ကျွန်တော်လူငယ်တွေကို မှာကြားချင်ပါတယ်…အကြောင်းအရာတစ်ခုနဲ့ ပတ်သတ်လို့ မဝေဖန်မီ ဒီအကြောင်းအရာကို ပြီးပြည့်စုံသိရှိအောင် လေ့လာပါ။ ဆည်းပူးပါ။ ဖတ်ရှုပါ။ ဆွေးနွေးပါ။ ပြီးမှ ဝေဖန်ပါ။ သုံးသပ်ပါလို့ သတိပေးချင်ပါတယ်။ ဝေဖန်တယ်ဆိုတာ လွယ်ပါတယ်။ အခုခေတ် မီဒီယာဖွံ့ဖြိုးချိန်မှာ လူတိုင်းပြောခွင့် ၊ ဆိုခွင့်ရှိနေတာမို့ စိတ်ကြိုက်ပြောခွင့်ရှိပါတယ်။ ဒီအခွင့်အရေးတွေ ရှိတာနဲ့အတူ တာဝန်တွေရှိတယ်ဆိုတာလည်း သတိထားစေချင်ပါတယ်။ တာဝန်သိသိနဲ့ ဝေဖန်နိုင်ဖို့ အရေးကြီးပါတယ်။
ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
တနင်္လာ ၊ အောက်တိုဘာလ ၇ ၊ ၂၀၁၃ (မြန်မာ့အလင်း) စာမျက်နှာ (၆)
အထက်ပါစကားကို ဖတ်မိတော့ ပုဏ္ဏား ( ၆ ) ယောက် ဆင်ကို စမ်းကြည့်တာကို သတိရမိပါတယ်။ ပုံပြင်လေး ကို အရင်ရေးပေးပါရစေ..။
ရှေးပဝေသဏီက ဖြစ်သည်။ မျက်မမြင်ပုဏ္ဏား( ၆ )ယောက်သည် မိမိလက်တို့ဖြင့် ဆင်ကိုစမ်းသပ်၍ ဆင်၏ပုံသဏ္ဍာန်ကို ဖော်ဆောင်ကြသည်။
ပထမပုဏ္ဏားက ဆင်၏ ၀မ်းဗိုက်နံဘေးကို စမ်းသပ်ပြီး ဆင်သည် အုတ်နံရံနှင့်တူသည်ဟု ပြောသည်။
ဒုတိယပုဏ္ဏားက ဆင်၏ အစွယ်ကိုစမ်းမိ၍ ဆင်သည် လှံနှင့်တူသည်ဟု ပြောသည်။
တတိယပုဏ္ဏားက ဆင်၏ရှည်လျားသော နှာမောင်းကိုစမ်းမိ၍ ဆင်သည် မြွေနှင့်တူသည်ဟုပြောသည်။
စတုတ္ထပုဏ္ဏားက ဆင်၏ခြေထောက်ကို စမ်းမိ၍ ဆင်သည် ကျွန်းတိုင်ကြီးနှင့်တူသည်ဟု ပြောသည်။
ပဉ္စမပုဏ္ဏားက ဆင်၏ နားရွက်ကိုစမ်းမိသဖြင့် ဆင်သည် ယပ်တောင်နှင့်တူသည်ဟု ပြောသည်။
ဆဌမပုဏ္ဏားက ဆင်၏ အမြှီးကိုစမ်းမိသဖြင့် ဆင်သည် ကြိုးနှင့်တူသည်ဟု ပြောသည်။
မည်သည့်ပုဏ္ဏား၏ အဖြေက မှန်ပါသနည်း။ ဆင်သည် ကြိုးနှင့်တူပါသလော။ သို့မဟုတ် ။ ယပ်တောင်နှင့် တူပါသလော။ အမှန်စင်စစ်ကား ။ ပုဏ္ဏား ( ၆ )ယောက်လုံး၏ အဖြေက မှန်သည်ဟု ပြောရပါမည်။ ဟုတ်သည်။ ပုဏ္ဏားတို့သည် မိမိတို့စမ်းသပ်ခံစားမှုဖြင့် ဆင်၏ပုံစံကို ဖော်ဆောင်ကြသည်။ ဆင်၏ခြေထောက်ကို စမ်းမိ၍ ကျွန်းတိုင်နှင့်တူသည်ဟု ပြောသည်။ မမှားနိုင် ။ လုံးဝမမှားနိုင်။ သို့သော့်ကျွန်းတိုင်နှင့်တူသော ခြေထောက်သည် ဆင်ဟုတ်ပါသလာ့းဟု မေးခဲ့လျှင် မပြည့်စုံသေးဟု ဖြေရမည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်းတိုင်နှင့်တူသော ခြေထောက်သည် ဆင်၏အစိတ်အပိုင်းမျှသာဖြစ်သည်။ ဆင်ဟု မခေါ်လောက်သေးပေ။ ခြေထောက်၊ နှာမောင်း ၊ အစွယ် ၊ ခန္ဓာကိုယ် ၊ အမြှီ့း့စသည်ပေါင်းစပ်မှသာ ဆင်ဖြစ်ပေမည်။
ယပ်တောင်နဲ့တူတယ်…။ အုတ်တံတိုင်းနဲ့တူတယ်..။ လှံနဲ့တူတယ်….။ ကျွန်းတိုင်နဲ့တူတယ်..။ မြွေနဲ့တူတယ်….။ ကြိုးနဲ့တူတယ်….။ စသည်ဖြင့် အမျိုးမျိုး ဝေဖန်တော့တာပေါ့လေ…။ တစ်ကယ့်စင်စစ်ဖြစ်တဲ့ ဆင်ကို ပတ်ပတ် လည် ခြုံငုံမလေ့လာ ထားဘဲ မိမိ မြင်သလောက် သိသလောက်နဲ့ ဆုံးဖြတ်တော့ လက်တွေ့အခြေအနေ နဲ့ အများကြီး ကင်းကွာနေ တာပေါ့လေ..။
ယနေ့ခေတ် တိုးတက်ဖွံ့ဖြိုးနေတဲ့အချိန်ကျတော့ သာမန် သိယုံ မြင်ယုံလောက်နဲ့ ဘယ်လိုမှ ကောက်ချက် ချလို့ မရပါဘူး။ ချမိရင်လည်း အထင်(ထင်မြင်ယူဆချက်) အထင်ဘဲ ဖြစ်နေမှာပါ…။ အမှန်မဟုတ်ပါဘူး…အဲ့လိုပဲ အမှန်နဲ့လည်း နီးစပ်မယ် မထင်ပါဘူး။
ထင်မြင်ယူဆချက်ဆိုတာကလည်း အဆင့်လေးဆင့် ရှိတယ်လို့ လေ့လာမှတ်သားဖူးပါတယ်။
(၁) တိတိကျကျ သေချာမှန်ကန်စွာ ကောက်ချက်ချနိုင်တဲ့အဆင့်
(၂) အနည်းငယ်သော အချက်အလက်များ လွဲမှားသည်မှလွဲ၍ မူရင်းဆိုလိုရင်းကို မထိခိုက်နိုင်သော ကောက်ချက်ချနိုင်သည်အဆင့်
(၃) ကောင်းပါသည်/ မကောင်းပါ..စသည်ဖြင့် တစ်စုံတစ်ခုကို ကောက်ချက်ချမပေးနိုင်သေးသော အဆင့်
(၄) မည်သို့မှ ကောက်ချက်ချနိုင်ရန် မပြုလုပ်နိုင်သော အဆင့်
လေ့လာမိသလို တင်ပြပေးတာပါ..။ ယခုတင်ပြထားသလိုတောင် မသိဘဲနဲ့တော့ ထင်မြင်ယူဆချက်ဆိုတာကို ပေးမယ်ဆိုရင် စဉ်းစားသင့်ပါတယ်။
မစဉ်းစားရင် ပုဏ္ဏား (၆)ယောက် စာရင်းဝင် ဖြစ်သွားနိုင်ပါတယ်။ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် ပြောထားခဲ့သလို အခွင့်အရေးရဲ့နောက်ကွယ်မှာ တာဝန်တွေလည်း ရှိတယ်ဆိုတာ မမေ့သင့်ပါဘူး..။ တာဝန်မယူရဲဘဲနဲ့လည်း မဝေဖန်စေချင်ပါဘူး…။
အစမ်းသပ်ခံရသူဟာ….ဆင်မဟုတ်ဘဲ…လူဖြစ်နေရင် တစ်စုံတစ်ခု နစ်နာသွားနိုင်ပါတယ်။ မိမိကိုယ်တိုင်လည်း အထင်ကို အမှန်လို့ မသတ်မှတ်ထားသင့်ပါဘူး…။ ဒါကြောင့် … မည်သည့်စကားနှင့် ဆုံးဖြတ်ချက်မျိုးကို လွယ်လွယ် မဆုံးဖြတ် မသတ်မှတ်သင့်ပါဘူး…။
သတ်မှတ်လိုက်မယ် ဆိုရင် သင်လည်း မျက်မမြင်ပုဏ္ဏားတွေနဲ့ မခြားနားသေးဘူးလို့ ပြောရလိမ့်မည် ဖြစ်ပါသည်။ သတ္တမပုဏ္ဏား သင်ဖြစ်နေမလား ဆိုတာကိုတော့ ကျွန်တော်လည်း မပြောတက်သေးပါ။
အသိအမြင် ကြွယ်ဝစွာဖြင့် ဆုံးဖြတ်ချက်မှန်ကန်စေလိုသော ဆန္ဒမွန်များဖြင့်
နန်းညွန့်ဦး
Email: kokonannnyuntoo@gmail.com
share သွားပါတယ်.ခွှင်ပြုပေးပါ။
ReplyDeleteအသိတခုတိုးသွားလို့ ကျေးဇူးအထူးတင်ပါတယ်
ReplyDelete