"ပြည်သူတွေရဲ့ ကူညီပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အရေးကြီးတယ်"
၂၀၁၂ခုနှစ် နှစ်လယ် မေလ နောက်ဆုံးပတ်တွင် ရခိုင်ပြည်နယ်
ရမ်းဗြဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ရခိုင်အမျိုးသမီး တစ်ဦးကို
အဓမ္မပြုကျင့်၊ လူသတ်မှုမှ စတင်ခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခ၏
ဆိုးကျိုးရလဒ် အဖြစ် ပဋိပက္ခ အခြေခံရာ ရမ်းဗြဲမြို့ အပါအဝင် ဘူးသီးတောင်၊
မောင်တော၊ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ကျောက်တော် စသောမြို့များမှ
သေဆုံးသူ လူဦးရေ ၉ဝ နီးပါးနှင့် နေအိမ်ပေါင်း လေးထောင်ကျော်
ပျက်စီးခဲ့ကာ လူဦးရေ ခုနစ်သောင်းကျော် ခန့်သည် ဒုက္ခသည်များ ဘဝသို့
ရောက်ရှိခဲ့ရသည်။ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ရခိုင်ပြည်နယ် အတွင်း
ရှိနှင့်ပြီးသော ဘင်္ဂါလီ လူမျိုးများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘင်္ဂါလီ
လူမျိုးများသည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း
ဒေသကြီးအထက်ပိုင်း ဒေသများသို့ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ
တို့မှတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော် တောလမ်းများမှ ခိုးဝင်
လာခဲ့ကြပြီး မြန်မာနိုင်ငံ အတွင်းသို့ စိမ့်ဝင်ပျံ့နှံ့လျက် ရှိနေသည်။
စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရခိုင်အရေးနှင့် ပတ်သက်၍ သမ္မတအဆို
ထောက်ခံပွဲတစ်ရပ် ကလေး မြို့တွင် ကျင်းပခဲ့ပြီး နောက်တစ်နေ့ စက်တင်ဘာလ ၁၄
ရက်နေ့တွင် ခိုးဝင်ဘင်္ဂါလီ ၁ဝ ဦးနှင့် မြန်မာလမ်းပြ တစ်ဦးတို့ကို
ဖမ်းဆီးရမိခဲ့သည်။ ယင်းမတိုင်မီ တွင်လည်း ဖမ်းဆီးရမိခဲ့ခြင်းများ
ရှိကြောင်း ကြားသိ ရသည့်အတွက် ထိုသို့ တရားမဝင် ခိုးဝင်လာမှုများကို
ကလေးခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး
ဦးစီးဌာနအနေနှင့် မည်သို့ ဆောင်ရွက်နေသည်ကို သိရှိရန်အတွက် ကလေးခရိုင်
လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနနှင့် The
Voice Weekly တို့အောက်တိုဘာလ ၇ ရက်နေ့ တွင် တွေ့ဆုံ
မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး ။ ။ အခုဆိုရင် ရခိုင်ဒေသ မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်
ပြီး ဘင်္ဂါလီလူမျိုးတွေဟာ မြန်မာနိုင်ငံ အနှံ့အပြားကို ဝင်ရောက်လာတာတွေ့
ရပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှာ မြို့နယ်အလိုက် ဖမ်းဆီး
ရမိတဲ့သတင်းတွေလည်း မီဒီယာတွေ ပေါ်မှာ တွေ့လာရတော့ အဲဒီတရား မဝင်
ခိုးဝင်လာတဲ့ နိုင်ငံခြားသားတွေ ကို ကာကွယ် တားဆီးနိုင်ဖို့ အတွက်
ကလေးခရိုင် လ.ဝ.က အနေနဲ့ ဘယ်လို စီမံချက်တွေနဲ့ လုပ်ဆောင်နေတယ် ဆိုတာ
သိချင်ပါတယ်။
ဖြေ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် အတွင်းမှာ
အိန္ဒိယနယ်စပ် ကနေ တစ်ဆင့် ဘင်္ဂါလီလူမျိုးများ တရားမဝင် ခိုးဝင်လာမှုဟာ
ရခိုင်ပြည် နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ မဆိုင်ပါဘူး။ ရခိုင်ပြည်နယ်မှာ
ဖြစ်ပွားခဲ့တဲ့ကိစ္စ မတိုင်မီကတည်းက မကြာခဏ ဖမ်းဆီးရမိနေတာပါ။
ရခိုင်ပြည်နယ် မှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်လာမှ ဖမ်းဆီးနေတာ မဟုတ်သလို
ဘင်္ဂါလီ လူမျိုးများ ကိုသာ ဖမ်းဆီးတာ မဟုတ် ပါဘူး။ နိုင်ငံအတွင်းကို
ခွင့်ပြုချက် မရရှိဘဲ မတရား ခိုးဝင်လာတဲ့ ဘယ်လို နိုင်ငံခြားသားကို မဆို
ဖော်ထုတ်ဖမ်းဆီး သွားမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီဌာနအနေနဲ့ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းက ခရိုင်၊ မြို့နယ်
အားလုံးမှာ နိုင်ငံခြားသားတွေ တရားမဝင် ခိုးဝင်လာမှုတွေကို ကာကွယ်တားဆီး
နိုင်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး
ဦးစီးဌာန ရုံးချုပ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီး ဌာနမှူးတို့ရဲ့
ညွှန်ကြားချက် တွေနဲ့အညီ နိုင်ငံခြားသားတွေ မတရား ခိုးဝင်မှု
ကာကွယ်တားဆီးရေး စီမံချက်တွေကို ခရိုင်အလိုက် ရေးဆွဲပြီး ဆောင်ရွက်လျက်
ရှိပါတယ်။ ဒီစီမံချက်အရ တာဝန်ရှိ ဌာန၊ အဖွဲ့အစည်းများ အားလုံးဟာ
ပြည်သူလူထုရဲ့ ကူညီမှုနဲ့ ပူးပေါင်း ပါဝင်မှုတို့ကို ရယူပြီး နယ်စပ်ဒေသတွေ
ကနေ ဥပဒေမဲ့ ခိုးဝင်လာတဲ့ နိုင်ငံခြား သားတွေကို ဥပဒေနဲ့အညီ ပူးပေါင်း
ဖော်ထုတ်ဖမ်းဆီး အရေးယူ ဆောင်ရွက် လျက်ရှိပါတယ်။ ဒီလိုဖော်ထုတ်နိုင်ဖို့
ပြည်သူတွေရဲ့ ကူညီ ပူးပေါင်းဆောင် ရွက်မှုဟာ အလွန် အရေးကြီးတဲ့အတွက် ဒီလို
ပါဝင်လာနိုင်စေဖို့ ပညာပေးဟော ပြော အသိပေးတာ တွေကိုလည်း ထည့်
သွင်းဆောင်ရွက်လျက် ရှိပါတယ်။
မေး ။ ။ အဲဒီတရားမဝင် ခိုးဝင် လာမယ့်သူတွေ ဝင်လာနိုင်တဲ့
လမ်းကြောင်းတွေကို သိချင်ပါတယ်။
ဖြေ ။ ။ ကလေးခရိုင် အတွင်းမှာ ဖမ်းဆီးရမိတဲ့ ခိုးဝင်လာသူ တွေဟာ
နယ်စပ်ကနေ တရားမဝင် ဖြတ်ကျော် ပြီး တောလမ်းတွေ ကနေ မြန်မာနိုင်ငံ အတွင်း
ဥပဒေမဲ့ ခိုးဝင်လာကြသူတွေ ဖြစ်ပါတယ်။
မေး ။ ။ ဝင်ရောက် လာခဲ့သူတွေ ဟာ ဘယ်လိုမျိုးတွေ ဖြစ်တယ်ဆိုတာ ရယ်၊
ဘယ်လိုရည်ရွယ်ချက် တွေနဲ့ ဝင်ရောက်လာခဲ့တယ် ဆိုတာလည်း သိချင်ပါတယ်။
ဖြေ ။ ။ ဒီလို တရားမဝင် ခိုးဝင်လာ တဲ့လူအများစု ကတော့ ဘင်္ဂါလီ
လူမျိုး တွေဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယ နိုင်ငံသား တချို့ကိုလည်း
တရားမဝင် ဥပဒေမဲ့ ခိုးဝင်လာတဲ့ အတွက် ဖမ်းဆီး ရမိတာတွေ ရှိပါတယ်။
ရည်ရွယ်ချက် ကတော့ တချို့ဟာ မြန်မာနိုင်ငံကို ကြားခံပြီး ထိုင်းနဲ့
မလေးရှား နိုင်ငံတွေ ဆီ သွားရောက်ဖို့နဲ့ တချို့ကတော့ ပြည်တွင်းမှာ
အခြေချ နေထိုင်လုပ်ကိုင် ဖို့ ရည်ရွယ်ကြောင်း တွေ့ရပါတယ်။
မေး ။ ။ ဒီနေ့အထိ ခရိုင်အတွင်းမှာ ဖမ်းဆီးရရှိမှု စာရင်းရယ်၊
သူတို့ကို ဘယ်လိုဥပဒေ တွေနဲ့ အရေးယူဆောင် ရွက်ခဲ့တယ်ဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ၂ဝ၁၁ ခုနှစ် အတွင်းမှာဆို ရင် ကလေးခရိုင် အတွင်း နယ်စပ်က
နေပြီးတော့ တရားမဝင် ခိုးဝင် လာတဲ့ အိန္ဒိယနိုင်ငံသား ခုနစ်ဦး၊
ဘင်္ဂါလီလူမျိုး ၁၃ ဦးနဲ့ သူတို့ကို ကူညီ ခေါ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား
ငါးဦး၊ ပေါင်း ၂၅ ဦး၊ ၂ဝ၁၂ ခုနှစ် အတွင်းမှာ ဆိုရင် ကလေးခရိုင် အတွင်း
နယ်စပ်က နေပြီးတော့ တရားမဝင် ခွင့်ပြုချက် မရရှိဘဲ ခိုးဝင်လာတဲ့ ဘင်္ဂါလီ
လူမျိုး ၃၇ ဦး၊ အိန္ဒိယနိုင်ငံသား တစ်ဦး နဲ့ သူတို့ကို ကူညီ
ခေါ်ဆောင်လာသူ မြန်မာနိုင်ငံသား ခြောက်ဦး ဖမ်းဆီးရမိ ခဲ့ပြီး အဲဒီလို
နယ်စပ်ဒေသ ကနေ တရားမဝင် ခွင့်ပြုချက် မရရှိဘဲ ခိုးဝင် လာတဲ့ အိန္ဒိယ
နိုင်ငံသားတွေ အပါအဝင် ဘင်္ဂါလီ လူမျိုးတွေ အားလုံးကို ၁၉၄၇ ခုနှစ်
မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်
ဥပဒေပုဒ်မ ၁၃ (၁) အရလည်းကောင်း၊ သူတို့ကို ကူညီခေါ်ဆောင်လာတဲ့
မြန်မာနိုင်ငံသား များကို လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၅) အရ
လည်းကောင်း တရားစွဲဆို အရေးယူခဲ့ ပါတယ်။
မေး ။ ။ ခရိုင်အတွင်းမှာ မတရား ဝင်ရောက်မှု ကာကွယ်ရေးအဖွဲ့ (မ.က.ဖ)
ဖွဲ့စည်း ထားပါသလား။ ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို
စီမံချက်တွေနဲ့ ဆောင်ရွက်နေ တယ်ဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ကလေးခရိုင် အတွင်းမှာ နိုင်ငံခြားသားများ မတရား ဝင်ရောက်မှု
ကာကွယ်ရေး အဖွဲ့ကို ၁၉၆၄ ခုနှစ် လောက်ကစပြီး ဖွဲ့စည်း ထားပါတယ်။
လက်ရှိကာလမှာ ကလေးခရိုင်နဲ့ တမူး ခရိုင်အတွင်း အမှတ် (၂၁) နိုင်ငံခြား
သားများ မတရား ဝင်ရောက်မှုကာကွယ် ရေး အဖွဲ့ဟာ သတ်မှတ် တာဝန်များကို
ညွှန်ကြားချက် တွေနဲ့အညီ ဖြန့်ခွဲတာဝန် ထမ်းဆောင်လျက် ရှိပါတယ်။
ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်တွေဟာ နိုင်ငံခြားသား တွေ မတရား ဝင်ရောက်မှုကို
ကာကွယ် တားဆီးဖို့ပဲ ဖြစ်ပါတယ်။ ဒီလို ကာကွယ် တားဆီးနိုင်ဖို့အတွက်
အထက်မှာ ဖြေကြားထားတဲ့ စီမံချက်တွေချမှတ်ပြီး ဒေသ အာဏာပိုင်
အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေ ပူးပေါင်းပါဝင် ကူညီ မှုနဲ့ ဆောင်ရွက်လျက်
ရှိပါတယ်။
မေး ။ ။ စီမံချက် ကာလကိုလည်း သိချင်ပါတယ်။
ဖြေ ။ ။ ဒီစီမံချက်ဟာ တစ်ရက်၊ တစ်လ၊ တစ်နှစ်နဲ့ ပြီးစီးမယ့်
လုပ်ငန်း မျိုးမဟုတ်ဘဲ ၊ နိုင်ငံနဲ့ နိုင်ငံသားတွေ အတွက် ရေရှည်အစီအမံ
အဖြစ် သတ် မှတ်ဆောင်ရွက်လျက် ရှိပါတယ်။
မေး ။ ။ ခရိုင်အတွင်းမှာ ပြည်သူ တွေကို ဒီလို မတရားခိုးဝင်လာမယ့်
နိုင်ငံခြားသား တွေကို ကာကွယ်တားဆီး နိုင်ဖို့ ဘယ်လို
အသိပညာပေးခြင်းမျိုး တွေ ဆောင်ရွက်နေတယ် ဆိုတာ သိချင် ပါတယ်။
ဖြေ ။ ။ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး
ဦးစီးဌာန မြို့နယ်ဦးစီးမှူး တွေဟာ သက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်ကွက်၊
ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး တွေကနေ တစ်ဆင့် သက်ဆိုင်တဲ့ ပြည်သူလူထု
သိရှိအောင် အခွင့်အခါ သင့်တိုင်း အသိပေး ဆွေးနွေးလျက် ရှိပါတယ်။ ဒါ့အပြင်
လက်ရှိဆောင်ရွက်နေတဲ့ မိုးပွင့်စီမံချက် တွေနဲ့ အိမ်ထောင်စု
လူဦးရေစာရင်းနဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားတွေကို ရပ်ကွက်၊
ကျေးရွာတွေမှာရှိတဲ့ ပြည်သူလူထု ကို ဒီလိုတရားမဝင် ဥပဒေမဲ့ခိုးဝင်လာ တဲ့
နိုင်ငံခြားသားတွေကို ကာကွယ်တား ဆီးနိုင်ဖို့အတွက် ပူးပေါင်းပါဝင်ရေး၊
ဖော်ထုတ် ဖမ်းဆီးနိုင်ရေးတို့အတွက် ပညာပေး ဟောပြောအသိပေး မှာကြား
ဆောင်ရွက်စေလျက် ရှိပါတယ်။
မေး ။ ။ ဟုတ်ကဲ့၊ ဖြည့်စွက်ပြော ချင်တာများရှိရင် ပြောပြပေးပါ။
ဖြေ ။ ။ နောက်ဆုံးအနေနဲ့ ဖြည့် စွက် ပြောလိုတာကတော့ ဒီလိုတရားမဝင်
ခိုးဝင်လာတဲ့ နိုင်ငံခြားသား တွေကို ကာကွယ် တားဆီးနိုင်ဖို့နဲ့ ဖော်ထုတ်
အရေးယူနိုင်ဖို့ အတွက် ဒီဌာန အပါ အဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း
တွေနဲ့တင် မလုံလောက်ဘဲ ပြည်သူလူထု ကလည်း ပူးပေါင်းပါဝင် ကူညီဆောင်
ရွက်မှသာ ထိရောက်စွာ ကာကွယ်တားဆီး ဖော်ထုတ် အရေးယူနိုင်မှာ ဖြစ်ကြောင်း
ပြောလိုပါတယ်။

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ