ယနေ့အချိန်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်နောက်ပိုင်း အလွန်အရေးကြီးသည့် သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါကို ရောက်ရှိနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့၌ ပြောကြား

Photo :နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ ဇူလိုင်လ ၁၃ ရက်က
ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့ Le Meridien Angkor ဟိုတယ်၌ နှုတ်ဆက်စကား
ပြောနေကြစဉ်

ယနေ့အချိန်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်
နောက်ပိုင်း အလွန်အရေးကြီးသည့် သမိုင်းကြောင်း အလှည့်အပြောင်း
အချိန်အခါကို ရောက်ရှိနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် ကျင်းပသည့် အမေရိကန်- အာဆီယံ
စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည်။

ဇူလိုင်လ ၁၃ ရက်နေ့က ကျင်း ပခဲ့သည့် အဆိုပါစီးပွားရေးဖိုရမ်တွင်
သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြော ကြားရာတွင် ယင်းကဲ့သို့ထည့်သွင်း
ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဒီကနေ့ ဒီအချိန်ဟာ ကျွန်တော် တို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ တဲ့
၁၉၄၈ ခုနှစ်နောက်ပိုင်း အလွန် အရေးကြီးတဲ့ သမိုင်းကြောင်းအလှည့် အပြောင်း
အချိန်အခါကိုရောက်ရှိနေ တာဖြစ်ပါတယ်။ သန်းပေါင်း ၆၀ ကျော်ရှိတဲ့
နိုင်ငံသားတွေ၊ အမျိုးပေါင်း ၁၀၀ ကျော်တဲ့ဘာသာစကား၊ ယဉ်
ကျေးမှုအသီးသီးနဲ့တိုင်းရင်းသားလူ မျိုးစုတွေနေထိုင်လျက်ရှိတဲ့ ကျွန်တော်
တို့နိုင်ငံဟာ ပထ၀ီအနေအထားအရ ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ် တဲ့
တရုတ်နဲ့အိန္ဒိယအကြား တည် ရှိနေပါတယ်။ ဒီ့ပြင် အရှေ့တောင် အာရှဒေသမှာ
မဟာဗျူဟာမြောက် တည်ရှိပြီး သယံဇာတအရင်းအမြစ် တွေပေါများတဲ့
ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာ့နိုင်ငံများအကြားမှာ ဖွံ့ဖြိုးမှု
နောက်ကျလျက်ရှိပါတယ်"ဟု နိုင်ငံ တော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

"စစ်ဘက်အုပ်ချုပ်ရေးစနစ် အောက်မှရုန်းထွက်ပြီး လက်နက်ကိုင် ပဋိပက္ခတွေလည်း
ချုပ်ငြိမ်းတဲ့ ထာဝရငြိမ်းချမ်းရေးပတ်ဝန်းကျင်မှာ နိုင်ငံ
ဖွံ့ဖြိုးတိုးတက်စေမယ့် ဒီမိုကရေစီခေတ် သစ်သို့ ချီတက်နေတဲ့ အထူးအရေး
ကြီးတဲ့အချိန်ဖြစ်ပါတယ်" ဟုလည်း ၎င်းင်းကဆက်လက်ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း တစ်ရပ်ဖော်ဆောင်ရေး ဆောင်ရွက် ရာတွင်
အခက်အခဲအမျိုးမျိုးကြုံတွေ့ ရမည်ဆိုသည်ကို ကြိုတင်မျှော်မှန်း
ပြီးဖြစ်ကြောင်း၊ အစိုးရသစ်အပြောင်း အလဲဖြစ်လာသည်နှင့်အညီ မြန်မာ
နိုင်ငံသားအားလုံးသည် အပြောင်း အလဲကို လိုလားလျက်ရှိပါကြောင်း၊
အစိုးရအဖွဲ့အနေဖြင့် ပြုပြင်ပြောင်း လဲမှုသုံးရပ်ကို တစ်ပြိုင်တည်းဖော်
ဆောင်လျက်ရှိပါကြောင်း သမ္မတဦး သိန်းစိန်က ပြောကြားခဲ့သည်။

ပထမဆုံးပြုပြင်ပြောင်းလဲမှုသည် ရာစုနှစ်ဝက်ခန့် ကျင့်သုံးခဲ့သည့် ဗဟို
ဦးစီးအုပ်ချုပ်မှု စနစ်အောက်က ရုန်းထွက်ပြီး ရင့်ကျက်ခိုင်မာသည့်
ဒီမိုကူးပြောင်းနိုင်ရန် ဖြစ်ပါကြောင်း၊
ဒုတိယပြုပြင်ပြောင်းလဲမှုသည်စစ်ပွဲများ မှသည် ငြိမ်းချမ်းရေးဆီသို့ဟု
ဆိုနိုင်ပါကြောင်း၊ တတိယပြုပြင်ပြောင်း လဲမှုသည် ဗဟိုဦးစီး စီမံကိန်း
စီးပွားရေးစနစ်ကို ဈေးကွက်စီးပွားရေးစရိုက် လက္ခဏာများ ပီပြင်စွာဖြင့်
စီးပွားရေး တိုးတက်မှု ရရှိလာအောင် ဆောင်ရွက် ခြင်းဖြစ်ပါကြောင်း ၎င်းက
ပြောကြား ခဲ့သည်။

ရင့်ကျက်ခိုင်မာသည့် ဒီမိုကရေ စီစနစ်သို့ ကူးပြောင်းမှုနှင့် ပတ်သက်၍
"ဒါဟာ ဒီမိုကရက်တစ် အလေ့အထတွေ ကွယ်ပျောက်နေခဲ့တဲ့
ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူတွေ အတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးပဲ
ဖြစ်ပါတယ်။ အခြေခံအဆောက်အဦတွေ အားနည်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ
ဥပဒေအသစ်၊ လွှတ်တော်အသစ်အပြင် တရားစီရင်ရေးကဏ္ဍကိုလည်း ပြုပြင်ပြောင်းလဲ
ဖို့ လိုအပ်နေဦးမှာဖြစ်ပါတယ်။ ခေတ်သစ်၊ စနစ်သစ်နဲ့ကိုက်ညီခြင်း မရှိ
တော့တဲ့ ဥပဒေများကိုလည်း ဖျက်သိမ်းခြင်း၊ ပြင်ဆင်ပြဋ္ဌာန်းခြင်းတို့
ဆောင်ရွက်လျက်ရှိပါတယ်။ ဒီ့ပြင် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေတဲ့
ဗျူရိုကရေစီစနစ်နဲ့ အစိုးရ၀န်ထမ်းတွေရဲ့ စိတ်ထားကိုလည်း
ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်"ဟု သမ္မတဦးသိန်း စိန်က ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခဲ့ပြီး မတူညီသည်များဘေးဖယ်ကာ
တူညီသည် များ လက်တွဲလုပ်ကိုင်ရန် ဖိတ်ခေါ် ခဲ့ပါကြောင်း၊ ယခုအခါ
ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ထဲကို ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊
ထို့ပြင် တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊
စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက်လူ့ အဖွဲ့အစည်းများမှ
ခေါင်းဆောင်များ၊ ပြည်တွင်းပြည်ပပညာရှင်များ၊ စာပေ /စာနယ်ဇင်း သမားများ၊
ကဏ္ဍမျိုးစုံမှ လူပေါင်းများစွာနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ပြီး
လက်တွဲခေါ်ဆောင်ခဲ့ပါကြောင်းလည်း ပြောကြားခဲ့သည်။

နိုင်ငံရေး အကျဉ်းသားရာပေါင်းများစွာကို ပြန်လွှတ်ပေးခဲ့ကြောင်း၊
သတင်းနှင့်ဆက်သွယ်ရေး နည်းပညာများ ပွင့်လင်းစွာအသုံးပြုနိုင်အောင်
ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိန်းချုပ် ကန့်သတ်မှုများ ပယ်ဖျက်ပေးခဲ့ကြောင်း၊
ပြည်ပရောက်နိုင်ငံသားများ ပြန်လာနိုင်အောင် ဖိတ်ခေါ်ခဲ့ကြောင်း၊ စာပေ
ထုတ်ဝေရေး စိစစ်မှုလုပ်ငန်းစဉ်များကို အဆင့်ဆင့်လျှော့ချပေးခဲ့ကြောင်း၊
မကြာခင်ကာလ၌ လွတ်လပ်ပွင့်လင်း စွာ ဆောင်ရွက်နိုင်သည့် မီဒီယာဖြစ်လာအောင်
ဥပဒေနှင့်အညီ လုပ်ဆောင်ပေးရန်လည်း ကတိက၀တ်ပြုထားပြီး ဖြစ်ကြောင်းလည်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းထဲတွင်
ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့အစည်းများကို ဥပဒေနှင့် အညီ
ဖွဲ့စည်းခွင့်ပြုခဲ့ကြောင်း၊ ဆယ်စုနှစ်ပေါင်းများစွာ
ခွင့်ပြုခြင်းမရှိခဲ့သည့် အလုပ်သမား အစည်းအရုံးဖွဲ့ စည်းခွင့်၊
လွတ်လပ်စွာစုဝေးခွင့်၊ ငြိမ်း ချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်စသည့် အခြေခံ
လူ့အခွင့်အရေးများအတွက် ဥပဒေများကို
ပြဋ္ဌာန်းခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

"ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့ မှတ်ယူနိုင်တဲ့ ပဋိပက္ခ တွေဟာ
ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးနဲ့အတူပေါ်ပေါက်ခဲ့တာနှစ်ပေါင်း ၆၀
ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီပဋိ ပက္ခတွေကို ပြီးခဲ့တဲ့တစ်နှစ်အတွင်း
မှာပုံစံအသစ်၊ ဒိုင်ယာလော့ အစစ် အမှန်နှင့်စေ့စပ်ညှိနှိုင်းခဲ့ရာမှာ ယခု
ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး
သဘောတူညီချက်တွေ လက်မှတ်ရေး ထိုးခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံး
ကျန်နေသေးတဲ့ ကချင်ပြည်နယ်မ KIO/KIA နဲ့လည်း သဘောတူညီချက်
ရရှိနိုင်အောင် စစ်မှန်သော ငြိမ်းချမ်းရေး ရလိုမှုဆန္ဒတွေနဲ့
ဆောင်ရွက်လျက်ရှိပါတယ်။ မကြာမီကာလမှာ အောင်မြင်မယ်လို့ ကျွန်တော်တို့
ယုံကြည်ပါတယ်"ဟု သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

မိန့်ခွန်းနိဂုံးချုပ်တွင် "ကျွန်တော် တို့ နိုင်ငံအနေနဲ့ နှစ်ပေါင်း ၆၀
ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျကျန် ခဲ့ရပါတယ်။ အာရှမှာ
မိတ်ဆွေနိုင်ငံ အများက အလေးထား အသိအမှတ် ပြုခံရမယ့် ဖွံ့ဖြိုးတိုးတက်တဲ့
ဒီမိုကရေစီနိုင်ငံအဖြစ် ရောက်ရှိလာအောင် ကျွန်တော်တို့
အစွမ်းကုန်ကြိုးစား သွားပါ့မယ်"ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
ကတိပြုပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိပ်တန်းအမေရိကန်
စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်သည့် ညစာစားပွဲသို့လည်း
တက်ရောက်ခဲ့ကာ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းခဲ့ပြီး မြန်မာနိုင်ငံတွင်
လာရောက်ရင်းနှီး မြှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့သည်။

တက်ရောက်လာကြသည့် အမေရိကန် စီးပွားရေးကုမ္ပဏီမှာ ၂၀၀ ၀န်းကျင်ခန့်ရှိပြီး
ယင်းအနက် Coca-Cola ၊ Caterpillar ၊ Goldman Sachs ၊ Ford ၊ General
Electric ၊ Google အစရှိသည့် နာမည်ကြီး ကုမ္ပဏီများလည်း ပါဝင်ကြောင်း
သိရသည်။
Ref :http://www.news-eleven.com/index.php?option=com_content&view=article&id=14555:2012-07-15-06-48-59&catid=42:2009-11-10-07-36-59&Itemid=112
--
Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ