သတင်းဆိုတာ ဘာလဲ
သတင်းဆိုသည်မှာလူအများစုအတွက်အရေးပါပြီးစိတ်ဝင်စားစေတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။သတင်းဟာ နေ့စဉ်ဖြစ်လေ့ ဖြစ်ထ ရှိတာတွေနဲ့ကွာခြားရမည်။
ဆရာကြီးလူထုစိန်ဝင်ကတော့သတင်းဆိုတာဟာလူ့လောက၌ဖြစ်ရိုးဖြစ်စဉ်ထက်ဆန်းကြယ်တဲ့ဖြစ်ရပ် အကြောင်းအရာများလို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။
ဝါရင့်သတင်းစာဆရာကြီး ဂါးဒီးယန်းဦးစိန်ဝင်းက အခြေပြသတင်းစာပညာစာအုပ်တွင်ဖြစ်ပေါ်လာသောကိစ္စရပ်သည် ………
(၁) အချိန်အားဖြင့် ဆက်စပ်မှု၊နီးစပ်မှုရှိမရှိ
(၂) အောအားဖြင့် ဆက်စပ်မှု၊နီးစပ်မှုရှိမရှိ
(၃) လူများစုနှင့် သက်ဆိုင်မှုရှိမရှိ
(၄) ဖြစ်ပျက်သည့်ကိစ္စသည်ထင်ရှားမှုရှိမရှိ
(၅) ထူးခြားမှုရှိမရှိ
(၆) ဆွဲဆောင်မှု၊စိတ်ဝင်စားမှုရှိမရှိ
စသောအချက်များအပေါ်တွင်မူတည်လျက်သတင်းဖြစ်သည်။ မဖြစ်သည်ကိုဆုံးဖြတ်ရသည်ဟုဆိုထားသည်။
ထို့ပြင်ဖြစ်ပေါ်သောကိစ္စသည်သတင်းဟုတ်မဟုတ်သုံးသပ်ရန်ထူးထူးခြားခြားလေ့လာရန်ပင်မလိုပါ၊ သာမာန်စူးစမ်း ဆင်ခြင်မှုနှင့် ၀ိရိယရှိလျှင် လွယ်လွယ်နှင့်သိနိုင်သည်။ ဖြစ်ပေါ်သောကိစ္စတိုင်းသည် သတင်းတန်ဖိုးရှိမရှိ သတင်းဟုတ်မဟုတ်စေ့စေ့စပ်စပ် လေ့လာခြင်းဖြင့် သတင်းဟူသည်နေရာတကာ၌ရှိကြောင်းသိမြင်လာပေလိမ့်မည်ဟုလည်းဆရာကြီးဂါးဒီးယန်း ဦးစိန်ဝင်းကသင်တန်း များတွင် ပို့ချခဲ့ကြောင်းသိရသည်။
ထို့ကြောင့်သတင်းဆိုသည်မှာအစီရင်ခံစာမဟုတ်ပါအစည်းအဝေးမှတ်တမ်းမဟုတ်ပါလူလောက၌ဖြစ်ရိုးဖြစ်စဉ်ထက်ဆန်းကြယ်တဲ့ဖြစ်ရပ်၊အကြောင်းအရာများကိုစကားပြေနဲ့အတိုဆုံးအရှင်းဆုံးရေးသားတင်ပြထားတဲ့စာပဲဖြစ်တယ်။
သတင်းထောက်ဆိုသည်မှာ
သတင်းထောက်ဆိုတာ မီဒီယာ(Media)ရဲ့ဝိညာဉ်ပါ။သတင်းထောက်တွေ၊သတင်းပေးပို့ပေးသူတွေမရှိရင် သတင်းဖြစ်စရာ မရှိတော့ပါဘူး။ သတင်းထောက်အလုပ်ဆိုတာအင်မတန်မှပင်ပန်းလှပါသည်။အသက်ဘေးအန္တာရယ်နဲ့လည်းနီး၊ထောင်နှုတ်ခမ်းနဲ့လည်း အင်မတန်နီးတဲ့အလုပ်မျိုးပါ။
သတင်းအလုပ်မှာပင်ပန်းတယ်ဆိုတာသာရှိတယ်။ ပျင်းရိငြီးငွေ့တယ်ဆိုတာတော့မရှိပါဘူး။ အဘယ်ကြောင့်ဆိုသော်နေ့စဉ် နေ့တိုင်း အတွေ့အကြုံသစ်၊ အသစ်အဆန်းတွေချည်းဖြစ်နေတတ်လို့ပါပဲ။
သတင်းထောက်ဆိုတာ သတင်းကိုမှတ်တမ်းတင်ဖို့သာဖြစ်တယ်။ အဆုံးအဖြတ်ပေးဖို့မဟုတ်ဘူးလို့သတင်းစာ ဆရာကြီးများက ပြောလေ့ရှိပါတယ်။ ဒါပေမဲ့သတင်းထောက်ဆိုတာလည်း လူသားတစ်ဦးပဲမို့သူ့ကိုယ်ပိုင်ခံစားချက်တို့၊ ကိုယ်ပိုင်ခံယူချက်တို့ ရှိကြတာ ချည်းပါပဲ။ဒီကိုယ်ပိုင်ခံစားချက်၊ကိုယ်ပိုင်ခံယူချက်တွေကိုကိုယ်ရေးတဲ့သတင်းထဲပါမသွားအောင်ထိန်းချုပ်ဖို့ဆိုတာ တော်တော့်ကို မလွယ်တဲ့ကိစ္စပါ။
ဒီလောက်အန္တာရယ်များပြီးအခက်အခဲပေါင်းများစွာရှိတဲ့သတင်းစာလောကကို မြတ်မြတ်နိုးနိုးလုပ်ကိုင်ခဲ့သူတွေ လုပ်နေသူတွေ များစွာရှိပါတယ်။ သတင်းစာဆရာကြီးဦးထွန်းဖေဟာ ၀န်ကြီးရာထူးကိုစွန့်ပြီး သတင်းစာလောကထဲကို ပြန်ဝင်ခဲ့ပါတယ်။ သူက စစ်မှန်တဲ့ တာဝန်သိတဲ့သတင်းစာသမားဟာပြည်ကြီးပခုံး၊ပြည်ကြီးမျက်လုံးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
သတင်းထောက်ရဲ့ တကယ့်တာဝန်ကဘယ်ဟာဘယ်ဟာသတင်းဖြစ်တယ်ဆိုတာသိဖို့ပါဘဲ။ သတင်းရလာရုံနဲ့ လည်းမပြီးသေး ပါဘူး။ ကိုယ်ရလာတဲ့သတင်းကိုသတင်းနဲ့တူအောင်လည်းရေးတက်ရပါသေးတယ်။
သတင်းထောက်တစ်ယောက်ရဲ့အလုပ်များ
(၁) သတင်း ထောက်ခြင်း
(၂) သတင်း လိုက်ခြင်း
(၃) သတင်း နှိုက်ခြင်း
(၄) သတင်း ချုခြင်း
(၅) သတင်း အစ်ခြင်း
(၆) သတင်း မွေးခြင်း
(၇) သတင်း ကူးခြင်း
(၈) သတင်း ဖလှယ်ခြင်း
(၉) သတင်း ၀ယ်ခြင်း
(၁၀) သတင်း ရောင်းခြင်း
(၁၁) သတင်း ထိပ်ခြင်း
(၁၂) သတင်း ဖျောက်ခြင်း
(၁၃) သတင်းခိုးခြင်း စတဲ့အတတ်မျိုးစုံပါဝင်ပါတယ်။
ဒီအတတ်တွေဟာတစ်ခုနဲ့တစ်ခုမတူခြားနားတဲ့အတတ်တွေဖြစ်သလို မထူခြားနားတဲ့အရည်အချင်းတွေလိုအပ် ပါတယ်။
(၁) သတင်းထောက်ခြင်း
သတင်းထောက်ခြင်းရဲ့ပဏာမလုပ်ငန်းကတော့သတင်းအနံ့ခံခြင်းဖြစ်ပါတယ်။သွားလေရာ၊လာလေရာ၊စားလေရာမှာသတင်းအနံ့ကိုခံနေရပါတယ်။ သတင်းထောက်တစ်ယောက်ဖို့အချိန်တိုင်းဟာအလုပ်ချိန်ပါ။သတင်းအနံ့ခံတဲ့နေရာမှာမျက်စိရှင်နားပါးဖို့သာမက အကွက်မြင် တတ်ဖို့၊ အကင်းပါးဖို့လည်းအင်မတန်လိုပါတယ်။
(၂) သတင်းလိုက်ခြင်း
သတင်းကိုအနံ့ခံလို့ရပြီထောက်လှမ်းလို့ရပြီဆိုရင်သတင်းနောက်ကိုလိုက်ရပါတော့တယ်။တစ်နေရာတည်းနဲ့ပြီးပြည့်စုံတဲ့သတင်းတစ်ပုဒ်ရတတ်တာ မျိုးကရှားပါတယ်။ တစ်နေရာကနေတစ်နေရာကွင်းဆက်ကလေးတွေနဲ့လိုက်မှ ပြီးပြည့်စုံတဲ့သတင်းတစ်ပုဒ်ဖြစ်တတ်ပါတယ်။
(၃) သတင်းနှိုက်ခြင်း
သတင်းလိုက်တတ်ရမည်၊နှိုက်တက်ရမည်ဆိုရာတွင်(လိုက်)နှင့်(နှိုက်)သည်အတူတူဟူထင်ရသည်။တကယ်မှာမတူချေ။ (လိုက်) ဆို သည်မှာ ဖြစ်ပေါ်နေပြီးသော သတင်းတစ်ခုကိုမရရအောင်လိုက်ခြင်းဆိုသောအဓိပ္ပါယ်ပင်ဖြစ်သည်။
(နှိုက်)ဆိုသည်မှာ သတင်းကားရှိသည်။ လူမသိသေး၊ မပေါ်လာသေး။ထိုသတင်းမျိုးကိုမရရအောင်စကားရောင်း၊ စကားဝယ်၊ စကားလှယ၊် စကားသွယ်ဆိုကဲ့သို့နှိုက်ထုတ်ယူရခြင်းမျိုးဖြစ်သည်။ ဥပမာခေါင်းဆောင်ကြီးများအရာ ရှိကြီးများ ၊နိုင်ငံရေးသမားကြီးများ နှင့်တွေ့သည့်အခါအစိုးရကဘာလုပ်မည်၊ဘယ်လိုစီမံကိန်းတွေချထားသည်။ နိုင်ငံရေးကွဲလွဲမှုတွေဘယ်လိုရှိကြသည် စသဖြင့်စကားနှင့် နှိုက်ထုတ်ခြင်းမျိုးဖြစ်သည်ဟုဟံသာဝတီသတင်းစာအယ်ဒီတာချုပ် ဦးဘဖေကဟောကြားခဲ့ဖူးသည်။
(၄) သတင်းချုခြင်း
သတင်းချုတယ်ဆိုသည်မှာသူ့အကြိုက်၊သူ့စရိုက်ကိုလိုက်ပြီးသူလိုချင်တာကိုကိုယ်ကအရင်ပေးပြီးမှကိုယ်လိုချင်တာကိုရအောင်လုပ်ယူရတာမျိုးဖြစ်သည်။
(၅) အတင်းအစ်ခြင်း
သတင်းအစ်တယ်ဆိုသည်မှာ တစ်ဖက်သားကိုရှေ့တိုးထမ်းပိုး၊နောက်ဆုတ်လှည်းထုပ်ဆိုတဲ့အခြေအနေမျိုး ရောက်အောင် ကျုံးသွင်း ချောင်ပိတ်ပြီး မပြောရင်မဖြစ်တော့တဲ့အခြေအနေကိုဖန်တီးပြီး သတင်းကိုမရအရယူရတဲ့နည်းပါ။ လူတစ်ဖက်သားကို အကြပ်ကိုင်ရတဲ့သဘောမျိုးမို့ မသမာတဲ့နည်းလို့ဆိုမယ်ဆိုရင်ဆိုနိုင်ပါတယ်။
(၆) သတင်းမွေးခြင်း
ဘယ်သူမှမရ၊ကိုယ်တစ်ဦးတည်းရထားတဲ့သတင်းမျိုးဆိုရင်သတင်းထောက်ဟာချက်ချင်းကောက်မရေးသေးဘဲသတင်းခြောက်ခန်းတဲ့အခါကျမှထုတ်ရေးပြီး သတင်းကိုမွေးထားတတ်ပါတယ်။ ရေးတဲ့အခါကျတော့လည်း သိထားရထားသမျှ သတင်းအချက်အလက် တွေကို အကုန်ထည့်သုံးပြီးရေးလေ့မရှိပါဘူး။ အဓိကအရေးပါတဲ့အချက်တစ်ချက်ကို အဆင်တန်ဆာတွေထည့်ပြီး ဝေေ၀ဆာဆာ ဖြစ်အောင် ရေးတတ်ပါတယ်။ နောက်တစ်ကြိမ်အယ်ဒီတာကသူဆီကိုသတင်းညှစ်ပြီး တောင်းပြီဆိုမှ သူချန်ထားတဲ့ထဲက နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်ကိုဆွဲထုတ် အစာထည့်၊ဌာပနာသွတ်ပြီး ရေးပေးလိုက်ပြန်ပါတယ်။ ဒီလိုနဲ့ပဲသတင်းထောက်ဟာ အကြိမ်ကြိမ် လုပ်စားလို့ မဆုံးနိုင်အောင်သတင်းကိုမွေးထားတတ်ကြပါတယ်။
(၇) သတင်းကူးခြင်း
သတင်းကူးတယ်ဆိုတာ စုဆောင်းသိမ်းဆည်းထားတဲ့ဋ္ဌာနဆိုင်ရာအစီရင်ခံစာတွေ၊ မှတ်စုမှတ်တမ်းတွေ၊ ဘတ်ဂျက် စာအုပ်ကြီးတွေ ထဲကသတင်းဖြစ်လောက်တဲ့အချက်အလက်တွေ စာရင်းဇယားနဲ့ကိန်းဂဏာန်းတွေကို ပြန်ကူး ယူပြီးအစာသွတ် အရောင်ခြယ်ပေးတာပါ။ဒီဘက်ခေတ်ဆိုရင်တော့ မိတ်ကပ်လိမ်းပေးလိုက်တဲ့သဘောပေါ့လေ..။ စာကိုရသမျှစာရွက်စာတမ်း၊ မှတ်စုမှတ်ရာ မှန်သမျှစနစ်တကျသိမ်းတတ်ဖို့၊ မပျင်းမရိဖတ်တတ်ဖို့ပဲလိုပါတယ်။ အစုအဆောင်းအမှတ် အသားကောင်းရင် ကောင်းသလောက် သတင်းကောင်းတွေ ရတတ်ပါတယ်။
(၈) သတင်းဖလှယ်ခြင်း
သတင်းထောက်ဆိုတာသတင်းဦးဖို့၊ထူးမို့အတွက်သတင်းထောက်တွေအများကြီးနဲ့ယှဉ်ပြိုင်လုပ်ကိုင်နေကြရတာပါ။
သတင်းထောက် အချင်းချင်းပညာပြိုင်ကြ၊ခြေ၀ှက်ကြ၊ခြေပုန်းခုတ်ကြ၊ကလောင်စွမ်းပြိုင်ကြနဲ့လုပ်နေကြရပါတယ်။ ဘယ်လောက်ပဲပြိုင် နေရ ပြိုင် နေရ၊ သတင်းထောက်အချင်းချင်း ပူးပေါင်းလုပ်ဆောင်တာမျိုးမလုပ်ဘဲနေလို့ မရပါဘူး။ အချင်းချင်း တာဝန်ခွဲဝေယူရင်း သတင်းအလဲအလှယ်လုပ်ရတာမျိုးတွေရှိတတ်ပါတယ်။
ဥပမာ-စစ်မြေပြင်သတင်းထောက်တွေဆိုပါစို့၊ ရှေ့တန်းကိုတစ်ဦးနဲ့အတူလိုက်ပါသတင်းယူဖို့လိုအပ်သလို နောက်တန်းကွပ်ကဲမှု ဋ္ဌာနချုပ်ကသတင်းတွေလည်းလိုအပ်ပါတယ်။ ဒါတင်မကစစ်မြေပြင်ဆေးရုံတွေကကျဆုံးဒဏ်ရာ ရစာရင်းတွေလည်းလိုတာပါပဲ။ သတင်းထောက် တစ်ယောက်တည်းနဲ့အဲဒီသတင်းတွေအားလုံးကိုမရနိုင်ပါဘူး။ ဒီတော့ သတင်းထောက်တွေအချင်းချင်းတာဝန်ခွဲ နေရာ ယူကြရပြီး သတင်းချင်းဖလှယ်ကြပါတော့တယ်။
(၉) သတင်းဝယ်ခြင်း
တစ်ခါတစ်လေသတင်းစာတိုက်အဖို့သတင်းလေးတစ်ပုဒ်ကိုသိန်းနဲ့ချီပေးဝယ်လိုက်ရတာမျိုးတွေရှိခဲ့သည်။လွန်ခဲ့တဲ့ဆယ်ခုနှစ်နှစ်ခုကျော်ကျော်လောက် ဆီကအနောက်နိုင်ငံစာနယ်ဇင်းတွေမှာ ဟစ်တလာရဲ့ဒိုင်ယာရီဆိုတဲ့ မှတ်တမ်းတစ်စောင်ကိုအခန်းဆက် ဖော်ပြ ခဲ့ကြဖူးပါတယ်။အဲဒီမှတ်တမ်းကိုအနောက်ဂျာမနီသတင်းစာကြီးတစ်စောင်ကရရှိခဲ့တာပါ။ သတင်းစာကြီးကသမိုင်းပညာရှင်တွေ၊ လက်ရေးပါရဂူတွေကိုပြသအစစ်ဆေးခိုင်းပြီးဟစ်တလာ လက်ရေးစစ်မှန်ကြောင်းအာမခံချက်ရလို့ ဒေါ်လာ(၂)သန်းပေးဝယ်လိုက်တာ ဖြစ်ပါတယ်။
သူ့ဆီကမှတစ်ဆင့်နယူးစ်ဝိခ်(Newsweek)နဲ့အခြားသတင်းစာတွေကတစ်ဆင့်ဝယ်ယူပြီးအခန်းဆက်ဖော်ပြခဲ့ကြပါတယ်။
(၁၀) သတင်းရောင်းခြင်း
တိုးတက်တဲ့နိုင်ငံကြီးတွေမှာ သတင်းစာလုပ်ငန်းဆိုတာပြန်ကြားရေး၊ပညာပေးရေး၊ဖျော်ဖြေရေးလုပ်ငန်းသက် သက်မဟုတ် တော့ပါဘူး။ အမြတ်အစွန်းရဖို့လုပ်တဲ့စီးပွားရေးလုပ်ငန်းကြီးတစ်ခုအဖြစ်သဘောထားပြီးလုပ်ကိုင်နေကြ တာဖြစ်ပါတယ်။ အဲဒါကြောင့် သတင်းစာလုပ်ငန်းကိုလည်းအခြားကုမ္မဏီလုပ်ငန်းကြီးများနဲ့သဘာဝချင်းအတူတူပဲလို့ သဘောထားကြပါတော့တယ်။
(၁၁) သတင်းထိမ်ခြင်း
သတင်းထောက်ဆိုတာသတင်းကိုဖော်ထုတ်ရေးသားတဲ့တာဝန်ကိုယူရသူဆိုပေမယ့် တစ်ခါတလေမှာ သတင်းကောင်းကြီး တစ်ပုဒ် ကို တိုင်းပြည်နဲ့လူမျိုးအကျိုးငဲ့ကွက်ပြီးမရေးဘဲထိပ်ချန်ထားရတာမျိုးလည်း ရှိတတ်ပါတယ်။
ဒီလိုသတင်းကိုထိမ်တဲ့၊ချန်တဲ့နေရာမှာသတင်းစာရဲ့သိက္ခာ၊သတင်းစာရဲ့မှုဝါဒ၊သတင်းစာရဲ့ကျင့်ဝတ်၊ တိုင်းပြည်နဲ့လူထု ရဲ့အကျိုးစီးပွား စတဲ့အချက်တွေကိုထည့်သွင်းတွက်ချက်ပြီးတော့လုပ်ကြရပါတယ်။တစ်ခါတလေ တော့လည်း စုန်းပြူး အကျင့်ပျက်သတင်းထောက် လုပ်စားတဲ့သူများက ကာယကံရှင်တွေဆီက တံစိုးလက်ဆောင်ယူပြီး သတင်းကိုထိပ်ချန်ပေးတာသတင်းကို ဖျောက်ပေးတာမျိုး တွေ လုပ်တာတွေလည်းရှိတတ်ပါသေးတယ်။
(၁၂) သတင်းဖျောက်ခြင်း
တိုင်းပြည်အကျိုးစီးပွားလူမျိုးရဲ့အကျိုးစီးပွားကိုထိခိုက်နစ်နာစေတဲ့သတင်းမျိုးဆိုရင် ဘယ်လောက်ပဲမှန်တဲ့ သတင်း၊ ကောင်းတဲ့ သတင်းဖြစ်ဖြစ် သတင်းစာသမားတွေဟာသတင်းကိုလုံးဝဖျောက်ပစ်လိုက်တတ်ကြပါတယ်။
အင်္ဂလိပ်နယ်ချဲ့လက်အောက်ကလွတ်မြောက်ဖို့ တိုက်ခိုက်နေကြတဲ့ကာလမှာဗိုလ်ချုပ်အောင်ဆန်းပြည်ပကို တိတ်တဆိတ် ထွက်ခွါတဲ့ သတင်းနဲ့ဂျပန်မှာစစ်သင်တန်းတက်ဖို့လူငယ်လူရွယ်တွေကိုတိတ်တဆိတ်စုဆောင်းပြီး ဂျပန်ကိုပို့ပေးနေတဲ့ သတင်းတွေကို မျိုးချစ်မြန်မာတွေနဲ့သတင်းစာဆရာတွေကတော့ရိပ်မိသိရှိနေကြပါတယ်။ ဒါပေမယ့် ဘယ်သတင်းကမှလေသံလေး တစ်သံတောင် ထွက်မလာရအောင်သတင်းတွေကိုဖျောက်ထားခဲ့ကြပါတယ်။
(၁၃) သတင်းခိုးခြင်း
သတင်းသမားတွေအနေနဲ့တခါတလေနိုင်ငံတော်ရဲ့အကျိုးကိုမထိခိုက်စေမယ့် နိုင်ငံတော်သတင်းများကိုခိုးပြီး ဖော်ထုတ် ရေးသားကြရပါတယ်။
အစိုးရဆိုတာမျိုးကလည်း ဘယ်စနစ်ကိုကျင့်သုံးတဲ့နိုင်ငံမှာပဲဖြစ်ဖြစ်၊ အစိုးရရယ်လို့ဖြစ်လာတာနဲ့ကိုယ့်ကို တင်မြှောက်ထားပြီး လခပေးထားတဲ့ပြည်သူလူထုရဲ့အထက်ကရှိနေတယ်လို့သဘောထားလာတတ်ကြစမြဲဆိုတော့ နိုင်ငံတော်ရဲ့အကြောင်းကိစ္စတိုင်းကို ပြည်သူလူထုကိုအသိပေး၊ ပြည်သူလူထုရဲ့အဆုံးအဖြတ်ကိုခံယူဆိုတဲ့ ဒီမိုကရေစီ အခြေခံကျင့်စဉ်ကနေ အနည်းနဲ့အများဆိုသလို သွေဖည်သွားကြတာချည်းပါဘဲ။
အမေရိကန်သမ္မတနစ်ဆင်ရာထူးကနုတ်ထွက်သွားစေတဲ့ ၀ါးတားဂိတ်အရှုပ်တော်ပုံတို့၊ ပင်တဂွန်စာတမ်းများ ကိစ္စဆိုတဲ့ကိစ္စကြီး တွေဟာထင်ရှားတဲ့သာဓကတွေပါဘဲ။ ပင်တဂွန်စာတမ်းများကိစ္စဆိုရင်သတင်းခိုးမှုနှစ်ခုအပြန်အလှန် ဖြစ်ခဲ့ကြပါတယ်။
ဆက်ပါဦးမည်…….
အချက်အလက်နှင့်ဆောင်းပါးများအားလုံးကို အလင်းဆက် (IR)မှ ပံပိုးကူညီပါသည်။
ww.facebook.com/yannai.pyaesonehtoo တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ