လွှတ်တော်ထဲမှာ ဦးတင်အောင်မြင့်ဦး နဲ့ ဦးမြင့်ဆွေ ဘယ်သူက ပေါ်ပြူလာ ပိုဖြစ်သလဲ

ဒုတိယသမ္မတလောင်း ဘယ်သူဖြစ်မလဲ ဆိုတာနဲ့ပတ်သက်ပြီး(
ဖြစ်နိုင်ခြေရှိသူတွေကိုနာမည်နဲ့တကွ) ပြည်တွင်းပြည်ပက
ထင်ကြေးတွေပေးခန့်မှန်းခဲ့ကြတယ်။ အားလုံးလွဲတယ်။

အခုတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကို
ဒုတိယသမ္မတလောင်းအဖြစ် စစ်သားအမတ်များအစုက အမည်
စာရင်းတင်သွင်းထားတယ်လို့ဆိုတယ်။ အဆိုပြုခံထားရသူ ဒုတိယသမ္မတလောင်းကလည်း
ကြံ့ဖွံ့ပါတီကဖြစ်တယ်။

လစ်လပ်သွားတဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာအတွက်
အသင့်ခန့်ထားနိုင်ဖို့ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် ကို
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စစ်သားအမတ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်က
စေလွှတ်လိုက်ပြီးပြီ။

ကြည်း ၃၈၅၈၀ ဗိုလ်ကြီးလင်းလင်းကျော် (အစား) ကြည်း ၁၃၉၃၂
ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် နဲ့ အစားထိုးလိုက်ပါပြီ။

ဇူလိုင် ၁၂ ရက်ကကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေမှာလည်း "ဒုတိယသမ္မတ
ရွေးချယ်တင်မြှောက်ရေး အတွက် စိစစ်ရေး အဖွဲ့ဝင်" ၂ ဦးကိုလည်း
ရွေးချယ်ထားပြီးပြီ။

ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အတွက်
ဟင်္သာတမဲဆန္ဒနယ်မှ ဦးဌေးဦး နဲ့ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်များအစုအဖွဲ့အတွက် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ
ဦးဇော်မြင့်ဖေ တို့ဖြစ်ပါတယ်။ သူတို့ ၂ ဦးစလုံးဟာ
ကြံ့ခိုင်ရေးပါတီကဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းပြော
ပြောနေတဲ့ "ပါတီစွဲ" မရှိရဘူးဆေိုတာ "ကြံ့ဖွံ့ပါတီ"ကိုပြောတာ
မဟုတ်ဘူးထင်တယ်။

ဇူလိုင် ၈ မှ ၁၂ ထိ အင်ဒိုနီးရှားနိုင်ငံ၊ အာဆီယံပါလီမန်များညီလာခံ
အစည်းအဝေးသွားတဲ့ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်
လည်းပြန်ရောက်နေပြီ။ ဒီတော့မကြာခင် ပြည်ထောင်စုလွှတ်တော်ခေါ်ပြီး
ရာဘာတံဆိပ်တုန်းထုဖို့ပဲ ကျန် တော့တယ်။

သတိပြုသင့်တဲ့ ပထမအချက်က လစ်လပ်သွားတဲ့ဒုတိယသမ္မတနေရာဟာ (ကာလုံ)ရဲ့ နံပတ်
(၂) နေရာလည်းဖြစ်ပါတယ်။

ဒုတိယအချက်က ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး ကို ဗိုလ်သန်းရွှေက
ရွေးချယ်စေလွှတ်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလို စေလွှတ်ခဲ့မှုကို စစ်သားအမတ်အစုက
"တညီတညွတ်တည်း" လက်ခံခဲ့ပါတယ်။ အခုလည်း ဗိုလ်မင်းအောင်လှိုင် ရွေးချယ်စေ
လွှတ်ခဲ့သူ (ဦးမြင့်ဆွေ) ကို စစ်သားအမတ်အစုက "တညီညွတ်တည်း" လက်ခံကြပါတယ်။

တတိယအချက်က လက်ရှိစစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေဆဲ စစ်ဗိုလ်တွေထဲက
မရွေးဘဲ။ တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုရွေးတဲ့အချက်ဖြစ်ပါတယ်။ (၂၀၀၈)
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၆၀ (ဂ) မှာ
လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ်
မဟုတ်သူများထဲကဖြစ်စေ ရွေးချယ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်။

- ကာကွယ်ရေးဦးစီးချုပ်က စစ်ဗိုလ်ချုပ်ဟောင်း/ကြံ့ဖွံ့ပါတီဝင်ကို ရွေးချယ်စေလွှတ်တယ်။

- စစ်သားအမတ်အစု က ကာကွယ်ရေး ဦးစီးချုပ် ရွေးချယ်စေလွှတ်သူကို တညီတညွတ်တည်းလက်ခံတယ်။

- ကြံ့ဖွံ့ပါတီဝင်အများစုနဲ့ စစ်သားအမတ်တွေပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်က
အတည်ပြုတယ်။

အထက်မှာဖေါ်ပြထားတဲ့ အကွက်စေ့စေ့ဖန်တီးထားတဲ့ အစီအစဉ်တွေကို
လွှတ်တော်ထဲမှာရှိတဲ့ အခြားသောအတိုက်အခံ ပါတီတွေက
လွှတ်တော်ကိုယ်စားလှယ်တွေ ဘာများတတ်နိုင်မှာလဲ။

ဦးတင်အောင်မြင့်ဦးဟာ "ခေါင်းမာသူ"၊ "သွေးအေးရက်စက်သူ" ဖြစ်တယ်လို့ သုံးသပ်ခဲ့ကြတယ်။

ဦးမြင့်ဆွေက ရောဘယ်လိုလဲ။ "ဗိုလ်သန်းရွှေနဲ့အလွန်ရင်းနှီးသူ" ဆိုတော့
"ဒိုင်းဝန်" ထက် မသာတောင်၊ မကဲနိုင်ပေဘူးလား။ "ဦးသိန်းစိန်ကို
ကလန်ကဆန်မလုပ်သူ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအလေးပေး လုပ်ဆောင်မယ့်သူ"
အဖြစ် ဘယ်လို မျှော်လင့်ကြ မလဲဗျာ။

"ကာလုံ" ဆိုတာ ယခင်က (နဝတ-နအဖ)စစ်ကောင်စီ နေရာကို ယူထားတဲ့ "စစ်အုပ်စု"
ပဲဖြစ်ပါတယ်။

"စစ်အာဏာရှင်စနစ်"ဆိုတာ "ကာလုံ"(စစ်အုပ်စု)က စစ်တပ်ကို ချုပ်ကိုင်ထားပြီး
နိုင်ငံရေး၊ စီးပွားရေး လက်ဝါးကြီး ဗိုလ်ကျ ချယ်လှယ်နေတဲ့စနစ်ဖြစ်ပါတယ်။

ပြင်ပအပေါ်ယံ"အသွင်သဏ္ဍာန်" အဖြစ် "စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်"
ဆိုတဲ့ မျက်နှာဖုံးစွပ်ထားတယ်။ ကြွေး ကြော်နေတယ်။ ဝါဒဖြန့်နေတယ်။

"စနစ်ယန္တယား" အခြေခံအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတာနဲ့
ခုတ်မောင်းအုပ်ချုပ်လည်ပတ်နေတာဖြစ်တယ်။

ဒါကြောင့် လက်ရှိတည်ရှိနေတဲ့
နိုင်ငံရေးစနစ်ကိုအခြေခံကျကျပြုပြင်ပြောင်းလဲပစ်ရမယ်။
နိုင်ငံရေးပြောင်းလဲနိုင်မှသာ စစ်တပ်
ကိုပြုပြင်ပြောင်းလဲနိုင်မှာဖြစ်ပြီး။ အပြန်အလှန်အားဖြင့်
စစ်တပ်ကိုပြုပြင်ပြောင်းလဲနိုင်မှလည်း ပြောင်းလဲလာတဲ့နိုင်ငံရေးစနစ်ဟာ
အာမခံ ချက်ရှိနိုင်မယ်။ ဒီလိုမှမဟုတ်ရင် စစ်အုပ်စုက
အချိန်မရွေးအာဏာသိမ်းတာကိုခံရလိမ့်မယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတာ စစ်အုပ်စုက
ထာဝစဉ်အာဏာသိမ်းထားတဲ့အခြေခံအပေါ်မှာ အခြားသော နိုင်ငံရေး ပါတီတွေက
ဇာတ်ပို့/ဇာတ်ရံတွေအဖြစ် ကပြအသုံးတော်ခံနေကြရတဲ့
ဇာတ်စင်တစ်ခုမျှသာဖြစ်ပါတယ်။

ကျနော်တို့အတွက်အပျင်းပြေစိတ်ဝင်စားစရာဆိုလို့ မကြာမီကျင်းပမယ့်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဦးမြင့်ဆွေ ရရှိလာမယ့် မဲအရေအတွက်ကို
ရေတွက်ကြည့်ဖို့ပဲရှိပါတယ်။

ဦးသိန်းစိန် ၊ ဦးတင်အောင်မြင့်ဦး နဲ့ ဒေါက်တာစိုင်းမောက်ခမ်း တို့ကို
ပေးခဲ့တဲ့ မဲတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ဦးတင်အောင်မြင့်ဦးရရှိခဲ့တဲ့မဲအရေအတွက် နဲ့ ဦးမြင့်ဆွေရရှိလာမယ့်
မဲအရေအတွက်နဲ့ အပျင်းပြေနှိုင်းယှဉ်ကြည့်နိုင်တာပေါ့။

ပြည်ထောင်စုလွှတ်တော်ထဲမှာ၊ ကြံ့ဖွံ့ပါတီထဲမှာ၊ စစ်အုပ်စုထဲမှာ
ဦးတင်အောင်မြင့်ဦး နဲ့ ဦးမြင့်ဆွေ ဘယ်သူက ပေါ်ပြူလာ ပိုဖြစ်သလဲ။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သော
သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ အစည်းအဝေး

(ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၆၅၉ ) ဦးရှိသည့်အနက် (၆၅၉) ဦးစလုံးတက်ရောက်သည်)

- ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ မှ ဦးသိန်းစိန်
(၄၀၈) မဲ

- တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ မှ သီဟသူရဦးတင်အောင်မြင့်ဦး
(၁၇၁) မဲ

- အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ မှ ဒေါက်တာစိုင်းမောက်ခမ်း
( ၇၅) မဲ


ပယ်မဲ (၅) မဲ

ညွန်း

- မြန်မာ့အလင်းသတင်း(၁၂- ၇ - ၂၀၁၂ )

- မြန်မာ့အလင်းသတင်းစာ (၁၃ - ၇ - ၂၀၁၂ )


- မြန်မာ့အလင်းသတင်းစာ (၅ - ၂- ၂၀၁၁)

တူမောင်ညို ။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ