တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင်နေခြင်းသည် အဂတိလိုက်စားနေကြသော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူအပြစ်ပေးမှု မပြုခြင်းကြောင့်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ သတင်းထုတ်ပြန်

တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင်နေခြင်းသည်
အဂတိလိုက်စားနေကြသော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူ
အပြစ်ပေးမှု မပြုခြင်းကြောင့်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်
တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက ၄င်း၏ သတင်းထုတ်ပြန်ချက်တွင်
ဖော်ပြခဲ့သည်။

အောက်တိုဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်တွင်
တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်လာစေရန်နှင့် တရားဥပဒေစိုးမိုးမှု
အားကောင်းလာစေရန်အတွက် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီနှင့်
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော တရားဥပဒေ စိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မတီတို့ ချိတ်ဆက်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။

ယင်းသတင်းထုတ်ပြန်ချက်၌ ယနေ့ တရားစီရင်ရေးနယ်ပယ်တွင်
လာဘ်ပေးလာဘ်ယူမှုများနှင့် အဂတိလိုက်စားမှုများ လွှမ်းမိုးနေဆဲဖြစ်ကြောင်း
မီဒီယာများက ဝေဖန်ထောက်ပြလျက်ရှိကြောင်း၊ ထိုသို့ တရားစီရင်ရေးမဏ္ဍိုင်
တိမ်းစောင်း ယိမ်းယိုင်နေခြင်းသည် အဂတိလိုက်စားနေကြသော ပုဂ္ဂိုလ်များ၊
အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူ အပြစ်ပေးမှု
မပြုခြင်းကြောင့်ဖြစ်ကြောင်း၊ တာဝန်ရှိသူ အဆင့်ဆင့်က လက်အောက်အရာထမ်း၊
အမှုထမ်းများကို အကာအကွယ်ပေးနေကြောင်း၊ အပြစ်ပေး အရေးယူမှုများရှိသည်ဟု
ပြောကြားနေသော်လည်း တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသည်ကို တွေ့ရကြောင်း
ဖော်ပြထားသည်။
မီဒီယာများကို တရားရုံးများက အပြင်းအထန် ဟန့်တားနေခြင်းသည်
ခေတ်နောက်ပြန်ဆွဲနေခြင်း ဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာမှု
မရှိခြင်းလည်းဖြစ်ကြောင်း၊ တရားရုံးများကို အမှောင်ချကာ
အဂတိလိုက်စားမှုများကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေကြသည်ဟု
ယူဆနိုင်ကြောင်း...

သတင်းထုတ်ပြန်ချက်အရ မြို့နယ်-ခရိုင်တရားရုံးများတွင် တရားစီရင်မှုများသည်
ပွင့်လင်းမြင် သာမှု မရှိကြောင်း၊ တူညီသောအခြေအနေ၊ တူညီသောပြစ်မှုများအတွက်
ပြစ်ဒဏ်ချမှတ်ချက်များသည်လည်း တူညီမှုမရှိကြောင်း၊ ဘက်လိုက်မှု၊
အဂတိလိုက်စားမှုများ အားကောင်းနေဆဲဖြစ်ကြောင်း၊ ထိရောက်သော
အရေးယူအပြစ်ပေးမှု စဉ်ဆက်မပြတ် မပြုလုပ်သမျ တရားစီရင်ရေးနယ်ပယ်တွင်
အဂတိလိုက်စားမှုများ လွှမ်းမိုးနေမည်သာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်
ထည့်သွင်းဖော်ပြထားပါသည်။

မီဒီယာများကို တရားရုံးများက အပြင်းအထန် ဟန့်တားနေခြင်းသည်
ခေတ်နောက်ပြန်ဆွဲနေခြင်း ဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာမှု
မရှိခြင်းလည်းဖြစ်ကြောင်း၊ တရားရုံးများကို အမှောင်ချကာ
အဂတိလိုက်စားမှုများကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေကြသည်ဟု
ယူဆနိုင်ကြောင်း၊ တရားရုံးများသို့ မီဒီယာမ၀င်ရဆိုသော အမိန့်ညွှန်ကြားချက်
ရှိမည်ဟု မယုံကြည်ပါကြောင်း၊ ရှိခဲ့လျှင် ခေတ်စနစ်နှင့်အညီ အံမ၀င်တော့သော
ညွှန်ကြားချက်သာ ဖြစ်ပါကြောင်း၊ တရားရုံးများတွင် မီဒီယာသတင်းထောက်များ
ထားရှိရန် စာနယ်ဇင်းကောင်စီသို့ တိုက်တွန်းသွားမည်ဖြစ်ကြောင်း
ဖော်ပြထားပါသည်။

လာဘ်ပေး လာဘ်ယူမှုသည် လွန်စွာသိမ်မွေ့လှသောကြောင့် လက်ပူးလက်ကြပ်
ဖမ်းဆီးဖော်ထုတ်ရန် ခက်ခဲကြောင်း၊ သို့ရာတွင် တရားစီရင်ရေးနယ်ပယ်မှ
အဂတိလိုက်စားမှု လွန်ကဲသော တရားရုံးများ၊ တရားသူကြီးများ၊
ဥပဒေအရာရှိများနှင့် တရားရုံးဝန်ထမ်းများ၏ သတင်းသည် ပြည်သူကြားတွင်
စဉ်ဆက်မပြတ် ထွက်ပေါ်လျက်ရှိကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင်
ဖြောင့်မတ်ကြံ့ခိုင်လာစေရန်နှင့် တရားဥပဒေစိုးမိုးမှု အားကောင်းလာစေရန်
တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီနှင့် တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မတီတို့ ချိတ်ဆက်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သတင်းထုတ်ပြန်ချက်က ဆိုသည်။

တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေရေးရာ ကော်မတီကို ဥက္ကဋ္ဌသူရဦးအောင်ကိုနှင့်
အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းထားပြီး တရားဥပဒေ စိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မတီကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ
အဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၄ ဦး ဖြင့် ဖွဲ့စည်းထားသည်။

Link : http://www.first-11.com/index.php?option=com_content&view=article&id=16199:2012-10-29-07-42-48&catid=42:2009-11-10-07-36-59&Itemid=112

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ