နိုင်ငံချစ်စိတ် ဆိုတာ သန်း ၆၀ ကို ချစ်တဲ့စိတ်ပါ

အခုရက်ပိုင်းမှာ ပြောချင်တာလေးတွေ ရင်ထဲမှာ စုလာတယ်။ ဟိုကတစ်ခု
ကြားလိုက်၊ ဒီကတစ်ခု သိလိုက်နဲ့။ စိတ်ထဲထားလို့ မရတော့တာနဲ့ ရေးလိုက်ရတာ။

အရင်ဆုံးပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွယ်တာ လေလံပွဲရဲ့
နောက်ဆက်တွဲ အသံဗလံတွေပဲ။ ဘယ်လိုပြောရမလဲဗျာ။ တစ်ခါတစ်ရံ နိုင်ငံရေးမှာ
လူတွင်ကျယ် ဝင်ဝင်လုပ်တဲ့ သူတွေကို တကယ် စိတ်ကုန်တယ်။ ဒါ
အမှန်အတိုင်းပြောတာ။ အခုလည်း ကြည့်ဦး။ ဒေါ်စုရဲ့ ပညာရေး ရန်ပုံငွေအတွက်
ဆွယ်တာနှစ်ထည်ကို လေလံတင်တာ ကျပ်သိန်းပေါင်း ထောင်ဂဏန်းနီးပါး ရတယ်။
ဟုတ်တယ်။ ဒီငွေအတိုင်း အတာကိုလည်း တော်တန်ရုံလူ မပေးနိုင်ဘူး၊ ခရိုနီ
လူတန်းစားထဲကပဲ ပေးနိုင်တယ် ဆိုတာကိုလည်း လူတိုင်းသိတယ်။ ဒီခရိုနီ
ဆိုတဲ့လူတွေ ကလည်း ဒေါ်စုကို လေးစားလို့၊ ကြည်ညိုလို့ ကူညီတာ
တစ်ပိုင်းပါနိုင် သလို ဒေါ်စုကို ချဉ်းကပ်တာလည်း တစ်ပိုင်း ပါနိုင်တယ်
ဆိုတာလည်း လူတိုင်းသိတယ်။ ဟုတ်ပြီ။ ဒီတော့ ဘာဖြစ်သလဲ။ ဒါကိုပဲ
ကိုကိုလူတွင်ကျယ် တွေက စပါယ်ရှယ် သုံးသပ်ချက်တွေ ဝင်လုပ်တယ်။ ကွန်မန့်တွေ
အားရပါးရ ထုတ်တယ်။ ဒေါ်စုကပဲ အရင်ခေတ်က ဆရာများလို ဟိုလူတွေ ပေးတာယူ
ကျွေးတာစားဘဝ ရောက်သွားသလိုလို၊ ခရိုနီဆိုတဲ့ လက် တစ်ဆုပ်စာ စီးပွားရေး
သမားတွေရဲ့ လက်ခုပ်ထဲ ရောက်သွားသလိုလို၊ သူ့အပေါ် အားကိုးတဲ့ လူထုကို
သစ္စာဖောက် သွားသလိုလို၊ အရောင် ပြောင်းသွားသလိုလို။ ဟိုနားတစ်မျိုး၊
ဒီနားတစ်မျိုး။ မီဒီယာတွေပေါ် တက်တက်လာတယ်။

ဒါကို ဘယ်လိုပြောရမလဲ။ ကျွန်တော်တို့တွေမှာ အမှတ်တမဲ့ စွဲကပ်လာတဲ့
ရောဂါတစ်ခုလို့ပဲ ပြောရမလား။ သူများရဲ့အားနည်းချက် ကိုဖော်ထုတ်ပြီး
ကိုယ့်ရပ်တည်မှုကို ရှာတယ်ဆိုတဲ့ အကျင့်။ ဘယ်သူ့ မှာမှ အားနည်းချက်
မရှိတော့ရင် ကိုယ့်မှာ ရပ်တည်စရာ မရှိနိုင်တော့ သလိုပဲ။ ဒီတော့
ကိုယ့်ရပ်တည်မှု မပျောက်ရအောင် တစ်ယောက် ယောက်ကိုတော့ ဆော်နေရမှ။

နိုင်ငံရေးမှာ လက်တွေ့ကျကျ သုံးသပ်နိုင်ရမယ်တွေ ဘာတွေ ကျွန်တော်
မပြောတော့ဘူး။ ဒေါ်စုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ နိုင်ငံသား တွေရဲ့အတွေးက
နည်းနည်း ဆူပါနယ်ရှရယ် (Supernatural) ဆန်နေတယ်။ ဒေါ်စုကို အရမ်း
အားကိုးတယ်။ အထင်ကြီးတယ်။ လေးစားတယ်။ ကြည်ညို တယ်။ ယုံကြည်တယ်။
ဟုတ်ပါတယ်။ ဒါတွေရဲ့နောက်ဆက်တွဲက ဘာဖြစ်လာလဲ ဆိုတော့ ... ဒေါ်စုရဲ့
စွမ်းဆောင်နိုင်စွမ်း ဆိုတာလည်း အခြေအနေက ခွင့်ပြုသလောက်ပဲ ရှိနိုင်တယ်
ဆိုတာ မေ့သွားတယ်။ သူက ဥုံဖွဆိုရင် အကုန်ပြီးတယ် လို့တောင် ထင်ကုန်တယ်။

ဝေလငါးတွေ ရှင်သန်နိုင်ဖို့ အနည်းဆုံးတော့ မြစ်တစ်စင်း လောက်လိုတယ်။
ချောင်းထဲ၊ မြောင်းထဲမှာ ဘယ်လို ဝေလငါးမျိုးမှ ရှင်သန်ကြီးထွားလို့
မရနိုင်ဘူး ဆိုတာကို ထည့်မစဉ်းစားမိ သလိုတွေ ဖြစ်ဖြစ်သွားတယ်။ ဒါကို
ပါးစပ်လှုပ်ခွင့် ရသော ကိုကိုလူတွင်ကျယ် တွေ သတိပြုမိ စေချင်တယ်။ လူထုက
သူ့ဆီကနေ အရာရာကို မျှော်လင့်တယ်။ အထွေထွေ ပြေလည်မှုကို တောင့်တတယ်။
တကယ်တမ်း ပြောရရင် လူထုယုံကြည် သလို၊ မျှော်လင့်သလို လုပ်ပေးနိုင်ဖို့
ဆိုတာလည်း သူ့မှာ လုပ်ပေးနိုင် လောက်တဲ့ အခြေအနေတွေ လိုတယ်။
ပံ့ပိုးပေးနိုင်တဲ့ လူအင်အားလို တယ်။ လုပ်ပေးနိုင်လောက်တဲ့ ငွေအင်အား
လိုတယ်။

အခု ဆွယ်တာ လေလံလုပ်လို့ ရလာတဲ့ ငွေကလည်း လူထုအကျိုးအတွက် သုံးမှာပဲ။
ကဲဗျာ ဒီငွေတွေကို သူက အိမ်ဝယ်ဖို့၊ ကားဝယ်စီးဖို့ သုံးတယ်ဆိုရင် တော့
တစ်မျိုးပေါ့။ ဒါဆိုရင်တော့ ပြောကြပေါ့။ ရေးကြပေါ့။ ဆော်ကြ ပေါ့။
ဒီလိုဆိုရင် ကျွန်တော်လည်း အော်မိ၊ ဆော်မိမှာပါပဲ။ နောက်ဆုံးဗျာ လေလံပွဲ
မလုပ်ဘဲ ဘယ်သူမှ မသိအောင် သူ့ဘာသာ ပုဂ္ဂိုလ်ရေးအရ အလှူခံရင်တောင်
ထည့်မယ့်သူတွေ အများကြီး ရှိမှာပဲ။ ဒါဆို ဘယ်သူ မှတောင် သိလိုက်မှာ
မဟုတ်ဘူး။ ဘယ်သူမှမသိရင် ဒီလိုပွစိပွစိ အသံတွေလည်း ထွက်လာမှာ မဟုတ်ဘူး။
ပွင့်လင်းမြင်သာတဲ့ နည်းနဲ့ ရန်ပုံငွေ ဖန်တီးတာ မကြိုက်ရင်၊ ဂါရဝတရား
အမည်ခံ လက်သိပ်ထိုး နည်းနဲ့ ဖန်တီးရမှာလား။ သူ့မှာ တစ်ပြားမှ
မရှိဘဲနဲ့တော့ လူထုအကျိုးပြု လုပ်ငန်းဆိုတာ ဘယ်လို လုပ်ရမှာလဲ။

ကြုံတုန်း တစ်ဆက်တည်း ပြောရရင် တစ်လောလေးက ကြားလိုက် ရတယ်။
လက်ပံတောင်းတောင် ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့
ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ ဟိုလို ဖြစ်နိုင်တယ်၊ ဒီလိုဖြစ်နိုင်တယ်၊
ဟိုကို ဦးတည်နိုင်တယ်၊ ဒီကို ဦးတည်နိုင်တယ် ဆိုပြီး ဟိုအော် ဒီအော်
ထင်ကြေးပေးနေတဲ့ သတင်းတွေ။ ကြားကြားချင်း ကျွန်တော် တော်တော်စိတ်ပျက်
သွားတယ်။ စိတ်ကုန်သွားတယ်။ ကော်မရှင်ရဲ့တွေ့ရှိချက် ဆိုတာလည်း ထွက်မလာ
သေးဘူး။ ဆုံးဖြတ်ချက် ဆိုတာလည်း ထွက်လာသေးတာ မဟုတ်ဘူး။ ဒါကို ဘာဖြစ်လို့
ပွဲဆူ အောင်လုပ်ချင် ရတာလဲ။ လက်ပံတောင်းတောင် ကိစ္စဆိုတာ အငိုလွယ် ပြီး
အရှိုက်ခက်တဲ့ အနေအထား မျိုး။

သဘာဝ ပတ်ဝန်းကျင်အရေး တွေ၊ ဒေသခံတွေရဲ့ ရေရှည်အကျိုးစီးပွား တွေကို
ထည့်စဉ်းစား ရသလို၊ ပထဝီနိုင်ငံရေးရဲ့ Impact ကို မဟာဗျုဟာမြောက်
ထည့်စဉ်းစားပြီး ဖြေရှင်းရမယ့် အမျိုး။ တစ်ထွာ တစ်မိုက်လောက်နဲ့၊
ကိုယ်လူတွင်ကျယ် လုပ်ချင်တာ လောက်နဲ့ ဟိုပြောဒီပြောတွေ မပြောစေချင်ဘူး။
မြန်မာ့ နိုင်ငံရေးမှာ ဒီလိုလူတွေ လူတွင်ကျယ်လုပ်တာ တစ်ခါတစ်ခါ
စိုးရိမ်စရာ တော်တော်ကောင်းတယ်။

ဆိုတော့ ခင်ဗျား ကျွန်တော့်ကို အန်အယ်လ်ဒီ အမာခံလူလို့ ထင်သွားပြီ မဟုတ်လား။

နောက်တစ်ခုလည်း ပြောချင်သေးတယ်။ ဦးအောင်မင်းရဲ့ တရုတ်ကို
ကြောက်ရတယ်ဆိုတဲ့ စကားအကြောင်း။ ဒီစကားကိုလည်း ဝေဖန်လိုက်တာ သောသောကို
ညံသွားတာပဲ။ ဟုတ်ပါပြီ။ ဒီပလိုမက်တစ် သဘောအရတော့ နားထောင်လို့ မကောင်းဘူး
ဆိုတာတော့ လက်ခံ တယ်။ ဒါပေမဲ့ ဒီစကားကို ပြောတုန်းက အနေအထားဟာ ဒီပလိုမေစီ
ဆန်ဆန်ပြောလို့ ထိရောက်မယ့် ဝန်းကျင်မျိုး၊ အခြေအနေမျိုး မဟုတ် ဘူး။
လူတွေစိတ်ထဲကို ကိုယ်ဆိုလိုချင်တာ တန်းဝင်သွားအောင် ဆိုတာ တည့်တည့်ပြောမှ
သင့်လျော်မယ့် အခြေအနေမျိုး။ ဒါလေးတော့ ဖြည့်စွက် စဉ်းစားပေး။
ရှည်ရှည်ဝေးဝေး ပြောရရင် အခု အမေရိကန်နဲ့ မြန်မာအစိုးရ အဆင်ပြေလာတဲ့
အပေါ်မှာ တရုတ်အနေနဲ့ ဘယ်လောက်ပဲ ဟန်ဆောင် ထားထား စိုးရိမ်မှု ဆိုတာတော့
အနည်းနဲ့အများ ရှိတာပဲ။ ဆိုတော့ အမေရိကန်နဲ့ မြန်မာအစိုးရ ဘယ်လောက်
အတိုင်းအတာအထိ အဆင်ပြေနိုင်သလဲ ဆိုတာ တရုတ်အတွက် ပုစ္ဆာတစ်ခုပဲ။ အလားတူ
တရုတ်-မြန်မာ ဆက်ဆံရေး ကရော ရေရှည်မှာ ဘယ်လိုလဲဆိုတာ လည်း
စိတ်ဝင်စားစရာပဲ။ အခုတောင် ကချင်ပြဿနာမှာ တရုတ် ပယောဂ ဘယ်လောက်
ကင်းသလဲဆိုတာ အင်မတန်မေးလို့ ကောင်းတဲ့ မေးခွန်း။

ဆိုတော့ တည့်တည့် ပြောရရင် ကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ နားထောင်လို့
ကောင်းကောင်း၊ မကောင်းကောင်း တရုတ်ကို ကြောက်ရ တယ်ဆိုတာတော့ အမှန်ပဲ။
ကိုယ့်ထက် လူအင်အား၊ နည်းပညာ အင်အား၊ ဓနအင်အား၊ လက်နက်အင်အား၊ စစ်အင်အား
အစစသာ နေတာ သိနေတာပဲ။ ဒီလိုလူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး မတည်ဆောက်
နိုင်ရင်တောင် ထိနာရှနာ ဖြစ်ထားတဲ့ ဆက်ဆံရေးမျိုး (အတတ် နိုင်ဆုံး)
မဖြစ်ဖို့လိုတယ်။ သူအကျင့်ယုတ်ရင် ယုတ်သလို ကိုယ်က ကားနေအောင် ခံရမယ့်
အနေအထား။ သူ့နိုင်ငံအကျိုးစီးပွား အတွက် သူဘာလုပ်မလဲ ဆိုတာလဲ ဘယ်သူမှ
မပြောနိုင်ဘူး။ ဒါ လက်တွေ့ ကျကျ စဉ်းစားတာပဲ။ ချစ်တာ
မုန်းတာနဲ့မဆိုင်ဘူး။ ဒီလိုအခြေအနေ မှာ သူ့ကို ကြောက်တယ်လို့ ပြောတာဟာ
တစ်နည်းအားဖြင့် ကိုယ့်နိုင်ငံ ကို ချစ်တာပဲ။

ဆိုတော့ ခင်ဗျား ကျွန်တော့်ကို ဦးအောင်မင်းဘက်ကို လိုက်
ပြောနေတယ်ဆိုပြီး ပြည်ခိုင်ဖြိုးက လူလို့ ထင်သွားပြီ မဟုတ်လား။
အဲဒါပဲ။

ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေးသမား (Politician) တွေရှိပါ တယ်။
နိုင်ငံရေးသမား အမည်ခံ တွေလည်း ပေါပါတယ်။ လတ်တလော အရည်အသွေး ပြည့်တာ၊
မပြည့်တာတော့ အပထား။ ဒါတွေကလည်း ဒီလိုပဲ ရှိဦးမှာပဲ။ ဒီနေရာမှာ
ပြောစရာရှိတာက နိုင်ငံရေးသမားလို့ ကိုယ့်ကိုယ်ကိုယ် နာမည် ခံထားတဲ့
Activist တွေပဲ။ နိုင်ငံရေးမှာ ကျယ်ကျယ်ပြန့်ပြန့် နားလည်
သုံးသပ်နိုင်တာမျိုးလည်း မရှိဘူး။ ကိုယ့်စိတ်ခံစားချက် ရယ်၊ ကိုယ့်
အာဝဇ္ဇန်းရယ် ဒီနှစ်ခု အားကိုးလောက်နဲ့ လူတွင်ကျယ် လုပ်ချင်တဲ့သူတွေတော့
တော်တော် သတိထားဖို့လို တယ်။ တစ်နည်းအားဖြင့် တစ်ခါတစ်ရံမှာ Activist
ဆိုတာ နိုင်ငံရေးမှာ အသုံးချခံ လူတန်းစားတွေ ဖြစ်သွား တတ်ပါတယ်။
နိုင်ငံရေးမှာ တကယ်စီးမျောမယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် Activist to
Politician ဖြစ်အောင် အဆင့်မြှင့်ဖို့ လိုပါတယ်။

ပြောချင်တာက နိုင်ငံရေးသမား ဆိုတဲ့ (Politician) တွေ ဘယ်လောက်များပေမယ့်
နိုင်ငံပြု သမားတွေ (Statesman) ဆိုတာ တော့ တော်တော်ကို နည်းလွန်း
နေပါသေးတယ်။ ဘယ်ဘက်ကိုမှ ဘက်မလိုက်တဲ့ သဘော။ နိုင်ငံရဲ့အရွေ့ကို
တပ်အပ်မြင်နိုင်တဲ့ သဘော။ ဘယ်သူက လုပ်တယ် ဆိုတာထက်၊ ဘာကို လုပ်တယ်ဆိုတာ
ကို အစွဲမဲ့စွာ မြင်နိုင်တဲ့သဘော။ ဒါတွေဟာ နိုင်ငံပြုသမားတွေ (Statesman)
ရဲ့ တွေးပုံခေါ်ပုံ၊ ချဉ်းကပ်ပုံ ကပ်နည်းတွေရဲ့ အခြေခံ သဘောတရား တွေပါပဲ။

တကယ့်နိုင်ငံပြုသမား (Statesman) ဆိုတာNLD အရေးထက် သန်း ၆၀ အရေးကို
ချစ်တဲ့သူ၊ ပြည်ခိုင်ဖြိုး ရပ်တည်မှုထက် သန်း ၆၀ ရဲ့ ရပ်တည်မှုကို
ဦးစားပေးသူ၊ အစိုးရအဖွဲ့ သိက္ခာထက် သန်း ၆၀ ရဲ့ သိက္ခာကို ရှေးရှုတဲ့သူ၊
တပ်မတော်ရဲ့ထည်ဝါမှုထက် သန်း ၆၀ ရဲ့ ထည်ဝါမှုကို လိုလားတဲ့ သူမျိုးပါ။ NLD
ရဲ့အကျိုးစီးပွားဟာ တစ်ခါတစ်ရံ သန်း ၆၀ ရဲ့ အကျိုးစီးပွား ဟုတ်ချင်မှ
ဟုတ်ပါလိမ့်မယ်။ ပြည်ခိုင်ဖြိုးရဲ့ အကျိုးစီးပွား ကလည်း တစ်ခါတစ်ရံ သန်း
၆၀ နဲ့ ဆိုင်ချင်မှ ဆိုင်ပါလိမ့်မယ်။ တပ်မတော်ရဲ့အကျိုးစီးပွား ကလည်း
တစ်ခါတစ်ရံ သူတို့အတွက်ချည်း သက်သက် ဖြစ်ရင် ဖြစ်နေပါလိမ့်မယ်။

မျိုးချစ်စိတ် ဆိုတာကို ဘယ်သူတွေ ဘယ်လို အနက်ဖွင့်ခဲ့၊ ဖွင့်ခဲ့
ကျွန်တော် ကတော့ NLD ရဲ့ အကျိုးစီးပွား၊ ပြည်ခိုင်ဖြိုးရဲ့
အကျိုးစီးပွား၊ တပ်မတော်ရဲ့အကျိုးစီးပွား ထက် သန်း ၆၀ အကျိုးစီးပွားကို
လိုလားတဲ့ စိတ်လို့ပဲ ယူဆ ပါတယ်။

Written by ပေါ်လင်းဦး

1 comment:

  1. မှန်ပါတယ်နိုင်ငံတကာကလေစားတဲ့ဒေါ်စုအပါအဝင်ဦးသိန်းစိန်.ဦးေ၇ွှမန်း.ဦး အောင်မင်းတို့ရှိသလိုထမင်းတနပ်စာလျော့စားခိုင်းတဲ့ဝန်ကြီးများ.ေ၇ထဲကနေလျှပ်စစ်ထုပ်တာသူ့လောက်မည်သူမှမသိဟုပြောတဲ့ဝန်းကြီးဆိုသူများလဲရှိ ကြောင်းမှတ်သားထားပါသည်။

    ReplyDelete

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ