ဂျာနယ်လစ်ဇင် အကြောင်းသိကောင်းစရာများ နှင့် နိုင်ငံသား ဂျာနယ်လစ်ဇင်မိတ်ဆက် ( Part -01)

ဂျာနယ်လစ်ဇင် (Journalism) ဆိုသည်မှာ

မြန်မာနိုင်ငံတွင် ဂျာနယ်လစ်ဇင် (Journalism)  ကို သတင်းစာအတတ်ပညာ ဟူသောဝေါဟာရအနေဖြင့်သိထားကြသည်။
ဂျာနယ်(Journal)ဟူသောအင်္ဂလိပ်စကားသည်ဒိုင်ယာနယ်(Diurnal)ဟူသောလက်တင်(latin)ဘာသာမှဆင်းသက်လာသည်။ ဂျာနယ်ကိုမူရင်းအဓိပ္ပါယ်အားဖြင့် ဒိုင်ယာရီ၊နေ့စဉ်စာရင်းမှတ်တမ်း၊ နေ့စဉ်အဖြစ်အပျက် မှတ်တမ်း၊နေ့စဉ်သတင်းစာ မဂ္ဂဇင်းဟူ၍ အမျိုးမျိုး ၀ိဂြိုဟ် ပြုခဲ့ကြသည်။
အင်္ဂလိပ်အဘိဓါန်များတွင် ဂျာနယ်လစ်ဇင်(Journalism)ကို သတင်းစုဆောင်း၍ စာနယ်ဇင်း၊ရုပ်သံ၊ရေဒီယို တို့တွင်ရေးသား ထုတ်ပြန်မှုပညာ(သို့မဟုတ်)သတင်းပညာဟု အဓိပ္ပါယ်ဖွင့်ဆိုကြသည်။
ဂျာနယ်လစ်(Journalist)ကို အဘိဓါန်များက သတင်းစာဆရာဟုအဓိပ္ပါယ်ဖွင့်ဆိုကြသည်။
သတင်းစာဆရာ (Journalist) အသုံးအနှုန်းပေါ်ပေါက်ပုံအဆင့်ဆင့်
သတင်းစာဆရာ၊သတင်းထောက်၊အယ်ဒီတာဟူသောအခေါ်အဝေါ်များသည်သတင်းစာပေါ်ဦးစကမပေါ်ပေါက်သေးချေ။ ကမ္ဘာ့သတင်းစာများပေါ်ဦးစက သတင်းစာဆရာ၊သတင်းထောက်များကို အောက်ပါအတိုင်းအမျိုးမျိုး အဆင့်ဆင့်ခေါ်တွင်ခဲ့ကြသည်။
(1) Intelligencer သတင်းသိကြားစေသူ၊ သတင်းပေးသူ
(2) News monger        သတင်းရောင်း၍ စီးပွားရှာသူ
(3) Currant Maker        လက်တလော သတင်းပြုလုပ်သူ
(4) Purveyor of News သတင်းပေးသူ
(5) Court pamphleteer ရုံးတော် စာစောင်ငယ်ရေးသူ
(6) Curranteer       လက်တလော သတင်းသမား
(7) Journal scribe       ဂျာနယ်ရေးသူ
(8) Gentleman of the pad        ကုန်းကြောင်းလျှောက်လူကြီးလူကောင်း
(9) Men of Scribble       အသော့သမား၊အသော့ရေးသူ
(10) World's Instructors       ကမ္ဘာ့ညွန်ကြားရေးမှုးများ
(11) Public Writer       ပြည်သူ့အတွက်ရေးသူ
(12) Epistle Writer      မှာစာ၊ကြားစာ၊သ၀ဏ်စာရေးသူ
(13) Mercurists      နေနတ်တမာန်

ထိုကဲ့သို့အဆင့်ဆင့်ခေါ်တွင်ခဲ့ပြီးမှ Journalist သတင်းစာဆရာ၊ Editor  တည်းဖြတ်သူ၊အယ်ဒီတာ၊ Reporter, Correspondent  သတင်းထောက်ဟူ၍ ပေါ်ပေါက်လာသည်။
မြန်မာနိုင်ငံတွင် မင်းတုန်းမင်းကြီးလက်ထက်၌ သတင်းစာဆရာ၊သတင်းစာတိုက်စာရေး(၀ါ)စာရေးတော်ကြီး (အယ်ဒီတာ)ဟူ၍ခေါ်သည်။သတင်းထောက်အယ်ဒီတာဟူသောအခေါ်အဝေါ်မှာ ကိုလိုနီခေတ်တွင်မှခေတ်စားခဲ့သည် (၁၉၃၀)ခုနှစ်မတိုင်မီက သတင်းထောက်ကို သတင်းကောက်ဟုခေါ်သည်။

မီဒီယာ(Media)ဆိုသည်မှာ

Mediaဆိုသည်မှာ Medium ၏ဗဟုဝုစ်ကိန်းအများကိုခေါ်ခြင်းဖြစ်သည်။ Media၏အဓိပ္ပါယ်သည် Mean of communication ဆက်သွယ်ရေးနည်းလမ်း(သို့မဟုတ်)ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည်။ Mass Mediaကိုလူထုဆက် သွယ်ရေးလုပ်ငန်း၊ လူထု ဆက်သွယ်ရေးလမ်းကြောင်းဟုလည်းခေါ်သည်။
ရှေးအခါကFilim, Press and Radioရုပ်ရှင်၊စာနယ်ဇင်းနှင့်ရေဒီယိုကိုသာ လူထုဆက်သွယ်ရေးလုပ်ငန်းများဟု ခေါ်ကြသည်။ ယခုအခါတွင်Television,Internet စသည်တို့ကိုလည်း လူထုဆက်သွယ်ရေးလုပ်ငန်းများတွင်ထည့်သွင်း သတ်မှတ်ရမည်။
စာနယ်ဇင်းကို Print Media ဟူ၍လည်းကောင်း၊ရေဒီယို၊ ရုပ်မြင်သံကြား၊အင်တာနက်စသည်တို့ကို Electronics media ဟူ၍လည်းကောင်း ခေါ်ကြသည်။
စာနယ်ဇင်းဆိုသည်မှာ သတင်းစာ၊ဂျာနယ်၊မဂ္ဂဇင်းစသောအချိန်မှန်မှန်ထုတ်ဝေသော စာစောင်များကိုသိမ်းကြုံး၍ ခေါ်ခြင်း ဖြစ်သည်။

ဂျာနယ်လစ်(Journalist)

သတင်းသမားတွေနဲ့ပတ်သတ်ပြီးပြောတဲ့အခါ သတင်းဆရာဆိုတဲ့စကားဟာကျယ်ပြန့်မှုမရှိလှဘူးလို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယနေ့မှာသတင်းဖြန့်ဖြူးတာဟာ သတင်းစာတစ်ခုတည်းက မဟုတ်တော့လို့ဘဲဖြစ်ပါတယ်။
ရေဒီယိုတွေ၊ရုပ်သံလွှင့်ဋ္ဌာနတွေ၊အင်တာနက်(၀က်ဆိုက်ဒ်၊Facebook,Blogs,twitter,mails)တွေကလည်း သတင်းတွေပါဝင် နေပါတယ်။ တစ်ခါတစ်ခါအဲ့ဒီရေဒီယိုတို့အင်တာနတ် Online ကသတင်းတွေဟာ ပုံမှန်သတင်းစာက သတင်းတွေထက်တောင် အားကောင်းနေတာကိုတွေ့နေရပါတယ်
ဒါကြောင့် သတင်းသမား၊ သတင်းထောက်နဲ့သတင်းစာဆရာအစား ဂျာနယ်လစ်(Journalist) ဆိုတဲ့ မွေးစား စကားကို တွင်တွင်ကျယ်ကျယ်သုံးနေကြတယ်လို့ထင်ပါတယ်။ သတင်းဖြန့်ဖြူးရာဖြစ်တဲ့ သတင်းစာ၊တိဗွီနဲ့အင်တာနတ် တွေကိုလည်း မီဒီယာ(Media)လို့ ကျယ်ကျုယ်ပြန့်ပြန့်သုံးနေကြတာကိုတွေ့နေရပါတယ်။

ဂျာနယ်လစ်တို့၏ ကဏ္ဍ

ဂျာနယ်လစ်ဆိုတာ လူမှုအသိုက်အ၀န်းရဲ့ ဘယ်ကဏ္ဍမှာမဆိုအရေးကြီးသောအလုပ်ကိုဆောင်ရွက်နေသူ တစ်ယောက်အဖြစ် ပါဝင်နေပါတယ်။ ဂျာနယ်လစ်တွေဟာ လူတွေလိုအပ်တယ်လို့ယူဆရတဲ့သတင်းအချက်အလက် တွေကိုပေးကြသည်။ လူတွေသိလိုတဲ့ သိထိုက်တဲ့ သူတို့ပတ်ဝန်းကျင်ကမ္ဘာရဲ့အကြောင်းတွေ၊ အစိုးရအကြောင်းတွေ၊ လုပ်ငန်းအကြောင်း၊ ကျန်းမာရေး၊အားကစားစတဲ့ သတင်း အချက်အလက်တွေကို လူထုရှေ့မှောက်ရောက်အောင် ဆောင်ကြဉ်းပေးကြသည်။ ဒီသတင်းအချက်အလက်တွေကနေ ပြည်သူတွေဟာ မိမိတို့ဘ၀မှာဘာတွေလုပ်ချင်လဲဆို တာကို ဆုံးဖြတ်နိုင်ကြသည်။
တစ်ခါတစ်ရံအချို့သတင်းအချက်အလက်တွေဟာ၊လူတွေရဲ့သေရေးရှင်ရေးနဲ့ပတ်သတ်နေတာကိုတွေ့ရပါသည်။(ဥပမာ-မိုးလေ၀သဆိုင်ရာသတင်းများ)
လူအများစုဟာသတင်းစာဂျာနယ်တွေရဲ့သတင်းအချက်အလက်တွေကိုယုံကြည်စိတ်ချကြတယ်။ဒါကြောင့် ဂျာနယ်တွေဟာ သူတို့ရေးသားတာကိုတာဝန်ယူနိုင်ပါမယ်။ဂျာနယ်လစ်ကောင်း တစ်ယောက်ရဲ့တာဝန်ဟာ ပြည်သူ့အတွက်ဖြစ်ရပါမယ်။
ထို့ကြောင့်ဂျာနယ်လစ်တွေဟာ
 အမှန်ကိုတင်ပြရမယ်
 အစိုးရနဲ့ပြည်သူအကြား ပေါင်းကူးအဖြစ်ဆောင်ရွက်ပေးရမယ်
 သတင်းအချက်အလက်တွေကိုပြည်သူကို(မထိပ်မချန်)တင်ပြရန်ဖြစ်တယ်
 လူထုကို ကုစားပေးခြင်း၊ဖြေဖျော်ခြင်းနဲ့ရှင်းပြခြင်းတွေကိုပြုလုပ်ရမယ်
 ပြည်သူ၏ ရပိုင်ခွင့်ကိုကာကွယ်စောင့်ရှောက်ရမယ်။

ဂျာနယ်လစ်ကောင်းတစ်ယောက်၏ အရည်အချင်း
ဂျာနယ်လစ်ကောင်းတစ်ယောက်ဟာ
 မေးခွန်းများမေးတတ်ခြင်း
 သတင်းကိုဘက်မလိုက်ပဲ လျောက်ပတ်တဲ့လမ်းကြောင်းပေါ်ကရေးခြင်း
 တာဝန်ယူမှုရှိခြင်း
 သတင်းပင်ရင်း(source)တစ်ခုထဲကသတင်းကိုမယူပဲအများကယူကာ မှန်ကန်မှုအတွက်ညှိနှိုင်းခြင်း
 ရိုးသားဖြောင့်မတ်၍ သူတစ်ပါးသတင်းမီဒီယာမှ သတင်းများကိုကူးချမှုမပြုခြင်းတို့ပဲဖြစ်ပါတယ်။

အချက်အလက်များနှင့် ဆောင်းပါးအားလုံးကို အလင်းဆက် (IR)မှ ပံပိုးကူညီပါသည်။

ဆက်ပါဦးမည်…….

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ