သမိုင်းရေးပါ

န်းခြောက်ဆယ်သော လူထုနဲ့ ဖွဲ့စည်းတည်ရှိတဲ့ မြန်မာ့လူ့ဘောင်ဟာ အခုအချိန်မှာ အရေးကြီးပြီး ထူးခြားလှတဲ့ သမိုင်းဖြစ်စဉ်ကြီး ထဲမှာ စီးမျောဖြတ်သန်းနေရတယ် ဆိုတာ လူတိုင်းသိပြီးသား ဖြစ်မယ်လို့ ယူဆပါတယ်။ နိုင်ငံတစ်ခုရဲ့ ဂုဏ်သိက္ခာ၊ ပညာ၊ ဥစ္စဓာန၊ နိုင်ငံတကာနှင့် နှိုင်းယှဉ်မှုစတာတွေကို တစ်ခေတ်ဆန်းဖို့ တစ်နည်းအားဖြင့် ပြောင်းပြန် လှန်ပစ်ဖို့ ဝိုင်းဝန်းကြိုးပမ်း အားထုတ်နေကြတဲ့၊ အာဏာရှင်ခေတ်များကို ချိုးဖျက်ပြီး ဒီမိုကရေစီခေတ်သစ်ဆီ ဦးတည် လျှောက်လှမ်းနေကြတဲ့ သမိုင်းဖြစ်စဉ်ကြီး ဖြစ်ပါတယ်။

per_tmyp_ptဒီမိုကရေစီနိုင်ငံ အမှန်ဖြစ်ထွန်းမလား၊ ဖြစ်ထွန်းလာတဲ့ ဒီမိုကရေစီက ဘယ်လောက်ပီပြင်မလဲ၊ ဘယ်လောက်ခိုင်မာမလဲ ဆိုတဲ့ အချက်များက အခု လက်ရှိ အသက်ရှင်နေထိုင်နေပြီး ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးကြီးကို နဖူးတွေ့ဒူးတွေ့ ကြုံကြိုက်နေကြရတဲ့ ကျွန်တော်တို့တတွေ ရေးနေတဲ့ သမိုင်းအပေါ်မှာပဲ လုံးလုံးလျားလျား မူတည်နေပါတယ်။
လွတ်လပ်ရေးတိုက်ပွဲ ကာလတုန်းက တစ်နိုင်ငံလုံး ရရာလက်နက် စွဲကိုင်၊ ကျရာနေရာကနေ တာဝန်ထမ်းခဲ့ကြလို့ စည်းလုံးညီညွတ်တဲ့ တော်လှန်ရေး ကြီးဖြစ်ခဲ့လို့ တိုင်းပြည်လွတ်လပ်ရေး ရခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ တစ်ပါတီ အာဏာရှင်စနစ်ကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တညီတညွတ်နဲ့ တွန်းလှန်ခဲ့ကြလို့ မဆလအာဏာရှင်စနစ်ဆိုး ပြုတ်ကျခဲ့ရပါတယ်။ ဒီမိုကရေစီကို မျိုးစေ့ ချပေးနိုင်ခဲ့ပါတယ်။

အခုကာလဟာလည်း စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီး ဒီမိုကရေစီ စနစ်နဲ့ အစားထိုးဖို့ ကြိုးပမ်းနေကြတဲ့ကာလ ဖြစ်ပါတယ်။ တချို့က ဒီမိုကရေစီ ရပြီလို့ ယူဆနေကြပြီး တချို့ကတော့ ဒီမိုကရေစီ လုံးဝမရသေးဘူး၊ လုံးဝလည်း မရနိုင်ဘူးလို့ ယူဆနေကြပါတယ်။
ဒီမိုကရေစီ အမှန်တကယ်ဖြစ်ထွန်းဖို့ သန်းခြောက်ဆယ်သော လူထုတစ်ရပ်လုံးက ညီညီညွတ်ညွတ် တက်တက်ကြွကြွ ကြိုးပမ်းအားထုတ်ကြမယ် ဆိုရင် အချိန်တိုအတွင်း အောင်မြင်ပြီး မြောက်နိုင်တယ် ဆိုတဲ့ အသိနဲ့ တတ်စွမ်းသလောက် တစ်တပ်တစ်အား ပါဝင်ထမ်းရွက်လိုတဲ့ စိတ်တွေ နည်းလွန်းနေသေးပါတယ်။ လူတိုင်းဟာ ကိုယ်နိုင်သလောက် ဝိုင်းဝန်းကြိုးပမ်းလို့ ရပါတယ်။ လူတိုင်းဟာ ဒီမိုကရေစီ တည်ဆောက်ရေးဆိုတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ သမိုင်းကို ကိုယ်တိုင် ကိုယ်ကျ တစ်တပ်တစ်အား ဝင်ရောက်ရေးသားနိုင်ခွင့်နဲ့ ကြုံကြိုက်နေပြီဆိုတာ သိရှိကြဖို့ လိုအပ်ပါတယ်။

ခင်ဗျားဟာ နိုင်ငံရေးသမားတစ်ယောက် ဖြစ်တယ်ဆိုရင် ခင်ဗျားရဲ့ စွမ်းဆောင်ရည်တွေ Capacity မြင့်မားအောင် ကြိုးပမ်းပါ။ အာဏာရှင်ခေတ်က နိုင်ငံရေးသမားတွေဟာ နေရာရတာနဲ့ ကိုယ်ကျိုးရှာ ခဲ့ကြပါတယ်။ သူတို့ရဲ့ ဆိုးညစ်တဲ့သမိုင်းနဲ့ နိုင်ငံရဲ့ အရုပ်ဆိုးတဲ့သမိုင်းကို ကိုယ်ကျိုးရှာပြီး ရေသာခို အချောင်လိုက်ပြီး လူထုကို နှိပ်စက်ကလူပြုပြီး ရေးသွားခဲ့ကြပါတယ်။ ခင်ဗျားက သူတို့အမှားတွေကို သင်ခန်းစာယူလို့ ရပါတယ်။ လူထုကို အလုပ်အကျွေးပြုပါ။ ဒီမိုကရေစီစနစ် အခိုင်အမာ အမြစ်တွယ်အောင် အထိ ရောက်ဆုံးလုပ်နိုင်တာ၊ လူထုကို လမ်းပြနိုင်တာ ခင်ဗျားတို့ နိုင်ငံရေးသမားများ ဖြစ်ပါတယ်။

ခင်ဗျားက လွှတ်တော်တစ်ရပ်ရပ်မှာ အမတ်ဖြစ်တယ်ဆိုရင် လူထုအပေါ်မှာ ဖိစီးနေတဲ့ အာဏာရှင်ခေတ် အဆက်ဆက်က ပြဋ္ဌာန်းထားခဲ့သော ဥပဒေများ အမြန်ဆုံးအဆုံးသတ်နိုင်ပြီး လူထုရဲ့လွတ်လပ်ခွင့်တွေ၊ တိုးတက် ဖွံ့ဖြိုးခွင့်တွေကို အာမခံချက် ပေးနိုင်တဲ့ ဥပဒေအသစ်များ အမြန်ဆုံးပေါ်ပေါက်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းရမယ့် တာဝန်ရှိပါတယ်။ အမတ်တွေ အားလုံးဟာ လူထုရဲ့ ကျေးကျွန်များဖြစ်ပါတယ်။

"သူညစ်လို့ ငါညစ်မယ်ဆိုရင် ကျွန်တော်တို့သမိုင်းကြောင်း ဘယ်တော့ ကောင်းလာနိုင်ပါ့မလဲ…"

အာဏာရှင်ခေတ် လွှတ်တော်အမတ်များလို လူထုရဲ့အရှင်သခင် ဖြစ်ချင်လို့ မရတော့ပါဘူး။ တရားမျှတတဲ့ ဥပဒေများ ပေါ်ပေါက်လာအောင် ကြိုးပမ်းခြင်းက လူထုကို အလုပ်အကျွေးပြုခြင်းဖြစ်သလို ခင်ဗျားလို အမတ်များ ရေးရမယ့် မြင့်မြတ်တဲ့သမိုင်းပဲ ဖြစ်ပါတယ်။ ခင်ဗျားက တိုင်းရင်းသားလူမျိုးစု လူနည်းစုတစ်ခုခုရဲ့ အခွင့်အရေးများအတွက် တိုက်ပွဲဝင်နေသူဖြစ်ရင် အခု အချိန်လောက် ကောင်းတဲ့ အချိန်မရှိတော့ပါဘူး။ ငြိမ်းချမ်းရေးအတွက် ခင်ဗျား ကြိုးပမ်းလို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ တိုင်းရင်းသားတို့ တန်းတူညီမျှရေး အတွက် တစ်နည်းအားဖြင့် ဖက်ဒရယ်စနစ် ထူထောင်နိုင်ဖို့ အတွက် လွတ်လပ်ရေး ရပြီးကတည်းကနေ တွက်ရင် အခုအချိန်ဟာ အားထုတ်သလောက် အရာထင်နိုင်မယ့် အချိန်ပါပဲ။ မျှော်လင့်ချက်လည်း အရှိဆုံးအချိန်ပါ။ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ ခိုင်ခိုင်မာမာဆုံးဖြတ်ပြီး အားထုတ်ကြရင် ရှိနေတဲ့အခက်အခဲ အတားအဆီးတွေကို မကြာခင် ကျော်လွှားနိုင်မှာ အသေအချာဖြစ်ပါတယ်။

သေနတ်သံတွေ လုံးဝတိတ်ဆိတ်သွားနိုင်ဖို့ လုပ်နိုင်တဲ့အခွင့်အလမ်း တွေက ခင်ဗျားရှေ့မှောက်မှာ အရင်ကထက် ပိုများနေပါပြီ။ ငြိမ်းချမ်းရေးကို အလွယ်တကူရမယ်လို့ ကျွန်တော် လုံးဝမမျှော်လင့်ပါဘူး။ ဒါပေမဲ့ အားလုံးရဲ့ တူညီတဲ့ဆန္ဒ၊ တစ်ဦးအပေါ်တစ်ဦး စစ်မှန်တဲ့ လေးစားချစ်ခင်မှုတို့ ထားနိုင်ရင် ငြိမ်းချမ်းရေးဟာ သေချာပေါက် ရမယ်လို့ ခင်ဗျားလည်း ယုံကြည်မှာပါ။ ငြိမ်းချမ်းရေးဟာ ဒီမိုကရေစီရေးအတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်လေတော့ ခင်ဗျားကိုယ်စားပြုတဲ့ တိုင်းရင်းသားတွေ အတွက်ရော၊ ဗမာအပါအဝင် သန်းခြောက်ဆယ်သော တိုင်းရင်းသားလူထုကြီး တစ်ရပ်လုံးရဲ့ ကောင်းကျိုးအတွက် ခင်ဗျားရေးမယ့်သမိုင်းဟာ တိုင်းတာပြလို့ မရနိုင်လောက်အောင် အရေးပါလှပါတယ်။

ခင်ဗျားဟာ တပ်မတော်သားဆိုရင် ခင်ဗျားလက်ထဲမှာ အခုရှိနေတဲ့ အခွင့်အလမ်းက အံ့မခန်းပဲဆိုတာ ပြောပါရစေ။ ရှေ့က အာဏာရှင်ကြီးများရဲ့ အသုံးချမှုကိုခံရလို့ စွန်းပေခဲ့ရသမျှ ခင်ဗျားရေးမယ့် သမိုင်းနဲ့ သန့်ရှင်း စင်ကြယ်သွားနိုင်တာ အသေအချာပါပဲ။ လူထုနဲ့ တပ်မတော်ကြား တိုးတက် ကောင်းမွန်စပြုလာတဲ့ လက်ရှိအခြေအနေဟာ အခု ခင်ဗျားတို့ တပ်မတော်သားတွေ ရေးနေတဲ့ သမိုင်းပါ။ အခုအတိုင်း တည်တည်ငြိမ်ငြိမ်လေးနဲ့ ခရီး ဆက်နိုင်မယ်ဆိုရင် တစ်နည်းအားဖြင့် တပ်မတော်က ရည်မှန်းသလို စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဟာ တပ်မတော်ရဲ့အကူအညီနဲ့ အခိုင်အမာ ပေါ်ထွန်းလာပြီး တပ်မတော်ရဲ့ ကူညီကာကွယ်စောင့်ရှောက်မှုနဲ့ ရေရှည် တည်တံ့ခိုင်မာလို့ လူထုတစ်ရပ်လုံးလည်း လွတ်လပ်ရုံမျှမက ကမ္ဘာနဲ့အမီ ကြွယ်ဝချမ်းသာ လာကြမယ်ဆိုရင် တပ်မတော်ဟာ နိုင်ငံတော်ရဲ့ ဂုဏ်ကျက်သရေဆောင် အဖွဲ့အစည်းကြီးအဖြစ် အစဉ်သဖြင့် ရပ်တည်နိုင်တော့မှာ ဖြစ်လို့ ခင်ဗျားရေးမယ့် သမိုင်းအတွက် ခင်ဗျားအခုကတည်းက ဂုဏ်ယူလို့ ရနေပါပြီ။

ခင်ဗျားဟာ ကျောင်းဆရာတစ်ယောက် ဖြစ်တယ်ဆိုရင် ခင်ဗျားရဲ့ သမိုင်းရေးခွင့် ဟာလည်း ပေါ့သေးသေး မဟုတ်လှပါဘူး။ အခုကျွန်တော်တို့ တစ်တွေ ဘယ်လောက်ပဲ ကြိုးစားပြီး ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ခဲ့ တည်ဆောက်ခဲ့ နောင်တစ်ချိန်လူလုပ်မယ့်၊ အခု ခင်ဗျား သင်ကြားပို့ချပေးနေတဲ့ လူငယ်တွေက သူတို့ သမိုင်းရေးရမယ့် အလှည့်ရောက်ရင် သူတို့သမိုင်းကို သူတို့ ကောင်းအောင်ဆက်ရေးမှသာ အဓိပ္ပာယ် ရှိမှာဖြစ်ပါတယ်။

သူတို့ရဲ့လက်ထဲကို ကျွန်တော်တို့က အနာဂတ်ကိုထည့်ပေးခဲ့ရမှာ ဖြစ်လို့ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အဆမတန်နိမ့်ကျခဲ့အောင် ရှေ့ကရေးခဲ့တဲ့ သမိုင်းဆိုးကို သင်ခန်းစာယူပြီး ခင်ဗျားတို့ ဆရာတွေက လူငယ်တွေကို အကောင်းဆုံး ရေလောင်းပေါင်းသင်ပေးဖို့ သမိုင်းပေးတာဝန် ရှိပါတယ်။ ကိုယ်ကျိုးရှာတဲ့ ကျောင်းဆရာဆရာမတွေ ဆိုတဲ့ သမိုင်းဟာ အရုပ်ဆိုး အကျည်းတန်လွန်းပါတယ်။ နိုင်ငံရေးလုပ်နေတဲ့ သူတွေနဲ့ တန်းတူပဲ ပညာရေး သမားတွေရေးရမယ့် သမိုင်းဟာ တာဝန်ကြီးတယ်ဆိုတာ သတိပေးချင် ပါတယ်။

ခင်ဗျားဟာ သာမန်ဈေးသည်တစ်ယောက် ဆိုရင်လည်း ဝိသမ လောဘကို လျှော့ပြီး စေတနာကောင်းလေး ထားဖို့က ခင်ဗျားရေးရမယ့် သမိုင်းပါ။ ခင်ဗျားက ဘတ်စ်ကားမောင်းတဲ့ ဒရိုင်ဘာဆိုရင်လည်း လမ်းအန္တရာယ်၊ ယာဉ်အန္တရာယ်ကင်းရှင်းအောင်၊ ခရီးသည်တွေ အန္တရာယ် ကင်းအောင် စည်းနဲ့ ကမ်းနဲ့ မောင်းနှင်ပြီး ခင်ဗျားသမိုင်းကိုရေးပါ။ ခင်ဗျားဟာ ပြည်သူ့ဝန်ထမ်း ဆိုရင်လည်း အခု သမ္မတက လုပ်နေတဲ့ သန့်ရှင်းသောအစိုးရ ကောင်းမွန်သောအုပ်ချုပ်ရေး ဆိုတဲ့ ရည်မှန်းချက်ကို ပြည့်စုံအောင် ပေါက်မြောက်အောင် အကောင်အထည်ဖော်တဲ့ နေရာမှာ ကျရာနေရာမှာ ပါဝင်ခြင်းအားဖြင့် ခင်ဗျားသမိုင်းကို ကောင်းအောင်ရေးသင့်ပါတယ်။ ခင်ဗျားဟာ ရာထူး ဘယ်လောက်ငယ်ငယ်၊ တာဝန်ဘယ်လောက်နည်းနည်း ခင်ဗျားသမိုင်းကို ခင်ဗျားက ကောင်းအောင်ရေးချင်စိတ် မရှိရင် အစိုးရ ယန္တရားတစ်ခုလုံးကိုရော၊ တိုင်းပြည်နဲ့ လူထုရဲ့ အကျိုးစီးပွားနဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်ပါတယ်။ ခင်ဗျားတို့ ဝန်ထမ်းတွေ ပြုပြင်ပြောင်းလဲနိုင်တာနဲ့ တိုင်းပြည်ကောင်းဖို့က တော်တော် နီးစပ်သေချာပြီ လို့တောင်မှ ပြောလို့ရ ပါတယ်။ ခင်ဗျားက လယ်ယာမြေက ဦးကြီးဆိုရင်လည်း ခင်ဗျားရေးမယ့် သမိုင်းက ကျွန်တော်တို့ရဲ့ အသက်သွေးကြောပါ။ ကျွန်တော်တို့ရဲ့ ထမင်းရှင်ဟာ ခင်ဗျားပါ။

ဆန်စပါးကို နိုင်ငံတကာအဆင့်မီ စိုက်ပျိုးထုတ်လုပ်နိုင်တာ တစ်ခုတည်းနဲ့တောင် ကျွန်တော်တို့တိုင်းပြည် ချမ်းသာနိုင်ပါတယ်။ ကျွန်တော်တို့က တစ်ချိန်တစ်ခါက စပါးနဲ့ချမ်းသာခဲ့တဲ့ တိုင်းပြည်ပါ။ အာဏာရှင်ခေတ် အဆက်ဆက်က တခြားကိစ္စတွေမှာ အောက်တန်းနောက်တန်း ကျခဲ့ရသလို လူဦးရေအများစုဖြစ်တဲ့ လယ်သမားတွေလည်း ဆင်းရဲ ဆန်စပါးထွက်နှုန်း လည်း သူများနောက်ကျ ခဲ့ရပါတယ်။ အစိုးရအဆက်ဆက် မကောင်းခဲ့လို့ပါ။ အခုလည်းလုံးဝကောင်းပြီလို့ မပြောနိုင်သေးပေမယ့် ကောင်းစပြုလာပါပြီ။ လယ်သမားတွေအတွက် အခွင့်အလမ်းတွေလည်း တဖြည်းဖြည်း တိုးတက်လာအောင် ကျွန်တော်တို့အားလုံး ဝိုင်းလုပ်ဖို့ တာဝန်ရှိပါတယ်။ လယ်သမား ချမ်းသာရင် တိုင်းပြည်ချမ်းသာပါတယ်။ ဦးကြီးတို့ကလည်း အရင်က ကျနေခဲ့တဲ့ စိတ်ဓာတ်တွေ ပြန်မြှင့်တင်ပြီး ကြိုးစားကြဖို့ တောင်းပန်ချင်ပါတယ်။

တစ်ခွန်းတည်းနဲ့ ခြုံငုံမိအောင်ပြောရရင် လူထုတစ်ရပ်လုံးက အမျိုးသားရေး စိတ်ဓာတ်ကို မွေးမြူလိုက်ကြဖို့ပါပဲ။ ငါလည်း နိုင်ငံတည်ဆောက်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်လို့ရတယ်။ တတ်စွမ်းသလောက် လုပ်မယ်ဆို တဲ့စိတ်လေး မွေးလိုက်တာနဲ့ ဘာလုပ်ရမယ် ဆိုတာ သိလာမြင်လာပါလိမ့်မယ်။ ကျွန်တော်တို့ရှေ့က မျိုးဆက်တွေ ရေးခဲ့တဲ့ သမိုင်းဆိုးကြောင့် ကျွန်တော်တို့ အခုခံနေကြရတာပါ။ ကျွန်တော်တို့က တတ်စွမ်းသလောက် ကောင်းမွန်တဲ့ သမိုင်းကို တစ်ယောက်တစ်လက် ဝိုင်းရေးခဲ့ဖို့ လိုပါတယ်။ သူမလုပ်လို့ ငါလည်းလုပ်စရာမလိုဘူး ဆိုရင် ကျွန်တော်တို့ ဘာကို မျှော်လင့်လို့ရမှာလဲ။ ကောက်ကျစ်တဲ့အကြံအစည်နဲ့ ရာဇဝင်သမိုင်းသစ်ကို ညစ်ထေးအောင် ဖန်တီးချင်သူတချို့လည်း ရှိကောင်းရှိနိုင်ပါတယ်။ သူညစ်လို့ ငါညစ်မယ်ဆိုရင် ကျွန်တော်တို့သမိုင်းကြောင်း ဘယ်တော့ ကောင်းလာနိုင်ပါ့မလဲ။ ယုတ်မာတဲ့ သူရှိရင် ဒါသူရေးတဲ့သမိုင်းပါ။ သူ့ကြမ္မာ သူဖန်တီးပါလိမ့်မယ်။ အခုဆိုရင် ပြုပြင်ပြောင်းလဲရေးက အရှိန်လည်း တော်တော်ရလာပါပြီ။ ခေတ်နောက် ပြန်ဆွဲချင်လို့ မလွယ်တော့ပါဘူး။ အပြောင်းအလဲရဲ့ အရှိန်အဟုန်ကို မြှင့်နိုင်လေ နောက်ကြောင်းမပြန်ဖို့ စိတ်ချရလေဖြစ်ပါတယ်။

အပြောင်းအလဲကို အခုထက်အရှိန်မြှင့်နိုင်ဖို့ သန်းခြောက်ဆယ်လုံးရဲ့ အားတွေ လိုပါတယ်။ လူတိုင်းရေးတဲ့ သမိုင်းနဲ့သာ ဒီမိုကရေစီက တိုးတက် ခိုင်မာလာနိုင်မယ် ဖြစ်ပါတယ်။ မဆိုင်သလိုနေတဲ့သူ များလေ ဒီမိုကရေစီခရီးက ရှည်လေ စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့ အာမခံချက် ကင်းမဲ့လေဖြစ်ပါတယ်။ ကျွန်တော်တို့နောက်မှာ လူလုပ်ကြမယ့် မျိုးဆက်များက ကျွန်တော်တို့ သမိုင်းကို ဖတ်ရှုလေ့လာကြ ပါလိမ့်မယ်။ သူတို့အတွက် လုပ်ပေးခဲ့သမျှကို သူတို့ ကျေနပ်ကြတယ်ဆိုရင် တစ်နည်းအားဖြင့် သူတို့ခေတ်ဟာ လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်၊ တိုးတက်ချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်းတို့အတွက် အာမခံချက် အပြည့်အဝရှိမယ်ဆိုရင် ကျွန်တော်တို့ရေးတဲ့ သမိုင်းကို သူတို့ဂုဏ်ယူ ဝမ်းမြောက်စွာနဲ့ ဦးညွတ်ကြပါလိမ့်မယ်။ သူတို့သမိုင်း ကိုလည်း သူတို့အကောင်းဆုံး ဆက်ရေးကြပါလိမ့်မယ်။ ကျွန်တော်တို့ ရေးတဲ့သမိုင်း ကောင်းရင် နောက်မျိုးဆက်တွေလည်း ကောင်းမွန်တဲ့ ခမ်းနားတဲ့ သမိုင်းကို စိတ်အေးချမ်းသာ ဆက်လက်ရေးသားခွင့် ရကြပါလိမ့်မယ်။ ဒီတော့သမိုင်းရေးကြပါ။ အခါအခွင့်ကောင်းနဲ့ ကြုံနေ တဲ့အခိုက် ငိုက်မြည်းမနေကြပါနဲ့။ လူတိုင်းမှာ တာဝန်ရှိပါတယ်။

စိတ်အမူအကျင့်တွေ ပြင်ပါ။ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးတွေနဲ့ တွဲလျက်ရှိနေတဲ့ နိုင်ငံသားတာဝန်ကို တတ်နိုင်သလောက် ထမ်းရွက်ခြင်းဖြင့် ဆိုးရွားညစ်ထေးခဲ့တဲ့ သမိုင်းတွေကို ပြုပြင်ပြောင်းလဲဖို့ နောက်လူတွေလည်း ပိုကောင်းတဲ့သမိုင်းတွေ ဆက်ရေးနိုင်ကြဖို့ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့သမိုင်း၊ ဒီမိုကရေစီ တည်ဆောက်နေသော နိုင်ငံတော်သစ်ရဲ့ခမ်းနားကြီး ကျယ်တဲ့ သမိုင်းကို စည်းလုံးညီညွတ်စွာ အတူတကွ မော်ကွန်းရေးထိုးကြပါစို့လို့ တိုက်တွန်းပါရစေ။ ။

ပိုက်တင်

http://thevoicemyanmar.com/wp/%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%80%95%E1%80%AB/

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ