တစ်ယောက်လက်ချောင်းမှာတစ်ယောက် လက်ထပ်လက်စွပ် တစ်ကွင်းစီ ဆင်မြန်းပြီး
သူတို့ရဲ့ သစ္စာကို ပြသကြတယ်။ သေတစ်ပန်သက်တစ်ဆုံး ပေါင်းသင်းနေသမျှ
ကာလပတ်လုံး လက်ထပ်လက်စွပ်ကို ၀တ်ထားကြေးဆိုတာ တစ်ယောက်နဲ့တစ်ယောက်
မပြောဘဲနဲ့ နားလည်လိုက်ကြတယ်။ မိမိရဲ့ သစ္စာတရားကို လက်ထပ်လက်စွပ်
သက်သေထားပြီး မမေ့မလျော့ရအောင် စောင့်ထိန်းကြမယ်ဆိုတဲ့ သဘောကိုလည်း
စိတ်တွင်းက အလိုလို သိနှင့်လိုက်ကြပါတယ်။
လက်ထပ်လက်စွပ် ၀တ်ဆင်ခြင်းဟာ လူ့ယဉ်ကျေးမှုသမိုင်းရဲ့ ရှေးအကျဆုံးနဲ့
အကျယ်ပြန့်ဆုံး ထုံးတမ်းစဉ်လာတစ်ခု ဖြစ်ပါတယ်။ လက်ထပ်လက်စွပ်
ဆင်မြန်းခြင်းဟာ အဓိပ္ပါယ်ပေါင်းများစွာ၊ သင်္ကေတများစွာကို
ဖော်ဆောင်ပေးပါတယ်။ ပထမတစ်ချက်အနေနဲ့ လက်စွပ်ဟာ အ၀ိုင်းဖြစ်တယ်။
အ၀ိုင်းဟာ ပြီးပြည့်စုံခြင်း သင်္ကေတကို ဖော်ညွှန်းတယ်။ ယောက်ျားတစ်ယောက်ဟာ
မိန်းမ မရှိရင် မပြည့်စုံနိုင်သလို၊ မိန်းမတစ်ယောက်အတွက်လည်း
လင်ယောက်ျားဆိုတာရှိမှ ဘ၀ဟာ ပြည့်စုံပါတယ်။ လက်ထပ်လက်စွပ် အ၀ိုင်းလေးဟာ
လက်ထပ်ထိမ်းမြားခြင်းရဲ့ ပြီးပြည့်စုံမှု အဓိပ္ပါယ်ကို ဖော်ကျူးပေးပါတယ်။
အရမ်းရှေးကျတဲ့ ခေတ်အခါများတုန်းကတော့ လက်ထပ်လက်စွပ်ဟာ သိမ်းပိုက်ခြင်း
အဓိပ္ပါယ်တစ်မျိုးကို သက်ရောက်ခဲ့ပါတယ်။ ယောက်ျားဟာ မိမိသိမ်းပိုက်မယ့်
ဇနီးမယားရဲ့ လက်မောင်း သို့မဟုတ် ခြေထောက်တို့မှာ သိမ်းပိုက်ခြင်းသင်္ကေတ
သံကွင်း (သို့မဟုတ်) ရွှေ၊ ငွေ ကွင်းတွေနဲ့ စည်းနှောင်ထားပါတယ်။
ယောက်ျားဟာ မိမိရဲ့ ပိုင်ဆိုင်မှုသင်္ကေတတစ်ခုကို တစ်နည်းအားဖြင့်
ဖော်ညွှန်းလိုက်ခြင်းလည်း ဖြစ်ပါတယ်။ လက်မောင်းတို့၊
ခြေထောက်တို့မှတစ်ဆင့် လက်မှာ ကွင်းတစ်ခု ၀တ်ဆင်ပေးတဲ့
လက်ထပ်လက်စွပ်အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာတယ်လို့လဲ ယူဆကြတာမျိုး
ရှိပါတယ်။
နောက်တစ်မျိုး ယုံကြည်ချက်ကတော့ ဂမ္ဘီရဆန်ဆန် ယုံကြည်မှုမျိုး ဖြစ်ပါတယ်။
ရှေးခေတ်ယောက်ျား လူသားဟာ သူအလိုရှိတဲ့ မိန်းမရဲ့ခါးမှာ
ကျစ်ကြိုးတစ်ခုကို စည်းနှောင်ပေးရင်း မိန်းမရဲ့ ၀ိညာဉ်ဟာ
သူ့ကိုယ်ခန္ဓာထဲကို ၀င်ရောက်ပူးပေါင်းစေသား ဆိုပြီး ဆုတောင်းပါတယ်။
အဲဒီဝိညာဉ် ဖမ်းယူတဲ့ အခမ်းအနားဟာ မိန်းမကို သူထာဝရ သိမ်းပိုက်ပြီး
ဖြစ်ပါတယ်လို့ ကြေညာလိုက်တဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။ နောက်ပိုင်းကျတော့
လက်ထပ်လက်စွပ်အဖြစ်နဲ့ မိန်းမရဲ့ ၀ိညာဉ်ဟာ သူ့ရဲ့ ၀ိညာဉ်ထဲ ထာဝရ
ပူးပေါင်းစီးဝင်စေဖို့ လက်စွပ်ကို ဆင်မြန်းပေးကြတယ်လို့ ယုံကြည်ကြတယ်။
ရှေးဟောင်းလူသားများရဲ့ ၀ိညာဉ်ဆိုင်ရာ ယုံကြည်မှုသဘောကို
တွေ့ရမှာဖြစ်ပါတယ်။
လက်ထပ်ကြတဲ့အခါ လက်ထပ်လက်စွပ်ကို ဆင်မြန်းအသုံးပြုတဲ့
ပထမဆုံးလူမျိုးတွေကတော့ အီဂျစ်လူမျိုးတွေပဲ။ ရှေးဟောင်း
အီဂျစ်လူမျိုးတွေရဲ့ မော်ကွန်းတင်ရုပ်ပုံတွေမှာ လက်ထပ်လက်စွပ်ကို
တွေ့ရတယ်။ မော်ကွန်းတွေမှာ စာအချို့နဲ့ ရှင်းပြထားတာက လက်စွပ်ကွင်း
အ၀ိုင်းဟာ ထာဝရကို ကိုယ်စားပြုပြီး ထာဝရတည်တံ့ခိုင်မြဲမယ့်
လက်ထပ်ခြင်းသင်္ကေတ ဖြစ်တယ်ဆိုတဲ့ အကြောင်းတွေဖြစ်တယ်။
ခရစ်ယာန်ဘာသာဝင်တွေ လက်ထပ်လက်စွပ်ကို စတင်အသုံးပြုတာကတော့ ၉၀၀ ခုနှစ်
ဝန်းကျင်လောက်မှာ ဖြစ်တယ်။
လက်ထပ်လက်စွပ် ၀တ်ဆင်တဲ့လက်ချောင်းနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီဆန်တဲ့
အချက်တစ်ခုလည်း ရှိသေးတယ်။ လက်ထပ်လက်စွပ်ကို အများစု ၀တ်ဆင်ကြတာဟာ
ဘယ်ဘက်လက်ရဲ့ လက်သူကြွယ်လက်ချောငး ဖြစ်တယ်။ ရှေးဟောင်းဂရိတွေရဲ့
ယုံကြည်မှုတစ်ခုက ဘယ်ဘက်လက်ရဲ့ လက်သူကြွယ်လက်ချောင်းက သွေးပြန်ကြောတစ်ခုဟာ
နှလုံးဆီကို တိုက်ရိုက်သွားတယ်ဆိုတဲ့ ယုံကြည်မှုပဲ။
လက်ထပ်လက်စွပ်ကွင်းလေးတွေဟာ ချစ်သူနှစ်ဦးရဲ့ ပေါင်းစည်းမှု၊ ပြည့်စုံမှု၊
ပိုင်ဆိုင်မှု၊ ထာဝရတည်တံ့မှု၊ နှလုံးသားဆီ တိုက်ရိုက်ဆက်သွယ်မှု စတဲ့
အဓိပ္ပါယ်တွေနဲ့ ခေတ်အဆက်ဆက် ချစ်သူစုံတွဲ အဆက်ဆက်ရဲ့ လက်ချောင်းတွေမှာ
မြင်တွေ့နေရဦးမယ့် အမြဲဆန်းသစ်တဲ့ ယဉ်ကျေးမှုတစ်ခု ဖြစ်နေပါဦးမယ်။
[သစ္စာဂျာနယ်၊ အတွဲ-၂၊ အမှတ်-၅၀၊ ၁၀ သြဂုတ်၊ ၂၀၁၀၊ စာမျက်နှာ-၁၀]
လင်းထိုက် (Y.I.T)
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ