တိုင်းပြည်ရဲ့အခြေအနေဟာ အတော်ပြောင်းလဲလာပါပြီလို့ ပြောဆိုတွန်း
ပေးသံတွေကြားမှာ တချိန်က အရှေ့တောင်အာရှမှာ ဗမာပြည်ရဲ့ စပါးကျီအဖြစ် လက်မ
ထောင်နိုင်စေခဲ့တဲ့ ဗမာပြည်ရဲ့ အသက် သခင်ကျေးဇူးရှင်
တောင်သူလယ်သမားကြီးတွေရဲ့ ဒီကနေ့ အပြောင်းအလဲဆိုတဲ့အပေါ် နဖူးတွေ့ဒူးတွေ့
ပျစ်ပျစ်နှစ်နှစ် ခံစားနေရတဲ့ လက်ရှိ ဘ၀အနေအထားအချို့ကို
လက်လှမ်းမီသလောက် တင်ပြလိုက်ပါတယ်။
သမိုင်းနောက်ခံ ၁၉၃၀
ဒီနေရာမှာ ၁၉၃၀-၀န်းကျင်ကာလကို သမိုင်းမှတ်တိုင်တခုအဖြစ်
ဥပမာပေးချင်ပါတယ်။ ဒီ၁၉၃၀ပြည့်နှစ်တ၀ိုက်မှာ ကမ္ဘာ့သမိုင်းမှာ ရော၊
ဗမာ့သမိုင်းမှာပါ မှတ်လောက်သားလောက် ကြီးကျယ်ထင်ရှားတဲ့ ဖြစ်ပျက်ရပ်တွေ
ဖြစ်ပွားခဲ့လို့ပါပဲ။ ကမ္ဘာ့အရှင်းရှင် စီးပွားရေးကပ်ကြီး
ဆိုက်ရောက်ခဲ့တယ်။ ဖက်ဆစ်ဝါဒီတွေ အားကောင်းလာပြီး ဂျာမနီပြည်မှာ
အာဏာရတယ်။ ဂျပန်စစ်ဝါဒီတွေက တရုပ်ပြည်ကို ကျူးကျော်စစ်ပြုပြီး
မန်ချူးရီးယားကို သိမ်းခဲ့တယ်။
ဗမာပြည်မှာ ကုလား-ဗမာအဓိကရုဏ်း ဖြစ်ခဲ့တယ်။ ဆရာစံခေါင်းဆောင်တဲ့
ဂဠုန်သူပုန် အရေးတော်ပုံပေါ်ခဲ့တယ်။ ဒို့ဗမာအစည်း အရုံး အုတ်မြစ်ချတယ်။
ကုလား-ဗမာ အဓိကရုဏ်း၊ ပထမဆုံး ဗမာဘုရင်ခံ ဖြစ်တဲ့နှစ်၊ ဆရာစံ
ဂဠုန်သူပုန်၊ ဒို့ဗမာအစည်းအရုံး စတဲ့ ဖြစ်ရပ်တွေဟာ ၁၉၃၀ပြည့်နှစ်နဲ့
နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တယ်ဆိုပေမဲ့ သူတို့ရဲ့ သမိုင်းရေသောက်မြစ်ဟာ
၁၉၃၀ပြည့်နှစ် မတိုင်မီ နှစ်တွေကတည်းက နိုင်ငံရေးအခြေအနေထဲမှာ
တွယ်ခဲ့တယ်။ သူတို့ရဲ့ မီးစတဖက် ရေမှုတ်တဖက်ဝါဒအရ တဖက်က ဖိနှိပ်ချုပ်ချယ်၊
တဖက်က အပေါ်ယံလိုက်လျောချက်အချို့ လုပ်ပေး-ပြပြီး ပြည်သူတွေရဲ့
အမျိုးသားနယ်ချဲ့ဆန့်ကျင်ရေးကို ဖျက်ဆီး ဖို့ရည်ရွယ်ခဲ့ပါတယ်။
ဒါနဲ့ပဲ ၁၉၃၀ခုနှစ် ဒီဇင်ဘာ(၂၂)ရက်မှာ လယ်သမားခေါင်းဆောင် ဂဠုန်ဆရာစံ
ဦးဆောင်တဲ့ လယ်သမားသူပုန် တော်လှန်ရေးကြီး ဖြစ်ပွားခဲ့ပါတယ်။
ဒီတော်လှန်ရေးကြီး ဖြစ်ပွားရတဲ့အကြောင်းရင်းကတော့ အင်္ဂလိပ်အစိုးရရဲ့
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖိနှိပ်မှု တွေက အဓိကအချက်တွေပါပဲ။
ဒါ့အပြင် လူခွန်၊ မြေခွန်၊ သစ်တောခွန်၊ အိမ်ခွန်၊ သဿမေဒခွန် စတဲ့
အခွန်အတုတ်တွေကို နည်း မျိုးစုံနဲ့ အဓမ္မကောက်ယူကြပြန်ပါတယ်။
ဒီအခြေအနေဆိုးတွေကြောင့် ဂဠုန်တပ်မတော်အမည်ခံ လယ်သမားတော်လှန်ရေးတပ် ကို
ဖွဲ့စည်းပြီး လက်နက်နဲ့ကျူးလွန်လာသူကို လက်နက်နဲ့တော်လှန်ရမယ်ဆိုတဲ့
ကြွေးကြော်သံကို ကိုင်စွဲရာက လယ်သမား တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့တာ
ဖြစ်ပါတယ်။ လယ်သမားဂဠုန်တပ်ဖွဲ့ရဲ့ ဆောင်ပုဒ်က "ငတ်၍မသေ တိုက်ရင်းသေမည်"
ဖြစ်ပါတယ်။ ၁၉၃၂ခုနှစ် ဧပြီလအထိ လယ်သမားတော်လှန်ရေးကြီးဟာ
မြန်မာနိုင်ငံတ၀ှမ်းလုံးကို ကူးစက် ပျံ့နှံ့သွားခဲ့ပါတယ်။ ကိုလိုနီခေတ်
ဗမာနိုင်ငံသမိုင်းကာလအတွင်း ဗြိတိသျှတို့ရဲ့ ကျွန်ပြုရေးကို
ပထမဦးဆုံးအကြိမ် အရင်းအမြစ်မှ တူးဖေါ်ရှင်းလင်းခြင်း ပြုဖို့
အားထုတ်ခဲ့တဲ့ အမျိုးသားရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးပဲ
ဖြစ်ပါတယ်။
မျက်မှောက်ခေတ် နောက်ခံ ၂၀၀၈ အခြေခံဥပဒေ
အလားတူ ကနေ့ ဗမာပြည်အစိုးရဟာလည်း ဒီနယ်ချဲ့အင်္ဂလိပ်လို မီးစတဖက်
ရေမှုတ်တဖက်ပေါ်လစီကို ဆက်လက် ကိုင်စွဲကျင့် သုံးနေပြီး
တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေးတို့ကို မျက်ကွယ်ပြု တဲ့ ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အုပ်မိုးထိန်းချုပ်ထားပါတယ်။
အုပ်ချုပ်သူအစိုးရအဆက်ဆက်ရဲ့ မြေယာပေါ်လစီအမှားတွေနဲ့
ခေတ်သစ်မြေရှင်ကြီးစနစ်ကို ပြန်အသက်သွင်းဖို့ မြေယာဥပဒေအမျိုးမျိုး
ထုတ်ပြန်ပြီး လယ်သမားထုကြီးရဲ့ မြေယာ ဥယျာဉ်ခြံမြေ တွေ ယုတ်စွအဆုံး
စားကျက်မြေတွေကိုပါ အတင်းအဓမ္မ ၀ါးမြိုသိမ်းပိုက်နေတာတွေကြောင့်
တိုင်းပြည်ရဲ့ ၇၀-၈၀ရာခိုင်နှုန်းကျော် တောင်သူလယ်သမားဦးကြီးတွေဟာ
မြေမဲ့ယာမဲ့၊ အခြေမဲ့အနေမဲ့ဘ၀ကို မိသားစုအလိုက် တမဟုတ်ချင်း
ဂျွမ်းဆိုက်နေကြရပါ တယ်။
အစိုးရသစ်လက်ထက် ၂၀၁၂ မတ်လ(၃၀)ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်
(၁၁) လယ်ယာမြေဥပဒေဆိုတာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်
လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပေမဲ့ အမှန်တကယ် ဗမာပြည်က
အဓိကအင်အားစုကြီးဖြစ်တဲ့ တောင်သူလယ်သမားထုကြီး
အကျိုးစီးပွားဖြစ်ထွန်းဖို့ ရည်ရွယ် ဦးတည်တာမဟုတ်ဘဲ
စစ်ဗိုလ်ချုပ်ကြီးတွေ၊ ငွေရှင်ကြေးရှင် စီးပွား ရေးကုမ္ပဏီကြီးတွေနဲ့
ခေတ်ပျက်သူဋ္ဌေး ခရိုနီအုပ်စုတွေအတွက်သာ အဓိက ဖြစ်တာကြောင့် လယ်သမားထုရဲ့
မကျေမနပ်သံ၊ ညည်းညူပေါက်ကွဲသံတွေက ဗမာတပြည်လုံး ပြည့်လျှံထွက်လာနေပြီး
ကိုယ့်လယ် ကိုယ်ပြန်ရရေး၊ ကိုယ့်လယ် ကိုယ်ပြန်စိုက်ပျိုး ခွင့်ရရေး စတဲ့
လယ်သမားတိုက်ပွဲခေါ်သံတွေဘက်ကို ဦးလှည့်လာနေပါတယ်။ ဘယ်သူမပြု မိမိမှု
ဆိုသလို အစိုးရရဲ့ မတရားလုပ် ရပ်တွေကြောင့် ထွက်ပေါ်လာတဲ့ လူထုအသံတွေပါပဲ။
လတ်တလော လယ်သမားတိုက်ပွဲအချို့ကို စုစည်းတင်ပြချင်ပါတယ်။
တိုက်ပွဲများ ရက်စွဲသမိုင်း
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်အတွင်းမှာရှိတဲ့ ဝမ်းတွင်း၊ သာစည်၊ မလှိုင်၊
မိတ္ထီလာစတဲ့ လေးမြို့နယ်အတွင်း လယ်ယာမြေ သိမ်း ယူခံထားရတဲ့ လယ်သမားတွေက
သူတို့ရဲ့လယ်မြေတွေပေါ်မှာ ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေးအတွက်
မိတ္ထီလာမြို့နယ်အတွင်းရှိ လယ်သမားတွေက သိမ်းဆည်းခံလယ်မြေများပေါ်မှာ
ငြိမ်းချမ်း စွာ ပြန်လည်ထွန်ယက်မှု ဒုတိယနေ့အဖြစ် ဇူလိုင်လ(၁၁)ရက် နေ့မှာ
သူတို့ပိုင်ဆိုင်ခဲ့ဖူးတဲ့ လယ်ယာမြေတွေပေါ်မှာ သွား ရောက်ထွန်ယက်ခဲ့ကြတဲ့
ထွန်တုံးတိုက်ပွဲ ဖြစ်ပါတယ်။ အဖမ်း အဆီး အနှောင့်အယှက်မရှိပေမဲ့လို့
ဓါတ်ပုံရိုက် မှတ်တမ်းတင် တာတွေတော့ ရှိပါတယ်။
၁၉၉၂-ခုနှစ်ကတည်းက သူတို့လယ်တွေကို ဒေသခံတောခေါင်းတွေက သိမ်းယူပြီး
ဘောစကိုင်းပင်တွေစိုက် စီးပွားရှာနေကြတာ ဖြစ်ပါတယ်။အသိမ်းခံထားရသော
လယ်မြေတွေကတော့ မိတ္ထီလာမြို့နယ် ရှမ်းတဲတိုက်နယ် ကံကောင်းကျေးရွာ၊
ဝမ်းတွင်းမြို့နယ် အတွင်းရှိ အိုးပြွန်ကန်ကျေးရွာ၊
မလိုင်မြို့နယ်အတွင်းရှိ ဘုံတောကျေးရွာနဲ့ သရက်ကန်ကျေးရွာ၊
သာစည်မြို့နယ်အတွင်းရှိ ကျွဲတပ် ဆုံကျေးရွာတွေဖြစ်ပြီး စုစုပေါင်း
သိမ်းဆည်းခံ လယ်ဧက(၂၀၀)၀န်းကျင်ခန့် ရှိပါတယ်။
လယ်သမားအများစုဟာ လွန်ခဲ့တဲ့ အနှစ်(၂၀)လောက်ကစလို့ လယ်မြေတွေ
အသိမ်းခံခဲ့ရတာဖြစ်ပြီး အဲဒီလယ်တွေပြန်ရဖို့ အစိုးရ သစ်
အာဏာပိုင်အဆင့်ဆင့်ကို တင်ပြခဲ့ပေမယ့် ဆောင်ရွက်မပေးတဲ့အတွက် ရဲတွေ
အနီးကပ် စောင့်ကြည့်နေတဲ့ကြားကဒီကနေ့ ကွန်ယက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး
ထွန်တုံးတိုက်ပွဲကို ဘ၀နဲ့ရင်းပြီး ဆင်နွှဲကြတာ
ဖြစ်ပါတယ်။မလှိုင်မြို့နယ်အတွင်းမှာတော့ တောင်သူလယ်သမားတွေနဲ့
အာဏာပိုင်တွေအကြား တင်းမာမှု အနည်းငယ် ဖြစ်ပေါ်ခဲ့ပါတယ်။
မိတ္ထီလာမြို့နယ်အတွင်းရှိ လယ်သမားများက သိမ်းဆည်းခံလယ်မြေများပေါ်၌
ငြိမ်းချမ်းစွာ ပြန်လည်ထွန်ယက်မှု ပထမနေ့ကို ဇူလိုင်(၁၀)ရက်နေ့ကတည်းက
စတင်ခဲ့ပြီး ဘိုးစဉ်ဘောင်ဆက် လယ်ယာစိုက်ပျိုးရေးနဲ့သာ မိသားစုဘ၀ကို
အသက်မွေးဝမ်း ကျောင်းပြု ရပ်တည်ခဲ့ကြတဲ့ တောသူတောင်သား
ရိုးသားအေးဆေးသူတွေသာပါ။ သူတို့လယ်တွေကို ပြန်ပေးဖို့ တောင်းဆိုထား တာ
ကြာခဲ့ပေမဲ့ အခုချိန်ထိ ဘာမှမထူးတာမို့ အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာ
သိသိကြီးနဲ့ အခြားရွေးချယ်စရာမရှိလို့ ဘ၀နဲ့အသက် ကို အပေါင်ထားပြီး
အခုလိုထွန်တုံးတိုက်ပွဲဝင်ကြတာ ဖြစ်ပါတယ်။သူတို့လယ်ယာမြေတွေ ပြန်မရမချင်း
ဆက်လက် တောင်းဆို တိုက်ပွဲဝင်သွားကြဖို့လည်း ဆုံးဖြတ်ထားကြပါတယ်။
ဋ္ဌာနဆိုင်ရာ မြေတိုင်းဦးစီးက တာဝန်ရှိသူတွေနဲ့ အပေးအယူလုပ်ပြီး
လယ်ယာမြေတွေ သိမ်းယူသွားတဲ့ ကုမ္ပဏီတွေက ဘယ်လိုဖြေ ရှင်းပေးမယ်ဆိုတာ
မသိရသေးပေမဲ့ လယ်ဝင်ထွန်တဲ့ နေရာတိုင်းမှာ လုံခြုံရေးတွေနဲ့
တာဝန်ရှိသူတွေက စီးပွားရေးကုမ္မဏီကြီး တွေကို အကာအကွယ်ပေးဖို့
စောင့်ကြည့်နေကြပါတယ်။ အမှန်က ပြည်သူ့အခွန်ဘဏ္ဍာ စားနေကြတဲ့
ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေ၊ လုံ ခြုံရေးဝန်ထမ်းတွေက လယ်ယာမြေတွေ
မတရားသိမ်းဆည်းခံရလို့ အမှန်တကယ် နစ်နာဆုံးရှုံးတဲ့ တောင်သူလယ်သမားတွေဘက်
က ရပ်တည်အကာအကွယ်ပေးရမယ့်အစား ငွေမျက်နှာလိုက်ပြီး မတရားလုပ်သူတွေဘက်က
လိုက်ပေးနေတာက ဗမာပြည်မှာ တရားဥပဒေစိုးမိုးမှု လုံးဝ မရှိဘူးဆိုတဲ့
သက်သေသာဓကပါပဲ။
၂၀၁၁ မတ်လ(၃၀)ရက်နေ့က ကြံ့ဖွတ်အစိုးရသစ်အဖြစ် တက်လာတဲ့
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကတော့ မစားရ၀ခမန်း တရားဥပဒေစိုးမိုးရေးဟာ
မရှိမဖြစ်လိုအပ်တဲ့ အင်မတန် အရေးကြီးတဲ့ကြောင်း အပေါ်ယံနှုတ်ချို
မိန့်ခွန်းတွေမှာ မိုးလုံးပြည့်ထည့် ပြောလေ့ရှိပေမဲ့ တကယ့်လက်တွေ့မှာက
အောက်ခြေလူတန်းစား လယ်သမား၊ အလုပ်သမားတွေမှာတော့ ကျောကော့အောင်
ခံနေရဆဲပါပဲ။ ကိုယ့်မြေကိုယ်ယာကို ကိုယ်ပြန်ဝင်ထွန်ကြတာ ဘာတရားဥပဒေကိုမှ
ချိုးဖောက်ရာ မကျဘူးဆိုတဲ့အသိနဲ့ အနီးကပ် ဆုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့
လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတခုဖြစ်တဲ့ အခုလို ထွန်တုံးတိုက်ပွဲကို
ဆင်နွှဲကြတာပါ။ အရင်နအဖ စစ် အစိုးရလက်ထက်က ပြည်နယ်နဲ့ တိုင်းဒေသအသီးသီးက
သိမ်းယူထားတဲ့ လယ်ယာမြေတွေကိုအခု အစိုးရသစ်လက်ထက်မှာ ပြန်
လည်တောင်းဆိုဆန္ဒပြမှုတွေကဇယ်ဆက်သလို ဆက်တိုက်ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်
ပန်းတောင်းမြို့နယ်မှာလည်းကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးပစ္စည်းစက်ရုံ
ကပစ(၃)က သိမ်းထားတဲ့ ဧက-ရာချီရှိတဲ့လယ်တွေ(ဆင်တဲရွာသစ်ရွာ)၊
လေကြောင်းရန်ကာကွယ်ရေးတပ်က သိမ်းထားတဲ့ ဧက(၃၀၀)၀န်း ကျင်ရှိ လယ်တွေကို
မူလပိုင်ရှင်လယ်သမားတွေက လုပ်ပိုင်ခွင့်ပြန်ရဖို့နဲ့ သီးစားချထားပေးဖို့
နိုင်ငံတော်သမ္မတမှသည် ရပ်ကွက် အုပ်ချုပ်ရေးမှူးအထိ
အကြိမ်ကြိမ်မေတ္တာရပ်ခံစာ တင်ပြခဲ့ပေမဲ့လည်း တုတ်တုတ်မျှမလှုပ်တာကြောင့်
ဝမ်းတထွာရေး ဆက်လက် သည်းခံဖို့ မတတ်နိုင်တော့ဘဲ ကိုယ့်လယ်ကိုယ်ထွန်
ပွဲ-ထွန်တုံးတိုက်ပွဲတွေ ကျင်းပခဲ့တာ ဇွန်လ(၂၃)ရက် ကတည်းက ဖြစ်ပါတယ်။
ယခုအခါ ယူနီဖောင်းအမျိုးမျိုး၊ အပွင့်အခက်အမျိုးမျိုး နဲ့ အရာရှိတွေက
မနက်ဖြန် (၁၂.၀၇.၂၀၁၂)မှာ လယ် ထွန်ခြင်းအလုပ်ကို ဆက်လုပ်ပါက
ဖမ်းဆီးထောင်ချ ပစ်မယ်လို့ သတိပေးခြိမ်းခြောက်ထားပြီး ဒီကနေ့မှာ တော့
ကပစ(၃)စက်ရုံမှူး ဒု-ဗိုလ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်တပ်အရာရှိတွေ
ရောက်လာပြီး လယ် ထွန်တာကို ရပ်တန့်ပေးဖို့နဲ့ လယ်သမားတွေအနေနဲ့
လယ်ယာမြေပေါ်မှာ လုပ်ကိုင်စားသောက်ချင်တယ်ဆိုရင် ပိုင်ဆိုင်ကြောင်း
အထောက်အထားပြဖို့ တောင်းဆိုခဲ့တာကြောင့် ဒီကနေ့ မနက်ပိုင်းမှာ
ပန်းတောင်းမြို့နယ် မြေစာရင်းရုံးကို အခွန်ဆောင်အထောက်အထားပြဖို့
သွားကြတဲ့ လယ်သမား(၇)ဦးကို စစ်တပ် လုံခြုံရေးဂိတ်အဖြတ်မှာ
ဖမ်းဆီးလိုက်သလို လယ်ယာမြေတခွင်လုံးကိုလည်း စစ်တပ်တတပ်လုံးက
ပိတ်ဆို့ဝန်းရံထားလိုက်ပါတယ်။
၁၉၈၉-ခုနှစ်ကတည်းက နယ်မြေခံ ကပစ(၃)စစ်တပ်က လယ်မြေတွေသိမ်းယူပြီး
လယ်သမားတွေကို သီးစားချထားခဲ့တာ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့
သီတင်းနှစ်ပတ်ကစလို့ သီးစားလုပ်ကိုင်ခွင့် ပိတ်ပင်လိုက်တာကြောင့်
လယ်သမားတွေဘက်ကလည်း ၀မ်းရေးအတွက် အခြားရွေးချယ်စရာ
နည်းလမ်းမရှိတော့တာမို့ အခုလို ထွန်တုံးတိုက်ပွဲ
(ကိုယ့်လယ်ကိုယ်ထွန်ပွဲ)ကို ဆက်လက်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေရဲ့ နဖားကြိုး အထိုးခံထားရတဲ့ လယ်သမားတွေရဲ့ ဘ၀များ
ခြုံလိုက်ရင်တော့ လယ်ကွင်းတွေဘက်ကို မျှော်ကြည့်လိုက်ရင် စစ်တပ်နဲ့
ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ လက်ဝါးကြီးအုပ် ခေတ် ပျက်သူဋ္ဌေးကြီးတွေက
လေယာဉ်ကွင်းဆောက်၊ လမ်းဖောက်၊ စစ်လက်နက်စက်ရုံ တည်ဆောက်၊ ကန်ထရိုက်
လယ်ယာစနစ် ထူထောင်ဖို့ စတဲ့ခေါင်းစဉ်အမျိုးမျိုးအောက်မှာ
တောင်သူလယ်သမားတွေရဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေကို အတင်းအဓမ္မ လုယူ
သိမ်းပိုက်နေတာကို မမြင်ချင် မကြားချင့်အဆုံး ဖြစ်နေရပါတယ်။
မဆိုစလောက်တဲ့ စိုက်ပျိုးစရိတ်ချေးငွေလေးရဖို့နဲ့ ဆည်ရေ
အသွင်းအထုတ်ကိစ္စတွေ အဆင်ပြေဖို့ သက်ဆိုင်ရာ ရုံးဋ္ဌာနတွေမှာ
လာဘ်ထိုးရတာကလည်း လုပ်ရိုးလုပ်စဉ်တခုလို ဖြစ်နေပါ တယ်။
ကျွဲနွား လယ်ယာသုံးကိရိယာတွေနဲ့ ဓါတ်မြေဩဇာ စတဲ့ စိုက်ပျိုးရေးဆိုင်ရာ
အထောက်အပံ့တွေကို သက်သာချောင်ချိစွာ အလုံ အလောက် ၀ယ်ယူရရှိနိုင်မယ့်
အခွင့်အလမ်းတွေကို အစိုးရက တာဝန်ယူဖြည့်ဆည်းပေးဖို့ ပျက်က်ကွက်နေတဲ့အပြင်
စီမံကိန်း သီးနှံတွေကို အတင်းအကြပ် စိုက်ပျိုးခိုင်းခြင်း၊
ရထားလမ်းစောင့်ရခြင်း၊ လမ်းဖေါက်ရခြင်း အစရှိတဲ့လုပ်ငန်းတွေကိုလည်း အဓမ္မ
လုပ်အားပေး လိုက်စေပါသေးတယ်။
လွတ်လပ်စွာ စိုက်ပျိုး ကြိတ်ခွဲ သိုလှောင် သယ်ယူ ရောင်းချခွင့်တွေကိုလည်း
မလိုတမျိုး လိုတမျိုး ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ တားမြစ်ထားပါသေးတယ်။
စိုက်ပျိုးစရိတ်အတွက် အစိုးရက လုံလောက်စွာ ထုတ်ချေးဖို့ တာဝန်မယူတဲ့အတွက်
ငွေရှင်ကြေးရှင် တွေထံက ငွေတိုးကြီးကြီးနဲ့ ချေးယူလုပ်ကိုင်နေရတဲ့အတွက်
ပိုးဖျက် ရေဖျက် ကြွေးစက်ဝန်းမှာ ဘ၀နစ်မွန်းနေရတာတွေဟာ ဒီကနေ့
တောင်သူလယ်သမားတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ရှောင်မရရှားမရ ဒုက္ခများစွာထဲက
ထင်သာမြင်သာ တချို့တလေသာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေက နိုင်ငံတော်သမ္မတကြီးရဲ့ လုပ်ငန်းစဉ်တွေကို
နှောင့်နှေးကြန့်ကြာစေသလို ငြိမ်းချမ်းစည်းကမ်းရှိစွာ တောင်း
ဆိုလှုပ်ရှားနေတဲ့ ဗမာပြည် လယ်သမားထုကြီးတရပ်လုံးကိုလည်း အာဏာပိုင်တွေဘက်က
လမ်းပေါ်ကို မရောက် ရောက်အောင် အတင်းဆွဲခေါ် တွန်းပို့နေသလို
ဖြစ်နေပါလိမ့်မယ်။
ဒီကနေ့လို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အစိုးရသစ်ရဲ့
ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆောင်ရွက်နေစဉ်ကာလအတွင်း အခု လို
ထိပ်တိုက်တွေ့ အာဏာသုံး ရိုက်နှက်ဖမ်းဆီးမှုများ ဖြစ်ပွားခဲ့ပါက အင်မတန်
အရုပ်ဆိုးအကျည်းတန်မယ့် မြင်ကွင်းတခု ဖြစ် သွားမှာဖြစ်သလို
နိုင်ငံတော်သမ္မတကြီးရဲ့ ကြိုးပမ်းအားထုတ်ချက်တွေဟာလည်း သဲထဲရေသွန်
ပျက်ရယ်ပြုသလို ဖြစ်သွားပါလိမ့် မယ်။ ဒါ့ထက် သမ္မတကြီးအတွက်
စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အထူးစိုးရိမ်စရာကတော့ ဒီလို
လယ်သမားဆန္ဒပြလှုပ်ရှားမှုတွေ က အစပြုလို့ တပြည်လုံးအတိုင်းအတာဆောင်တဲ့
အထွေထွေလူထုအုံကြွမှုကြီးဆီကို ဦးလှည့်သွားနိုင်တယ် ဆိုတဲ့အချက်ကို
အစိုးရအာဏာပိုင်တွေ ကိုယ်တိုင်က မသိကျိုးကျွံပြု
ရေလာမြောင်းပေးဆိုရင်တော့ ဦးသိန်းစိန်အစိုးရသစ်ဟာ ခေတ်သစ်ဂဠုန်
တပ်တွေနဲ့ ရင်ဆိုင်ရဖွယ် ဖြစ်သွားမှာပါ။
ဗမာသမိုင်း၏ အစဉ်အလာ … တောင်းပွဲကနေ တိုက်ပွဲဆီသို့
ဗမာ့နိုင်ငံရေးသမိုင်းမှာလည်း မတရားဘူးဆို နည်းနည်းလေးမှကို
ငုံ့ခံလေ့မရှိတဲ့ဓလေ့ သမိုင်းကြေးမုံပြင်တွေကလည်း အများ
အပြားရှိနေပြီးသားပါ။ ၁၃၀၀ပြည့် ရေနံမြေအလုပ်သမားသပိတ်၊ ၁၃၅၀ပြည့်
ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ အနီးဆုံး သမိုင်း ကြေးမုံမှန်ဖြစ်တဲ့
အထင်ကရ ၂၀၀၇ သံဃာ့လှုပ်ရှားမှုအရေးအခင်းတွေက သက်သေထူပြခဲ့ပြီးသားပါ။
အဆုံးကတော့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့
တလွဲဆံပင်ကောင်းလုပ်ရပ်တွေကို အမြန်ဆုံးရပ်ပြီး တရားဥပဒေ စိုးမိုးရေး၊
ငြိမ်းချမ်းရေးနဲ့ ဗမာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာအားလုံးကို
ပြေလည်စေနိုင်ဖို့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို သာ
တိုင်းပြည်နဲ့ အမျိုးသားအားလုံးအတွက် စိတ်ရင်းစေတနာမှန်နဲ့ ဦးစားပေး
အကောင်အထည်ဖော်ရင်ဖြင့် အရှိန်ယူလှိမ့်တက် လာမယ့် လှိုင်းလုံးကြီးတွေကို
တားဆီးရပ်တန့်စေနိုင်မှာပါ။
မဟုတ်ရင်တော့….လှိုင်းလုံးကြီးတွေက သမိုင်းဘီးကို အင်နဲ့အားနဲ့
ဆွဲခါလှုပ်ရမ်းသွားပါလိမ့်မယ်။
မောင်ခင်အေးတင့် (မဒေါက်)။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ