ဇွန်လ၁၀ရက်နေ့ ညက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက
ပြည်တွင်းမီဒီယာများကို ခေါ်ယူသတိပေးခဲ့ပါတယ်။ ဒီလိုသတိပေးရာမှာ
မီဒီယာတွေရဲ့ ရေးသား ဖေါ်ပြမှုတွေဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့
မငြိမ်မသက်မှုတွေကို မီးလောင်ရာ လေပင့်သလို ဖြစ်စေတယ်ဆိုရင် ဥပဒေပုဒ်မ
၅၀၅(ခ) နှင့် ပုဒ်မ ၅(ည)တို့ဖြင့် အရေးယူသွားမယ်လို့ သတိပေးခဲ့ပါတယ်။
အရေးယူမည့်ပုဒ်မတွေဖြစ်တဲ့ ၅၀၅(ခ)ဆိုတာကို ကြည့်ရရင် ၂၀၀၇ စက်တင်ဘာ
အပြီးမှာ နိုင်ငံရေးနဲ့ဆက်နွယ်သည်ဟု ယူဆရသူတွေ အားလုံး အတွက်မပါမပြီး
ပါဝင် အတပ်ခံခဲ့ရတဲ့ ပုဒ်မဖြစ်တဲ့အပြင် မီဒီယာသမားအချို့လဲ ဒီပုဒ်မနဲ့
ထောင်ဒဏ်စီရင်တာခံခဲ့ရဘူးတာကို တွေ့ရပါတယ်။ အရေးယူမည့် ၅၀၅(ခ)မှာ
ထောင်ဒဏ်နှစ်နှစ်အပြင် ငွေဒဏ်လည်း ပါရှိပါတယ်။ ဒါပေမယ့်
ဘယ်နိုင်ငံရေးသမား၊ သတင်းသမားမှ ဒဏ်ငွေနှင့် ပြီးခဲ့တဲ့ သာဓက မရှိခဲ့ပါ။
ပုဒ်မ၅ညကို ကြည့်မယ်ဆိုရင်လဲ ၁၉၅၀ခုနှစ် အရေးပေါ်စီမံချက်
အက်ဥပဒေတခုဖြစ်ပြီး ထောင်ဒဏ် ၇နှစ်အထိ ချမှတ်နိုင်ပါတယ်။ ဒါကြောင့်လဲ
တခေတ်တခါက နိုင်ငံရေးသမားများကို ထောင်ဒဏ်နှစ်ရှည်ချချင်ရင်
အသုံးပြုခဲ့တဲ့ ပုဒ်မတခုဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဝန်ကြီးချူပ်
ဦးမြင့်ဆွေ ခေါ်ယူပြောဆိုခဲ့တဲ့ ဒီဥပဒေပုဒ်မ နှစ်ခုစလုံးဟာ အရင်က
နိုင်ငံရေးသမားများကို ဖိနိုပ်ချင်ရင် သုံးတဲ့ပုဒ်မတွေဖြစ်နေတာကိုက
စဉ်းစားစရာဖြစ်ပါတယ်။
လာမယ့် ဇွန်လကုန်မှာ စာပေကင်ပေတိုင်ခေါ် စာပေစီစစ်ရေးကို
ဆုတ်ခွာပေးတော့မယ်လို့ ကတိပြုထားပြီးတဲ့ အချိန်မှာမှ စာပေစီစစ်ရေးနဲ့
မှတ်ပုံတင်ဌာနကို မပျက်မကွက် တင်ပြပေးရမည်ဆိုသော ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယ ညွန်ကြားရေးမှုးချုပ် ဦးတင့်ဆွေရဲ့ သတိပေးချက်က ယခင်
စာပေစီစစ်ရေးမူဝါဒအတိုင်း နောက်ပြန်ဆုတ်ချင်တဲ့ သဘောကို
သက်ရောက်နေသလိုဖြစ်နေပါတယ်။
အဓိကရုဏ်း နဲ့ မီဒီယာ
တကယ်တော့ မီဒီယာတွေကိုင်တွယ်ဖြေရှင်းပုံကို ကြည့်ရမယ်ဆိုရင်
ပြည်တွင်းမီဒီယာတွေ ဘာမှ မထုတ်ပြန်နိုင်သေးခင် နိုင်ငံပိုင်မီဒီယာဖြစ်တဲ့
မြန်မာ့အလင်းနဲ့ ကြေးမုံတို့က စတင်ပီး မွတ်စလင်ကုလားဆိုတဲ့
အငြင်းပွားဖွယ်အသုံးအနှုန်းကို လက်လွတ်စပယ် သုံးနှုန်းပြီးကာမှ ယခုလို
ပြည်တွင်းမီဒီယာဂျာနယ်များ အပေါ် စာပေစီစစ်ရေးကို မဖြစ်မနေ ဖြတ်ပီးမှ
ထုတ်ရမယ်ဆိုတဲ့ တင်းကျပ်တဲ့ သတိပေးစကား ပြောဆိုလာတာဟာ ရွှေသမင်
မင်းကြီးတာက လွှတ်ပြီးမှ မဖြစ်မနေပြန်ဖမ်းခိုင်းသလိုဖြစ်နေတယ်လို့
ယူဆမိပါတယ်။
ပြည်ပမီဒီယာအချို့ကလဲ ဘင်္ဂါလီအကြမ်းဖက်တဲ့ ကိစ္စအပေါ် သာမာန်ဘာသာရေး
အရေးအခင်းပုံသဏ္ဍန် အရောင်ပြောင်းရေးသား နေပေမယ့် အစိုးရအနေနဲ့ ဘာမှ
ဝေဖန်မပြောဆိုနိုင်ပဲ ပြည်တွင်းမီဒီယာ တွေကိုသာ ခြိမ်းခြောက် သတိပေးတဲ့
အဖြစ်ဟာ သဘာဝမကျပါဘူး။
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တခုမှာ ယခုလို နီးရာလူကို ဆွဲထုတ်ပီး
တာဝန်ယူခိုင်းတဲ့ ကိစ္စတွေက အလွန်ကို အရုပ်ဆိုးတဲ့ အပြင် ဥပဒေအရလဲ
ခိုင်မာတိကျမှုမရှိပဲ လူတဦးတယောက်ရဲ့ နှုတ်ထွက်စကားက ဥပဒေအလားဖြစ်နေပါတယ်။
မီဒီယာတွေဘက်ကလည်း လူမျိုးရေး ပဋိပက္ခလို ကိစ္စရပ်ကို ပြည်တွင်း
သတင်းဂျာနယ်တွေမှာ ရေးသားဖေါ်ပြတာ နှစ်ပေါင်းများစွာအတွင်း အခုကိစ္စဟာ
ပထမဆုံးဖြစ်မှာပါ။ ဒါကြောင့် မိမိဖေါ်ပြမှုကို တာဝန်ယူမှုနဲ့ တွဲပြီး
သတင်းမီဒီယာတခုရဲ့ စံချိန်စံနှုန်းနဲ့ အညီဖေါ်ပြကြဖို့ လိုအပ်တာမှန်ပါတယ်။
သို့ပေမယ့် မီဒီယာလွတ်လပ်ခွင့်ရဖို့ အနည်းငယ်ရောင်နီသမ်းနေချိန်မှာ ပုဒ်မ
၅၀၅(ခ) ၅ (ည) ၊ ပုံနှိပ်ထုတ်ဝေသူများ အက်ဥပဒေ စတာတွေနဲ့
ခြိမ်းခြောက်ခြင်းကတော့ နောက်ပြန်ဆွဲတဲ့ အဖြစ်အပျက်တခုလို့
ရှုမြင်ကြောင်းပါ။
(စာရေးသူရဲ့ ကိုယ်ပိုင် အမြင်သာဖြစ်ပါတယ်)
(မိုးမခမှတ်ချက် - အိမ့်ခိုင်ဦးသည် မြန်မာပြည်၊ ရန်ကုန်မြို့က
အလွတ်သတင်းထောက်တဦးဖြစ်သည်၊ ဖေ့စ်ဘွတ်က သူတင်ထားတာကို
ပြန်လည်ကူးယူတင်ပြသည်)
(Photo - caption - ယမန်နှစ်က နာဂစ် ဒုက္ခသည်များကို ယူအင်ဒီပီ (ကုလသမဂ္ဂ
ဖွံ့ဖြိုးရေး အစီအစဉ်ရုံး) သို့ လိုက်ပို့ပေးစဉ် အဖမ်းခံခဲ့ရသည့်
အီကိုဗီးရှင်း ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦးနှင့် ၀ီးကလီအလဲဗင်း
ဂျာနယ်မှ သတင်းထောက်ဟောင်း ကိုကျော်ကျော်သန့်တို့သည်လည်း ယနေ့
လွတ်မြောက်သည့် အထဲတွင် ပါဝင်သည်ကို တွေ့ရသည်။ စက်တင်ဘာ ၁၈၊ ၂၀၀၉ )
အိမ့်ခိုင်ဦး
ဇွန် ၁၁ ရက်၊ ၂၀၁၂ ခုနှစ်
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ