ရခိုင်ဒေသမှ ပဋိပက္ခမီးလျှံများနှင့် ငြိမ်းချမ်းရေးခက်ဆစ် အဖြေ Written by မောင်သွေးချွန်

ကျောက်တန်းကုန်းကျေးရွာမှ ထွက်ပြေးနေသော ရခိုင်တိုင်းရင်းသား
အဘွားအိုတစ်ဦးအား တွေ့ရစဉ် ဓာတ်ပုံ - လှိုင် (စစ်တွေ)

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ဟာ
သမ္မတအိမ်တော်မှာ မီဒီယာများနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီးချိန်မှာပဲ
ဘာမှမကြာလိုက်ခင် အဲဒီညဦးမှာ ရခိုင်ရိုဟင်ဂျာအရေး ပေါက်ကွဲမှုကြီး
ဝုန်းခနဲထဖြစ်ပါတယ်။ ရခိုင်အရေးနဲ့ပတ်သက်ပြီး အခြေအနေမှန်တွေကို
ဖုံးကွယ်ဖို့တချို့သော ပုဂ္ဂိုလ်များ အဖွဲ့အစည်းများက ကြိုးစားနေချိန်မှာ
ရခိုင်အရေးဟာ ပေါ့သေးသေး မဟုတ်ကြောင်း အောက်တိုဘာလ ၂၁ ရက်ညက
ပြန်လည်ပေါက်ကွဲ လာတဲ့ ပြင်းထန်လွန်းတဲ့ ပဋိပက္ခများ က သတိပေးလိုက်ပြီ
ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ၈ အောက်တိုဘာလ ၂၀၁၂ က
အမေရိကန်ခရီးစဉ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်အရေး
အပါအ၀င်ဖြစ်သော တိုင်းရင်းသားပဋိပက္ခများ နှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ
ပေးလိုခြင်းမရှိကြောင်း ထည့်သွင်းပြောကြား သွားခဲ့တဲ့အတွက်
ဒီစကားမျိုးပြောတာ ဒေါ်အောင်ဆန်းစုကြည်မှ ဟုတ်ပါလေစလို့ အံ့သြခဲ့ရပါတယ်။

နိုင်ငံတော်သမ္မတကြီးကတော့ ရခိုင်အရေးဟာ တိုင်းပြည်ရဲ့အရေးကြီးတဲ့
ကိစ္စဖြစ်ကြောင်း ၂၁-၁၀-၂၀၁၂ က မီဒီယာတွေ့ဆုံပွဲမှာ အလေးအနက်ထည့်သွင်း
ပြောကြားသွားပါတယ်။ သမ္မတကြီးရဲ့ အစိုးရသက်တမ်း
တစ်နှစ်ပြည့်မိန့်ခွန်းပြောပြီး နှစ်လခန့်အကြာမှာ ရိုဟင်ဂျာပဋိပက္ခ
စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း အခြေအနေတွေ တည်ငြိမ်အောင်
ထိန်းသိမ်းနိုင်ခဲ့ပါပြီ ဘာညာနဲ့ သတင်းထုတ်ပြန်အပြီးမှာပဲ ပြဿနာတွေ
ပဋိပက္ခတွေက ပုဒ်မ ၁၄၄ ထုတ်ရတဲ့အထိ ကြီးထွားလာခဲ့ပါတယ်။
ရခိုင်အရေးဟာ အမျိုးသားရေး၊ ပြည်ထောင်စုကြီးရဲ့အရေး . . .။ ဒါကြောင့်
နိုင်ငံတော် သမ္မတကြီးရဲ့ လမ်းညွှန်ချက်လေးရပ်ထဲမှာ ပါတဲ့အတိုင်း
နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်။ အမျိုးသား အကျိုးစီးပွား
မထိခိုက်စေရန်။ နိုင်ငံ၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်။ အိုအိုင်စီရုံး
ဖွင့်ခွင့်မပြုကြောင်း . . .

ရခိုင်အရေးနဲ့ပတ်သက်ပြီး ၂၀၁၂ ဇွန်လ ၁၀ ရက် နိုင်ငံတော်သမ္မတ ကြီးက
တိုင်းပြည်သို့ မိန့်ခွန်း ပြောကြားခဲ့ရာမှာ . . .

"ဒီလိုလူမျိုးဘာသာစွဲတွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့
မုန်းတီးမှုတွေ၊ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့ စရိုက်တွေကို
ရှေ့တန်းတင်လျက် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကြမ်းဖက်သတ်ဖြတ်
နေကြမယ်ဆိုရင်ရခိုင် ပြည်နယ်တွင်သာမက
ပိုမိုကျယ်ပြန့်ဖြစ်ပွားလာစေနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ အခြားသော
အမှောင့်ပ ယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာဖြစ်လာခဲ့ရင်
အသွင်ကူးပြောင်းစသာ ရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့
တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး နဲ့
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဆုံးရှုံးမှု
ဖြစ်ပေါ်လာစေနိုင်တာကို မိဘပြည်သူ များအားလုံး အထူးသတိထား
ကြစေချင်တယ်"လို့ ဖော်ပြခဲ့ပါတယ်။

အောက်တိုဘာလ ၂၁ ရက်က မီဒီယာတွေကို အဖြေပေးခဲ့ရာမှာတော့

"လူ့အဖွဲ့အစည်းနှစ်ခုဟာ တစ်နေရာတည်းမှာ နေနေရတာဖြစ်တဲ့ အတွက်ကြောင့်
ခုနကလို ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ အတူယှဉ်တွဲပြီး နေနိုင်မလဲဆိုတာကို
ဒီအချက်က ကျွန်တော် တို့အတွက် အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။ အဲဒီတော့
အတူယှဉ်တွဲ ပြီးတော့ နေနိုင်ဖို့အတွက် လုပ်ရမယ့် လုပ်ငန်းတွေကတော့
အများကြီးရှိပါတယ်။ အခြေခံကျတဲ့လုပ်ငန်းတွေ၊ အဲဒီအခြေခံကျတဲ့
လုပ်ငန်းတွေက ခုနကလို ပညာရေးပါပဲ။ အဲဒီဒေသမှာရှိတဲ့ လူတွေက
အသိပညာကြွယ်ဝဖို့ လိုပါတယ်" လို့ဆိုချင်ပါတယ်။

(၂၅-၁၀-၂၀၁၂ထုတ် မြန်မာနယူးစ်ဝိစ်)

ရခိုင်ရိုဟင်ဂျာအတူယှဉ်တွဲနေ ထိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ကြောင်း
၂၅-စက်တင်ဘာ ၂၀၁၂ မှာကျင်းပ ခဲ့တဲ့ ရသေ့တောင်လူထုစည်းဝေးပွဲ ကြီးက
တစ်ခဲနက်ဆုံးဖြတ်ကြေညာ ခဲ့ပြီး ဖြစ်ပါတယ်။ (ရခိုင်လူထုစည်း
ဝေးပွဲဆုံးဖြတ်ချက်များ သမ္မတရုံး သို့ပို့ထားပြီးဖြစ်ပါတယ်) ဒီလိုအတူ
မနေနိုင်ဘူးဆိုတာ ပညာမတတ်လို့ အသိပညာမကြွယ်ဝလို့ လုံးဝမဟုတ်ပါဘူး။
နှစ်ပေါင်းရာချီပြီး ခံစားနေရတဲ့ သမိုင်းရေးခံစားချက် စိတ်အနာပေါ်မှာ
လတ်တလော ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေက ပိုမိုပြင်းထန် ခါးသီးစေတဲ့အတွက်
အတူနေလို့မဖြစ်နိုင်ဆိုတဲ့ ဆုံးဖြတ်ချက်ပေါ်ထွက်လာတာပါ။

ရခိုင် ရိုဟင်ဂျာနှစ်ဖက်စလုံးမှာ ပညာတတ်တွေပါဝင်လျက်ရှိပါတယ်။
ဒီပညာတတ်တွေကပဲ ဦးဆောင်နေ တာပါ။ ရခိုင်လူထုဟာ ပညာရေး
အားနည်းအသိမကြွယ်လို့ ဒီလိုအတူ မနေနိုင်ဘူးလို့ ဆုံးဖြတ်တယ်ပဲ
ထားလိုက်ပါဦး။ ပညာတတ်တွေ ပညာရှင်တွေ ရာထူးရာခံအကြီးကြီးတွေပါဝင်
ဆွေးနွေးခဲ့တဲ့ ရခိုင်အရေးအလုပ်ရုံ ဆွေးနွေးပွဲမှာတောင်
ကျေနပ်စရာကောင်းတဲ့ အဖြေမရခဲ့ပါဘူး။ အဲဒီ ဆွေးနွေးပွဲမှာ အစိုးရကိုယ်စား
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။ "ဘင်္ဂါလီ"
ဆိုတဲ့ အသုံးအနှုန်းကို ဘင်္ဂလားဒေ့ရှ် သံအမတ်က လက်မခံလို့
ဆွေးနွေးပွဲပျက်ခဲ့ရပါတယ်။

ဆွေးနွေးပွဲပျက်ခဲ့တယ် ထားဦး၊ အစည်းအဝေးအပြီး စုပေါင်းဓာတ်ပုံ
အမှတ်တရရိုက်ဖို့ လုပ်တာတောင် မအောင်မြင်ခဲ့ပါဘူး။ တစ်သက်လုံးအတူနေဖို့
မပြောနဲ့ နေပြည်တော်လို ရာဇဋ္ဌာနီ လုံခြုံစိတ်ချ အေးချမ်းလျက်
ရှိတဲ့နေရာမှာတောင် မိနစ်ပိုင်းကလေးမျှတောင် အတူယှဉ်တွဲဓာတ်ပုံ
ရိုက်ခွင့်မရခဲ့ပါဘူး။ အသိကြွယ်ဝ ပညာကြီးမားလှတဲ့ ပုဂ္ဂိုလ်ကြီးများတောင်
ခဏတစ်ဖြုတ်မျှ အတူယှဉ်တွဲလိုက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ရခိုင်ခေါင်းဆောင်တွေ ပါဝင်ခဲ့တဲ့
အဲဒီဆွေးနွေးပွဲ ပျက်ခဲ့တာထက် ဟိုမီးလောင်ပြင်ထဲ သွေးမခြောက်သေးတဲ့
နေရာမှာ အတူယှဉ်တွဲနေထိုင်ဖို့ အတော်ခက်ခဲပါလိမ့်မယ်။

စစ်တွေကျောင်းသားများကတောင် သူတို့တက္ကသိုလ်သွားရာ လမ်းတစ်လျှောက်က
ဘင်္ဂါလီ(ရိုဟင်ဂျာ) ရွာတွေဖယ်ရှားပေးဖို့ တောင်းဆိုနေပါ ပြီ။ သူတို့ရဲ့
ငြိမ်းချမ်းစွာ ပညာသင်ကြားရေးအတွက် မလုံခြုံလို့ပါတဲ့။ မလုံခြုံတဲ့
အခြေအနေကတော့ နှစ်ဖက်စလုံးမှာ ရှိတဲ့အတွက် မျှမျှတတ
စဉ်းစားစီစဉ်ပေးရမှာပါ။ နိုင်ငံတော် သမ္မတကြီးက "တစ်ချက်ကတော့
စိတ်ထားပြောင်းအောင် လုပ်ရမှာ ဖြစ်ပါတယ်။ လက်ခံနိုင်တဲ့ စိတ်ထားတွေ
ဖြစ်ပေါ်လာအောင် ပညာရေးကနေ စပြီးတော့ အခြေခံပြီး လုပ်ပေးစရာ
တွေရှိနေပါတယ်"လို့ အဖြေပေးပါတယ်။

စိတ်ထားပြောင်းဖို့ဆိုတာ အပြောလွယ်သလောက် အကျင့်ခက်ပါတယ်။ ၀ိပဿနာ
တရားစခန်းတွေမှာတောင် ယောဂီတွေ စိတ်ထားပြောင်းအောင် လုပ်ရတာ
အလွန့်အလွန်ခက်ခဲပါတယ်။ စိတ်ထားမပြောင်းနိုင်ကြလို့လည်း တရားတွေ
ဘယ်လောက်ပြပြ တရားမရ၊ ကုသိုလ်ပဲရပါတယ်။ ရခိုင်မှာက စစ်မြေပြင်လို
ဖြစ်နေတာ ဘုန်းကြီးကျောင်းလို တရားစခန်းလို လုံခြုံအေးချမ်းတဲ့
နေရာမျိုးမှာတောင် လူတွေရဲ့စိတ်ထားကို ပြောင်းဖို့ဆိုတာ အတော်ခက်တာ၊
ရခိုင်လို ကမ္ဘာပျက်သလိုဖြစ်နေတဲ့ နေရာမျိုးမှာ စိတ်ထားပြောင်းဖို့
အတော်ခက်ပါလိမ့်မယ်။ အခုမှ ပညာရေးနဲ့အသိပေးဖို့ စလုပ်မယ် ဆိုရင်လည်း
စေတနာကောင်းသော်လည်း ဒါဟာ မျှော်လင့်ထားသလောက်တော့ လွယ်လိမ့်မယ်
မဟုတ်ပါဘူး။

ဗုဒ္ဓသာသနာဝင်မှာ ပိဋကတ် သုံးပုံအောင်ခဲ့ပြီး တပည့်ရဟန်းများကို
စာဝါပို့ချခဲ့တဲ့ ပေါဋ္ဌိလမထေရ် ကြီးတောင် သူ့စိတ်သူပြောင်းအောင်
နှစ်ပေါင်းသုံးဆယ်ကြာတဲ့ အထိ ကြိုးစားခဲ့ရပါတယ်။ ပိဋကတ်သုံးပုံအောင်
ထားတာဆိုတော့ ဒီမထေရ်ကြီးလောက် ပညာတတ်သူ မရှိတော့ပါဘူး။ ဒီလောက်ပညာတွေ
တတ်ထားပါသော်လည်း ပညာမာန်စသော စိတ်ထားကို မပြောင်းနိုင်ခဲ့လို့
နှစ်ပေါင်းသုံး ဆယ်လုံးလုံး ဒီမထေရ်ကြီး ငိုကြွေးခဲ့ရရှာပါတယ်။
သူအငိုတိတ်တဲ့နေ့ဟာ ပုထုဇဉ်စိတ်ကနေ အရိယာ သူတော်ကောင်းအဖြစ်
ပြောင်းလဲကျင့်ကြံ့နိုင် ခဲ့တဲ့နေ့ပါပဲ။

သမ္မတကြီးလည်း စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ စိတ်ထားကို လူထုခေါင်းဆောင်
တစ်ယောက်ရဲ့ စိတ်ထားဖြစ်အောင် ပြောင်းနိုင်ခဲ့ တဲ့အတွက် အင်မတန်လေးစားပါ
တယ်ခင်ဗျာ။ ဒါပေမယ့် ရခိုင်ရိုဟင်ဂျာတွေရဲ့ သမိုင်းရေးဆိုင်ရာ
စိတ်ဝေဒနာတွေကို ဘယ်လိုပြောင်းပေးနိုင်မလဲ ဆိုတာ ကျွန်တော်လို အညတရ
နိုင်ငံသားတစ်ယောက်အနေနဲ့ ဥာဏ်မမီပါဘူး။

ပြီးတော့ သမ္မတကြီးရဲ့ဖြေရှင်းနည်းကတော့ အလုပ်အကိုင်ရရှိရေးနဲ့ သူတို့ကို
ထိန်းပါတဲ့။ ဒီနေ့ကျောက်ဖြူမှာ စီးပွားရေးဇုန်တွေ ပေါ်ထုတ်ဖို့
စတင်စီစဉ်ပြင်ဆင်နေစဉ်မှာပဲ ၂၃-၁၀- ၂၀၁၂မှာ ရခိုင်ရိုဟင်ဂျာပဋိပက္ခဟာ
မြောက်ဦးနဲ့ မင်းပြားမှသည် ကျောက်ဖြူအထိ ကူးစက်လာခဲ့ပါပြီ ဖြစ်ပါတယ်။
ကျောက်ဖြူမြို့ထဲမီးတွေ လောင်လို့တဲ့၊ မည်းတက်လာတဲ့
မီးခိုးလုံးကြီးတွေကြား နှစ်ဖက်အုပ်စုများ ဟာ သေမထူးနေမထူးအသွင်ကို
ဆောင်လျက် တင်းမာနေကြလေပြီတဲ့။

အလုပ်အကိုင်အခွင့်အလမ်းဆိုတာ ရန်ကုန်လိုမြို့ကြီးမှာတောင်
ရုတ်တရက်မလွယ်တာ၊ ရခိုင်မှာ ဒီလိုပဋိပက္ခတွေ မဖြစ်ပေါ်မီကတည်းက
စီးပွားရေးနဲ့ အလုပ်အကိုင် ရှားပါးလွန်းလှသမို့ ရခိုင်တွေဇာတိမြေကို
စွန့်ခွာ ပြီး ရေကြည်ရာ မြက်နုရာရှာခဲ့ရတာပါ။ ဘင်္ဂါလီရိုဟင်ဂျာတို့
အဖို့ကား သူတို့ဇာတိမြေနဲ့ နှိုင်းစာလိုက်ရင် ရခိုင်ဟာ ရတနာသိုက်ကြီး
တမျှပါပဲ။ ဒါကြောင့်လည်း ဒီမှာ အခြေချအနေလှနဲ့ပေမို့ ဆွေတော်မျိုးတော်တွေ
တစ်သုတ်ပြီးတစ်သုတ် တဖြုတ်ဖြုတ်ဆိုသလို ရောက်လာပြီး ဧည့်ရင်းတော့
အိမ်ရှင် ပမာဖြစ်လာခဲ့ပါတယ်။

ဒီမှာ အနေကြာ နေရာရလာတော့ မကြံကောင်းမစည်ရာဆိုသလို ကျွန်တော်တို့ရဲ့
အချုပ်အခြာအာဏာကို ထိပါးဖို့ ကြိုးစား လာခဲ့ပါတော့တယ်။ ပြဿနာရဲ့
ရင်းမြစ်ကတော့ အဲဒါပါပဲ။ ကျန်တာတွေက ကျောက်နီမော် ရာဇ၀တ်မှုမျိုးက လတ်တလော
အကြောင်းတရားဖြစ်ပါတယ်။ အမှိုက်ကစ ပြဿဒ် မီးလောင်ခဲ့ပြီး နိုင်ငံတကာ
မျက်နှာစာမှာအထိ ရခိုင်ရိုဟင်ဂျာအရေး ဆွေးနွေးလာခဲ့ရပါတယ်။

ခုနောက်ဆုံး အခြေအနေမှာ အိုအိုင်စီက လာရောက်ရုံးဖွင့်ပြီး
ရိုဟင်ဂျာအရေးကို ဇာတ်ရှိန်မြှင့်ပေးဖို့ ကြိုးစားခဲ့ပေမယ့်
လုံးဝမအောင်မြင်ခဲ့ပါဘူး။ ရဟန်းရှင်လူပြည်သူ အပေါင်းက
သောင်းသောင်းဖြဖြကြီး ၀ှဲချီးကန့်ကွက်ခဲ့ပါတယ်။ ရခိုင်အရေးဟာ
အမျိုးသားရေး၊ ပြည်ထောင်စုကြီးရဲ့ အရေး . . .။ ဒါကြောင့် နိုင်ငံတော်
သမ္မတကြီးရဲ့ လမ်းညွှန်ချက်လေး ရပ်ထဲမှာပါတဲ့အတိုင်း

နိုင်ငံတော်၏ဂုဏ်သိက္ခာ မထိခိုက်စေရန်။

အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်။

နိုင်ငံ၏အချုပ်အခြာ အာဏာမထိခိုက်စေရန်
အိုအိုင်စီရုံးဖွင့်ခွင့်မပြုကြောင်း အောက်တိုဘာလ ၁၅ ရက် နေ့မှာ
ကမ္ဘာသိအောင် ကြေညာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာပြည်ထောင်စုကြီးရဲ့
အောင်ပွဲတစ်ခုပါပဲ။

သမ္မတကြီးကတော့ ကုလသမဂ္ဂ ရုံးစိုက်ရာ အမေရိကန်က ပြန်လာတာ ပူပူနွေးနွေးပဲ
ရှိသေးတာဆိုတော့ "နောက်တစ်ခါ လူ့အခွင့်အရေးကို ဒီနေ့ကမ္ဘာကလည်း
ကြည့်နေတယ်။ လူ့အခွင့်အရေးကို ဦးစားပေးနေတယ်။ လူတွေလည်း ကမ္ဘာကြီးနဲ့
လိုက်လျောညီထွေဖြစ်အောင် နေတတ်ထိုင်တတ် ရမယ်ဆိုတဲ့ ဒီအတွေးအခေါ်တွေ
အလေ့အကျင့်တွေရအောင် ဒါတွေကျွန်တော်တို့ လုပ်ပေးသွားမှပဲ၊
ဒီအဖွဲ့အစည်းနှစ်ရပ်က အတူတကွနေထိုင်ကြမှာ ဖြစ်ပါတယ်"လို့ မီဒီယာတွေကို
ရှင်းပြသွားပါတယ်။

လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ ပြည်ထောင်စုသား
တိုင်းရင်းသားတွေလည်း သူတို့ထက် ပိုမရပါဘူး။ ကျွန်တော်တို့တောင်
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အ၀ရဖို့ တောင်းဆိုနေရတုန်းပဲ
ရှိသေးတယ်။ ဒါတောင် သူတို့အခွင့်အရေးတွေ အများကြီးရခဲ့ပါတယ်။
လွှတ်တော်ထဲမှာ ရိုဟင်ဂျာအမတ်တွေ ရောက်နေတာအားလုံး အသိပါပဲ။ လွတ်လပ်စွာ
ကိုးကွယ်ခွင့်ပေးထားတာလည်း မောင်တော တစ်မြို့နယ်ထဲမှာ ဗလီ ၃၀၀ ကျော်
ရှိနေပါပြီ။ ကျွန်တော်တို့ ပိုင်တယ်ဆိုတဲ့ ဘူးသီးတောင် မောင်တောမှာ
သူတို့ဟာ ၉၇ ရာခိုင်နှုန်းလောက် လွှမ်းမိုးထားပြီဖြစ်လို့
ကျွန်တော်တို့တောင် နေစရာမရှိတော့ လောက်အောင် ဖြစ်နေပါပြီ။ ၁၉၈၂
နိုင်ငံသား ဥပဒေအရ လူ့အခွင့်အရေးကို ကျွန်တော်တို့နဲ့တန်းတူ
ခံစားပိုင်ခွင့်ပေးထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့တောင်
လူ့အခွင့်အရေးကို တင်းပြည့် ကျပ်ပြည့် မခံစားရသေးတာ သူတို့လည်း
ပိုလိုချင်လို့ ဘယ်ဖြစ်နိုင်ပါမတုန်း။

လူ့အခွင့်အရေး သင်တန်းတွေ များများပေးပါ။ လူ့အခွင့်အရေး
စာအုပ်တွေအများကြီး ရိုက်နှိပ်ဖြန့်ဝေ ပညာပေးပါ။ ကမ္ဘာကြီးရဲ့ဒီမိုကရေစီ
စံချိန်စံနှုန်းတွေကို သင်ကြားပေးပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို
လက်ပံတောင်းက ကြေးနီစီမံကိန်းကြီးမှာ လည်း ဖြန့်ဝေပေးပါ၊ ညွှန်ကြားပေးပါ။
ဒီလိုဆိုရင် ကျွန်တော်တို့ သမ္မတကြီး ကို အစဉ်ထောက်ခံသွားဖို့
ဝန်မလေးပါဘူး။

ရခိုင်အရေးနဲ့ ထပ်တူထပ်မျှ အရေးပါလှသော ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့
တိုက်ပွဲများနဲ့ တစ်ဆက်တည်း တိုင်းရင်းသားအရေး ငြိမ်းချမ်းရေး
ဖော်ဆောင်ရေးအတွက် နိုင်ငံတော်သမ္မတကြီးက မူဝါဒသုံးရပ်ချပြီး
ဆောင်ရွက်နေကြောင်း ဖြေကြားသွားပါတယ်။

ပထမအဆင့်က ပြည်နယ်အဆင့်၊ ဒုတိယအဆင့်ကတော့ ပြည်ထောင်စုအဆင့်၊ တတိယအဆင့်
ကျရင်တော့ လွှတ်တော်ကို ပို့ဆောင်ပေးပြီးတော့မှ လွှတ်တော်ထဲမှာ
နိုင်ငံရေးအရ ဆွေးနွေးမှုတွေ အခြေပြုပြီးတော့ ဆက်ဆွေးနွေးမယ် ဆိုတာ
ဒီလိုမူဝါဒ သုံးရပ်ချပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

(၂၅-၁၀-၂၀၁၂ထုတ် ဗီးနပ်စ်သတင်းဂျာနယ်)

ယခင်တစ်ကြိမ်ကလည်း ဒီအတိုင်းပဲ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ကချင်
ကေအိုင်အေ/ ကေအိုင်အိုနဲ့က ပထမအဆင့်ပင် မအောင်မြင်သေးပါ။ ကျန်တဲ့ ကရင်၊
မွန်၊ ရှမ်းစတဲ့ လက်နက်ကိုင် တိုင်းရင်းသား ၁၀ ဖွဲ့နဲ့ကလည်း အပစ်အခတ်
ရပ်စဲထားရုံမျှ၊ ပြည်ထောင်စု အစိုးရအဆင့်နဲ့ နိုင်ငံရေး
ဆွေးနွေးပွဲအဆင့်ထိ ရောက်မလာ နိုင်သေးပါ။ ဒီနေ့ဘယ်လို အနေအထားမှာပဲ
ရောက်နေရှိနေသည် ဖြစ်စေ လက်နက်ကိုင်တိုက်ပွဲ ရေရှည်စစ်ဆင်နွှဲလာတဲ့
တိုင်းရင်းသားအဖွဲ့စည်း များကို လွှတ်တော်ထဲ ပို့ဆောင်ဖို့ဆို တာ
သူတို့ရဲ့သဘောထားတွေနဲ့ ပြန်ညှိယူရမှာ ဖြစ်ပါတယ်။ SNLD
ပါတီရဲ့ရှမ်းအမျိုးသား ခေါင်းဆောင် ဦးခွန်ထွန်းဦးကတော့ 'ငြိမ်းချမ်းရေး
ဆွေးနွေးပွဲရဲ့အဖြေကို လွှတ်တော်ထဲမှာ လုံးဝမရနိုင်ကြောင်း' ၂၃ စက်တင်ဘာလ
၂၀၁၂ ဗွီအိုအေနဲ့ တွေ့ဆုံခန်းမှာ အတိအလင်း ပြောကြားသွားခဲ့ပါတယ်။

လက်နက်ကိုင်ထားတဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC
ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခြောက်ချက်ကို နိုင်ငံတော်အစိုးရသို့
တင်ပြထားပါတယ်။ အဲဒီခြောက်ချက်ထဲမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို

- ဘက်မလိုက်တဲ့ နိုင်ငံတကာ စောင့်ကြည့်အဖွဲ့ပါဝင်ရေး၊

- အချိန်ကာလ သတ်မှတ်ပေးရေး ဆိုတဲ့တင်ပြချက်တွေဟာ ထူးခြားပြီး
တော်တော်ညှိနှိုင်း ယူရမယ့် အချက်အလက်တွေ ဖြစ်ပါတယ်။ အချိန်ကာလ
သတ်မှတ်ချက်ကတော့ ၀န်ကြီးဦးအောင်မင်းနဲ့ ၀န်ကြီးဦးစိုးသိန်းတို့
ကိုယ်တိုင်လည်း ၂၀၁၅ မ တိုင်မီ အမြန်ဆုံး အကောင်အထည်ဖော်မယ်လို့
ပြောခဲ့ဖူးပါတယ်။

အရေးအကြီးဆုံး အချက်ကတော့ အပစ်အခတ် ရပ်စဲထားတဲ့အဆင့်မှာပင်
နိုင်ငံရေးဆွေးနွေးပွဲများ အစ ပျိုးထားဖို့ပါပဲ။ ဒီနေ့ ကေအိုင်ကေနဲ့
အပစ်အခတ် မရပ်နိုင်သေးဘဲ တိုက်ပွဲကြီးငယ်တွေ ဖြစ်နေတာလည်း နိုင်ငံရေးအရ
မဆွေးနွေးနိုင်သေးလို့ပါပဲ။ ကေအိုင်အေက ဗိုလ်ချုပ်ဂွမ်မော် အင်တာဗျူးမှာ
ပင်လုံက တိက၀တ်တွေ ထောက်ပြခဲ့ပြီး နိုင်ငံရေးစကားပြော ဖို့ပဲ
တောင်းဆိုခဲ့ပါတယ်။ (၁၃-၉-၂၀၁၂ ထုတ် ဗီးနပ်စ်ဂျာနယ်)

နိုင်ငံတော် သမ္မတကြီးကလည်း သမ္မတတာဝန် ထမ်းဆောင်ခြင်း
တစ်နှစ်ပြည့်မိန့်ခွန်းမှာ 'ပင်လုံစိတ်ဓာတ် ကိုအခြေခံတဲ့
ယုံကြည်မှုနဲ့ပဲဆောင် ရွက်သွားမှာဖြစ်ပါတယ်'လို့ ထုတ်ဖော် အသိပေးခဲ့ပြီး
ဖြစ်ပါတယ်။ ပင်လုံ ကတိက၀တ်နဲ့ ပင်လုံစိတ်ဓာတ်ကို အခြေခံမှသာ
ညီညွတ်ရေးလမ်းအတိုင်း ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်နိုင်ပါလိမ့်မယ်။

နိုင်ငံရေးအင်အားစုတွေဟာ သဘောသဘာဝချင်း မတူကြပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲ အရောက်ပို့ဆောင်ပြီး
လုပ်ဖော်ကိုင်ဖက်ဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း
လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများအတွက်ကား လွှတ်တော်တက်ဖို့
အခက်အခဲတွေ ရှိနေပါလိမ့်ဦးမယ်။

ပင်လုံသို့မဟုတ် မြစ်ဆုံမှာ၊ သို့မဟုတ် နေပြည်တော်မှာ၊ သို့မဟုတ်
အခြားသော သမိုင်းမော်ကွန်းသစ် ရေးထိုးနိုင်မယ့် တစ်နေရာရာမှာ. . .
နိုင်ငံတော် သမ္မတကြီး နဲ့တကွ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအ၀င်
အားလုံးသော တိုင်းရင်းသား ညီအစ်ကိုများ၊ လက်နက်ကိုင်အဖွဲ့ အစည်းများ၊
ဒီမိုကရေစီအင်အားစုများ ချစ်ချစ်ခင်ခင်တွေ့ဆုံညှိနှိုင်း စည်းဝေးပြီး
မိဘပြည်သူတွေ လိုချင်နေတဲ့ ငြိမ်းချမ်းရေးကို အရယူပေးနိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ