အသက်နှင့်အသိ(လူကြီးဖြစ်ချင်သလား)

ယနေ့လူငယ်၊ နောင်ဝယ်လူကြီး ဆိုသည့်စကားကြားဖူးသည်မှာ ကြာပြီဖြစ်သည်။
သို့သော်မိမိ ကိုယ်တိုင် လူငယ်ဘ၀ပင် ရှိနေသေး၍ ဤစကား၏ အတိမ်အနက်ကို
မခန့်မှန်းတတ်။ လူသည်အသက်သာကြီးလာသည်မဟုတ်၊ အသိပါကြီး လာရမည် ဖြစ်သည်။
အသက်ကြီးပြီးအသိမကြီးလာပါက မိမိအောက်လူငယ်များက ကဲ့ရဲ့သဂြိုဟ်စကား
အဆိုခံရမည် ဖြစ်သည်။ ဒီလူကြီးအသက်ကြီးပြီး အချိန်မစီးဘူး ဟူ၍။

အန်ကယ်တို့ ငယ်ငယ်တုန်းက စွန်လွှတ်လိုက်၊ ဂွေလှိမ့်လိုက်နှင့်ကြီးလာတာပဲ
ဆိုလျှင် ထိုအန်ကယ်ကို မည်သူမျှ အထင်ကြီးလိမ့်မည် မဟုတ်။ ထို့အတူ
ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည်မှာလည်း လူငယ်တို့သည် အနာဂတ်တွင်
သေချာပေါက်လူကြီးဖြစ်မည် မှန်သော်လည်းထိုလူကြီးနှင့် လိုက်လျောညီထွေသော
အသိ သညာ ပညာတို့လည်း ကြီးလာမှ လူငယ်တို့၏အထင်ကြီးမှုခံရမည်ဖြစ်သလို၊
မိမိနှင့် ရွယ်တူလူကြီးချင်းကလည်း လေးစားကြမည်သာဖြစ်သည်။
အသက်နှင့်ညီမျှသော အသိကြွယ်ရန် အသက်နှင့်အမျှ စာဖတ်ရမည်။
အလုပ်လုပ်ရမည်။အတတ်ပညာတစ်ခုကို ကျားကုတ်ကျားခဲ ဆည်းပူးလေ့လာရမည်။
ယခုခေတ်တွင် လူငယ်တို့အတွက်စာအုပ်စာပေသာမက အင်တာနက်၊ ၀ီကီပီးဒီးယားအထိ
ခလုတ်တစ်ချက်နှိပ်ရုံမျှဖြင့် ကမ္ဘာ့စွယ်စုံကျမ်းများကို
ကွန်ပျူတာဖန်သားပြင်ပေါ်တွင် လွယ်လင့်တကူ ဖတ်ရှုနိုင်ပြီဖြစ်သည်။

သို့လင့်ကစား အင်တာနက်တွင် တက်ဖတ်၍ မရနိုင်သော မယားဝတ္တရား ငါးပါး၊
လင့်ဝတ္တရား ငါးပါး၊ဆရာ့ဝတ်၊ တပည့်ဝတ် စသည်တို့သည်ကား စာထဲပေထဲတွင်ပင
်ရှိနေပေသေးသည်။ ခေတ်လူငယ်တို့သည် အသက်အရွယ်ငယ်သည့်အတွက်
အတွေ့အကြုံနည်းသေးသည့် အားလျော်စွာ အသိပညာလည်း မကြွယ်သေးပေ။ အသိဆိုသည်မှာ
တစ်ခါတစ်ရံစာအုပ်ထဲမှ ချည်းရသည် မဟုတ်ချေ။ အတွေ့အကြုံရမှ
ရသည်လည်းရှိတတ်သည်။ အတွေ့အကြုံများမှ အသိကြွယ်မည်။ ရင့်ကျက်မည် ဖြစ်သည်။
အတွေ့အကြုံများရန် မကောင်းတာရော၊ မဟုတ်တာပါလိုက်လုပ်ရန် မလိုပေ။

သို့သော် ယနေ့ခေတ်လူငယ် အတော်များများသည် မကောင်းတာကို
အတွေ့အကြုံများရန်ပိုပြီးလုပ်တတ်ကြသည်။ သူငယ်ချင်း အပေါင်းအသင်းများ
ကြားတွင် ငါမလုပ်ဖူးတာ ဘာမှမရှိဘူး ဆိုပြီး ဂုဏ်ယူတတ်ကြသည်။ လောင်းကစား
မလုပ်တတ်၊ အရက်မသောက်တတ်သောလူပင်လျှင် လူရာမ၀င်သလို ဖြစ်နေတတ်သည်။
မကောင်းသည့် အတွေ့အကြုံမျိုး ဆိုလျှင် သူများယောင်လျှင်
လိုက်ယောင်တတ်ကြသည်။ သူများဆေးသုံးလျှင်လိုက်သုံး၊ သူများဆေးမင်ကြောင်
ထိုးလျှင် လိုက်ထိုး၊ဒီလိုမျိုးဆိုလျှင် လိုက်လုပ်ချင်ကြသည်။
ကောင်းသည့်အလုပ်ဆိုလျှင် စောလွန်းသည်၊ မိုးချုပ်သည်၊ ပျင်းဖို့
ကောင်းသည်၊ အချိန်သိပ်မရဘူးဟု ဆိုတတ်ကြသည်။

ဆွေးနွေးပွဲများ၊ပညာရေးရှင်းလင်းပွဲများတွင် ပါဝင်ဆွေးနွေးဖို့
ဆွံ့အနေသော လူငယ်အတော်များများသည်အရက် ဘီယာဝိုင်း ဆိုလျှင်
အခုမှတွေ့ဖူးသည် သူစိမ်းတစ်ယောက်နှင့်ပင်
စကားတွေရေပက်မ၀င်အောင်ဖောင်ဖွဲ့ပြောနေ တတ်သည်။ ဤသည်ကိုပင်ယင်းတို့က
ဘယ်လောက်စိမ်းနေပစေ ဘီယာအတူတူထိုင်သောက်လိုက်လျှင်အရမ်းရင်းနှီးသွား
တာပဲဟု ပြောကြသည်။ ဘီယာ ၊အရက်အတူတူသောက်မှ မိတ်ဆွေ
သူငယ်ချင်းတိုးပွားနိုင်သည်ဆိုသည့် တလွဲဆံပင် ကောင်းအယူအဆများဖြစ်သည်။
အတွေ့အကြုံများအောင်ဆိုပြီး မကောင်းတာတွေလိုက်လုပ်နေစရာ
မလိုပေ။အတွေ့အကြုံများကို စာဖတ်ခြင်းဖြင့် ရှာနိုင်ပြီး
ဆင်ခြင်ဖွယ်ရာများကို
သိရှိနားလည်နိုင်ပေသည်။စာဖတ်ခြင်းဖြင့်ရှောင်ကြဉ်နိုင်သည်များ၊
ဆင်ခြင်ဖွယ်ရာများ၊ သိရှိ နားလည်နိုင်သည်။ဒုက္ခဟူသော
အထုပ်ကိုဖြေကြည့်နေစရာမလိုပေ။ ဒုက္ခဟုရေးထားသည့် အထုပ်ပေါ်မှ စာအရ သိရှိ
နားလည် ဆင်ခြင်နိုင်သည်။ ထိုအသိသည် အသက်အရွယ်ကြီးလာသည်နှင့်အမျှ
လိုက်လျောညီထွေကြီးလာရမည် ဖြစ်ပြီး၊ ထိုအသိသည်
သတိအဖြစ်သို့ရောက်ရှိလာချိန်၌ ရင့်ကျက်မှုသည်အတိုင်းအတာတစ်ခုထိ
ရောက်လာပေမည်။

ထိုရင့်ကျက်မှုများ ခေါက်ရိုးကျိုးလာသောအခါ လုပ်ငန်းခွင်အတွင်း
အမှားနည်းသွားမည်။ လူမှုရေးခွင်အတွင်း အမှားပါး
သွားမည်။စီးပွားရေးခွင်အတွင် အမှားစင်သွားမည်။ ထိုသူသည်လူကြီးမည်၏။
အသိနှင့်အသက်တစ်ထပ်တည်း ကျသောနေ့သည်လူကြီးဖြစ်သောနေ့ ပင်ဖြစ်သည်။

တစ်ခါတစ်ရံ မိမိလုပ်ချင်သည်ကို လုပ်သင့်သည်နှင့် ထေရသည်။
လုပ်ရန်ရှိသည်များကို လုပ်ပစ်ခြင်းဖြင့် အချိန်ကုန်လွန် စေရသည်။
အလုပ်ကိစ္စဟူသမျှကို အသိနှင့်ယှဉ်၊ သတိနှင့် ဆင်ခြင်ပြီး လျင်လျင်မြန်မြန်
အကောင်အထည်ဖော် ရမည် သာဖြစ်ပေသည်။အသက်က အသိကိုရင့်ကျက်စေသလို၊ အသိကလည်း
အသက်ကိုတင့်တယ်စေရမည်ဖြစ်သည်။

လူကြီးဖြစ်ချင်လျှင် လူကြီးဖြစ်ချိန်၌
လုပ်ရမည့်အလုပ်မျိုးကိုလူငယ်ဘ၀ကတည်းက အစပျိုးထားရမည်ဖြစ်သည်။သေခါနီး မှ
စိပ်ပုတီးထစိပ်၊ ရေကြည်သောက်လိုမှ ရေတွင်းထတူးနေ၍ မဖြစ်ပေ။
လူကြီးဘ၀၏အဆင်တန်ဆာများဖြစ်သော အသိ သည် လူငယ်ဘ၀ကတည်းက
ဆင်မြန်းထားမှကိုယ်ပိုင်ဖြစ်ချေမည်။ လူငယ်ဘ၀တွင်
အသိကင်းမဲ့သတိလက်လွတ်နေပါက လူကြီးဘ၀တွင်အသက်ကြီးသည်သာ အဖတ်တင်ပေမည်။
အသက်ကြီးလာသည်နှင့်အမျှ အသိတရား၊သတိတရားများ ပါ ကြီးလာရမည်ဖြစ်သည်။
လူငယ်ဘ၀မှ အတွေ့အကြုံ အသိတရားများကိုမိမိလုပ်ငန်း၊ မိမိ မိသားစုဘ၀တွင်
ပြန်လည် အသုံးချနိုင်ရမည် ဖြစ်သည်။

အသက်သာကြီးနေပြီး၊အသိတရား၊ သတိတရားမရှိဘဲ လူငယ်တစ်ယောက်လို ပျော်ပါး
ပေါ့ပါးနေပြီး အသိတစ်ချက်
ဖျတ်ခနဲပစ်လိုက်သည်နှင့် သတိတစ်ချက် ဖျတ်ခနဲ လစ်သွားတတ်ပြီး ဘ၀တွင်
အမည်းစက်တစ်စက်စွက်ခနဲ ထင်ကျန် ရစ်သွားတတ်သည်။အသိနှင့်ယှဉ်သော သတိနှင့်
အသိနှင့်ယှဉ်သော အသက်တို့သည် မိမိဘ၀အတွက်အဖြူ ကွက်ကျယ်သထက်
ကျယ်လာနိုင်ပြီး၊ လူကြီးဘ၀၏ ပကတိအရသာကို
တင်းပြည့်ကျပ်ပြည့်ခံစားရနိုင်ဖွယ်ရှိပေသည်။ ။

ခန့်ဇော်လင်း
Ref:ပြည်မြန်မာဂျာနယ်

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ