၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ ပထမဆုံး စတင်တာဝန်ယူမည့် အာဆီယံဥက္ကဋ္ဌနေရာနှင့် AEC ၊ AFTA အတွက် ကြိုတင်ပြင်ဆင်နိုင်ရန် လုပ်ငန်းကော်မတီ ၁၅ ခု စတင်ဖွဲ့စည်း

မြန်မာနိုင်ငံမှ ၂၀၁၄ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် အလှည့်ကျတာဝန်ယူရန်နှင့်
အာဆီယံ စီးပွားရေးအသိုက်အ၀န်းနှင့် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ
အကောင်အထည်ဖော်ရာ၌ မြန်မာစီးပွားရေး လုပ်ငန်းရှင်များ
အဆင့်မီယှဉ်ပြိုင်နိုင် ရန်အတွက် လုပ်ငန်းကော်မတီ ၁၅ ခုကို
စတင်ဖွဲ့စည်းခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး
ဦးကျော်ဝင်းက ပြောကြားခဲ့သည်။

အဆိုပါလုပ်ငန်းကော်မတီတွင် စီမံ/စီးပွားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ
ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အခြားပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယ၀န်ကြီး
၁၀ ဦး၊ အတွင်းရေးမှူးအဖြစ် အမျိုးသားစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့်
နိုင်ငံခြားစီးပွား ဆက်သွယ်ရေးမှ ညွှန်ကြားရေးမှူးချုပ်တို့မှ တာဝန်ယူ
ဆောင်ရွက်ပြီး အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ
ပါဝင်ကြောင်း သိရှိရသည်။

အဆိုပါ လုပ်ငန်းကော်မတီ ၁၅ ခုမှာ (၁) ကုန်စည်များ လွတ်လပ်စွာ
စီးဆင်းစေနိုင်ရေး လုပ်ငန်းကော်မတီ (၂) ၀န်ဆောင်မှုများ လွတ်လပ်စွာ
စီးဆင်းစေနိုင်ရေး လုပ်ငန်းကော်မတီ (၃) ရင်းနှီးမြှုပ်နှံမှုများ
လွတ်လပ်စွာ စီးဆင်းစေနိုင်ရေး လုပ်ငန်းကော်မတီ (၄) ငွေကြေး
အရင်းအနှီးများ ပိုမိုလွတ်လပ်စွာ စီးဆင်းစေနိုင်ရေး လုပ်ငန်းကော်မတီ (၅)
ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်းလုပ်ကိုင်နိုင်ရေး
လုပ်ငန်းကော်မတီ (၆) ယှဉ်ပြိုင်မှု မူဝါဒ အကောင်အထည်ဖော်ရေး
လုပ်ငန်းကော်မတီ (၇) စားသုံးသူများ အကာအကွယ်ပေးရေး လုပ်ငန်းကော်မတီ (၈)
ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ (၉)
အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၊ (၁၀)
အခွန်စည်းကြပ်မှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၊ (၁၁)
အီလက်ထရောနစ် ဆက်သွယ်ရေးနည်းဖြင့် ကူးသန်းရောင်း ၀ယ်ရေး လုပ်ငန်းကော်မတီ၊
(၁၂) အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းကော်မတီ၊ (၁၃) အာဆီယံကနဦး ပေါင်းစည်းရေး အစီအစဉ်ဆောင်ရွက်ရေး
လုပ်ငန်းကော်မတီ၊ (၁၄) ပြင်ပစီး ပွားရေး ဆက်စပ်မှုများတွင် ညီညွတ်သော
ချဉ်းကပ်နည်းဖြစ်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ဖြည့်ဆည်းမှု ကွန်ရက်၌
ပူးပေါင်းပါဝင်တိုးမြှင့်ရေး လုပ်ငန်းကော်မတီ၊ (၁၅)
စာရင်းအင်းအချက်အလက်ဆိုင်ရာ လုပ်ငန်းကော်မတီတို့ဖြစ်ကြောင်းလည်း
သိရှိရသည်။

''အဓိကကတော့ ၂၀၁၄ ခုနှစ်မှာ တာဝန်ယူရမယ့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌနေရာအတွက်
ပြင်ဆင်ထားတာပါ။ နောက်ပြီး ၂၀၁၅ မှာ လာမယ့် အာဆီယံစီးပွားရေး
အသိုက်အ၀န်းနဲ့ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသအတွက်
ကြိုတင်ပြင်ဆင်နိုင်ဖို့ပါ''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Ref : http://www.weeklyeleven.com/index.php?option=com_content&view=article&id=14503:------aec--afta------&catid=99:2011-04-10-07-08-41&Itemid=174

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ