အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁)

၁။ အင်တာနက်မှာ အင်္ဂလိပ်ဘာသာနဲ့ ဘလော့ဂ် (အင်တာနက်မှတ်တမ်း) ရေးပါ။
အင်္ဂလိပ်ဘာသာနဲ့ ရေးတာ မဟုတ်ရင်တောင်မှ စာရေးရင်း ကိုယ့်အကြောင်းကိုယ်
ဖော်ပြတဲ့အခါ၊ ဒါမှမဟုတ် စိတ်ပါဝင်စားတဲ့ အကြောင်းအရာတွေကို ဖော်ပြတဲ့အခါ
ဘယ်လို ဝေါဟာမျိုး လိုအပ်တယ်ဆိုတာ သိလာမယ်။ သဒ္ဒါ မှားမှာ စိုးရိမ်မနေဘဲ
ရေးရဲလာမယ်။ လူအများစုမှာ ကြုံတွေ့ရတဲ့ ပြဿနာက ဘာရေးရမယ်ဆိုတာ မသိတဲ့
ပြဿနာ ဖြစ်ပါတယ်။ နေ့စဉ်စာရေးဖြစ်အောင် ပေးလေ့ရှိတဲ့အကြံဥာဏ်က
အင်္ဂလိပ်ဘာသာနဲ့ နေ့စဉ်မှတ်တမ်း ဒါမှမဟုတ် ဂျာနယ် ရေးခြင်းဖြစ်ပါတယ်။
အခုခေတ်နဲ့ ပိုပြီး ကိုက်ညီအောင် ဘလော့ဂ် ရေးနိုင်ပါတယ်။ လူကြိုက်များတဲ့
အကြောင်းအရာတွေကတော့ ဘာသာစကား သင်ကြားတဲ့ အတွေ့အကြုံ၊ ပြည်ပမှာ စာသင်ရတဲ့
အတွေ့အကြုံ၊ နယ်မြေဒေသအကြောင်း၊ မိခင်ဘာသာစကားအကြောင်း၊ ဒေသ သတင်းတွေကို
အင်္ဂလိပ်ဘာသာနဲ့ ဘာသာပြန်ခြင်းတို့ ဖြစ်ပါတယ်။


၂။ သတင်းမှတ်တမ်း ရေးပါ။ အချို့သူတွေက နေ့စဉ် ကိုယ်ဘာလုပ်သလဲဆိုတာ
ရေးရမှာ ပျင်းတယ်။ အဲဒီလိုလူတွေအတွက် နေ့စဉ် ဖတ်ရှုကြားသိရတဲ့ သတင်းတွေကို
ရေးနိုင်ပါတယ်။ သတင်းထဲမှာ ပါတဲ့ အကြောင်းအရာတွေ ဘာဆက်ဖြစ်နိုင်သလဲ
ခန့်မှန်းချက်တွေ (ဥပမာ ဟီလာရီကလင်တန် သမ္မတ ဖြစ်လာမည်ဟု ထင်မြင်ပါသည်
စသည်ဖြင့်) ထည့်ရေးမယ်ဆိုရင် အရင်က ရေးထားတာတွေကို ပြန်ဖတ်ဖြစ်နိုင်တယ်။
ပြန်ဖတ်ရင်း အမှားတွေ့ရင် ပြင်နိုင်တယ်၊ စာအရေးအသား ပိုကောင်းလာအောင်
အထွေထွေ ပြင်ဆင်မှုတွေ လုပ်နိုင်တယ်။


၃။ အင်တာနက်ကနေ ပုံမှန် အင်္ဂလိပ်ဘာသာစကားသင်ယူခြင်းဆိုင်ရာ
အကြံဥာဏ်ရယူဖို့ စာရင်းပေးထားပါ။ အချို့ ၀က်ဘ်ဆိုက်တွေက
စာရင်းပေးထားသူတွေရဲ့ အီးမေးလ်လိပ်စာကို တစ်ပတ် တစ်ကြိမ် ဒါမှမဟုတ်
နေ့စဉ် အင်္ဂလိပ်ဘာသာ သင်ခန်းစာတို ကလေးတွေ ပေးပို့ပါတယ်။ လက်ကိုင်ဖုန်းနဲ့
အီးမေးလ် ကြည့်လို့ရရင် အဲဒီအင်္ဂလိပ်စာ သင်ခန်းစာတွေကို အလုပ်သွားရင်း
ဒါမှမဟုတ် ကျောင်းသွားရင်း ဖတ်လို့ရတယ်။ တစ်ခုသတိထားရမှာကတော့ အဲဒီ
သင်ခန်းစာတွေဟာ သာမန်အားဖြင့် အလွယ်အခက် အဆင့်ခွဲတာ သိပ် မကောင်းတတ်ဘူး။
ကိုယ့်အဆင့်နဲ့ ကွက်တိ ကိုက်ညီချင်မှ ကိုက်ညီမယ်။ ဒါကြောင့်
ကိုယ်တိုင်ဖြစ်စေ၊ ဆရာဆရာမကဖြစ်စေ ဂရုတစိုက် ရွေးချယ်ထားတဲ့
သင်ခန်းစာတွေကို အစားထိုးဖို့ မဟုတ်ဘဲ အင်္ဂလိပ်စာ အပိုလေ့လာဖို့ ဒါမှမဟုတ်
ပြန်နွေးဖို့ သုံးရင် သင့်တော်ပါတယ်။


၎။ အင်္ဂလိပ်လိုပြောတဲ့ MP3 တွေကို နားထောင်ပါ။ နိုင်ငံအတော်များများမှာ
အင်တာနက်ကနေ သီချင်း MP3 တွေ ၀ယ်ကြတယ်။ လူကြိုက်လည်း များတယ်။ ဒါပေမယ့်
အသံထွက်ဖတ်ထားတဲ့ စာအုပ် (audio book) တွေ လိုမျိုး အင်္ဂလိပ်လိုပြောတဲ့
MP3 တွေ (ဥပမာ သရုပ်ဆောင်တစ်ဦးက ၀တ္ထုတစ်အုပ်ကို ဖတ်ပြီး
အသံသွင်းထားတာမျိုး) ကိုလည်း အင်တာနက်ကနေ ရယူနိုင်တယ်ဆိုတာ
လူသိနည်းနေသေးတယ်။ အင်္ဂလိပ်သီချင်းတွေ နားထောင်တာထက် Scientific American,
ဘီဘီစီ နဲ့ သြစတြေးလျက အေဘီစီ ရေဒီယို တို့က ထုတ်လွှင့်တဲ့
အင်္ဂလိပ်လိုပြောတဲ့ MP3 တွေကို နားထောင်တာက ပိုကောင်းတယ်။ နောက်ပြီး
အခမဲ့လည်း ရနိုင်တယ်။


၅။ အင်္ဂလိပ်သီချင်းတွေ နားထောင်ပါ။ အခြားတစ်ခုခုလုပ်နေတုန်းမှာ
သီချင်းနားထောင်တာတောင်မှ အင်္ဂလိပ်စကားပြော သဘာဝစည်းချက်နဲ့ လေသံကို
ကျင့်သားရစေဖို့ အနည်းငယ်တော့ အထောက်အကူ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်
သီချင်းတစ်ပုဒ်ကို အချိန်ပေးပြီး လေ့လာမှသာ နောက်တစ်ကြိမ်
နားထောင်တဲ့အခါမှာ ပိုပြီးတော့ ကျွမ်းကျင်သွားမှာဖြစ်ပါတယ်။

နောက်နေ့မှ ဆက်ပါဦးမည်။


--
Nann Nyunt Oo

1 comment:

  1. အခုလို့ အကြံအဥာဏ်ပေးတာအရမ်းကျေးဇူးတင်ပါတယ်
    တကယ်လဲထိရောက်တဲ့ အကြံဥာဏ်လေးပ

    ReplyDelete

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ