ကချင်တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပက
မေးခွန်းတွေရှိပါတယ်။ မိဘပြည်သူတွေလည်း သိချင် နေကြပါလိမ့်မယ်။
ကျွန်တော်ကိုယ်တိုင် တပ်မတော်ကို မိမိကိုယ်တိုင် ခုခံကာကွယ်ရုံ က လွဲပြီး
ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မလုပ်ဖို့ ညွှန်ကြားထားပြီးတဲ့ အနေအထားမှာ
ဘာဖြစ်လို့ ပစ်ခတ်တိုက်ခိုက်မှုတွေ မရပ်သေးတာလဲဆိုတဲ့ မေးခွန်းပဲ
ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် လက်အောက်ခံ
တပ်ရင်း၊ တပ်ဖွဲ့တွေကို ဆက်လက် ညွှန်ကြားထားပြီးလည်း ဖြစ်ပါတယ်။
တပ်မတော်မှာ အမိန့်နဲ့ ညွှန်ကြားချက်ဟာ အသက်သွေးကြောဖြစ်ပါတယ်။ ယနေ့မပြီး
ပြတ်သေးတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တစ်ဖက်နဲ့ တစ်ဖက် လက်ညှိုးထိုး
အပြစ်တင်ရုံနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားမှာ မဟုတ်ပါဘူး။
နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်းဖို့အတွက် ပထမဦးဆုံး နှစ်ဦးနှစ်ဖက်
ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့ လိုပါတယ်။ ဒီအတွက်
ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲကြမယ်ဆိုတဲ့ ခိုင်မာတဲ့ အာမခံချက်၊
ကတိက၀တ်တွေ အပြန်အလှန်ထားရှိဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ဆန္ဒ၊
ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ဟာ
ကျွန်တော်တို့အစိုးရနဲ့ ကချင် တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့တာဝန်လည်း
ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စစ်ဘေးသင့် တိုင်းရင်းသား ပြည်သူတွေအတွက်
ထောက်ပံ့ကူညီမှုတွေ၊ ပြန်လည် နေရာချထားရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသလို
ပြည်တွင်း၊ ပြည်ပနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက
ပံ့ပိုးကူညီနိုင်အောင်လည်း လမ်းဖွင့် ဆောင်ရွက်ပေးနေပါတယ်။
မိုဘိုင်းဖုန်းကိစ္စနှင့် မော်တော်ကားဈေးနှုန်း
လက်ရှိ ပြည်သူအကြားမှာ စိတ်ဝင်စားမှုအထူးပဲ မြင့်တက်နေတဲ့
မိုဘိုင်းဖုန်းကိစ္စနဲ့ ပတ်သက်လို့လည်း လက်ရှိ တည်ဆောက်နေမှုများ
ပြီးစီးသွားပါက အပြည်ပြည်ဆိုင်ရာ နှုန်းထားများနဲ့အညီ အကောင်းဆုံး
နည်းလမ်းများရှာပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဈေးကွက်
စီးပွားရေးစနစ်တွေ ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင် လိုအပ်တဲ့ ဥပဒေတွေ
ပြင်ဆင်ရေးဆွဲ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေး စရိတ်စကတွေ
လျော့နည်းစေရေး အတွက်လည်း ရေရှည်ကာလမှာ မော်တော်ကား ဈေးနှုန်းတွေကို
နိုင်ငံတကာနည်းတူ လျော့ကျလာအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Transactional Cost များ လျော့နည်းကျဆင်းအောင် ဆောင်ရွက်နေ
ကမ္ဘာ့စီးပွားရေး အခြေအနေ မတည်မငြိမ် ဖြစ်နေသေးတဲ့၊ စီးပွားရေးပိတ်ဆို့
အရေးယူမှုတွေ ဖယ်ရှားနိုင်ခြင်း မရှိသေးတဲ့၊ ပြည်တွင်းစီးပွားရေး
လုပ်ငန်းတွေ ခိုင်မာအားကောင်းပြီး ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးတဲ့ ခုလို
အချိန်အခါမှာ နိုင်ငံသားတွေ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ကြရာမှာ
အဆင်ပြေ လွယ်ကူစေဖို့ ဦးတည်ချက်ထားပြီး လုပ်ငန်းလိုင်စင်တွေ၊ ပို့ကုန်၊
သွင်းကုန်လိုင်စင်တွေ လျင်လျင်မြန်မြန် ရရှိအောင် အလေးထား
ဆောင်ရွက်ခဲ့ပါတယ်။ ပို့ကုန်နဲ့ဆက်စပ်တဲ့ အခွန်အကောက်တွေကိုလည်း
လျော့ချဖယ်ရှား ပေးခဲ့ပါတယ်။ ခေတ်စနစ် နဲ့ မကိုက်ညီတော့တဲ့
နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းထားကိုလည်း ပြင်ပအခြေအနေနဲ့အညီ
ယာယီပြောင်းလဲ သတ်မှတ်ပေးခဲ့သလို တစ်ချိန်တည်းမှာပဲ တည်ငြိမ်မှန်ကန်ပြီး
နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို မထိခိုက်စေတဲ့ ငွေလဲလှယ်မှု
နှုန်းထားတစ်ရပ် ရေရှည် ခိုင်ခိုင်မာမာ ထူထောင်နိုင်အောင် ပြည်တွင်း၊
ပြည်ပပညာရှင်များ၊ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများနဲ့ နီးနီးကပ်ကပ်
ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့
အပိုကုန်ကျစရိတ်တွေ လျော့နည်း သက်သာစေအောင် အုပ်ချုပ်ရေးယန္တရားရဲ့
အတားအဆီးတွေကို ဖယ်ရှားပေးခဲ့ရာမှာ ဆန်စပါးလွတ်လပ်စွာ တင်ပို့ခွင့်၊
စက်သုံးဆီဈေးနှုန်း၊ တယ်လီဖုန်းဈေးနှုန်း၊ မော်တော်ကားဈေးနှုန်းတွေ
သိသိသာသာ ကျဆင်းလာအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်ပြီးတော့လည်း
Transactional Cost တွေ လျော့နည်း ကျဆင်းလာအောင် ဆောင်ရွက်နေပါတယ်။
ခေါင်းမာဂိုဏ်း၊ အပျော့ဂိုဏ်း ကွဲပြားနေတာ မရှိ
ဒီကနေ့ ကျွန်တော်တို့ အစိုးရကို နေရာအနှံ့က အမျိုးမျိုးအဖုံဖုံ
ဝေဖန်ပြောကြား နေတာတွေလည်း ကျွန်တော် တို့သိရှိထားပါတယ်။ အပြုသဘော
မဆောင်တဲ့ ကောလာဟလတွေလည်း ကျွန်တော်တို့ ကြားသိနေရပါတယ်။ ကျွန်တော်တို့
အစိုးရဟာ အများပြောနေကြသလို ခေါင်းမာဂိုဏ်းနဲ့ အပျော့ဂိုဏ်းဆိုပြီး
ကွဲပြားနေတာမရှိပါဘူး။ လူတစ်ဦးချင်းစီရဲ့ ဗီဇ၊ စရိုက်၊
အမူအကျင့်တွေပေါ်မှာ မူတည်ပြီး စီမံခန့်ခွဲမှု ကွဲပြားခြားနားတာကလွဲလို့
ကျွန်တော်တို့အစိုးရရဲ့ မူဝါဒကို ကျွန်တော်တို့အားလုံး မမှိတ်မသုန်
ယုံကြည်စွာ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
ခေတ်အဆက်ဆက် အမြစ်တွယ်နေသော အဂတိလိုက်စားမှုနှင့် အမျိုးသားရေး စိန်ခေါ်မှု
သက်ဆိုင်ရာ အစိုးရ၀န်ကြီး ဌာန/အဖွဲ့အစည်းများ၊ ပြည်နယ်/တိုင်းဒေသကြီး
အစိုးရများ အနေနဲ့ လည်း အစည်းအဝေးတွေ ဆက်တိုက်ကျင်းပပြီး အချိန်ကုန်မ
နေကြဘဲ ပြည်သူ့ရေးရာ ၀န်ဆောင်မှုတွေကို စွမ်းအားကုန် ဖြည့်ဆည်းပေးပြီး
ပြည်သူလူထု စိတ်ကျေနပ်မှု၊ စိတ်ချမ်းသာမှုကို ရှေးရှုဆောင်ရွက်ရမှာ
ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုဆိုတဲ့
အမျိုးသားရေး စိန်ခေါ်မှုကြီးဟာ ခေတ်စနစ်နဲ့အတူ ပေါက်ဖွား
ရှင်သန်လာခဲ့တာဖြစ်တဲ့အတွက် ခေတ်ပြောင်း စနစ်ပြောင်းမှာ စိတ်ဓာတ်၊
ခံယူချက်၊ ကျင့်ဝတ်၊ လုပ်ငန်း ခွင်၊ သက်သာချောင်ချိရေး၊
ပြန်လည်စောင့်ကြည့်ရေး၊ တရားဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊
အသိအမြင် မြှင့်တင်ရေးအစရှိတဲ့ ဘက်စုံချဉ်းကပ်မှု နည်းလမ်းတွေနဲ့
ပညာပေးခြင်း၊ စည်းရုံးခြင်း၊ အသိပေးခြင်း၊ သတိပေးခြင်း၊
အရေးယူခြင်းများကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
အစိုးရ၀န်ထမ်းများကို လစာတိုးပေးရန် မဖြစ်နိုင်သေး
လက်ရှိနိုင်ငံတော်ရဲ့ ငွေကြေးအခြေအနေ၊ ပြည်ပကြွေးမြီ၊ ဘတ်ဂျက်လိုငွေစတဲ့
မက်ခရို စီးပွားရေး အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး အခြေအနေ
အချိန်အခါသင့်ရင် သင့်သလို လစာစရိတ်တွေကို တိုးမြှင့်ပေးနိုင်ဖို့
ကြိုးစား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဟာ
စတင် လွှဲပြောင်းရယူချိန်က စပြီး မြင့်မားတဲ့ လစာနှုန်းထားတွေ
ရယူခံစားခြင်းမပြုဘဲ ယခင်အစိုးရ လက်ထက်က နှုန်းထားအတိုင်း ရယူခံစား
နေကြသူတွေဖြစ်ပါတယ်။ လူတန်းစား ကွာဟချက်တွေ၊ ဆင်းရဲနွမ်းပါးမှုတွေ
ကြီးကြီးမားမား တည်ရှိနေသေးပြီး ပြည်သူတစ်ဦးချင်း ၀င်ငွေနိမ့်ကျနေသေးတဲ့
ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့ဟာ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်တာနဲ့ အညီ
ပြည်သူ့ရေးရာ ၀န်ဆောင်မှုတွေကို အပြည့်အ၀ ဖြည့်ဆည်းနိုင်အောင်၊
မိမိတို့ကြောင့် ဖြစ်ပေါ်ရတဲ့အပို ကုန်ကျစရိတ်တွေ လျော့နည်း
ပပျောက်သွားအောင် စိတ်ရင်းစေတနာ အရင်းခံပြီး ထမ်းဆောင်သွားကြဖို့
ပြောကြားလိုပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ အစိုးရ၀န်ထမ်း အရေအတွက်ဟာ
စုစုပေါင်း တစ်နိုင်ငံလုံးလူဦးရေရဲ့ ၃ဒသမ၃ ရာခိုင်နှုန်း ရှိတဲ့အတွက်
ကျွန်တော်တို့ဟာ ပြည်သူ့အစိုးရ ဖြစ်တာနဲ့အညီ အစိုးရ၀န်ထမ်းမဟုတ်သော သာမန်
လက်လုပ်လက်စား ပြည်သူ ၉၆ဒသမ ၇ရာခိုင်နှုန်း ခန့်ကိုလည်း
ပြန်လည်ငဲ့ကွက်ဖို့ လိုပါတယ်။ အခုဆိုရင် လစာတိုးပေးရေး
ဆွေးနွေးမှုတွေကြောင့် အရပ်ရပ်ကုန်ဈေးနှုန်းတွေ ရုတ်တရက် တက်လာတာကိုလည်း
တွေ့ ရှိရပါတယ်။ ကျွန်တော်တို့ ၀န်ထမ်းတွေ လစာတိုးမြှင့် ပေးလိုက်လို့
ခံစားရမယ့် အစိုးရ၀န်ထမ်း မဟုတ်တဲ့ ၅၈ သန်းသော ပြည်သူတွေဟာ ဒီနောက်ဆက်တွဲ
အကျိုးဆက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ အပါအ၀င် နိုင်ငံသားအားလုံး အခွန်ပေးဆောင်ရေး ဆောင်ရွက်နေ
ရေတိုကာလမှာ ရသင့်ရထိုက်တဲ့ အခွန်အခတွေ တိုးမြှင့်ရရှိလာအောင်
ဆောင်ရွက်ရာမှာ မိဘပြည်သူများရဲ့ လူမှု-စီးပွားဘ၀များကို မထိခိုက်စေအောင်
အဘက်ဘက်မှ ခြုံငုံသုံးသပ်ပြီး ဆောင်ရွက်နေသလို နိုင်ငံတော်ရဲ့ ယိုပေါက်၊
ဟာပေါက်တွေ ပိတ်နိုင်အောင်လည်း ကောင်းမွန်သော အုပ်ချုပ်မှုနဲ့
ထိန်းကျောင်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ရေရှည်ကာလမှာတော့ ညီမျှမှု
Equality နဲ့ မျှတမှု Fairness ဆိုတဲ့ အနေအထားနှစ်ရပ် အကြားမှာ
လိုက်လျောညီထွေ ဖြစ်စေမယ့် အခွန်ဥပဒေတစ်ရပ်ကို ခေတ်စနစ်နဲ့သာမက
မိဘပြည်သူများရဲ့ ပကတိ အခြေအနေမှန်နဲ့ အညီ တစ်ဦးချင်းဝင်ငွေ နိမ့်ကျတဲ့
ပြည်သူတွေအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်စေရအောင် ပြဋ္ဌာန်းနိုင်ရေး
ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် သမ္မတအပါအ၀င် နိုင်ငံသားအားလုံး
အခွန်ပေးဆောင်ရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီ ရှင်သန်ခိုင်မာရေးအတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများ အရေးကြီး
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ နိုင်ငံတည်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ
အရေးကြီးဆုံးကတော့ အရပ်ဘက် လူ့အဖွဲ့အစည်း ခိုင်မာ အားကောင်းလာရေးပဲ
ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးတွေဟာ ဘာသာတရားရဲ့
အဆုံးအမနဲ့အတူ ယဉ်ကျေးမှုအရ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့တဲ့
ပရဟိတစိတ်ဓာတ် ဆိုတာ ရှိနေပါတယ်။ သာရေး၊ နာရေးကအစ အရေးပေါ် ကယ်ဆယ်ရေးမှသည်
စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအထိ
အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အရှိန်အဟုန်နဲ့ ပေါ်ထွန်းလာနေတာကို ဒီကနေ့
ဝမ်းမြောက်ဖွယ်ရာ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းတွေ၊
အသင်းအဖွဲ့တွေ စနစ်တကျ ဖြစ်ထွန်းအောင်မြင် နေတာဟာလည်း ကျွန်တော်တို့
လူ့အဖွဲ့အစည်း အတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ ရှင်သန်ခိုင်မာရေးမှာ ဒီအရပ်ဘက်
လူ့အဖွဲ့အစည်းတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတာဖြစ်ပါတယ်။
အားနည်းသူတွေ အကာအကွယ် ပေးရေးမှာလည်း ဥပဒေနဲ့အညီ တောင်သူ လယ်သမားတွေရဲ့
အခွင့်အရေးတွေ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်ပေးနိုင်မယ့်
လူတန်းစား သမဂ္ဂ၊ အဖွဲ့အစည်းတွေ စနစ်တကျ ပေါ်ထွက်လာအောင်လည်း ကျွန်တော်တို့
ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
ဒီမိုကရေစီ လူ့ဘောင်ကြီး ဖြစ်ပေါ်လာရန် ဥပဒေစိုးမိုးရေးက အခြေခံအကျဆုံးဖြစ်
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အာဏာ(၃)ရပ်ကို အညီအမျှ ခွဲဝေပေးထားတာ
ဖြစ်ပါတယ်။ ဒီအာဏာကြီး(၃)ရပ်ကို အညီအမျှ ခွဲဝေကျင့်သုံးပြီး
စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်း မီဒီယာတွေ၊ ပဉ္စမမဏ္ဍိုင်ဖြစ်တဲ့
ကျွန်တော်တို့ မိဘပြည်သူတွေနဲ့ တပ်မတော်တို့ဟာ ဒီမိုကရေစီ
အသွင်ကူးပြောင်းရေးကို နားလည်မှုရှိရှိ၊ ယုံကြည်မှု ရှိရှိ ဆက်လက်
ဆောင်ရွက်သွားကြမယ်ဆိုရင် ကျွန်တော်တို့ အားလုံးမျှော်မှန်းထားတဲ့
ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို
ရောက်ရှိမှာဖြစ်ပါတယ်။ လွတ်လပ်ပြီး လူသားဂုဏ်ရည်မြင့်မားတဲ့ ဒီမိုကရေစီ
လူ့ဘောင်ကြီး ဖြစ်ပေါ်လာရေးအတွက် အခြေခံ အကျဆုံးကတော့ ဥပဒေစိုးမိုးရေးပဲ
ဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်အရပ်ရပ်က ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်း၊
ဒီဥပဒေတွေနဲ့အညီ ကျွန်တော်တို့ အစိုးရက အုပ်ချုပ်၊ ဒီဥပဒေတွေနဲ့အညီ
တရားစီရင်ရေး မဏ္ဍိုင်က လိုက်နာ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ Rule of Law ရှိရပါမယ်။
စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာမှာလည်း Rule of Law ရှိရပါမယ်။
လူမှုဖူလုံရေးအတွက်လည်း Rule of Law ရှိရပါမယ်။ အပြည်ပြည်ဆိုင်ရာ
ဆက်ဆံရေးမှာလည်း အလားတူရှိရပါမယ်။ တရားစီရင်ရေးမှာလည်း အလားတူရှိရပါမယ်။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးRule of Law နဲ့အညီ
ဆောင်ရွက်နိုင်ပြီ ဆိုရင် လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်၊ ဒီမိုကရေစီ
ဆိုတာတွေဟာလည်း အလိုအလျောက် ထွန်းကားရှင်သန် ခိုင်မာလာမှာ ဖြစ်တဲ့အတွက်
နိုင်ငံတည်ဆောက်ရေး အဆင့်ဆင့် ခိုင်မာရေးဟာ Rule of Law အပေါ်မှာ
မူတည်နေပါတယ်။ ဒီတာဝန်ကြီးကိုလည်း ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်
စုပေါင်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ