၊
ယူလိုကယူ၊ ကမ္ဘာလူသားတွေ အကျိုးဖြစ်ထွန်းမည်ဆိုရင် သင့်နိုင်ငံအတွက်
သင့်သဘောပါလို့ မပြောသော်လည်း ပြောဆိုထားခြင်း သဘောမျိုးပါ။
ဒီလိုအခြေအနေမျိုးတွေရှိထားလေတော့
ခေတ်မှီတဲ့ပညာရေးစနစ်မျိုးနှင့် တိုင်းပြည်ကို တိုးတက် စေချင်ရင်
နိုင်ငံနှင့်သင့်လျှော်လျှောက်ပတ်တဲ့ ပညာရေးမူစနစ်များကို စနစ်တကျ
သုတေသနပြုပြီး နိုင်ငံတကာ အဆင့်မှီ ပညာရေးမျိုးဖြစ်အောင်
ဝိုင်းဝန်ဆောင်ရွက်ပေးကြဖို့ပါ။
အဆင့်မီတဲ့ ပညာရေးမူဝါဒမျိုးကို တစ်နိုင်ငံလုံး တပြေးညီဖြစ်အောင်
ဥပဒေဖြင့် အတည်ပြုပြဋ္ဌာန်းပေးသင့်ခြင်းပါ။
နောက်ပြီး နိုင်ငံတော်ရဲ့ ပညာရေး အသုံး စရိတ်များအတွက် နိုင်ငံတော်မှ
ရာခိုင်နှုန်းကို တိုးမြှင့်ပေးပြီး အရည်အချင်းပြည်မီ ကျောင်းဆရာ၊
ဆရားမများကို မွေးထုတ်ပေးနိုင်ဖို့ပါ။
အရည်အချင်းပြည့်မီ ကျောင်းဆရာ၊ ဆရာမများ သက်မှတ်သော အတန်းများအတွက်
လုံလုံလောက်လောက် ရရှိနိုင်ရန် နိုင်ငံတော်မှ မွန်းမံသင်တန်းများကို
ပြုလုပ်ပေးပြီး၊ အခြေခံပညာရေးကို မြှင်တင်ပေးကြဖို့ပါ။
သမိုင်းပေးတာဝန်ဆိုတာ ဒါမျိုးကို ရည်ညွှန်းပြောဆိုတာမျိုးဖြစ်မှာပါ။
အလွတ်ကျက်၊ အလွတ်ဖြေ ပညာရေးစနစ် အလိုမရှိ
အကယ်၍သာ နိုင်ငံတော်မှ စနစ်သစ်ပညာရေးကို အလေးထား၍
ပြုပြင်ပေးမည်ဆိုလျှင် စနစ်သစ်မှာ ပြဋ္ဌာန်းပေးသင့်တဲ့ မူဝါဒများမှာ -
(၁) ဆရာ၊ ဆရာများက သင်ခန်းစာပါ အကြောင်းအရာအာလုံးကို မှတ်စု ထုတ်၍
သင်ပြပေးတဲ့စနစ်ကို မကျင့်သုံးပဲ နည်းပေးလမ်းညွှန်ပြု၍ ကျောင်းသား၊
ကျောင်းသူများ ကိုယ်တိုင် ဖတ်ရှုလျှက် (သို့မဟုတ်) တွက်ချက်လျှက်
သင်ခန်းစာများကို သင်ယူစေတဲ့စနစ်မျိုးဖြစ်ခြင်း၊
(၂) စာကို ̏၏˝ ̏သည်˝ မလွဲ အလွတ်ကျက်မှတ်နည်းကို လုံးဝအသုံးမပြုဘဲ
စုပေါင်း ဆွေးနွေး၍ဖြစ်စေ၊ အချက် အလက် များကို ထုတ်ယူစေတဲ့နည်းကို
အသုံးပြု၍ဖြစ်စေ သင်ယူတဲ့စနစ်မျိုးဖြစ်ခြင်း၊ ဥပမာ၊ သမိုင်းဘာသာ ရပ်ကို
သင်ကြားတဲ့အခါ လိုအပ်သော အချက်အလက်များပါဝင်လျှင် အမှတ်ပေးခြင်း၊ ပထ၀ီ
ဘာသာရပ်မှာ ဆိုရင်လည်း မြန်မာနိုင်ငံ၌သဘာဝပေါက်ရောက်သော
သစ်ပင်ငါးမျိုးကိုရေးခဲ့ပါဆိုလျှင် ဘယ်သစ်ပင်ကိုပဲ ရေးရေး (ဆရာ၊
ဆရာမများသင်ပေးထားတဲ့ သစ်ပင်မျိုးဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ)
အမှတ်ပေးတဲ့စနစ်မျိုးဖြစ်ခြင်း၊
(၃) ခရက်တီကယ်လ် သင့်ကင်း (Critical thininkng)လို့ ခေါ်တဲ့
ကျောင်းသားကိုယ်တိုင် ဝေဖန်သုံးသပ်နိုင်တဲ့အတွေးအခေါ်မျိုးနှင့်
သင်ယူတဲ့စနစ်မျိုးဖြစ်ခြင်း၊ ဒီစနစ်မျိုးတွေနှင့် ဆရာ၊
ဆရာမတွေကိုယ်တိုင်က ကျောင်းသား၊ ကျောင်းသူများကို
သင်ကြားနိုင်မည်ဆိုလျှင် ဟိုမ၀းလှသော နှစ်များတွင်
မြန်မာနိုင်ငံပညာရေးသည် ကမ္ဘာ့အဆင့်ရှိတဲ့ ပညာရေးမျိုး ဖြစ်လာမယ်ဆိုတာ
ယုံကြည်ထား ခြင်းပါ။
ဆရာတွေကိုယ်တိုင်က အကျင့်ဟောင်းတွေကို အရင်ပြင်
ထို့ကြောင့် နိုင်ငံတကာအဆင့်မီ ပညာရေးစံနစ်မျိုးကို
ပြုပြင်ပြောင်းလဲတော့မည်ဆိုရင် ဆရာ၊ ဆရာမ များကို ထိုခေတ်မီစနစ်များနှင့်
အကျွမ်းတ၀င်ရှိအောင် ဦးစွာပထမ လေ့ကျင့်ပြုပြင်ပေးသင့်ခြင်းပါ။ ဆိုလိုတာက
ဆရာ၊ ဆရာမများကို ဦးစွာပထမ မွန်းမံသင်တန်းများကို
ပေးရမယ်လို့ဆိုလိုရင်းပါ။ စနစ်နှင့် အံဝင်ခွင်ကျရှိတဲ့ ဆရာ၊
ဆရာမများရရှိလာတဲ့အခါ ထိုဆရာ၊ ဆရာမများက မူလတန်းပညာရေးကို
ဦးဆောင်ဦးရွက်ပြု၍ နိုင်ငံတော်မှ မျှော်မှန်းထားသည့်အတိုင်း
မူလတန်းအဆင့်မှစတင်ပြီး သင်ကြားပေးဖို့ပါ။ ထိုမှတစ်ဆင့် အလယ် တန်းအဆင့်၊
ထိုမှတစ်ဆင့် အထက်တန်းအဆင့်ထိ တစ်ဆင့်ပြီးတစ်ဆင့်
တိုးမြှင့်သွားနိုင်ဖို့ပါ။
စားရေးသူ အမေရိကန်နိုင်ငံမှာ ကျောင်းတက်နေစဉ်က
မူကြိုကျောင်းတစ်ကျောင်းကို ၀င်ရောက် လေ့လာကြည့်ခဲ့ဖူးတယ်။ အရုပ်များကို
ဆေးချယ်ရင်း ပျော်ပျော်ပါးပါး ဆော့ကစားနေတဲ့ ကလေးငယ်များကို တွေ့ရတယ်။
ဒါဘာလုပ်နေတာလဲလို့ မေးတော့ စာသင်ပေးနေတာတဲ့။ ဘယ်လို သင်တာလဲမေးတော့
ဆင်ရုပ်၊ မြင်းရုပ်စတဲ့ပုံများကို ဆေးချယ်တဲ့အခါ
ဆင်နှင့်လိုက်လျောညီတဲ့အရောင်၊ မြင်တဲ့လိုက်လျောညီတဲ့အရောင်ကို
သူတို့ဆွဲပေးကြဖို့ပါ။
အကယ်၍ ကလေးတစ်ယောက်က ဆင်ကို အနီဆေးချယ်ခဲ့ရင် တစ်ခြးကလေးများက
ဆင်နီဆိုတာကို မမြင်ဘူးကြောင်း၊ ဆင်နီရှိ၊ မရှိ ဆရာမကို
မေးမြန်းတဲ့အကြောင်း စိတ်ဝင်စားစရာ ပညာသင် ကြားနည်းကို
လေ့လာခဲ့မိခြင်းပါ။ ထိုနေ့အဖို့ ကလေးငယ်များ သူတို့ကိုယ်တိုင်
ဆေးချယ်ထားတဲ့ အရုပ်များကို ဘယ်အရုပ်က ဘာကောင်ခေါ်တယ်။ ဘယ်အကောင်က
ဘာကိုစားတယ်စသည်ဖြင့် တိရစ္ဆာန် ဆယ်ကောင် လောက်ရဲ့အမည်များကို
သင်ကြားပေးပြီး၊ ထိုတိရစ္ဆာန်များစားသော အစားအစာ၊ ထိုတိရစ္ဆာန်များ နေသော
နေရာ စသည်တို့ကိုပါ သင်ကြားပေးခြင်းပါ။ ကလေးများဟာဆော့ကစားရင်း ပညာကို
သင်ယူနေရတာဖြစ်လို့ ကျောင်းတက်ရခြင်းကို သူတို့ပျော်ရွင်နေခြင်းပါ။
မြန်မာပြည်ကလေးများနှင့်နှိုင်ယှဉ် စဉ်းစားနိုင်ဖို့ပါ။
ကလေးတွေကိုယ်တိုင် ရဲရင့် ပွင့်လင်း လွတ်လပ်စေဖို့
မူလတန်းအရွယ် ကလေးငယ်များကိုတော့ အရွယ်နှင့်လိုက်လျောညီတဲ့
ဖတ်စာများကို သင်ကြား ပေးခြင်း၊ အတွက်အချက်များကို စတင်သင်ကြားပေးခြင်း၊
မေးခွန်းမေး၍ ကလေးများစိတ်ထဲရှိသည့်အတိုင်း ဖြေကြားစေခြင်း၊
ပြောရဲဆိုရဲအောင် လမ်းဖွင့်ပေးခြင်း၊ အပြန်အလှန်စကားပြော၍
အတွေ့အကြုံများကို ဖလှယ် စေခြင်း၊ အော်ခြင်း၊ ငေါက်ခြင်း၊ ရိုက်ခြင်း၊
ဆဲခြင်းစသည်များကို လုံးဝမပြုခြင်းစတဲ့ သင်ကြားနည်းစနစ်မျိုးပါ။
ပထ၀ီအနေအထားကို သင်ကြားပေးရာမှာ မြေပုံ သို့မဟုတ် ကမ္ဘာလုံးနှင့်
ဆော့ကစားရင်း အာရှနိုင်ငံများ၊ ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်
စသည်နိုင်ငံများရဲ့ တည်နေရာကို သင်ကြာပေးခြင်း၊ အာရှလူမျိုး၊
အမေရိကန်လူမျိုးစသည်တို့ရဲ့ နေထိုင်ရာနိုင်ငံများကိုပါ
သင်ကြားပေးခြင်းမျိုးပါ။
ဤနည်းဖြင့် အလယ်တန်း အရွယ်ရောက်လာတဲ့ ကလေးများအတွက် ဘာသာရပ်များကို
ဆွေးနွေးညှိနိုင်ခြင်း၊ ပရိုဂျက်များ (စုပေါင်းပြုလုပ်
ရသည့်အစီအစဉ်များ)ကို စုပေါင်ပြုလုပ်စေခြင်း၊ အင်တာနက်စာမျက်နှာများမှ
လိုအပ်သော အချက်အလက် များကို ကိုယ်တိုင်ရှာဖွေနိုင်ခြင်း၊ အတန်းရှေ့ထွက်၍
ရဲရဲရင့်ရင့်ဆွေးနွေးပြောဆိုနိုင်ခြင်း စသည်တို့ကို ပြုလုပ်
နိုင်ခြင်းပါ။
အထက်တန်းရောက်လာပြီဆိုရင်တော့ ပရိုဂျက်များကို ကိုယ်တိုင်ပြုလုပ်ရခြင်း၊
ဖီးလ်ထရစ်ပ် ခေါ် ကိုယ်တိုင်ကွင်းဆင်းလေ့လာရခြင်း၊ ကွန်ပျုတာများကို
ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ခြင်း၊ ထက်မျက် သော ကလေးများကို
နိုင်ငံတကာရှိ ပန်းချီပြိုင်ပွဲ၊
စာစီစားကုန်းပြိုင်ပွဲများသို့စေလွတ်ပေးခြင်း စသည်မျိုးကို
လေ့လာသုံးသပ်မိခြင်းပါ။
အခုကတည်းက ၂၀၁၃ အတွက် ပညာရေးမူဝါဒတွေ ပြင်ကြစို့
စနစ်ရှိသောပညာရေးသည် စနစ်ကောင်းသောနိုင်ငံကို
အကျိုးပြုနိုင်ပြီး၊ စနစ်ကောင်းသောနိုင်ငံသည် စနစ်ရှိသောလူမျိုးများကို
မွေးထုတ်နိုင်၍ ̏ပညာရဲရင့် ပွဲလယ်တင့်˝နိုင်ဖို့ ပညာရေးမူဝါဒများကို
လာမည့် ပညာသင်နှစ် (၂၀၁၃-၂၀၁၄) အမီ အခြေခံမူလတန်းမှ စတင်နိုင်ဖို့
ယခုတည်းကစတင်၍ ဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းပေးပြီး၊ ကြိုတင်၍ ဆရာ၊
ဆရာမများကို နွေရာသီကျောင်းပိတ်ရက်များ၌တိုင်းပြည်နှင့် လူမျိုးအတွက်
မွန်းမံသင်တန်းများပေးထားပြီး ပညာရေးစီမံကိန်းများကို စတင်နိုင်ဖို့ပါ။
ဆရာ၊ ဆရာမများရဲ့ စေတနာကို တိုင်းပြည်က အသိအမှတ်ပြုပေးဖို့အတွက် ဆရာ၊
ဆရာမကိုယ်တိုင်က တိုင်းပြည်ကို အသိအမှတ် ပြုပေးနိုင်ဖို့ပါ။ ချမ်းသာစွာ
အိပ်စက်နိုင်ကြပါစေ။
ဒေါက်တာဓမ္မပိယ (ITBMU)
(Photo Credit - http://kyawkyawthet.blogspot.com/2012/02/blog-post_03.html )

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ