အလုပ်သမားပြောင်းရွေ့ကြေး ပေါင်သန်း (၁၀၀)

ယနေ့ မြန်မာပြည်က သတင်းတစ်ပုဒ်ကို ကမ္ဘာမှာ အံသြတကြီး ပြောနေတာ…သတင်းရေးနေတာကို ကျွန်တော် ယခုတလော ဖတ်ရှုလိုက်ရပါတယ်..။

သတင်းခေါင်းစဉ်က ကုမ္ပဏီအထက်ပိုင်းက ၀န်ထမ်းတစ်ဦးကို ပြောင်းရွေ့ကြေး ပေါင် သန်း ၁၀၀ ပေးပြီး တစ်ပတ်လုပ်ခပေါင် ရှစ်သိန်း ပေးမည် ဆိုတဲ့ အကြောင်းပါ..။

ယနေ့မြန်မာပြည်ကြီးက တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးဆက်သွယ်ရေးကွန်ယက်၊ အကောင်းဆုံးဝန်ဆောင်မှု၊ ကြယ် ၁၀ ပွင့်အဆင့်ရှိတဲ့ဟိုတယ်ကြီးတွေ..ခရီးသွားလာရာမှာလည်းစီမံကိန်းဝင်လမ်းခရီးမျိုးတွေဖြစ်နေပါပြီ။ အဲ့တော့ လုပ်ငန်းခွင်ဝင်တဲ့ လုပ်သားတွေရဲ့ အဆင့်အတန်းကလည်း သာမန်အဆင့် တစ်ယောက်မှ မပါကြ ပါဘူး..။

တော်တန်ယုံဘွဲ့ရပြီး လက်မှတ်လေး ၃/၄ ခုရှိယုံလောက်နဲ့ အလုပ်လာလျှောက်လို့ မရပါဘူး..။ တခြားနိုင်ငံက အောင်လက်မှတ်တွေလည်း လာမပြနဲ့ လုံးဝစိတ်မ၀င်စားပါဘူး..။ မြန်မာပြည်က ကျောင်းထွက်စစ်စစ်တွေကိုပဲ ကြီးကြီးပိုင်းရာထူးပေးအပ်တာမျိုးဆိုတော့  တစ်ကမ္ဘာလုံးက ဒီမှာ ကျောင်းတက်မှ အလုပ်ကောင်းကောင်း ရကြတာပါ..။ ထားလိုက်ပါ..အဲ့တာတွေ…ခုနက ခေါင်းစဉ်အကြောင်းကို ဆက်ရေးမယ်..။

အဲ့သတင်းလောက်ကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစား သတင်းရေးနေကြတယ်လေ..။ ထူးခြားတာက အလုပ် ခန့်အပ်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံတွေ..သင်တန်းဆင်းလက်မှတ်တွေအပြင် .. DNA ပါ စစ်ဆေးပြီးမှ လက်ခံတက်တာပဲ..။ မျိုးရိုးဗီဇကိုလည်း စစ်တယ်ပေါ့ဗျာ..။

အခုပြောနေတုန်းပဲ ရှိသေးတယ်…တက်လူကုမ္ပဏီက တာဝန်ခံမန်နေဂျာကို ပြောင်းရွေ့ကြေး ပေါင်သန်း ၃၀ ၊ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်း၊ စာချုပ်သက်တမ်း (၅) နှစ်ချုပ်ပြီး မြန်မာ့ကမ္ဘာ (Myanmar World Co.,Ltd) က ခေါ်သွားပါရောလား…။ ဒါက ပါးပါးလေးပဲ ရှိပါသေးတယ်..။

ကျွန်တော့်မိတ်ဆွေလေး ကိုကိုရန်နိုင် ကိုတောင် လွန်ခဲ့တဲ့ ၂ ပတ်လောက်က မူလပထမကုမ္ပဏီ က လာဆွေးနွေးနေလို့ ကျွန်တော်တောင် ယာယီမန်နေဂျာလုပ်ပေးလိုက်ရသေးတယ်..။  အခွန်ဆောင်ရမှာနဲ့ အခြားသောအထွေထွေစရိတ်များနဲ့ ပေါင်းပြီး ပြောင်းရွေ့ကြေး ပေါင်သန်း ၁၂၀ တောင်းတာ….သူတို့က ကုလားကျင့် ကုလားကြံ ကြံပြီး ၃ နှစ် စာချုပ်ရင် ပေါင်သန်း (၁၀၀)၊ ၅ နှစ်စာချုပ်ချုပ်ရင် ပေါင်သန်း (၁၂၀) ပေးမယ်တဲ့ဗျာ…။ တစ်ပတ်လုပ်ခကိုတော့ ပေါင် တစ်သိန်းတောင်းတာ ပေးပါတယ်..။

သြော်….ကျန်ခဲ့မှာ စိုးလို့..ယာယီမန်နေဂျာကြေးက တစ်နာရီကို ပေါင် သုံးသောင်း၊ အလုပ်ဖြစ်ရင် ရရှိဝင်ငွေထဲ ကနေ ၈% ပေးရတယ်ဗျ။ ကျုပ်တို့က အကြာကြီး အချိန်ပေး အလုပ်လုပ်တက်တဲ့သူတွေ မဟုတ်ဘူးလေဗျာ…။ အဲ့တော့ အလုပ်ဖြစ်အောင် ချိတ်…ဈေးကောင်းရအောင် ပြော…အလုပ်ဖြစ်ရင် ပွဲခယူ….။ လူကုန်မကူးဘဲ ဈေးကောင်းရတဲ့အလုပ်သစ်လေဗျာ….။ စိတ်ဝင်စားရင် သင်တန်းရှိတယ်နော်…။

ဒီကလေးက အခုမှ ၁၉ နှစ်ခွဲပဲ ရှိသေးတာ….အလားအလာကောင်းတယ်ဗျ….အဲ့လောက် နှစ်ကြာကြာ စာချုပ် မချုပ်ချင်ဘူးလေ..။ ကျွန်တော်က အလွန်ဆုံး ( ၂) နှစ်လောက်ပဲ ချုပ်ထားချင်တာ…။ အခုမြန်မာပြည်မှာ ရှာရအလွယ်ဆုံးက ငွေပဲလေဗျာ….။ အရှားပါးဆုံးက အချိန်ဗျ….။ အဲ့တော့ အချိန်အကြာကြီး ချုပ်မထား ချင်ဘူး..။

သူတို့က အသက်တန်းကို တစ်ခါတစ်လေ ထည့်ပြောကြသေးတယ်…။ ဘောလုံးသမားမှ မဟုတ်တာဗျာ…။ အသက်ကြီးလာလေလေ ဈေးမြင့်လာလေလေဆိုတာ နားမလည်ဘူး..။ ပြောမယ့်သာ ပြောရတာပါ….အခုမှ မြန်မာပြည်လာပြီး ကုမ္ပဏီထောင်ချင်တဲ့ကောင်တွေပါ..။

မြန်မာပြည်ဥပဒေလည်း နားလည်မယ့်ကောင်တွေ မဟုတ်ပါဘူး..။ ကျွန်တော်ကတော့ ကိုကိုရန်နိုင်ကို ပြောင်းရွေ့ကြေး ပေါင်သန်း( ၁၂၀) မပေးရင် လုံးဝအပြောင်းအရွေ့ကို မစဉ်းစားဘူး..။ လက်ရှိအလုပ်မှာလည်း လစာတော်တော်ရနေပါပြီ။ နောက်နှစ်ချုပ်မယ့် စာချုပ်အသစ်ကျရင် တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းခွဲရအောင် ကျွန်တော်ပြောထားတယ်လေ..။

အခုဆိုရင် မြန်မာပြည်ကို မချစ်လို့ တခြားနိုင်ငံသားခံထားတဲ့ မျိုးမစစ်တွေ…အစားရချောင်မလားလို့ နိုင်ငံရေး တွေအော်ပြီး နားမလည် ပါးမလည်ကောင်တွေ…အစိုးရဟောင်းနဲ့ပေါင်းပြီး ကောင်းစားသွားတဲ့ ခရိုနီတွေ… ဖြစ်သလိုလုပ်ပြီး ကြီးပွားနေတဲ့ အရာရှိဟောင်းတွေ….ယနေ့မြန်မာပြည်မှာ လုံးဝမ၀င်ဆန့်တော့ဘူးလေ..။

သူတို့က တက်လို့ ကုမ္ပဏီထောင်ခဲ့တာမှ မဟုတ်တာ…။ ရှိတာရောင်းစားပြီး ကြီးပွားသွားတဲ့အဆင့်ပဲ ရှိတာလေ…။ ပြောရရင် သာမန်ဈေးသည်လောက်ပဲ အဆင့်ရှိတာလေ….။ နည်းပညာခေတ်……နာနို (Nano) ခေတ် ယနေ့ခေတ်သစ်မြန်မာပြည်မှာ ရပ်တည်ဖို့ ဘယ်လွယ်မလဲဗျာ..။ သူတို့ ကုမ္ပဏီတွေက ကျွန်တော့်ကို အလုပ်သမားရှာခိုင်းရင် ငြင်းပစ်ခဲ့တာကြီးပဲ..။ သူတို့ ပိုက်ဆံက ပြည်သူတွေဆီက မတရားယူထားတာဗျ..။ ကျွန်တော် စိတ်မသန့်ဘူး..။

ဟော…….လျှာရှည်နေတုန်းမှာပဲ….စိန်တောင်ကုမ္ပဏီက ကိုယ်စားလှယ်က သဘာဝကမ္ဘာကုမ္ပဏီက စာရင်းကိုင်မမ ကို စာချုပ်သက်တမ်း တစ်နှစ်ခွဲလောက်ကျန်သေးတာတောင် လျော်ကြေးပေးပြီး ခေါ်သွားပါရောလား..။ သူ့ကိုကျတော့ တစ်လဘုံးခ..အဲလေ….လုပ်ခ ပေါင် တစ်သိန်းတဲ့..။ နှစ်ကုန်တိုင်း ဆုကြေးအဖြစ် တစ်နှစ်ဝင်ငွေရဲ့ ၂၀% ထပ်မံခံစားခွင့်ပေးမယ်..။ စာချုပ်သက်တမ်းပြည့်အောင်နေပေးရင် ဆုကြေး ပေါင် သိန်း ၂၀ ပေးမယ်တဲ့ဗျာ…။ ကောင်းလေစွ..ကောင်းလေစွ..။

မြေဈေးလား……ဘယ်သူမှ စိတ်မ၀င်စားတော့ဘူးဗျ..။ အခုစီမံချက်အရ မြေကို နိုင်ငံတော်ကပိုင်တယ်လေ… တစ်နိုင်ငံလုံး ထွက်ချင်တာတွေ ထွက်နေတော့ ပြောင်းရ ရွေ့ရနဲ့ အလုပ်ရှုတ်တော့ ဘယ်သူမှ မြေမ၀ယ်ချင်ကြ တော့ဘူးလေ..။ သေရင်လည်း ယူသွားလို့မှ မရတာဗျာ…။ ပြီးတော့ အလုပ်ရှိရင် ၀ယ်ချင်တာဝယ်….လုပ်ချင် တာလုပ်….လက်ထဲမှာ ကဒ်ပေါင်းများစွာက ငွေရှင်းလို့ရတယ်လေ..။ အလေးခံပြီး ပိုက်ဆံမကိုင်တော့ဘူး..။

စာဖတ်သူ……ခင်ဗျားရော…..စိတ်ဝင်စားနေတာလား….အရည်အချင်းကို မြန်မာ့အဆင့်မီအောင် လုပ်ထား လေဗျာ..။ ပြီးရင် ပွဲစားလက်ထဲသာ အပ်လိုက်….ဈေးမြောက်သွားစေရမယ်…။ ခင်ဗျား သိထားရမှာ မြန်မာပြည်မှာ ရှာရအလွယ်ဆုံးက ပိုက်ဆံပဲ……ကျွန်တော်ပြောတာ သဘောပေါက်ရဲ့လား…မသိပါဘူး..။

သဘောမပေါက်ရင်တော့ သေချာတယ်….ခင်များ မြန်မာပြည်မှာ အလုပ်ကောင်းကောင်းရမယ့်သူ မဟုတ်ဘူး.။ အလုပ်ရှိရင်လည်း ၀င်ငွေကောင်းတဲ့အလုပ် ဟုတ်မယ် မထင်ဘူး….။ အလုပ်ကောင်းကောင်းလိုချင်ရင် ပွဲစားလက်ထဲသာ အပ်ထားလိုက်…..။ သူခိုင်းတဲ့အတိုင်းလည်း လုပ်…အလုပ်ကိုလည်း ကြိုးကြိုးစားစားလုပ်..။ အဆင်ပြေစေရမယ်…။ စိတ်ချ…

တစ်ကမ္ဘာလုံးက ကျောင်းလာတက်ရတဲ့ စာရင်းကိုလည်း နောက်ဆုံးပိတ် လက်တို့ပြီး သတင်းပေးလိုက် ရဦးမယ်..။

ထိပ်တန်း စာရင်း(၁) ရန်ကုန်တက္ကသိုလ်….( အကောင်းဆုံးတွေ စုစည်းထားတဲ့ တက္ကသိုလ်)

ထိပ်တန်းစာရင်း(၂) စီးပွားရေးတက္ကသိုလ် (ရွာသာကြီးစိတ် ကျန်းမာရေးဆေးရုံ အနီးက ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ ထွက်လာတဲ့တက္ကသိုလ်) …

ထိပ်တန်းစာရင်း(၃) ရန်ကုန်နည်းပညာတက္ကသိုလ် (သန်လျင်၊ ပညာသည်တွေကြီးပဲ စုစည်းထားတဲ့ Like အများကြီးရတဲ့ Movie တက္ကသိုလ်)

ထိပ်တန်းစာရင်း(၄) ရေကြောင်းနည်းပညာတက္ကသိုလ် ( နိုင်ငံတကာက ကျောင်းတောင်မပြီးသေးဘူး စာချုပ်ချုပ်တာ လက်သွက်ခြင်း ခံရတဲ့ တက္ကသိုလ်)

ထိပ်တန်းစာရင်း(၅) ဆေးတက္ကသိုလ် ( ကမ္ဘာကျော် သရုပ်ဆောင်တွေ…စာရေးဆရာတွေ…အဆိုကျော်တွေ ထွက်တဲ့ တက္ကသိုလ်)

ထိပ်တန်းစာရင်း(၆) ဒဂုံတက္ကသိုလ် ( ကမ္ဘာကျော် ဝေလေလေတွေ…နိုင်ငံရေးသမားတွေ..ထွက်တဲ့ တက္ကသိုလ်)

ထိပ်တန်းစာရင်း(၇) အရှေ့ပိုင်းတက္ကသိုလ် ( ကမ္ဘာကျော် ပညာသည်ထွက်တဲ့ တက္ကသိုလ်)

စသည်ဖြင့်ပေါ့လေ…..အဲ့လိုကျောင်းထွက်တွေကိုပဲ လက်ခံအလုပ်ပေးတာ..။ ခေတ်က ပညာခေတ်ဗျ……။

ကိုကိုမှော်ဆရာလေး(ခ)နန်းညွန့်ဦး

Email: kokonannnyuntoo@gmail.com




Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ