"ဆင်းရဲခြင်း လွတ်ကင်းအောင်"
တစ်နေ့က ပြောသွားတဲ့ နိုင်ငံတော် သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာ ဆင်းရဲမှု
လျော့ချရေးနဲ့ ပတ်သက်လို့ အချက်နှစ်ချက် ထည့်ပြောသွားတာ တွေ့ရပါတယ်။
ပထမတစ်ချက်က တန်ဖိုးနည်း အိမ်ရာ ဆိုတာပါ။ ဘယ်လောက် တန်ဖိုးနည်းမယ် ဆိုတာ
မသိရသေးသလို အောက်ခြေလူတန်းစားတွေ လက်လှမ်းမီနိုင်မယ် မမီနိုင်ဘူး
ဆိုတာကိုလဲ မသိနိုင်သေးပါဘူး။ ဒုတိယတစ်ချက်ကတော့ တောင်သူလယ်သမားတွေအတွက်
အမတော်ကြေးလို့ ခေါ်တဲ့ စိုက်ပျိုးစရိတ် ထုတ်ပေးတဲ့ နေရာမှာ အရင်က
လယ်တစ်ဧကကို ရှစ်သောင်းကျပ် ထုတ်ပေးနေရာက အခု တစ်သိန်းကျပ် ထုတ်ပေးနေတယ်
လို့ ပြောပါတယ်။ ဒီငွေပမာဏဟာလဲ အမှန်တကယ် လိုအပ်မယ့်
စိုက်ပျိုးစရိတ်အတွက် ပြည့်မီနိုင်ခြင်း မရှိတာကို သတိပြုမိပါတယ် လို့လဲ
ထည့်ပြောသွားပါသေးတယ်။
ဒီမိန့်ခွန်းကို ဖတ်ပြီး ကိုယ့်စိတ်ထဲမှာ စဉ်းစားနေမိတာက-
နိုင်ငံတော်အစိုးရဘက်က တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးစရိတ်နဲ့
တခြားလိုအပ်ချက်တွေကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်သည့်တိုင်အောင်၊
မြို့ပေါ်မှာ ဆိုရင်လဲ အောက်ခြေလူတန်းစားတွေအတွက် လုံလောက်တဲ့ ၀င်ငွေ
ရနိုင်မယ့် အလုပ်အကိုင်မျိုးတွေကို ဖန်တီးပေးနိုင်သည့်တိုင်အောင်
ဆင်းရဲမှုကို ရာခိုင်နှုန်း ဘယ်လောက်များများ လျော့ချပေးနိုင်ပါ့မလဲ ဆ
ိုတာပါ။
ရှေးအခါက တိဗက်ပြည်မှာ မုနိကျန်ပို ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ
ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ဆင်းရဲနွမ်းပါးသူတွေကို ခွဲဝေပေးပြီး
လူတန်းစားတန်းညှိတာမျိုး လုပ်ခဲ့ဖူးပါတယ်။ လုပ်တာမှ သုံးကြိမ်တိုင်တိုင်
လုပ်တာပါ။ ဒါပေမဲ့ ပေးတုန်းခဏ၊ ထောက်ပံတုန်း ခဏပါဘဲ။ နောက်ပိုင်း
ဆင်းရဲသားက ဆင်းရဲသားဘ၀ ပြန်ရောက်သွားတာပါဘဲ။ ဆင်းရဲနွမ်းပါးမှုကို
ဖြစ်စေတဲ့ အကြောင်းတရားပေါင်းများစွာ ရှိပါတယ်။ ဒီထဲက တချို့သော
အကြောင်းတရားတွေဟာ အုပ်ချုပ်သူ အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ပြီး
ဖယ်ရှားပေးမယ်ဆိုရင် ဖယ်ရှားပေးလို့ ရနိုင်ပါတယ်။ ဒါတွေကို
မဖယ်ရှားနိုင်ဘဲ ဆင်းရဲမှု လျော့ချရေးကို ဖော်ဆောင်မယ်ဆိုလို့ကတော့
ရာခိုင်နှုန်းအနည်းငယ်လောက်သာ ဆင်းရဲတွင်းက လွတ်ကင်းနိုင်မှာ ဖြစ်ပြီး
အများစုကတော့ နဂို ဒုံရင်း အတိုင်းပဲ ပြန်ဖြစ်သွားမှာပါ။
ကိုယ်တို့ နိုင်ငံမှာ တောရော မြို့ပါ ဆင်းရဲနွမ်းပါးသူ အများစုကြီးကို
နုရာဝဲစွဲ လဲရာသူခိုးထောင် ဖြစ်အောင် ဖိစီးနှိပ်စက်တဲ့ အန္တရာယ်တစ်မျိုး
ကျရောက်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒီအန္တရာယ်ကို အစိုးရသစ်
ပြောင်းသွားတဲ့ ဒီနေ့လို ကာလမျိုးအထိ ထိထိရောက်ရောက် ကာကွယ်တာဆီးတာ
မတွေ့ရသေးပါဘူး။ အဲဒီ အန္တရာယ်ကတော့ ပုံစံအမျိုးမျိုးနဲ့ တည်ရှိနေတဲ့
လောင်းကစားမှုတွေပဲ ဖြစ်ပါတယ်။ ဒီအန္တရာယ်ကြောင့် ဆင်းရဲသူ ဆင်းရဲသားတွေဟာ
ဖွတ်သထက် ညစ်သွားပါတယ်။ တချို့သော လယ်ပိုင်ယာပိုင်တွေဟာ လယ်မဲ့ယာမဲ့
ဖြစ်သွားပါတယ်။ တချို့သော အိုးပိုင်အိမ်ပိုင်တွေဟာ အိမ်မဲ့ယာမဲ့ အခြေမဲ့
အနေမဲ့ ဖြစ်သွားပါတယ်။ စာရိတ္တတွေ ပျက်စီးကုန်ပါတယ်။ လင်ကွာ မယားကွာနဲ့
မိသားစုတွေ ပြိုလဲကုန်ပါတယ်။
ကျေးလက်မှာရော မြို့ပြမှာပါ အောက်ခြေလူတန်းစား အများစုဟာ အန္တရာယ်ကို
အန္တရာယ်လို့ မမြင်ပါဘူး။ မျှော်လင့်ချက် လို့ မြင်ပါတယ်။
ထွက်ပေါက်တစ်ခုလို့ သဘောထားပါတယ်။ ဒီထဲမှာ တစ်ချို့သော ကျေးရွာတွေရဲ့
ရွာဦးရွာထိပ်မှာ တင်ပြီး ကိုးကွယ်ခံရတဲ့ ဘုန်းကြီးတစ်ချို့ ပါနေတာကတော့
တော်တော်ကို ၀မ်းနည်းဖို့ ကောင်းပါတယ်။ ရွာဘုန်းကြီး ကစပြီး
တစ်ရွာလုံးလိုလို အလောင်းအစား ၀ါသနာထုံနေမှတော့ ဒီရွာရဲ့ အခြေအနေ ဘယ်လို
ရှိတယ်ဆိုတာ၊ သွားကြည့်နေစရာတောင် မလိုတော့ပါဘူး။ ဒါတွေဟာ တချို့
ကျေးရွာတွေမှာ တကယ် ဖြစ်နေတာပါ။ မြို့ပြမှာလဲ ဘာထူးလဲ။ နေရာတိုင်းမှာ
ရှိနေတာပါဘဲ။
ဒီလိုမျိုး စိတ်မသက်သာစရာ ဆိုးဝါးလှတဲ့အခြေအနေတွေကို ကျော်လွှား
လွန်မြောက်နိုင်ဖို့အတွက် စေတနာထားသူ မေတ္တာထားသူ ရဟန်းရှင်လူ တစ်ချို့က
စေတနာနဲ့ မေတ္တာနဲ့ အလောင်းအစားတွေ မလုပ်ကြဖို့ စွမ်းနိုင်သမျှ
တားဆီးပါတယ်။ မရပါဘူး။ ရတယ်ဆိုရင်လဲ ဆင်ပါးစပ် နှမ်းပက်သလောက်ပါ။
ကိုယ်တွေ့ကို ပြောရရင် ကိုယ့်ကျောင်းမှာ ဥပုသ်သီတင်း လာစောင့်တဲ့သူတွေကို
အလောင်းအစားတွေ လုပ်တာဟာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနဲ့ မကိုက်ညီကြောင်း၊
မလုပ်သင့်ကြောင်း ဟောကြည့်ပါတယ်။ မထူးပါဘူး။ ပြန်မပြော
နားမထောင်နေကြပါတယ်။ နောက်ဆုံး ချဲပေါက်လို့ နှစ်လုံးထီးပေါက်လို့
ဆိုပြီး ဆွမ်းအုပ်လာပို့တဲ့သူကိုတောင် ဒီဘုန်းကြီးက စိတ်လို့လက်ရ ရှိရင်
ပြောပါတယ်။ "ဒီလို ဆွမ်းမျိုးကို မစားချင်ဘူး၊ နောက်ကို ဒါမျိုးနဲ့
လာမလှူနဲ့၊ အလှူဒါနလုပ်တဲ့ဆိုတာ ကိုယ့်ခွန်ကိုယ့်အားနဲ့ တရားသဖြင့် ရှာဖွေ
ရရှိတဲ့ ပစ္စည်းဝတ္ထုမျိုးနဲ့ပဲ လှူသင့်တယ်။ အလောင်းအစား လုပ်တယ်ဆိုတာ ဘုရား
မကြိုက်တဲ့ အလုပ်၊ ဒီအလုပ်နဲ့ ရတဲ့ငွေဟာ မတည်မြဲနိုင်ဘူး။ လွယ်လွယ်ရ၊
လွယ်လွယ်ကုန်မယ်။ ဖောင်းရာကနေ မကြာမီမှာ ပိန်သွားလိမ့်မယ်။ နောက်ကို
ဒါမျိုးတွေ မလုပ်လေနဲ့" စသည် စသည် ပြောကြည့်ပါတယ်။
ပြန်မပြောဝံ့လို့သာ ခေါင်းငုံ့ပြီး နားထောင်နေတာပါ။ ပြန်ပြောဝံ့လို့ကတော့
"ဒီဘုန်းကြီးနှယ်၊ လှူတဲ့လူက လာလှူတာတောင် ကောင်းကောင်း ယူတာ မဟုတ်ဘူး၊
ဘယ်နဲ့လေ ညာနဲ့လေနဲ့ လျှာရှည်နေသေးတယ်" လို့ ပြောလေမလားဘဲ။ ထားပါတော့။
ကိုယ်ပြောချင်တာက တစ်နိုင်ငံလုံးမှာ ပြန့်နှံ့နေတဲ့ လောင်းကစားမှု
မျိုးစုံဟာ တခြားကိစ္စတွေလို မဟုတ်ပါဘူး။ တခြားကိစ္စတွေမှာဆိုရင်
ဥပမာအနေနဲ့ လစာမလောက်လို့ အကျင့်မပျက်ချင်ဘဲ ပျက်နေရတဲ့ ၀န်ထမ်းတွေ
အရေးယူဖို့လို ကိစ္စမျိုး၊ ဒါမျိုးကတော့ တစ်ဖက်မှာ ငဲ့နေရတာ ရှိပါတယ်။
အစိုးရဘက်ကလဲ ထိုက်တန်တဲ့ လစာမျိုး မပေးနိုင်သေးတော့ အရေးယူချင်သလို
ယူလိုက်လို့ မရပါဘူး။ အချိန်တစ်ခုကို စောင့်မယ်ဆိုရင် စောင့်ဖို့
လိုပါလိမ့်မယ်။
လောင်းကစားမှု တိုက်ဖျက်ဖို့ ဆိုတာမျိုးကတော့ တစ်ရက်တောင် စောင့်စရာ
မလိုပါဘူး။ ချက်ချင်ကိုင်တွယ်လို့ ရပါတယ်။ အဲဒါ မြန်မြန် ပပျောက်သွားလေ
ဆင်းရဲသူ ဆင်းရဲသားတွေအတွက် ကောင်းလေပါဘဲ။ ဒါဆိုရင် ဘယ်လို
ကိုင်တွယ်ကြမလဲ။
ကိုယ်တို့ မြို့နယ်မှာ တစ်ခါတုန်းက နှစ်လုံးသုံးလုံး ဂဏန်းပေးတဲ့
ဘုန်းကြီးတွေနဲ့ ပတ်သက်တဲ့ ညွှန်ကြားလွှာတစ်ခု ရှင်းလင်းပွဲ လုပ်ပါတယ်။
အဲဒီမှာ ကျောင်းထိုင်ဘုန်းကြီးတွေ အကုန်လုံးကို ပင့်သလို
အာဏာပိုင်အဖွဲ့အစည်းက လူတွေလဲ တက်ပါတယ်။ ဒီထဲမှာ ဆရာတော်တစ်ပါးက ဘယ်လို
အမိန့်ရှိသလဲဆိုတော့ " အဲဒီ ဂဏန်းပေးတဲ့ ကိုယ်တော်တွေကို
သွားအရေးယူရုံလောက်နဲ့ အဲဒီကိစ္စက ပြီးပြတ်သွားမှာ မဟုတ်ပါဘူး။ ဒီလို
လုပ်တာဟာ ကိုင်းဖြာ ကိုင်းနားကို သွားပြီး ခုတ်နေသလို ဖြစ်နေပါတယ်။ အဓိက
လုပ်ရမှာက အမြစ်ကို တူးဖော်ပစ်ရမှာပါ။ အဲဒီ အမြစ်တွေ ဘယ်မှာ ရှိတယ်ဆိုတာ
အခုတက်လာတဲ့ အာဏာပိုင်အဖွဲ့အစည်းကလူတွေ အသိဆုံးပဲ။ ကိုင်းဖြာ
ကိုင်းနားလောက်ကို သွားပြီး ခုတ်နေလို့ကတော့ ဘာမှ အကြောင်းမထူးနိုင်ဘူး။
မကြာခင် ပြန်ပြီ ဝေစည်လာမှာပဲ" လို့ အမိန့်ရှိပါတယ်။ အဲဒီလို
မိန့်လိုက်တော့မှပဲ အားလုံး ငြိမ်သွားပါတယ်။
အဲဒီဆရာတော် အမိန့်ရှိသလို အမြစ်ဖြစ်တဲ့ ဒိုင်တွေ ဘယ်မှာ ရှိတယ် ဆိုတာ
ရဲတွေ အာဏာပိုင်တွေက သိပြီးသားပါ။ တချို့ဆို ရဲနဲ့ အစုစပ်
လုပ်နေကြတာတောင် ရှိတယ် လို့ သိရပါတယ်။ ဒီတော့ ဒီအမြစ်ကို တူးထုတ်ပစ်ဖို့
ဆိုရင် အစိုးရဘက်က ရဲကို အားကိုးလို့ မရနိုင်ပါဘူး။ ဒီကိစ္စကို
ပြတ်ပြတ်သားသား ကိုင်တွယ်မယ့် အဖွဲ့အစည်းတစ်ခု သီးသီးသန့်သန့်
ဖွဲ့စည်းပေးရပါ့မယ်။ ဒီအဖွဲကို ကူညီပေးနိုင်မယ့် "လောင်းကစားမှု
တိုက်ဖျက်ရေး" လို အရပ်ဖက်အဖွဲ့အစည်းတစ်ခု ကောင်းကောင်း ရှိနေဖို့လဲ
လိုပါတယ်။ ဒီနှစ်ဖွဲ့ ပေါင်းပြီး ဒိုင်ကိုရော ခွင့်ပြုထားတဲ့ ရဲကိုရော
ဥပဒေနဲ့ အညီ လုပ်ကြမယ်ဆိုရင်၊ ကောက်ရိုးမီးလို မဟုတ်ဘဲ တစိုက်မတ်မတ်
လုပ်ကြမယ်ဆိုရင် ဆင်းရဲသား အများစုကြီးကို ဖိစီးနှိပ်စက်နေတဲ့
လောင်းကစားမှုတွေ သိသိသာသာ ပပျောက်သွားနိုင်မယ် လို့ ယူဆပါတယ်။ ဤစာစုကို
မြတ်ဗုဒ္ဓက ပရာဘ၀သုတ္တန်မှာ ဟောကြားခဲ့တဲ့ အောက်ပါစကားနဲ့
အဆုံးသတ်လိုက်ပါတယ်။
ဣတ္ထိဓုတ္တော သုရာဓုတ္တော၊ အက္ခဓုတ္တော စ ယော နရော။
လဒ္ဓံ လဒ္ဓံ ၀ိနာသေတိ၊ တံ ပရာဘ၀တော မုခံ။
အကြင်သူသည် မိန်းမကြူး သေသောက်ကြူး လောင်းကစားကြူးသည် ဖြစ်၍ ရတိုင်း
ရတိုင်းသော ဥစ္စာကို ဖျက်ဆီး၏၊ ထိုသူ၏ ထိုအကြောင်းသုံးမျိုးသည်
ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။
If any man, being rogue with women, drink, and dice, squanders
whatever he has received, that is the cause of the unsuccessful man.
Nann Nyunt Oo
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ