အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၂)

၆။ သီချင်းစာသားကိုဖတ်ပါ။ အင်္ဂလိပ်သီချင်းနားထောင်ရုံသက်သက်နဲ့လည်း
သီချင်းထဲမှာပါတဲ့ စကာလုံးတွေကို အလွယ်တကူ မှတ်မိသိရှိသွားနိုင်တဲ့
နည်းလမ်းကောင်းဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ် သီချင်းနားထောင်ပြီး တကယ်တမ်း
အင်္ဂလိပ်စာ တိုးတက်ချင်တယ်ဆိုရင် သီချင်းစာသားကို အဘိဓာန် သုံးပြီးတော့
အချိန်ပေး ဖတ်ရှုလေ့လာရမှာ ဖြစ်ပါတယ်။ CD နဲ့အတူ သီချင်းစာသားစာအုပ်ကလေး
ပါမလာဘူးဆိုရင် အင်တာနက်မှာ သီချင်းစာသား ရှာယူနိုင်ပါတယ်။
တချို့သီချင်းစာသားတင်ထားတဲ့ Website တွေက မူပိုင်ခွင့်ကြောင့်
သူတို့တင်ထားတဲ့ သီချင်းစာသားတွေထဲမှာ အမှားနည်းနည်း တမင်တကာ
ထည့်ထားတတ်ကြတယ် ဆိုတာကို သတိပြုပါ။ သီချင်းစာသားကိုဖတ်ပြီး
နားလည်သွားပြီ ဆိုရင် သီချင်းကို နားထောင်ပြီး တစ်ချိန်တည်းမှာပဲ
စာသားကိုဖတ်မယ်ဆိုရင် သဘာဝအတိုင်း အလွတ်သဘော စကား အမြန် ပြောတဲ့အခါမှာ
အသံထွက်တွေ ဘယ်လိုပြောင်းလဲသွားသလဲ ဆိုတာကို နားလည်နိုင်ဖို့
နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်။

၇။ အင်္ဂလိပ်လို ကာရာအိုကေသီချင်း သီဆိုပါ။ သီချင်းကို နားလည်ပြီး
အလွတ်ရပြီဆိုရင် နောက်တဆင့် လုပ်ဆောင်ရမှာကတော့
ကိုယ်တိုင်ဆိုဖို့ပဲဖြစ်ပါတယ်။ တချို့စကားလုံးတွေဟာ သီချင်းထဲမှာ
အံဝင်ခွင်ကျ ဖြစ်အောင် အသံထွက် လုံးဝပြောင်းလဲသွားပေမယ့်
စကားလုံးအများစုကတော့ ပုံမှန်စကားပြောတဲ့အခါမှာ ဆိုရတဲ့ အသံထွက်အတိုင်း၊
Stress အတိုင်းပဲ ရှိပါတယ်။ သီချင်းစာသားတစ်ကြောင်း ပြီးဆုံးတိုင်း
ဘယ်စကားလုံးတွေက ကာရန်ကိုက်တယ်ဆိုတာကို မှတ်မိခြင်းအားဖြင့် အင်္ဂလိပ်စာ
အသံထွက် တတ်မြောက်လာဖို့ နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်။

၈။ ရုပ်ရှင်၊ တေးဂီတ၊ သီချင်း၊ ဟိုတယ်၊ စာအုပ် စတာတွေကို ဝေဖန်ချက်
ရေးသားပါ။ အင်္ဂလိပ်လို စာရေးဖြစ်အောင် အလိုလိုနှိုးဆော်ပြီးသား ဖြစ်ရုံမက
အလွယ်တကူလုပ်နိုင်တဲ့နည်းလမ်းကတော့ Amazon လိုမျိုး၊ ဒါမှမဟုတ် Internet
Movie Database (အင်တာနက်ရုပ်ရှင်အချက်အလက်မှတ်တမ်းစု) လိုမျိုး
ဝက်ဘ်ဆိုက်တွေအတွက် ဝေဖန်ချက်ရေးတာပဲဖြစ်ပါတယ်။ အဲဒီလို ၀က်ဘ်ဆိုက်တွေမှာ
အင်္ဂလိပ်ဘာသာ ကို မိခင်ဘာသာစကားအဖြစ်ပြောသူတွေ မဟုတ်သူ အများအပြားက
ဝေဖန်ချက်တွေ ရေးကြပါတယ်။ ကိုယ့်ဘာသာနဲ့ ရေးထားတဲ့ ဒါမှမဟုတ်
လူသိမများတဲ့ စာအုပ်၊ သီချင်း ဒါမှမဟုတ် ရုပ်ရှင်အကြောင်းကို ကိုယ်က
သိထားပေမယ့် လူတွေမသိကြသေးဘူးဆိုရင် ဝေဖန်ချက်ရေးပြီး အဲဒီ
ဝက်ဘ်ဆိုက်တွေမှာ တင်ထားနိုင်တယ်။ အင်္ဂလိပ်ဘာသာစကားပြောတဲ့သူတွေအတွက် အထူး
စိတ်ဝင်စားစရာ ဖြစ်နိုင်ပါတယ်။

၉။ အင်တာနက်မှာ ဘာမဆို တစ်ခုခု ရှာစရာရှိရင် အင်္ဂလိပ်ဘာသာစကားနဲ့သာလျှင်
ရှာဖွေပါ။ Bing, Yahoo, Google စတာတွေကို အင်္ဂလိပ်ဘာသာ စကားနဲ့ပဲ
အသုံးပြုခြင်းအားဖြင့် လိုချင်တဲ့ အချက်အလက်ကို အလျင်အမြန်
ဖတ်ရှုရှာဖွေတတ်ဖို့ ကောင်းကောင်း လေ့ကျင့်ပြီး ဖြစ်သွားရုံမျှမက ရွေးစရာ
ဝက်ဘ်ဆိုက်တွေလည်း ပိုပြီးများလာမှာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ
ကိုယ့်နယ်မြေဒေသအကြောင်း နိုင်ငံခြားသားတွေက ဘာတွေရေးနေကြတယ်ဆိုတာကိုလည်း
သိလာမှာဖြစ်ပါတယ်။

၁၀။ ကိုယ့်ဘာသာစကားနဲ့ဖတ်ဖူးပြီး စာအုပ် ဒါမှမဟုတ်
ကြည့်ပြီးရုပ်ရှင်အကြောင်းကို ဖတ်ကြည့်ပါ။ ဘာသာစကားသင်ယူသူအများစုဟာ
အဆင့်မြင့်မြင့် မတတ်ကျွမ်းသေးခင်အချိန်မှာ ကျွမ်းကျင်မှု အဆင့်အလိုက်
ပြုစုထားတဲ့ ဖတ်စာစာအုပ်ကို ဖတ်လျှင် ဒါမှမဟုတ် အင်တာနက်က
စာတွေကိုဖတ်လျှင် အင်္ဂလိပ်ဘာသာစကား ပြောတတ်သူတွေအတွက် ရေးထားတဲ့
မူရင်းစာအုပ်ကို ဖတ်တာထက်ပိုပြီး တတ်လွယ်နိုင်ပါတယ်။ ဒါပေမယ့်လည်း
အချို့သူတွေအတွက် Harry Potter လို စာအုပ်မျိုးကို
မူရင်းအတိုင်းဖတ်လျှင် အင်္ဂလိပ်ဘာသာစကားတိုးတက်ဖို့ အများကြီး
စေ့ဆော်မှုဖြစ်ပါတယ်။ အဲဒီလို ဖတ်ရာမှာ ပိုပြီးလွယ်ကူမှုရှိအောင်နဲ့
မောပန်းနွမ်းနယ်သွားရုံမျှမကဘဲ ဆက်ပြီး ဖတ်လိုစိတ်ရှိစေဖို့
ဇာတ်လမ်းသိပြီး စာအုပ်ကို ဖတ်နိုင်ပါတယ်။ ဇာတ်လမ်းသိပြီးဖြစ်တဲ့အတွက်
ဝေါဟာရတွေကို နားလည်ဖို့၊ နားမလည်သေးလျှင်လည်း အဓိပ္ပာယ်ကို မှန်းဆဖို့
ပိုပြီးလွယ်ကူမှာ ဖြစ်ပါတယ်။ စကားအသုံးအနှုန်းတွေ ကိုလည်း ပိုပြီးတော့
မှတ်မိနိုင်မှာဖြစ်ပါတယ်။ စာအုပ်ကို မဖတ်ဘူးလို့ရှိရင် ဇာတ်လမ်းအကျဉ်းကို
အင်တာနက်ကနေ ရှာဖွေပြီး ဖတ်ကြည့်ပါ။ အလားတူ အထောက်အကူပြုနိုင်ပါတယ်။


- ဆက်ပါဦးမည်-

--
Nann Nyunt Oo

1 comment:

  1. ကျေးဇူးတင်ပါတယ်အစ်ကိုကြီး...မိန်းမမရသေးရင်ချောချောလေးရပါစေဗျာ....အဟဲ..ဟဲ...ရပြီးပြီဆိုရင်လည်း..အမြဲတမ်းချစ်ချစ်ခင်ခင် ရာသက်ပန်ပေါင်းသွားရပါစေဗျာ

    ReplyDelete

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ