မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ် အလုပ်လက်မဲ့နှုန်းမှာ လေးရာခိုင်နှုန်းသာရှိပြီး နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါကများသည်ဟု မဆိုနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးပြောကြား

ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံ၏ ၂၀၁၁ ခုနှစ်
အလုပ်လက်မဲ့နှုန်းမှာ လေးရာခိုင်နှုန်းသာရှိပြီး
နိုင်ငံတကာနှင့်နှိုင်းယှဉ်ကြည့်ပါက များလှသည်ဟု မဆိုနိုင်ကြောင်း
အလုပ်သမားဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးမြင့်သိန်းက အောက်တိုဘာလ ၂၄ ရက်နေ့က
ပြုလုပ်ခဲ့သော ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မင်းလှမဲဆန္ဒနယ်မှ ဦးမောင်တိုး၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ယာယီစာရင်းများအရ
မြန်မာနိုင်ငံကြွေးမြီ (Public Debt)၊ လည်ပတ်နေသော ငွေကြေး( Currency in
Circulation) ၊ အလုပ်လက်မဲ့အခြေအနေ၊ နိုင်ငံခြား အရန်ငွေနှင့်ရွှေ
(Foreign Exchange and Gold Reserve) တန်ဖိုးမည်မျှရှိသနည်းဆိုသော
မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၁၉၉၀ ခုနှစ်တွင် မြန်မာနိုင်ငံ
အလုပ်သမားအင်အားစစ်တမ်းကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက
ကောက်ယူခဲ့ပြီးနောက်ပိုင်းတွင် ကောက်ယူနိုင်ခြင်းမရှိခဲ့ကြောင်း၊
၂၀၁၅-၂၀၁၆ခုနှစ်တွင် ကောက်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးက
ပြောကြားခဲ့သည်။

'' အလုပ်သမားအင်အားစာရင်း ကို ကောက်ယူရာမှာ
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊
ပြည်သူ့အင်အားဦးစီးဌာနမှ နှစ်စဉ်ရရှိသော လူဦးရေတိုးနှုန်းပေါ်အခြေပြု၍
လုပ်သားအင်အားတိုးနှုန်းကို တွက်ချက်ရယူပြီး ၁၉၉၀ ခုနှစ်
လုပ်သားအင်အားစာရင်းမှ ကောက်ယူရရှိခဲ့သော အချက်အလက်များကိုမူတည်၍
လုပ်သားအင်အား၊ အလုပ်လက်ရှိ၊ အလုပ်လက်မဲ့၊ အလုပ်လက်ရှိနှုန်း၊
အလုပ်လက်မဲ့နှုန်း၊ လုပ်သားအင်အားပါဝင်မှုနှုန်းတွေကို
ခန့်မှန်းတွက်ချက်ရခြင်းဖြစ်ပါတယ်။ ၎င်းခန့်မှန်း တွက်ချက်မှုများအရ ၂၀၁၁
ခုနှစ် အလုပ်လက်မဲ့နှုန်းမှာ ၄ ရာခိုင်နှုန်း ဖြစ်ပါကြောင်း
တင်ပြအပ်ပါတယ်'' ဟု ဒုဝန်ကြီးက ပြောကြားခဲ့ပါ သည်။

ဆက်လက်၍ ဒုဝန်ကြီးက အခြားနိုင်ငံများနှင့် အလုပ်လက်မဲ့
နှုန်းနှိုင်းယှဉ်ပြောကြားခဲ့ရာတွင် ၂၀၁၂ ခုနှစ်စာရင်းများအရ အမေရိကန် ၇.၈
၊ ပြင်သစ် ၁၀.၂၊ ဂျာမနီ ၆.၈ ၊ စပိန် ၂၄.၆ ၊ မလေးရှား ၃.၂ ၊ ထိုင်း ၀.၉ ၊
ဖိလစ်ပိုင် ၇ ၊ အင်ဒိုနီးရှား ၆.၃ ရာခိုင်နှုန်းများဖြစ်ကြောင်းနှင့်
ဘရူနိုင်း (၂၀၁၀) ၂.၂ ၊ ဗီယက်နမ် (၂၀၁၁) ၂.၃ ၊ ကမ္ဘောဒီးယား (၂၀၀၈) ၁.၇ ၊
လာအို (၂၀၀၉) ၂.၅ ရာခိုင်နှုန်းများဖြစ်သောကြောင့် မြန်မာနိုင်ငံ၏
အလုပ်လက်မဲ့နှုန်းသည် နိုင်ငံတကာနှင့် နှိုင်းယှဉ်ကြည့်ပါက များလှသည်ဟု
မဆိုနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

''ဒီနှစ် ဆယ်လပိုင်းအထိ စာရင်းအရ အလုပ်တကယ်ရှာပေးနိုင်တာက
လေးဆယ်ရာခိုင်နှုန်းလောက်အထိပဲ ရှာပေးနိုင်တယ်။ ဒါကလည်း
တကယ်လုပ်ငန်းခွင်တွေမှာ ကျွမ်းကျင်တဲ့သူတွေပါလာလို့။ ၆၀
ရာခိုင်နှုန်းကကျတော့ အလုပ်ပေးလို့ကို မရတာ။ သူတို့ကိုယ်တိုင်က အလုပ်အတွက်
အဆင်သင့်မဖြစ်ကြသေးဘူး။ လေးဆယ်ရာခိုင်နှုန်းလောက်ပဲ အလုပ်ပေးနိုင်ပေမယ့်
တစ်ကယ်တမ်းအလုပ်ထဲမှာ ထပ်ပြီးမြဲတာက ခြောက်လအထက်ပေါ့လေ။
တစ်ကယ်အလုပ်ရတဲ့သူရဲ့ တစ်ဝက်လောက်ပဲ ထပ်မြဲတယ်'' ဟု CRANE
ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ
ဦးကျော်ထွေးက ပြောပါသည်။

'' ကိန်းဂဏန်းတစ်ခုကို ရွတ်ဆိုပြီး အများသိအောင် တင်ပြပြောဆိုမယ်ဆိုရင်
ပကတိအခြေအနေနဲ့ ကိုးကားမယ့်အရင်းအမြစ်တွေအပေါ်မှာ ခိုင်လုံမှုရှိမရှိ
အနီးစပ်ဆုံးကောက်ချက်ဆွဲနိုင်တဲ့ အရင်းအမြစ်ဖြစ်မဖြစ်
အသေးစိတ်လေ့လာပြီးမှ ခန့်မှန်းတွက်ချက်မှုတွေကို
ထုတ်ပြန်သင့်တယ်လို့ယူဆပါတယ်။ ဒါဟာလည်း အလုပ်လက်မဲ့ ပပျောက်ရေးအတွက်
စီမံလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လုပ်သားအင်အားစုတွေအပေါ်
အကျိုးသက်ရောက်မှု ကြီးမားနိုင်ပါတယ်'' ဟု ဦးကျော်ထွေးက
ဆက်လက်ပြောကြားခဲ့သည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ