မြန်မာ့အကြွေး ခြောက်ဘီလီယံကျော် နိုင်ငံတကာ မြီရှင်များ လျှော်ပစ်မည်

မြန်မာနိုင်ငံက ပေးဆပ်ရန် ကျန်ရှိ နေသော ကြွေးမြီ အမေရိကန်ဒေါ်လာ
ခြောက်ဘီလီယံကျော် ကို ခြောက်လအတွင်း လျှော်ပစ်ရန် နိုင်ငံတကာ
မြီရှင်နိုင်ငံ များဖြင့် ဖွဲ့စည်းထားသည့် ပါရီကလပ် (Paris Club) က သဘော
တူညီခဲ့ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာ များတွင်
ဖော်ပြထားသည်။

ထိုနည်းတူ ဂျပန်နိုင်ငံသို့ ပေးအပ်ရန် ရှိနေသောကြွေးမြီ အမေရိကန် ဒေါ်လာ
သုံးဘီလီယံခွဲကျော် (ဂျပန် ယန်း ၃၂၆ ဒသမ ၃ ဘီလီယံ) ကို လည်း
လျှော်ပစ်ကြောင်း ဂျပန်အစိုးရ က ထုတ်ပြန်ခဲ့သည်။

ပါရီကလပ်က လျှော်ပေးမည့် အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံ (ပေါင် ၃ ဒသမ ၈
ဘီလီယံ)ကျော်နှင့် နော်ဝေနှင့် ဂျပန်နိုင်ငံတို့က လျှော်ပေး
သည့်ကြွေးမြီများ ပေါင်းလျှင် ကြွေးမြီ စုစုပေါင်း ၁၅ ဘီလီယံကျော်၏ ၆၀
ရာခိုင်နှုန်းကို လျှော်ပေး နိုင်ခဲ့ကြောင်း အဆိုပါ သတင်းတွင်
ဖော်ပြထားသည်။

မြန်မာနိုင်ငံဘက်မှ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး
ဦးဝင်းရှိန်နှင့် ပါရီကလပ်မှ ကိုယ်စားလှယ် အဖွဲ့တို့ ပြင်သစ်နိုင်ငံ
ပါရီမြို့၌ ဇန်နဝါရီလ ၂၂ ရက်နေ့က ၁၆ နာရီကြာ ဆွေးနွေးပြီးနောက် ယင်း
ကဲ့သို့ သဘောတူညီခဲ့ခြင်း ဖြစ်သည်။
"ပါရီကလပ် ဆိုတာ နိုင်ငံတကာ က မြီရှင် နိုင်ငံတွေလေ။ ပိတ်ဆို့မှုတွေ
ရှိနေတော့ အရင်က ဒီလိုအကူအညီတွေ ပေးလို့ မရခဲ့ဘူး။ အခုမှ သူတို့က
အကြွေးတွေ လျှော်ပေးပြီး ကူညီတာ လေ။ သူတို့ဆီက အတိုးနှုန်းလျှော်ပေး တာတွေ
ဘာတွေလည်း ရနိုင်တယ်" ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင် ကပြောကြားသည်။

မြန်မာနိုင်ငံသည် ပါရီကလပ် အဖွဲ့ဝင် မြီရှင်နိုင်ငံများသို့ ပေးဆပ်ရန်
ကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃၃ ဘီလီယံ ရှိနေရာမှ ယခု အခါ
လက်ကျန်ကြွေးမြီ ၄ ဒသမ ၁၃၅ ဘီလီယံသာ ကျန်ရှိတော့မည် ဖြစ်ပြီး ယင်းပမာဏ
ကိုလည်း ဆိုင်းငံ့ကာလ ၇ နှစ် အပါအဝင် ၁၅ နှစ်အတွင်း ပြန်လည် ပေးဆပ်ရမည်
ဖြစ်သည်။

ပါရီကလပ်ကို ၁၉၅၆ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး အမြဲတမ်းအဖွဲ့ဝင် နိုင်ငံ
ဆယ့်တစ်နိုင်ငံနှင့် ဖွဲ့စည်း ထားသည်။ ယင်းအပြင် နော်ဝေနိုင်ငံကို
ပေးရန်ရှိသည့် အမေရိကန် ဒေါ်လာ ၅၃၄ သန်းနှင့် ဂျပန်နိုင်ငံကို
ပေးရန်ရှိသည့် ကြွေးမြီ ပမာဏ၏ ၆၀ ရာခိုင်နှုန်းဖြစ် သော အမေရိကန်ဒေါ်လာ
သန်းသုံး ထောင်ကျော်ကိုလည်း လျှော်ပေးရန် သဘောတူခဲ့ကြောင်း Reuters သတင်း
ဌာနက ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ မြီရှင်နိုင်ငံများမှာ ပြင်သစ်၊
ဖင်လန်၊ အီတလီ၊ ဂျပန်၊ နော်ဝေ၊ နယ်သာလန်၊ ဗြိတိန်၊ ဒိန်းမတ်၊ ကနေဒါ၊
သြစတြီးယား၊ ဂျာမနီ စသည်တို့ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်အပါအဝင်
ပါရီကလပ်တို့နှင့် ကြွေးမြီရှင်းလင်းရေး ကိစ္စရပ်များကို ယခုရက်ပိုင်း
အတွင်း ဆက်တိုက် လုပ်ဆောင်နေလျက် ရှိသည်။

မြန်မာနိုင်ငံက ပြည်ပနိုင်ငံများ သို့ပေးဆပ်ရန် ကျန်ရှိနေသည့် အကြွေး
စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၃ ဘီလီယံ ရှိပြီး ပဲရစ်ကလပ်
အဖွဲ့ဝင် နိုင်ငံများသို့ ပေးဆပ်ရန်ရှိ သည့်ကြွေးမြီမှာ အမေရိကန်ဒေါ်လာ ၁၀
ဒသမ ၃၃ ဘီလီယံခန့် ရှိကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့၏
စာရင်းများ အရ သိရသည်။

http://www.thevoicemyanmar.com/index.php/news/item/3565-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%95%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%BC%E1%80%B8-%E1%80%B1%E1%80%BB%E1%80%81%E1%80%AC%E1%80%80%E1%80%B9%E1%80%98%E1%80%AE%E1%80%9C%E1%80%AE%E1%80%9A%E1%80%B6%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9-%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%90%E1%80%80%E1%80%AC-%E1%81%BF%E1%80%99%E1%80%AE%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%B1%E1%80%9C%E1%80%BD%E1%80%BA%E1%80%AC%E1%80%B9%E1%80%95%E1%80%85%E1%80%B9%E1%80%99%E1%80%8A%E1%80%B9.html

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ