ပေါက်ကရအတွေးများ( လူဘယ်က ဖြစ်သလဲ ပုံပြင်)

အင်း……သီတင်းကလည်းကျွတ်တော့မယ်…..အသိအမှတ်ပြုပြီးသား စုံတွဲတွေကတော့ မင်္ဂလာဆောင်ကြ.. တချို့ စုံတွဲတွေကြတော့လည်း ဖိတ်စာလုပ်ကြနဲ့ သာယာနေကြမယ် ထင်တာပဲလေ..။

ဂေါ်မစွံ့ လူပျိုကြီး ၊ အပျိုကြီးတွေကျတော့လည်း သူတို့ကိုယ်သူတို့ ဒေါမနသပွားပြီး မေးသမျှကို အေးချမ်းတယ် လို့ ပြောကြမှာပေါ့လေ….။

ကလေးတွေ..ကလေးမဟုတ်တဟုတ်တွေ..ကျတော့လည်း လက်ဆောင်မုန့်လေးဝယ်ပြီး လူကြီးဆိုသူတွေကို လျှောက်ပတ် ကန်တော့ပြီး ဂါရ၀ပြုကြမယ်ပေါ့ဗျာ..။

ကျွန်တော်ကတော့ ၁၆.၁၀.၂၀၁၃ နေ့မှာ ချိန်းထားလို့ ချစ်သူနဲ့ သွားတွေ့တယ်ပေါ့ဗျာ…။

ချစ်သူက ဆရာမဗျ….စာမေးတာ ၀ါသနာပါတယ်…။ ကျွန်တော့်ကို ခဏ ခဏ စာမေးလေ့ ရှိတယ်..။ ကျွန်တော်ကလည်း အတံ....အဲ..အတန်းကြီးသွားရင် ဆရာမနဲ့ မတွေ့ရမှာစိုးလို့ အမြဲကျအောင် ဖြေလေ့ရှိတယ်..။

အခုတွေ့နေပြီပေါ့ဗျာ…။

ချစ်သူနှစ်ယောက် မကြာခင်မှာ မြန်းကြမယ့်အရေး…..ဆောင်ကြမယ့်မင်္ဂလာလေးတွေအကြောင်းကို ပန်းခြံထဲထိုင်ပြီး ပြောနေတုန်း….ရုတ်တရက် ဥာဏ်စမ်းလာစစ်တယ်ဗျာ..။

"မောင်…လူဘယ်ကစဖြစ်တာလဲဟင်.."

"မြတ်စွာဘုရား..အဲ."

"ဘုရားကစဖြစ်တာ မဟုတ်ပါဘူးကွာ…"

"အေးပါ……ဘုရားက စဖြစ်တာ မဟုတ်ပါဘူး….ပြောပြမယ်လေ…နားထောင်နော်.."

"ဟုတ်…အကောင်းပြောနော်.."

"အင်း..ပြောမယ်..ချစ်..။ ဟိုးကမ္ဘာဦးအစက လေမုန်တိုင်းတွေ..သဲမုန်တိုင်းတွေ တိုက်တာ သိတယ်နော်…"

"ဟုတ်..သိတယ်….ပြီးတော့ရော.."

"အဲ့လိုလည်း တိုက်ပြီးရော…နေမင်းသားလေးအရင်ထွက်ပေါ်လာတယ်…."

"အဲ…..ဒါက ဇာတ်လမ်းအသစ်ပဲနော်….စိတ်ဝင်စားတယ် မောင်…ဆက်ပြော ဆက်ပြော…"

"နေမင်းသားလေးလည်း ထွက်လာပြီး နံရိုးကျိုးချိန်ရောက်လာတော့ လမင်းသမီးလေး ထပ်ထွက်လာတယ်"

"မောင်..နေမင်းသားလေး နံရိုးကျိုးတော့   SSC တို့….အာရှတော်ဝင် တို့ မသွားဘူးလားဟင်…"

"လျှာမရှည်နဲ့ ဆရာမရာ…မောင်ပြောတာ ကောင်းကောင်းနားထောင်…ဆက်ပြောရမလား… ရပ်ထားလိုက်ရမလား"

"ဟီး….ဆက်ပြော..ဆက်ပြော…မောင်"

"အဲ့တာနဲ့ လမင်းသမီးလေးက ပြုစုပေးရင်းနဲ့ ရည်ငံသွားကြတယ်..သိလား.."

"ရည်ငံတယ် ဆိုတာ..မေတ္တာမျှတာ..ချစ်ကြိုက်တာလားဟင်.."

"အေး..ဟုတ်တယ်ဟာ….အခု နင်နဲ့ငါလိုပေါ့ဟာ…။ အဲ့တာနဲ့တစ်နေ့မှာ လမင်းသမီးလေးမှာ ပဋိသန္ဓေခသွားတယ်…။ ကိုယ်ဝန်ရှိတာ…ဗိုက်ကြီးတာကို ပြောတာကွာ..။"

"အဲ့…..မြန်လှချည်လား.."

"အဲ့လို ပဋိသန္ဓေခတော့…နေမင်းသားလေးက ပေါက်ကွဲတယ်…အီးဇီး တူး ဘာလို့မသောက်တာလဲ ဆိုပြီးတော့ပေါ့ ချစ်ရယ်…"

"ဟမ်….မောင် မညာနဲ့ဟာ….အဲ့တုန်းက အဲ့တာ မပေါ်သေးဘူး…."

"အေး..ဟုတ်တယ်ဟ….မွှားလို့….ဆက်ပြောမယ်ကွာ..ပြောရရင်တော့ ချစ်ရယ်..စကားအခြေအတင်ဖြစ်ပြီး လမ်းခွဲကြတယ်…."

"ဟောတော်…"

"အဲ့တာနဲ့ နေမင်းသားလေးက တော်ဘီ…ကိုယ့်ဖာသာကိုယ် လူပြိုကြီးပဲ လုပ်တော့မယ် ဆိုပြီး လမ်းခွဲသွားတော့..လမင်းသမီးကလည်း နင်ရှိတဲ့အရပ်မှာ ငါမနေဘူး…..ငါရှိရင်လည်း နင်မရှိစေရဘူးဆိုပြီး လမ်းခွဲကြတယ်ပေါ့ ချစ်ရယ်.."

"သနားပါတယ်နော်…..နှစ်ယောက်ထဲနဲ့ နှစ်ခြမ်းကွဲနေတာ ဖဆပလ ကျနေတာပဲ..လူဖြစ်တာ မပါသေးဘူးနော်..မောင်"

"အေး..အေးပေါ့ ချစ်ရယ်…အဲ့တာနဲ့ လမင်းသမီးက အဝေးကို ထွက်သွားပြီး ကမ္ဘာမြေကြီးပေါ်ကို  လဥ  ကြီး ဥချလိုက်တယ်…အဲ့ထဲကနေ လူလေးတွေ ထွက်လာပြီး လူတွေ ဖြစ်လာကြတာ…အဲ့တော့ လူ ဆိုတာ လဥ ကနေ လူဖြစ်လာတာ ချစ်ရဲ့..သိလား.."

"တစ်မျိုးကြီးပဲနော်…မောင်..အဲ့လူလေးတွေက အထီးလား…အမလားဟင်…"

"အင်း….စပြီးဖြစ်လာတုန်းက လူမှာ အထီးရယ်..အမရယ်လို့ မကွဲပြားသေးဘူး..ချစ်…သိလား..။

နောက်တော့မှ ကွဲပြားသွားတယ်…"

"ဘယ်လိုကွဲပြားသွားလဲ မောင်.."

"အင်း….ကမ္ဘာဦးအစက သဲမုန်တိုင်းတွေ တိုက်ထားတော့ တစ်နေ့ လူတွေမှာ အနာတွေ ဖြစ်ပြီး လောက်တွေအနာထဲမှာ ဖြစ်တာပေါ့ကွာ….ဒါပေမယ့် တစ်ချို့တွေက လောက်မတက်ကြဘူး… လောက်ပီးတယ်ပေါ့ ချစ်ရယ်….အဲ့လို လောက်ပီးတဲ့သူတွေက အထီးလေးတွေဗျ…သိလား..ချစ်.."

"ဟယ်….လောက်မပီးတာ အမလေးတွေပေါ့ ဟုတ်လား..မောင်"

"ဟုတ်တယ်..ချစ်….လောက်မပီးတာ အမလေးတွေ…မိန်းကလေးတွေပေါ့ကွာ.."

"အင်း…ဒါဆိုရင်..အပျိုကြီးဖြစ်တဲ့သူတွေကျတော့ရောဟင်..."

"သူတို့ကျတော့ လောက်တက်တယ်ကွာ…လောက်တွေကမသေဘဲနဲ့  လောက်အကြီးကြီးတွေ ချစ်ရဲ့..သိလား…"

"လောက်အကြီးကြီး တက်တာ အပျိုကြီးတွေပဲ ချစ်..သိလား..သဘောကတော့ လောက်ကြီးတယ်ပေါ့ ချစ်ရယ်.ရှိသေးတယ်ဗျ….လောက်မကြီးတာ အခြောက်ဗျ..သိလား.."

"ဟမ်…. ပေါက်ကရတွေ လျှောက်ပြောနေတယ်….. မောင်နော်"

"သြော်..အခုမှ သိလား…ပေါက်ကရပြောတာ…ဟွန်း…ဘာတွေမေးမှန်းလဲ မသိဘူး..ဆရာမနော်.."

"မောင်ကိုက ပေါက်ကရ ပြောတာပါကွာ…တော်ပြီ မမေးတော့ဘူး…စာမေးပွဲကျတယ်..ဒါပဲ"

"အင်း….ကျပြန်ပြီ စာမေးပွဲက…."

 

ထားလိုက်ပါ….စာဖတ်သူများ အားလုံး မကြာခင်မှာ မင်္ဂလာဆောင်ရင်ဆောင်..မဆောင်ရင် မင်္ဂလာလက်ဖွဲ့ပေးနိုင်ကြပါစေဗျာ…။ ဖိတ်စာများများ ရပါစေ…..ဒါမှမဟုတ်…ဖိတ်ကြားနိုင်ကြပါစေ….

ပေါက်ကရရေးတဲ့..

နန်းညွန့်ဦး

Nann Nyunt Oo

Email: kokonannnyuntoo@gmail.com


1 comment:

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ