ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သတ်ပြီး ဇွန်လ (၁၂)ရက်နေ့ နောက်ဆုံးရ သတင်းများ



jun12-07
နာဇီရွာမှ ဘင်္ဂလီများ ကျောင်းကြီးလမ်းရပ်ကွက်သို့ ၀င်ရောက်ရန် ကြိုးစားနေစဉ်
jun12-08
ကျောင်းကြီးလမ်း ရပ်ကွက်အား ဘင်္ဂလီများ လာရောက်မီးရှို့နေခြင်းကို
လုံခြုံရေး တပ်ဖွဲ့ဝင်များ လာရောက် တားဆီးစဉ်

jun12-09
နာဇီဈေးအတွင်းမှ ဓာတ်ဆီပုံးများအား မီးသတ်သမားတစ်ဦး လိုက်လံသိမ်းဆည်းနေစဉ်

jun12-10
ကျောင်းကြီးလမ်း ရပ်ကွက်အား ဘင်္ဂလီများ လာရောက်မီးရှို့နေခြင်းကို
လုံခြုံရေး တပ်ဖွဲ့ဝင်များ လာရောက် တားဆီးစဉ်

ဇွန်လ ၁၂ ရက် နေ့လည် ၄း၃၀ နာရီ

"စစ်တွေမြို့ ဆေးရုံ ၊ အရေးပေါ်ဌာန ကို လူနာ ၈ ယောက်ရောက်လာတယ်လို့
ကြားတယ်။ မနေ့ ကတော့ ၅ ယောက် ရောက်တယ် ပြောတယ်။ ဆေးရုံထဲကို မီဒီယာတွေ
ဝင်ခွင့် မပေးလို့ သွေးလှူသူတွေက တစ်ဆင့် စုံစမ်းနေရတယ်။" ဟု
အဆိုပါနေရာသို့ ရောက်ရှိ သတင်းရယူနေသော Eleven Media Group မှ သတင်းထောက်
မှ ယနေ့ ညနေ ၄း၃၀ နာရီတွင် သတင်းပေးပို့ပါသည်။

jun12-06
ဘင်္ဂါလီ ရိုဟင်ဂျာများကြောင့် မီးလောင်ကျွမ်းနေသော ကျောင်းကြီးလမ်း
ရပ်ကွက် နှင့် နာဇီရပ်ကွက် မြင်ကွင်းအား နေ့လည် ၂း၃၀ နာရီခန့်က တွေ့ရစဉ်

ရန်ကုန်မြို့ ဆူးလေ စေတီတော်တွင် မွန်းလွဲ ၁ နာရီ ခွဲခန့်က သံဃာတော်
အပါး ၁၀၀ ကျော်ခန့်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့်
ပတ်သက်ပြီး မေတ္တာပို့ ဆုတောင်းခဲ့ကြောင်းနှင့် ထို့အတူ
ရခိုင်ပြည်နယ်ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖေါ်လိုသူအချို့က
မြို့တော်ခန်းမရှေ့တွင် စာတမ်းများ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖေါ်ရန်
ကြိုးစားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက်တားမြစ်မှုကြောင့်
ဆန္ဒပြခွင့် မရခဲ့ကြောင်း သိရသည်။ ထို့အပြင် ဆူးလေစေတီတော်နှင့်
မြို့တော်ခန်းမ အနီးတစ်ဝိုက်တွင် လုံခြုံရေးများ တင်းကြပ်စွာ ချထားသည်ကို
တွေ့ရှိရပါသည်။

ဇွန်လ ၁၂ ရက် နေ့လည် ၂း၀၀ နာရီ

စစ်တွေမြို့ ဖေရာလမ်းရှိ ဟိန္ဒူ ဘုရားကျောင်းတစ်ကျောင်းနှင့်
အိမ်များအား ရိုဟင်ဂျာ ဘင်္ဂါလီများက မီးရှို့လျက်ရှိပြီး
လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာပြီဖြစ်ကြောင်း Eleven Media
Group သတင်းထောက်က မွန်းလွဲ ၂ နာရီတွင် သတင်းပေးပို့ပါသည်။

ဇွန်လ ၁၂ ရက် နေ့လည် ၁း၃၀ နာရီ

"အခုဖြစ်နေတဲ့ နေရာက နာဇီရပ်၊ အခု ဘင်္ဂါလီရိုဟင်ဂျာတွေ
ပြေးစရာထွက်ပေါက် မရှိလို့ ရပ်ကွက်ထဲကို ၀င်ဖို့ကြိုးစားနေတယ်။ အခု
သူတို့ ၀င်ဖို့ကြိုးစားနေတဲ့ နေရာက ကျောင်းကြီးတန်းရပ်ကွက် ၊
ထွက်ပြေးလာတဲ့ ဘင်္ဂါလီတွေနဲ့ ကျောင်းကြီးတန်း ရပ်ကွက်က ရခိုင်တွေနဲ့
ထိပ်တိုက်တွေ့မယ့် အခြေအနေဖြစ်နေတယ်။ ဒီမှာက လမ်းသွယ်တွေက
အများကြီးရှိနေတယ်။ လုံခြုံရေး ရောက်လာတာတော့ မရှိသေးဘူး" ဟု
အဆိုပါနေရာသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က
ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် သတင်းပေးပို့ခဲ့ပါသည်။

jun12-05
စစ်တွေမြို့တွင် ဘင်္ဂါလီများက ကျောင်းကြီးတန်း ရပ်ကွက်တွင် ရှိသည့်
ရခိုင်လူမျိုးများ၏ အိမ်ကို မီးရှို့နေသည့် အတွက်
လုံခြုံရေးများ ရောက်ရှိလာစဉ်
jun12-04
စစ်တွေမြို့တွင် ဘင်္ဂါလီများက ကျောင်းကြီးတန်း ရပ်ကွက်တွင် ရှိသည့်
ရခိုင်လူမျိုးများ၏ အိမ်ကို မီးရှို့ထားသည်ကို တွေ့ရစဉ်

ဇွန်လ ၁၂ ရက် နေ့လည် ၁း၂၀ နာရီ

ယနေ့၁ နာရီ ၂၀ မိနစ်တွင် စစ်တွေမြို့ ကျောင်းကြီးတန်းရပ်ကွက်
ရခိုင်လူမျိုးနေထိုင်သော အိမ်များကို ရိုဟင်ဂျာဘင်္ဂါလီများက မီးရှို့ပြီး
ထွက်ပြေးရန် ဆောင်ရွက်နေသောကြောင့် ရခိုင်လူမျိုများက လိုက်လံ
ဖမ်းဆီးနေကြကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသော Eleven Media Group
သတင်းထောက်မှ သတင်းပေးပို့ပါသည်။

ဇွန်လ ၁၂ ရက် နေ့လည် ၁း၁၀ နာရီ

နာဇီရွာ မီးလောင်မှုဖြစ်စဉ်တွင် လူမျိုးခြားများ နေထိုင်သည့်
နေအိမ်အတွင်းမှ မီးအားပိုမို တောက်လောင်စေသည့် လောင်စာဆီများနှင့်
မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ရာတွင် အခက်အခဲရှိစေရန်
လမ်းသွယ်၊လမ်းကြား အချို့တွင် အရာဝတ္တုများစွာဖြင့် ပိတ်ပင်ထားကြောင်း
ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူး ဦးမင်းစန်းအေး က ပြောကြားခဲ့သည်။

jun12-02
စစ်တွေမြို့ နာဇီရွာ မီးလောင်မှု မြင်ကွင်း
jun12-03
စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း

ဇွန်လ ၁၂ ရက် နံနက် ၁၂း၁၅ နာရီ

ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က စစ်တွေမြို့ကသဲရပ်ကွက်တွင်
ရိုဟင်ဂျာ ဘင်ဂါလီများက အိမ်ကို မီးရှို့၍ ထွက်ပြေးသွားကြကြောင်း သိရသည်။
မီလောင်မှုကြောင့် ရခိုင်လူမျိုးများ၏ နေအိမ် ၅ လုံးခန့်နှင့် ရိုဟင်ဂျာ
ဘင်င်္ဂါလီများ၏ နေအိမ်များလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
မီလောင်မှုမှာ လက်ရှိအချိန်အထိ ဆက်လက်လောင်ကျွမ်း လျက်ရှိကြောင်း သိရသည်။

ဇွန်လ ၁၂ ရက် နံနက် ၁၁း၁၅ နာရီ

ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁း၁၅ နာရီခန့်တွင် စစ်တွေမြို့နယ်
နာဇီကျေးရွာတွင် ရခိုင်တိုင်းရင်းသား ၆၀၀၀ခန့်နှင့် ဘင်္ဂါလီ ရိုဟင်ဂျာ
၁၀၀၀၀ခန့် အဓိကရုဏ်း ဖြစ်ပွားနေကြောင်း သိရှိရသည်။ အဆိုပါ အဓိကရုဏ်း
ဖြစ်ပွားသည့်နေရာတွင် ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်နှင့် တပ်မတော်မှ ၃၀ ဦးခန့် က
ဝင်ရောက်ဖြန်ဖြေ ပေးနေကြောင်း အဆိုပါနေရာသို့ ရောက်ရှိ သတင်းရယူနေသည့်
Eleven Media Group မှ သတင်းထောက်က သတင်းပေးပို့ပါသည်။

မောင်တောမြို့အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများကိုစွန့်ခွာ၍
မောင်တောမြို့ပေါ်ရှိ ပရဟိတ ကယ်ဆယ်ရေးစခန်းနှင့် အလိုတော်ပြည့်ကျောင်း
ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသည့် ဒေသခံများ၏ ပြောစကားများ

"ညောင်ချောင်းခွဆုံက ဆိုင်ခန်းတွေ မီးရှို့နေတာကိုမြင်တော့
ကျွန်တော်တို့လည်း ဘင်္ဂါလီတွေ ရွာကို လာတော့မယ်ဆိုတာ ပြောနေတုန်းပဲ
ဘင်္ဂါလီတွေ ရွာကို အုပ်စုလိုက်ချီတက်လာကြတယ်။ ကျွန်တော်တို့
ရွာသားသုံးဆယ်လာက်စုပြီး ခုခံဖို့လုပ်ကြတယ်။ ဒါပေမယ့် တွေ့တဲ့လူကို
ဝိုင်းရိုက်ကြတော့ ကျွန်တော်တို့ ကလေးတွေ အမျိုးသမီးတွေကို
ထွက်ပြေးကြဖို့ ပြောလိုက်တယ်။ လူတွေလဲ တစ်ယောက်တစ်ကွဲ တောင်တွေထဲ
ပြေးသွားကြတယ်။ ရွာကဘုန်းတော်ကြီးကို ၀ိုင်းရိုက်တာတွေ့တယ်။
ကျွန်တော်တို့လဲ နောက်ဆုံးပြေးကြ တော့တာပဲ။ ရွာသားနှစ်ဦး
အသတ်ခံလိုက်ရတယ်။"ဟု ရွှေရင်အေးကျေးရွာမှ ရခိုင်လူမျိုး
ဦးသာစိန်ကပြောသည်။

ကျွန်မတို့က ညောင်ချောင်းလမ်းခွဆုံမှာ ဆိုင်ရောင်းတာပါ။ ပထမ
ဘင်္ဂါလီတွေ ဗလီတွေက ဆင်းချိန်မှာ အုပ်စုလိုက် ညောင်ချောင်းရွာက
တက်လာကြတယ်။ ကျွန်မတို့လဲ ဆိုင်ကထွက်ပြေးကြတော့ ဆိုင်တွေကို
မီးရှို့လိုက်ကြတယ်။ ကျွန်မတို့က နစက စခန်းဆီပြေးဝင်ကြတယ်။
ဆိုင်ခန်းတွေမီးရှို့နေတာ ကြည့်နေရတယ်။ နစကတွေလည်း
ဘာမှပြန်မလုပ်နိုင်ဘူး။ ဘင်္ဂါလီတွေက လုံခြုံရေးအဖွဲ့တွေ သေနတ်နဲ့
ချိန်နေတာတောင် မကြောက်ပဲ တက်လာကြတာ။" ဟု မသီတာက ပြောသည်။

"ကျွန်တော်တို့က ရွာကိုမီးရှို့ခံရတော့ အားလုံးထွက်ပြေးကြတယ်။ ကံသာယာ
ရွာဘက်ကိုပြေးကြတယ်။ အဲဒီမှာပြည်သူ့စစ်တွေရှိတော့ လိုက်လာတဲ့ ဘင်္ဂါလီတွေ
မတက်ရဲတော့ဘူး။ နောက်မှ လေးမိုင်စခန်းကို ပြေးခဲ့ရတယ်။ မနေ့က
ရွာကိုသွားကြည့်တယ် ။ အိမ်ခြေ ၈၀ မှာ ၆ လုံးပဲ ကျန်လိုက်တယ် ။ ကျန်တာတွေ
မီးရှို့ခံလိုက်ရတယ်။ ရွာကိုတွေ့ရတာ မျက်ရည်ဝဲမိတယ်ဗျာ။" ဟု
ရွှေရင်အေးရွာမှ ဗမာ အမျိုးသား ကို သန်းလွင်က ပြောသည်။

"ဗလီဆင်းချိန် ၂ နာရီခွဲလောက်မှာ ကျွန်တော်တို့ သရေကုန်းဘောင်ရွာကို
ဘင်္ဂါလီတွေ အုပ်စုလိုက် တက်လာကြတယ်။ ရွာသားတွေက ဖုန်းနဲ့ နစက စခန်းကို
အကြောင်းကြားပေမယ့် လုံခြုံရေးတွေ မရောက်မီ ရွာကိုမီးရှို့ခံရတယ်။ စပြီး
ဘုန်းကြီးကျောင်းကနေ စရှို့တယ်။ နောက်ရွာကို ၀ိုင်းတယ်။ ကျွန်တော်တို့က
ရွာမှာပိတ်မိနေတော့ ၀ိုင်းပြီး အရိုက်ခံရတယ်။ကျွန်တော်တို့မိသားစုကို
ဒုတ်တွေ ဓါးတွေ အပြင် ကျွန်တော့ကို ဆိုင်ကယ်ချိန်းကြိုးနဲ့ ရိုက်တယ်။
ခေါင်း၊လက်မောင်း နဲ့ ပေါင်မှာ ဒဏ်ရာရတယ်။ ရွာက ထွက်ပြီး တောင်တွေဆီ
အုပ်စုတွေကွဲပြီးပြေးကြရတယ်။ နောက်ဆုံးကျွန်တော်တို့
အဖွဲ့တောင်ပေါ်ရောက်မှ နစကတွေ ရောက်တယ်။ ပြန်လာဖို့ အကြောင်းကြားမှ
ကျွန်တော်တို့ အုပ်နှစ်စုလောက် ပြန်လာကြတယ်။ တစ်ချို့အုပ်စုတွေက
တောင်ကျော်ပြီး ထွက်ပြေးသွားကြတာ ဖြစ်ပါတယ်။ ရွာမှာက ဆရာမောင်ချမ်းသာ
အသတ်ခံလိုက်ရတယ်။ နောက်ရွာခံ နှစ်ဦးအသတ်ခံရတယ်။ လုံခြုံရေးတွေက ကားနဲ့
မောင်တောကို ချက်ချင်းခေါ်လို့ ဒီကို ရောက်လာတာပါ။ ရွာမှာ အိမ်ခြေ ၁၇၀
ကျော်ရှိတာ မှာ ၅ လုံးလောက်ပဲ မီးမလောင်ပဲကျန်ပါတယ်။" ဟု အလိုတော်ပြည့်
ကျောင်းစခန်းကိုေ၇ာက်နေသော သရေကုန်းဘောင် ကျေးရွာသား ဦးအောင်သန်းတင်
(အသက် ၅၆) မှ ပြောသည်။

"ရွာဟောင်းကို မီးရှို့ခံရတော့ ငါတို့လဲထွက်ပြေးကြတယ်။ တောင်ပေါ်ကို
ပြေးသွားကြတယ်။ အားလုံး အုပ်စု တွေကွဲပြီး သွားကြတယ်အခု မိသားစုတွေ
မစုံကြသေးဘူး။ ကျွန်တော်တို့က တောထဲမှာ မိုးရွာထဲမှာ တစ်ညလုံး နေခဲ့ရတယ်။
မိုးလင်းမှ လုံခြုံရေးတွေ ခေါ်မှ ရွာကို ဆင်းလာရတယ်။ ကျွန်တော်တို့
လာတုန်းကတော့ ရွာဘာမှ မဖြစ်သေးဘူး။ အခုတော့ ဘယ်လိုအခြေအနေ ရှိနေတယ်ဆိုတာ
မသိဘူး။"ဟု ကိုင်းကြီးရွာမှ ဦးမြင့်ဦးမှ ပြောသည်။

01

02

09

14

14

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၁၂ ခု၊ ဇွန်လ(၁၁)ရက်နေ့
မွန်းလွဲပိုင်းတွင် ရခိုင်လူမျိုးအများးစုနှင့် သံတော်လီကျေးရွာရှိ
ဘင်္ဂါလီရိုဟင်ဂျာတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ ငါးဦး သေဆုံးပြီး အိမ်ခြေ
၇၀ နီးပါး မီးလောင်မှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရှိသည်။
ရခိုင်လူမျိုးအများစုနှင့် သံတော်လီကျေးရွာရှိ ဘင်္ဂါလီရိုဟင်ဂျာတို့
ခိုက်ရန်ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဇွန်လ ၁၁ ရက်နေ့
နံနက်ပိုင်းက ထွက်ပေါ်လာခဲ့သည့် သတင်းတစ်ခုကြောင့်
စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ထွက်ပေါ်ခဲ့သည့် သတင်းမှာ နံနက်ပိုင်းက ဆိုင်ကယ်ဖြင့်
ဖြတ်သန်းသွားလာနေသည့် ရခိုင်အမျိုးသမီးတစ်ဦးကို သံထော်လီကျေးရွာရှိ
ဘင်္ဂါလီရိုဟင်ဂျာများမှ ဖမ်းဆီးခေါ်ဆောင် သွားသည်ဆိုသော သတင်းဖြစ်သည်။

ယင်းထွက်ပေါ်ခဲ့သည့် သတင်းကြောင့် နံနက် (၁၁)နာရီအချိန်ဝန်းကျင်တွင်
ကျေးရွာအများရှိ ရခိုင်လူမျိုးများ တစ်ဖြည်းဖြည်းများလာပြီး
သံတော်လီကျေးရွာမှ ဘင်္ဂါလီရိုဟင်ဂျာများ နှင့် မွန်းလွဲ (၁း၄၅) အချိန်တွင်
ခိုက်ရန်ဖြစ်ပွားခဲ့ကာ အဆိုပါကျေးရွာရှိ နေအိမ်များ
မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါကဲ့သို့
ခိုက်ရန်ဖြစ်ပွားမှုတွင် ရခိုင်လူမျိုးဦးရေ တစ်ထောင့်ငါးရာ
ဝန်းကျင်နှင့် ဘင်္ဂါလီရိုဟင်ဂျာ ဦးရေ တစ်ထောင်ဝန်းကျင်တို့
ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်းဖြစ်စဉ်ကြောင့် ဇွန်လ(၁၁)ရက်နေ့ ညနေ ၆
နာရီအချိန်ထိ တွေ့ရှိခဲ့သည့်အလောင်း (၅)ဦးရှိခဲ့ပြီး သေဆုံးသူများမှာ
ရခိုင်လူမျိုး(၃)ဦးနှင့် ဘင်္ဂါလီရိုဟင်ဂျာနှစ်ဦးတို့ ဖြစ်သည်ဟု
သိရှိရသည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေး
တာဝန်ထမ်းဆောင်နေသည့် ရဲမှူးကြီးလှမိုးက "ဒီဖြစ်စဉ်က ရှင်းရှင်းလေးရယ်နဲ့
အခက်တွေ့နေတာပါ ပြည်နယ်အတွင်းမှာက ဟိုဘက်လုပ်လိုက်၊ ဒီဖက်ကလုပ်လိုက်
သတင်းတွေ မကြာခဏကြားရတယ်၊ အချို့သတင်းတွေက မမှန်ကန်ဘူး၊
အခုဖြစ်စဉ်ဆိုရင်လည်း ရခိုင်အမျိုးသမီးတစ်ယောက်ကို အဲဒီသံတော်လီကျေးရွာက
လူမျိုးခြားတွေ ဖမ်းခေါ်သွားတယ်ဆိုတဲ့ သတင်းကြောင့် မခံနိုင်တဲ့
ရခိုင်လူမျိုးတွေက တစ်ဖြည်းဖြည်းများလာပြီး အဲဒီဖမ်းခေါ်သွားတယ်ဆိုတဲ့
လူမျိုးခြားကျေးရွာတို့ကို ၀င်ပြီးတော့ နှစ်ဖက်ခိုက်ရန်
ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေက မွန်းလွဲ ၁၂း၃၀ လောက်မှာ
အဲဒီကျေးရွာ ပတ်ဝန်းကျင်မှာ တဖြည့်းဖြည်း များလာတဲ့အချိန်မှာပဲ ရဲကင်းက
တာဝန်ရှိသူတွေက လူစုခွဲဖို့အတွက် မိုးပေါ်ထောင်ပြိး သေနတ်ပစ်ခဲ့တယ်။
အဲဒါကို သံတော်လီကျေးရွာထဲက လူမျိုးခြားတွေက ပစ်တယ်လို့ထင်ပြီးတော့
ပိုပြီး စိတ်မထိန်းနိုင်တော့ပဲ အခုလိုဖြစ်ခဲ့တာပါ"ဟု
ရှင်းလင်းပြောကြားခဲ့သည်။

ဖြစ်စဉ်တွင် ရဲတပ်ရင်းမှ ၀င်ရောက် ထိန်းပေးနေသည့်အချိန်တွင်
သံတော်လီကျေးရွာအတွင်းမှ သေနတ်ဖြင့်ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ရင်းမှ
ခြောက်လှန့်သည့်အနေထားဖြင့် အကြိမ်ရေ ၁၅ ကြိမ်ခန့် ပြန်လည်ပစ်ခတ်ရကြောင်း
သိရှိရသည်။ အဆိုပါရဲတပ်ရင်းမှ တာဝန်ရှိသူများသည် မွန်းလွဲပိုင်း
(၁း၄၅)အချိန်တွင် အဆိုပါကျေးရွာထဲသို့ ၀င်ရောက်ပြီး
ဘင်္ဂါလီရိုဟင်ဂျာများကို ခေါ်ယူ၍ ခိုက်ရန်မဖြစ်ကြရန် ဆွေးနွေးခဲ့ပြီး
သံတော်လီကျေးရွာနှင့် ရခိုင်လူမျိုးများ နေထိုင်သည့် ကျေးရွာများကြားတွင်
တပ်မ(၂၁၀)မှ တပ်ခွဲတစ်ခွဲလုံခြုံရေးယူကာ
ငြိမ်းချမ်းစွာဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ရဲမှူးကြီးလှမိုးက "ကောင်းမွန်စွာနေထိုင်၍
အေးအေးချမ်းချမ်းဖြစ်ဖို့အတွက် တာဝန်ယူပါတယ်။ ဒါပေမဲ့
ကျွန်တော်ပြောချင်တာက နာကျည်းတဲ့စိတ်တွေကို ရှေ့မထွက်ပဲ နေဖို့လိုတယ်။
တာဝန်ရှိတဲ့ နိုင်ငံတော်အစိုးရက ဥပဒေအရ အရေးကြောင်းအရ
အရေးယူပေးသွားမှာပါ"ဟု ပြောကြားခဲ့သည်။

ဇွန်လ ၁၂ ရက် နံနက် ၉း၅၃ နာရီ

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် အုပ်စု သပြေချောင်းကျေးရွာနေ
မသီတာထွေးအား မုဒိန်းကျင့်၊ လုယက်၊ သတ်ဖြတ်ခံရမှုကို ကျောက်ဖြူမြို့
ခရိုင်တရားရုံးတွင် ၈-၆-၂၀၁၂ သောကြာနေ့က တရားစွဲချက်တင်ခဲ့သော အမှုကို
ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီခန့်က တရားလိုဘက်မှ သေဆုံးသူ မသီတာထွေး၏
အစ်ကို အပါအ၀င် အသိသက်သေ ၈ ဦး၏ ထွက်ဆိုချက်ကို စစ်ဆေးကာ ညနေ
၎ာရီခွဲခန့်တွင် ရပ်နားလိုက်ပြီး ကျန်ရှိနေသော အသိသက်သေများ၏
ထွက်ဆိုချက်များကို ၁၂ရက်နေ့ ရုံးချိန်းတွင် ဆက်လက် စစ်ဆေးသွားမည်
ဖြစ်ကြောင်း သတင်းရှိပါသည်။
jun12-01
တရားခံနှစ်ဦးအား တရားရုံးသို့ယူလာစဉ်

ရခိုင်ပြည်နယ်အတွင် ဖြစ်စဉ်များကြောင့် အိုးမဲ့အိမ်မဲ့ စားဝတ်နေရေး
အခက်အခဲ ဖြစ်နေသော ပြည်သူများကို ကူညီထောက်ပံ့ရန်အတွက် ဒေသခံများဖြင့်
ယာယီအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့ကို
လှူဒါန်းလိုသူများအနေဖြင့် နာရေးကူညီမှုအသင်း (စစ်တွေ) ဖုန်း ၀၄၃-၂၂၄၇၅,
ဦးမောင်ထွန်းကျော် ၀၉၈၅၀၀၉၄၄၊ ဦးသန်းရွှေ ၀၉၈၅၀၀၂၄၁၊ ဦးရွှေထွန်းအောင်
၀၉၈၅၀၀၅၉၀၊ ဦးအောင်ကျော်ဇံ ၀၉၈၅၀၀၄၅၀ များသို့
ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဇွန်လ ၁၂ ရက် နံနက် ၉း၂၁ နာရီ

ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ကမ္ဘောဇဘဏ်အနီးတွင်
ဘင်္ဂါလီလူငယ်တစ်ဦးကို ဓါတ်ဆီပုံးနှင့်အတူ တွေ့ရှိပြီး ဒေသခံများက
ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

ဇွန်လ ၁၂ ရက် နံနက် ၉း၁၅ နာရီ

စစ်တွေမြို့အတွင်း ယမန်နေ့ညက မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပါသည်။
အထူးသဖြင့် ဘင်္ဂါလီများက ချောင်းရိုးများမှတစ်ဆင့် စစ်တွေမြို့တွင်းသို့
ဝင်ရောက်ရန်ကြိုးစားသဖြင့် စစ်တွေဒေသခံများက လုံခြုံရေးကို
ညလုံးပေါက်နီးပါး တာဝန်ယူ စောင့်ကြပ်ခဲ့ပါသည်။ စစ်တွေမြို့တွင်းရှိ
ဘီလူးမချောင်းမှတစ်ဆင့် ဘင်္ဂါလီ သုံးဦး မီးသတ်ဝတ်စုံဖြင့်
ဝင်ရောက်ရန်ကြိုးစားခဲ့ကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောပါသည်။
လုံထိန်းများနှင့် စစ်တပ်မှလည်း မြို့အတွင်း ကင်းပုန်းများချ၍
လည်းကောင်း၊ လှည့်ကင်းများ လှည့်လည်၍ လည်းကောင်း လုံခြုံရေးကို
တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ယမန်နေ့ည သန်းခေါင်အချိန်တွင်
သေနတ်ပစ်ဖောက်သံအချို့ ကြားခဲ့ရကြောင်း Eleven Media Group မှ
သတင်းထောက်၏ ပေးပို့ချက်အရ သိရှိရပါသည်။

ယမန်နေ့ညက စစ်တွေမြို့ပေါ်ရှိ NGO အချို့၏နေအိမ်များကို
သက်ဆိုင်ရာတာဝန်ရှိသူများမှ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း
စစ်တွေဒေသခံများက ပြောပါသည်။ သက်ဆိုင်ရာမှ အတည်မပြုနိုင်သေးသော
သတင်းများအရ NGO အဖွဲ့တစ်ခု၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို ယမန်နေ့ညက
ဖမ်းဆီးလိုက်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ စစ်တွေဒေသခံတစ်ဦးက ပြောပါသည်။
အဆိုပါ ဖမ်းဆီးမှု မတိုင်မီအချိန်က UN အဖွဲ့အစည်းတစ်ခု၏
ရခိုင်ပြည်နယ်တာဝန်ခံ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို မောင်တောမြို့၃
မိုင် စခန်းတွင် သက်ဆိုင်ရာမှ ဖမ်းဆီးလိုက်သည်ဟု
သတင်းများထွက်ပေါ်ခဲ့ပါသည်။ ထိုသို့ ဖမ်းဆီးခဲ့ခြင်းသတင်းကို
မှန်ကန်ကြောင်း စစ်တွေဒေသခံများက ပြောပါသည်။ အဆိုပါ ဖမ်းဆီးခံခဲ့ရသူ
နှစ်ဦးစလုံးမှာ ဘင်္ဂါလီရိုဟင်ဂျာများဖြစ်ကြောင်း သိရပါသည်။

ယနေ့တွင် UN အဖွဲ့မှ တာဝန်ရှိသူအချို့ လေယာဉ်စင်းလုံးဌားပြီး
စစ်တွေမြို့သို့ ရောက်ရှိလာမည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။ ထိုသတင်းကို
ကြားသိထားရသော်လည်း ယခုအချိန်ထိ အတိအကျ မသိရှိရသေးကြောင်း
စစ်တွေလေယာဉ်ကွင်းတွင် စောင့်ဆိုင်းနေသော တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ယနေ့နံနက်ပိုင်းတွင် ဓညဝတီ (ခ)ရပ်ကွက်ရှိ ဓမ္မရာမ
ဘုန်းတော်ကြီးကျောင်းကို ဘင်္ဂါလီရိုဟင်ဂျာများက မီးရှို့လိုက်ကြောင်း
သိရပါသည်။

စစ်တွေမြို့တွင် ရပ်ကွက် ၃၃ ခုရှိပြီး နာဇီရွာရပ်ကွက်၊
အောင်မင်္ဂလာရပ်ကွက်နှင့် ဘုမေရပ်ကွက်များမှာ ဘင်္ဂါလီများ
အခြေစိုက်နေထိုင်သည့် ရပ်ကွက်များဖြစ်ကြပါသည်။ အဆိုပါရပ်ကွက်များအနက်
ဘုမေရွာရပ်ကွက်ရှိ ဘင်္ဂါလီများ၏ ထကြွမှုမှာ ငြိမ်သက်သွားပြီဖြစ်သော်လည်း
ကျန်ရပ်ကွက်နှစ်ခုမှာ ငြိမ်သက်မှုမရှိသေးကြောင်းသိရပါသည်။
စစ်တွေမြို့တွင်း၌ ဘင်္ဂါလီများ မရှိသလောက် နည်းပါးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်များအတွင်း စစ်တွေမြို့တွင်းရှိ လူမနေသော
ဘင်္ဂါလီနေအိမ်အချို့ကို စစ်တွေမြို့ခံများက မီးရှို့ဖျက်ဆီးလိုက်ပြီး
ဘင်္ဂါလီများ စစ်တွေမြို့တွင်းသို့ နောက်ထပ် ဝင်ရောက်နေထိုင်ခြင်းမရှိရန်
လုပ်ဆောင်ခဲ့ပါသည်။ ထို့အပြင် ဗလီအချို့ကိုလည်း ဖျက်ဆီးလိုက်ကြောင်း
သိရပါသည်။

ယနေ့တွင် နာဇီရွာရပ်ကွက်ရှိ အကွက်အမှတ် ၁ ၊ ၂ ၊ ၁၁၊ ၁၂ မှ ဘင်္ဂါလီများ
ထကြွလာနိုင်သည်ဟု စစ်တွေဒေသခံ လုံခြုံရေးတာဝန်ရှိသူအချို့က
ခန့်မှန်းထားကြပါသည်။ အထူးသဖြင့် နာဇီ အကွက် ၁ နှင့် ၂ တွင် အာဘုလူနှင့်
အာမီဆန်း တို့၏နေအိမ်တွင် လက်နက်များ စုနေသည်ဟုသော
သတင်းများထွက်ပေါ်နေပါသည်။ ထို နှစ်ဦးသည် နာဇီရွာရပ်ကွက် အတွင်း
ငွေကြေးချမ်းသာသော ဘင်္ဂါလီနှစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့်
မပြတ်ဆက်သွယ်မှု ရှိနေသူများဖြစ်ကြောင်း သိရပါသည်။

လက်ရှိအချိန်ထိ စစ်တွေမြို့၏ အခြေအနေများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ
တာဝန်ရှိသူများထံမှ ခိုင်မာတိကျသော အတည်ပြုချက်မရရှိသေးပဲ
စစ်တွေဒေသခံများ၏ သတင်းပေးပို့ချက်များကိုသာ သတင်းထောက်များက
အားပြုနေရကြောင်း သိရသည်။

Ref : http://www.weeklyeleven.com/index.php?option=com_content&view=article&id=14055&Itemid=112

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ