သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့သည်
ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး
ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ နိုဝင်ဘာလ ၁၆ ရက်က
ပြောကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦး ရန်ကုန်မြို့၌ မည်သည့်နေ့ရက်နှင့် မည်သည့်နေရာတွင်
တွေ့ဆုံသွားမည်ဆိုသည်ကို ၎င်းက ဖြေကြားခြင်း မရှိခဲ့သော်လည်း အဆိုပါ
ခေါင်းဆောင်နှစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဆောက်အအုံတွင်
နိုဝင်ဘာလ ၁၉ ရက်၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏
ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာဘာရက်အိုဘားမားသည်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း အလုပ်သဘောခရီး
လာရောက်လည်ပတ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက နိုဝင်ဘာလ ၁၆ ရက်က
သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန် သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံမှ
တစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ
ကမ္ဘောဒီးယားနိုင်ငံသို့ ခရီးဆက်မည် ဖြစ်သည်။

အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော
ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်တွင် လာရောက်ပြီး
သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ထို့ပြင်
ရန်ကုန်တက္ကသိုလ်၌ လူထုအား မိန့်ခွန်းပြောကြားရန် ရှိသည်။

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွက်
ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ရန် နိုဝင်ဘာလ ၈ ရက်တွင် အမေရိကန်နိုင်ငံမှ
တာဝန်ရှိသူများလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စီး၊ နိုဝင်ဘာလ ၁၁
ရက်တွင် တာဝန်ရှိသူ ၉ ဦးနှင့် စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ ရက်တွင်
အမေရိကန်လေတပ်မှ C 17 လေယာဉ် ၂စီးနှင့် နိုဝင်ဘာလ ၁၃ ရက်တွင် C17 လေယာဉ်
၃ စီးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း
သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ နိုဝင်ဘာလ ၁၇ ရက် (မနက်ဖြန်)တွင်
သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက
ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကမ္ဘောဒီးယား
နိုင်ငံသို့ ရောက်ရှိပြီး အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်မည်
ဖြစ်ကာ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ပြီး အမေရိကန်
သမ္မတ ဘားရတ် အိုဘားမားနှင့် တွေ့ဆုံမည် ဖြစ်ကြောင်းနှင့် ထိုသို့
တွေ့ဆုံပြီးသည်နှင့် ကမ္ဘောဒီးယား နိုင်ငံသို့ ပြန်သွားကာ (၂၁)
ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများသို့
တက်ရောက်မည်ဟု အာဆီယံရေးရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက နိုဝင်ဘာလ
၁၆ ရက်နေ့ ညနေပိုင်းတွင် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်ရှိ Sofitel
ဟိုတယ်၌ Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။

(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့တွင် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၀
ရက်နေ့အထိ ပြုလုပ်မည် ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် စက်တင်ဘာလတွင် နယူးယောက်မြို့သို့ သမိုင်းဝင်
ခရီးသွားရောက်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပထမဆုံး
မိန့်ခွန်းပြောခဲ့သော မြန်မာခေါင်းဆောင် တစ်ဦး ဖြစ်လာခဲ့သည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည် သည်လည်း စက်တင်ဘာလ တွင်
အမေရိကန်သို့သမိုင်းဝင်ခရီးစဉ် သွားရောက်ခဲ့ပြီး အမေရိကန်သမ္မတ
အိုဘားမားနှင့်လည်း တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ အမေရိကန်နိုင်ငံ
ခရီးစဉ်ပြီးနောက် အမေရိကန် ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့သည်
နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးကြီးသော မှတ်တိုင်သစ်ကို ဖြတ်သန်းခဲ့
ပြီးဖြစ်သည်ဟု အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်က
ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန်အစိုးရ ၂၀၁၁ ပြည့်နှစ်
မတ်လကစတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့်စီးပွားရေး
ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေရိကန်၊
ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော
အရေးယူ ပိတ်ဆို့မှုများကို တစ်ဆင့်ပြီး တစ်ဆင့် ဖြေလျှော့ဆိုင်းငံ့မှုများ
ပြုလုပ် နေကြသည်။

အမေရိကန်သမ္မတ အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့်
ပတ်သက်သည့် ၎င်းတို့၏မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့်
ထိတွေ့ဆက်ဆံဆွေးနွေး သွားမည့်လမ်းစဉ်ကို ကျင့်သုံးလာခဲ့ သည်။
အမေရိကန်-မြန်မာသံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။

Link : http://www.first-11.com/index.php?option=com_content&view=article&id=16417:2012-11-16-10-57-10&catid=42:2009-11-10-07-36-59&Itemid=112

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ