လူငယ်ပြဿနာ ဘယ်လို အဖြေရှာမလဲ

ဒီကနေ့ မြန်မာ ဆယ်ကျော်သက် လူငယ်တချို့မှာ ပြဿနာနည်းနည်းရှိနေတယ်ဆိုတဲ့ အသံကြားရတယ်။ လူငယ်တချို့ဆိုတာ လူငယ်အားလုံးကို ပြောတာမဟုတ်ဘူးလို့ နားလည်လိုက်တယ်။ တချို့ဆိုတဲ့ ပမာဏက ဘယ်လောက်များပါလိမ့်လို့ တွေးမိတယ်။ ကျနော်တို့တတွေလည်း ဒီလို ဆယ်ကျော်သက်ဘဝက ကျော်ဖြတ်လာခဲ့ကြတာပါဘဲ။ ဒါပေမဲ့ ဒီဘက်ခေတ်လူငယ်တွေမှာ ကျနော်တို့တုန်းကနဲ့ မတူနဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတယ်။

ကျနော်တို့ ငယ်ငယ် ငါးတန်း၊ ခြောက်တန်းကျောင်းသား ဘဝက ကိုးတန်း၊ ဆယ်တန်းကျောင်းသားတွေမှ စီးကရက်လက်ကြားညှပ်တာတို့၊ ပုဆိုး ဒရင့်တိုက် ချက်ဖြုတ်ဝတ်၊ ရင်ဘတ်ဟပြဲထား၊ သမီးရီးစား စုံတွဲမျက်နှာချင်းဆိုင်ထားတဲ့ ကော်ပြားရောင်စုံ အရုပ်ကလေးတွေ ဆွဲကြိုးနဲ့ချိတ်ဆွဲ၊ ဆံပင်ဂုတ်ထောက်နဲ့ နေကြတာတို့၊ ညပိုင်း ညဥ့်နက်တဲ့အထိ လမ်းထိပ်မှာ ဂစ်တာတီး သီချင်းဆိုကြတာတို့ တွေ့ရတယ်။ ပေတဲ့ တေတဲ့သူတွေနည်းနည်းလောက်ကပဲ ဖဲရိုက်တာတို့၊ ကျောင်းပြေးတာတို့၊ ဆယ်တန်း စာမေးပွဲအပြီးနဲ့ အောင်စာရင်းထွက်တဲ့အခါတွေမှာ အရက်သောက်ကြတာတို့ လုပ်တယ်။ ကျနော်တို့ဆိုရင် ရှစ်တန်းလောက်အထိ ဆော့လို့ကောင်းတုန်း။ ကိုးတန်းရောက်တဲ့အထိတောင် ဆော့လွန်းလို့ ဆရာမတွေက တားယူရတဲ့အထိ။ ကျောင်းခန်းထဲ အထိ ဂျင်ပေါက်တော့ ဆရာမတွေက မတားပဲ ဘယ်နေလိမ့်မလဲ။ မုန့်စားကျောင်းဆင်းတဲ့အချိန် ၁၅ မိနစ်ကလေးကို ဘောလုံးပြေးကန်လိုက်ကြသေးတယ်။ ကျောင်းခန်းထဲ ပြန်ဝင်တော့ ချွေးသံတရွှဲရွှဲနဲ့။ ပြောချင်တာက ကျနော်တို့ ငယ်ငယ်က အဲဒီအချိန်အထိ ကလေးစိတ်မကုန်သေးဘူး။ ကစားမက်တုန်း။ ကျနော်တို့ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းနှစ်တွေမှာ ပိုက်ဆံကြေး ဘောလုံးချိန်းကန်တာ ခေတ်စားတယ်။ ကျနော်တို့ ရှစ်တန်းနှစ်မှာ အတန်းဖော်သူငယ်ချင်းတွေနဲ့ အသင်းဖွဲ့ပြီး ကြေးစားလိုက်ကန်ကြတယ်။ ကျနော်တို့ထက် တစ်တန်းကြီးတဲ့သူတွေနဲ့ ကန်ရင် ကျနော်တို့က အမြဲနိုင်တယ်။ အဲဒီနိုင်တဲ့ ပိုက်ဆံနဲ့ ဘောလုံးကန်ဘောင်းဘီနက်ပြာရောင်လေးတွေ တစ်ယောက်တစ်ထည် ချုပ်ဝတ်ကြတယ်။ အဲဒီတုန်းက ဘောင်းဘီမှာ ကြိုးတတ်ပြီး ကြိုးထိပ်မှာ သိုးမွေးပန်းပွားလေးတွေတတ်တာ ခေတ်စားတယ်။

ကျနော်တို့ ကျောင်းဝင်းကလည်း အကျယ်ကြီး၊ အကြီးကြီး။ ကျောင်းရှေ့ထွက်လိုက်တာနဲ့ မြို့မ ဘောလုံးကွင်း။ မြို့မ လို့သာ နှုတ်ကျိုးနေကြလို့ မြို့နယ်အားကစားပြိုင်ကွင်းလို့ ပြောရမယ်။ အဲဒီကွင်းထဲမှာပဲ လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲတွေ နှစ်တိုင်းလုပ်တယ်။ ကျနော်ဆို ငယ်ငယ်က ကျားကလေး မီတာတစ်ရာ အပြေးပြိုင်ပွဲ၊ ခြေပူးတွဲပြေးပြိုင်ပွဲတွေမှာ ပထမဆု အမြဲရခဲ့တာပေါ့။ ဖားခုန်၊ ဂုန်နီအိတ်စွပ်၊ ခဲရာခဲဆစ်နဲ့ မုန့်စားပြေးပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ပေမယ့် ဆုမရဖူးဘူး။ အဲဒီအားကစားကွင်းရဲ့ အနောက်ဖက်ထိပ်မှာ ကြက်တောင်အားကစားရုံနဲ့ တင်းနစ်ကွင်းရှိတယ်။ ကျနော်တို့ ငယ်ငယ်က ကန့်ဘလူမှာ ကြက်တောင်အားကစား သိပ်ခေတ်စားတယ်။ စစ်ကိုင်းတိုင်းမှာ ကန့်ဘလူက ထိပ်ဆုံးပေါ့။ တိုင်းလက်ရွေးစင် ကြက်တောင် အားကစားသမားတွေကို အဲဒီကွင်းကပဲ မွေးထုတ်ပေးခဲ့တာ။ ဘောလုံးလည်း ဒီလိုပဲ။ ရွှေဘိုခရိုင်မှာ နာမည်ကြီး။ ဘော်လီဘောမှာလည်း စစ်ကိုင်းတိုင်းထဲမှာ ထိပ်တန်းစာရင်းဝင်တယ်။ ငယ်ငယ်ကဆို ဘောလီဘောနဲ့ ကြက်တောင် ဖိတ်ခေါ်ပြိုင်ပွဲတွေ နှစ်တိုင်းလုပ်တယ်။ ပြေး၊ ခုန်၊ ပစ်မှာလည်း ထူးချွန်သူတွေ ရှိတယ်။ နောက်တစ်ခုက အဲဒီခေတ်မှာ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်ဆိုပြီး အသက်အုပ်စုအလိုက် ခွဲပြီး အခြေခံ စစ်ရေးပြသင်တန်း၊ ရှေးဦးသူနာပြုစုနည်းသင်တန်း၊ တောစခန်းချတဲ့အခါ ရွက်ဖျင်တဲထိုးနည်း၊ ကြိုးချည်နည်း စတဲ့ သင်တန်းတွေ တက်ရတယ်။ လူမှုရေးလုပ်ငန်းတွေလုပ်ရတယ်။ အုပ်စုအလိုက် တစ်မြို့နယ်လုံး ဘောလုံးပြိုင်ပွဲတွေ၊ထုတ်ဆီးတိုးပြိုင်ပွဲတွေ လုပ်ပေးတယ်။ အခုတော့ အဲဒါတွေ သိပ်မရှိတော့ဘူး။ အားကစားကွင်းကို မြို့အပြင် ရွေ့လိုက်ပြီး အဲဒီနေရာ ဈေးဆောက်လိုက်ပြီ။ အဲတော့ ဘောလုံးကစားတဲ့သူ နည်းသွားတယ်။ ငယ်ငယ်တုန်းကတော့ မိုးရွာရင် အိမ်ထဲက ထွက်လာပြီး ဘောလုံးကွင်းထဲမှာ တွေ့မရှောင် ဘောလုံးကန်ကြတာ။ အိမ်ကထွက်လိုက်တာနဲ့ မကြာဘူး ဘောလုံးကွင်းကိုရောက်နေတော့ ဘောလုံးကန်ဖြစ်ကြတယ်။ နောက်ပြီး ဘောလုံးက ပိုက်ဆံအကုန်အကျနည်းတယ်။ ကြက်တောင်ကတော့ ရက်ကက်ဖိုး၊ ကြက်တောင်ဖိုး တတ်နိုင်မှ။ ဒါတောင် ကျနော်တို့ ငယ်ငယ်က အိမ်တိုင်းနီးပါးမှာ သစ်သားရက်ကက်တွေရှိကြတယ်။ ကြက်တောင်ကွင်းမှာ ရိုက်ပြီးသား အကျတွေသွားကောက်ပြီး ညနေပိုင်းဆို အိမ်ရှေ့ထွက်ရိုက်ကြတာပေါ့။

ပြောချင်တဲ့အကြေင်းနဲ့ ဆက်စပ်သွားတာနဲ့ ကျနော့်ငယ်ဘဝအကြောင်းတွေ များသွားပြီ။ ဆိုလိုချင်တာက ကျနော်တို့ ငယ်ဘဝတွေက ကျောင်းစာနဲ့ အားကစား မျှနေတယ်။ အားလပ်ချိန်မှာ အားကစားတစ်ခုခု လှုပ်ရှားကြတော့ စိတ်လေချိန် နည်းတာပေါ့။ ဒီဘက်ခေတ်ရောက်တော့ ဆယ်ကျော်သက်တွေ အားလပ်ချိန် အသုံးချတာ ကျနော်တို့ ငယ်ငယ်ကနဲ့ တော်တော်ကွာလာတယ်။ ဗီဒီယိုဂိမ်းတွေပေါ်လာတယ်။ နိုက်ကလပ်တွေ၊ ဒေးကလပ်တွေပေါ်လာတယ်။ ရှစ်တန်းလောက်အရွယ်တွေ အောင်စာရင်းထွက်တဲ့နေ့ဆိုရင်တောင် ညဥ့်နက်သန်းကောင်မှာ အရက်သောက်ပြီး ဆူဆူညံညံလုပ်လာကြပြီ။ ဘီယာဘူးကလည်း ဘယ်နေရာဖြစ်ဖြစ် ဝယ်လို့ရလာပြီ။ ကိုရီးယားကားတွေထဲက မိန်းကလေးပါသောက်တဲ့ ဆိုဂျူဆိုတဲ့ ကိုရီးယား အရက်ဖြူကို ဆယ်ကျော်သက် မြန်မာ မိန်းကလေး၊ ယောက်ကျားလေး သောက်လာကြပြီ။ အင်္ဂလိပ်လို အတိုကောက် ICE လို့ခေါ်ကြတဲ့ မက်ဖက်အက်ဖက်တမင်းဆေးပြားကလည်း ဘိန်းဖြူထက်ပေါလာပြီ။ ချစ်တာနဲ့ နှစ်တာ မကွဲပြားတဲ့ ချမ်းသာသူမိဘတွေရဲ့ အလွဲအလိုလိုက်မှုတွေက အတိုင်းအတာလွန်တဲ့ ခေတ်ရောက်လာပြီ။ ပိုက်ဆံသုံးစရာနေရာကလည်း သိပ်ပေါလာပြီ။ ကျနော်တို့ ငယ်ငယ်က မူလတန်းမှာ မုန့်ဘိုး ဆယ်ပြားစရတယ်။ နှစ်တန်းနှစ်မှာ ၁၅ပြား၊ သုံးတန်း၊ လေးတန်းကျတော့ တစ်မတ် အဲဒီကနေ ကိုးတန်း၊ ဆယ်တန်းမှာ တစ်ကျပ်ကနေ နှစ်ကျပ်ရတယ်။ ဒါတောင် နေ့တိုင်းမဟုတ်ဘူး။ အဲလောက် မုန့်ဘိုးကလည်း လောက်တယ်။ တခြား အပိုသုံးစရာ အများကြီးမှ မရှိတာ။ ဒီဘက်ခေတ် ဆယ်ကျော်သက်တွေ မုန့်ဘိုး ဘယ်လောက်ရလဲမေးကြည့်အုံး။ ရန်ကုန်မှာ တချို့ ကျောင်းသားလေးတွေ ငါးထောင်တန် ကိုင်သုံးနေတာတောင်တွေ့တယ်။ ၅၀တန် ၁၀၀ တန်ဆို မူလတန်းကလေးတောင် ပေးလို့မရတော့ဘူး။ ဆိုလိုချင်တာက ပိုက်ဆံသုံးတတ်လာတာကိုပါ။ သုံးစရာနေရာတွေ၊ ပျော်စရာနေရာတွေလည်းများ သုံးလည်း သုံးတတ်လာတော့ စည်းကမ်းတကျ မထိန်းရင် အလွဲလမ်းရောက်ဖို့ သိပ်လွယ်လာတယ်။ ကျောင်းမှာလည်း ကျောင်းစာပြီးရင်း ကျောင်းစာနေရတော့ တခြားဘာမှ လှုပ်ရှားစရာမရှိဘူးလေ။ ရှိတာတွေကလည်း အလွဲလမ်းရောက်စရာများတော့ ဆယ်ကျော်သက်တွေ ပြဿနာရှိတာ ဘာဆန်းလဲ။

ဒါပေမဲ့ လူတော်တော်များများက သူတို့ကို အပြစ်တင်တဲ့ မျက်လုံးတွေနဲ့ပဲကြည့်ပြီး တွေ့ရင် ဆုံးမသြဝါဒချွေဖို့ပဲ စဉ်းစားကြတာ။ သူတို့ဘာကြောင့် ဒီလိုဖြစ်နေလဲ မစဉ်းစားကြဘူး။ အဖြေမရှာပေးကြဘူး။ လမ်းမှန် တည့်မပေးကြဘူး။ အဲလိုနဲ့ အရည်အချင်းရှိတဲ့၊ ကိုယ်ရည်ကိုယ်သွေးမြင့်တဲ့၊ ပင်ကိုယ်စရိုက်လက္ခဏာ ကောင်းတဲ့ ဆယ်ကျော်သက်တချို့ လမ်းလွဲရောက်သွားကြတယ်။

တကယ်တော့ ဒါတွေက ပညာရေးမူဝါဒနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ ပညာရေးစနစ်က ကျနော်တို့အားလုံးကို ပဲ့ပြင်ထိန်းကျောင်းပေးတာ။ ကလေးစိတ်ပညာသဘော၊ သဘာဝပတ်ဝန်းကျင်အခြေအနေ၊ ဝိဇ္ဖာအသိနဲ့ သိပ္ပံလက်တွေ့သဘောတရား၊ ကိုယ်၊ စိတ် ကျန်းမာရေး၊ ကိုယ်ကျင့်တရား၊ စာရိတ္တ၊ လူမှုဝန်ထမ်းစိတ်၊ စာသင်ကျောင်းတွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကျောင်းတွင်းနဲ့ ကျောင်းပြင်ပ ချိတ်ဆက်မှု စသဖြင့် ပညာရေးမူဝါဒမှာ ပါဝင်ပတ်သက်နေတဲ့ အချက်တွေ ဒုနဲ့ဒေးရှိတယ်။ အချုပ်ကတော့ ကျင့်သုံးနေတဲ့ အုပ်ချုပ်ရေး စနစ်ပဲ။ ရာစုနှစ်ဝက်လောက် အာဏာရှင်စနစ်အောက်မှာ အားလုံး ပြားပြားမှောက်နေလာခဲ့တော့ ဒီမိုကရေစီဆိုတာ အလုံးမှန်း အပြားမှန်း လေးထာင့်မှန်း မသိသေးသူတွေများနေသေးတယ်။ ပြောရရင် လက်ရှိ အာဏာသုံးရပ်မှာ ရှိနေတဲ့သူတွေတောင် ဘယ်နှယောက်များ ဒီမိုကရေစီကို နားလည်လဲလို့ မေးစရာရှိတယ်။ ထားပါတော့လေ။ ဒီအကြောင်းပြောရင် အဆုံးမရှိ အစမရှိဖြစ်သွားတော့မယ်။ သိပ်ရှည်သွားရင် ဖတ်တဲ့သူတွေရဲ့ တန်ဘိုးရှိတဲ့ အချိန်တွေ အားနာစရာ။

အဲဒီအတွေးနဲ့ ဒီနေ့ထုတ် သတင်းစာအတွက် ခေါင်းကြီး ရေးဖြစ်တယ်။ ဝေဖန်ဖို့နဲ့ ဆင်ခြင်သတိပြုမိကြဖို့ပါ။

လူငယ်ပြဿနာ ဘယ်လို အဖြေရှာမလဲ

အခုနောက်ပိုင်းကာလတွေမှာ အမှုအခင်းတချို့ကို ကြည့်လိုက်ရင် ဆယ်ကျော်သက်အရွယ် လူငယ်ကလေးတွေ တော်တော် များများ တွေ့လာရတယ်။ တချို့ဆို အရွယ်တောင် ကောင်းကောင်း မရောက်သေးဘူး။ လူသတ်မှုလို ပြစ်မှုကြီး မျိုးတွေမှာတောင် အသက် ၂၀ အောက် လူငယ်လေးတွေ ပါနေတာ တွေ့ရတော့ အတော်ထိတ်လန့်သွားမိတယ်။

ဒါတင် မကသေးဘူး။ ဆိုင်ကယ် အုပ်စုလိုက်စီးပြီး မျက်နှာချင်းဆိုင် တိုက်ကြတာတို့၊ ဆိုင်ကယ် အိတ်ဇောတွေ ဖွင့်ပြီး မြို့ထဲမှာ အုပ်စုလိုက် လီဗာမြှင့်စီးတာတို့၊ မြို့လယ်လမ်းမတွေပေါ် ပြိုင်ကား ပြိုင်မောင်းတာတို့၊ ကတောက်ကဆ ဖြစ်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် လက်လွန်ခြေလွန် ရိုက်နှက်တာတို့၊ မြို့လယ်ကောင်မှာတောင် ဓားတဝင့်ဝင့်နဲ့ မင်းမဲ့စရိုက်ဆန်ဆန် သောင်းကျန်းတာတို့၊ မိခင်အရင်း၊ ဖခင်အရင်းနဲ့ ညီအစ်ကိုမောင်နှမ အချင်းချင်းတောင် သတ်တာဖြတ်တာတို့ စတဲ့ စည်းမဲ့ကမ်းမဲ့၊ အထိန်းအကွပ်မဲ့ ကျူးလွန် ဖောက်ဖျက်မှုတွေလည်း မကြာခဏ ဆိုသလို ကြားလာရတယ်။

ကျွန်တော်တို့ မြန်မာ လူ့အဖွဲ့အစည်းမှာရှိတဲ့ လူငယ်တွေ အကာအကွယ် မဲ့သလိုများ ဖြစ်နေသလားပေါ့။ တချို့ကတော့ ပြောကြမယ်။ ဒါတွေကို အရေးယူ သင့်တယ်လို့။ ကျွန်တော်တို့ စဉ်းစားကြည့်ဖို့ ကောင်းတာက သူတို့ဘာကြောင့် ဒီလိုလုပ်နေကြသလဲ ဆိုတာပါ။ ဘယ်ကိစ္စ၊ ဘယ်အရာမဆို လောကနိယာ မဖြစ်တဲ့အကြောင်း၊ အကျိုးသဘောနဲ့ လွတ်ကင်းတာ မရှိဘူး။ အဲတော့ ဒီကိစ္စမှာလည်း အဲဒီအကြောင်း၊ အကျိုးသဘောနဲ့ ဆင်ခြင်ကြည့်ရင် ဖြေရှင်းနည်း တစ်ခုခုတော့ ထွက်လာမယ်လို့ ထင်တယ်။

လူငယ်တွေကို ဒီလိုဖြစ်လာအောင် စေ့ဆော်ဖန်တီးပေးတဲ့ အကြောင်အရင်းက နှစ်ချက် ရှိနိုင်တယ်။ နံပါတ်တစ်က ကျွန်တော်တို့ လူငယ်တွေ မွေးဖွား၊ ကြီးပြင်း၊ ဖြတ်သန်းလာတဲ့ လူ့အဖွဲ့အစည်းက ကျင့်သုံးတဲ့စနစ်။ ထုံးစံအတိုင်း ဒီဘူတာ ဆိုက်တယ်လို့ မထင်ကြစေချင်ဘူး။ ဒီအချက်က အရင်းအမြစ် အကျဆုံး အကြောင်းတရားတစ်ခု ဖြစ်နေတယ်။ ကျင့်သုံးတဲ့စနစ် တစ်ခုအောက်မှာ ရှိတဲ့ လူငယ်တွေ အနေနဲ့ စနစ်ရဲ့ ရိုက်ခတ်မှု၊ သက်ရောက်မှုတွေ ခံရတယ်။ တစ်နည်းဆိုရရင် စနစ်ရဲ့ သားကောင်တွေပေါ့။

အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့ခေတ်မှာ မွေးဖွားကြီးပြင်း လာကြတော့ အာဏာရှင်စနစ်ရဲ့ စရိုက်လက္ခဏာတွေ အားလုံးကို ကူးစက်တယ်။ ကိုယ်က တစ်နေရာရာမှာ အမိန့်နဲ့ ဖိအားပေး၊ ခြိမ်းခြောက်၊ အနိုင်ကျင့် ခံခဲ့ရတော့ ကိုယ်က လုပ်လို့ရတဲ့ နေရာမှာ ကိုယ်ခံခဲ့ရတဲ့အတိုင်း တခြားသူကို လုပ်ချင်လာတာ။ လုပ်လည်း လုပ်လာကြတာ။

နောက်တစ်ချက်က လူငယ်တွေမှာ ရွေးချယ်စရာ များများစားစား မရှိကြဘူး။ ရွေးချယ်စရာ မရှိတဲ့အပြင် ပုံစံခွက်တစ်ခုအထဲ ထည့်ခံရသလို ကိုယ်မလုပ်ချင်တာ၊ ကိုယ်မကြိုက်တာ၊ ကိုယ်စိတ်မဝင်စားတာတွေချည်း လုပ်ခဲ့ရတယ်။ ရာထူး၊ အာဏာ၊ စည်းစိမ်ချမ်းသာ ကွာဟမှုနဲ့ တခြား အကြောင်းကြောင်းကြောင့် ခွဲခြားပြီးတော့လည်း ဆက်ဆံခံခဲ့ရတယ်။ လုပ်တဲ့နေရာမှာလည်း အမိန့်နဲ့ ဖိအားနဲ့ အကျပ်ကိုင်သလို ခိုင်းခံခဲ့ကြရတာ။ အဲတော့ လူငယ်တွေ စိတ်ထဲမှာ မကျေနပ်ချက်က ငယ်ကတည်းက ကိန်းအောင်းနေတယ်။ ကြောက်လို့သာ ငြိမ်နေတာ။ ဖွင့်လို့၊ ဖောက်လို့၊ ပေါက်ကွဲလို့ရတဲ့ အချိန်၊ နေရာရှိတာနဲ့ ငယ်ကတည်းက စုထားတဲ့ မကျေနပ်ချက်တွေ အလွဲနည်းနဲ့ ဖွင့်ထုတ်တတ်ကြတယ်။ မှန်ကန်တဲ့ နည်းလမ်းနဲ့ ဖွင့်ထုတ်စရာ နယ်ပယ်နဲ့ နေရာ မရှိတာလည်း ပါတာပေါ့။

အဲလိုအလွဲ ဖွင့်ထုတ်၊ ပေါက်ကွဲကြတဲ့အခါ ငွေကြေး တတ်နိုင်တဲ့သူတွေက အဆင့်မြင့် မူးယစ်ဆေးဝါး သုံးလာတယ်။ မတတ်နိုင်သူတွေကတော့ ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ဝယ်လို့ရတဲ့ စံချိန်မမီ ပြည်တွင်းဖြစ် အရက်ပေါ့။ အခုနောက်ပိုင်း ဈေးပေါပေါ ကော်ရှူတဲ့ နည်းလမ်းနဲ့တောင် မူးယစ်ဆေး သုံးလာတယ်။

လူငယ်တွေ ဒီလိုဖြစ်လာတာ ဘယ်သူ့မှာ တာဝန်ရှိလဲ။ စနစ်ကြီးကို အပြစ်ပုံမချခင် နောက်တစ်ခု တွေးကြည့်ရအောင်။ အဲဒါကတော့ ဒီလူငယ်တွေရဲ့ အရင်မျိုးဆက်တွေမှာ တာဝန်ရှိတယ် ဆိုတာပဲ။ စနစ်ကိုပြင်ဖို့ထက် ကျွန်တော်တို့ ကိုယ်တိုင်နဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို ကိုယ်နိုင်သလောက် အရင်စပြင်တာက ပိုလက်တွေ့ကျတယ်။

လူငယ်တွေကို ကိုယ်ချင်းစာ နားလည်ပေးပါ။ ကိုယ်ဖြတ်သန်းလာတဲ့ခေတ်၊ စနစ်နဲ့ မတူတဲ့အတွက် ကိုယ်ငယ်ငယ်က အခြေအနေနဲ့ မနှိုင်းယှဉ်ပါနဲ့။ လူငယ်တွေကို အပြစ်တင်တဲ့ ရှုထောင့်က မကြည့်ပါနဲ့။ လူငယ်တွေတွေ့ရင် ဆုံးမစကား ပြောဖို့ချည်း မကြံပါနဲ့။ လူငယ်တွေကို တတ်နိုင်သလောက် နေရာပေးပါ။ သူတို့မှာရှိတဲ့ အရည်အချင်းတွေကို လူသိရှင်ကြား အသိအမှတ် ပြုပေးပါ။ သူတို့ ကျွမ်းကျင်ရာအလိုက် ယုံယုံကြည်ကြည် တာဝန်ပေးပါ။ မှားရင် အပြစ်မတင်ဘဲ မှန်အောင် တည့်ပေး၊ ပြုပြင်ပေးပါ။ လူငယ်တွေကို အပေါ်စီးကနေပြီး နှိမ်ချ မဆက်ဆံပါနဲ့။ သူတို့ကိုလည်း လေးလေးစားစား ဆက်ဆံပါ။ လူငယ်တွေ ဘာ့ကြောင့် ဒီလို နေထိုင်၊ ပြုမူ နေရတာလဲဆိုတဲ့ မေးခွန်းမေးပြီး အကြောင်းအရင်း ရှာကြည့်ပါ။ ဒါဆို ပြဿနာရဲ့ အဖြေတစ်ဝက်လောက် ရပြီလို့ ပြောနိုင်တယ်။

စနစ်တွေ၊ အစိုးရတွေ၊ အုပ်ချုပ်တဲ့ လူတွေကြောင့်ဆိုပြီး အပြစ်ပုံ၊ ခေါင်းလွှဲနေရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ လူငယ်တွေ ရေစုန်မျောသွားမယ်။ သူတို့ ရေစုန်မျောတာ များလာရင် ကျွန်တော်တို့ တိုင်းပြည်၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်း ရေစုန်မျောတာနဲ့ အတူတူပဲ။ အဲလို မဖြစ်ရအောင် ကျွန်တော်တို့ ကိုယ်စီ နိုင်သလောက် ရေဆန် လှော်ကြည့်ကြရအောင်။

အယ်ဒီတာ (၁၂-၁၀-၂၀၁၃)

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ