အများပြည်သူ နားနေရာ ပန်းခြံအချို့အား အိမ်ရာစီမံကိန်းများအဖြစ် စီစဉ်မှုများရှိနေ

ရှစ်မိုင်လမ်းဆုံရှိ မြိုင်ဟေ၀န်ပန်းဥယျာဉ်ရှေ့ရှိ ကလေးငယ်များ

ရန်ကုန်မြို့ရှိ အများပြည်သူ အပန်းဖြေရာ ပန်းခြံအချို့အား
အိမ်ရာစီမံကိန်းများအဖြစ် ဆောက်လုပ်ရန် စီစဉ်မှုများ ရှိနေသည်ဟု
သတင်းရရှိသည်။

ရန်ကုန်မြို့ ရှစ်မိုင်လမ်းဆုံရှိ မြိုင်ဟေ၀န် ပန်းခြံနေရာ၊ ကမ္ဘာအေး
စေတီလမ်းနှင့် တက္ကသိုလ်ရိပ်သာ လမ်းထောင့်ရှိ ကုက္ကိုင်းပန်းခြံတို့တွင်
အိမ်ရာစီမံကိန်းများ ဆောက်လုပ်ရန် စီစဉ်မှုများ ရှိနေသည်ဟု သတင်းများ
ထွက်ပေါ်နေသည်။

ရှစ်မိုင်လမ်းဆုံရှိ မြိုင်ဟေ၀န် ပန်းခြံနေရာမှာ မြေဧက ကျယ်ဝန်းပြီး
စည်ကားသည့် နေရာတစ်ခု ဖြစ်သောကြောင့် ကိုရီးယားနိုင်ငံရှိ ကုမ္ပဏီ တစ်ခုက
အိမ်ရာစီမံကိန်း ဆောက်လုပ်ရန် စိတ်ဝင်စားနေကြောင်း၊ ယခု လက်ရှိတွင်
မြိုင်ဟေ၀န် ပန်းခြံအား အိမ်ရာဆောက်လုပ်ခွင့် ပေးထားခြင်း
မရှိသေးသော်လည်း ဆောက်လုပ်လိုသည့် ကုမ္ပဏီအချို့က လာရောက် တင်ပြထားရာ
နောက်ပိုင်းတွင် Open Tender စနစ်ဖြင့် ခေါ်ယူသွားရန် အစီအစဉ် ရှိသည်ဟု
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရှိရသည်။

အများပြည်သူ အပန်းဖြေ နားနေရာ ပန်းခြံအချို့အား အိမ်ရာစီမံကိန်းများ
အဖြစ် ပြောင်းလဲရန် စီစဉ်နေသည့် အသံများ ထွက်ပေါ်ခဲ့ခြင်းကြောင့် အဆိုပါ
ပန်းခြံများ ပျောက်ကွယ်သွားမည်ကို အများပြည်သူက စိုးရိမ်ပူပန်မှုများ
ရှိနေသည်။

"ကုက္ကိုင်းပန်းခြံမှာ အိမ်ရာစီမံကိန်း ဆောက်ဖို့ အစီအစဉ် မရှိပါဘူး။
ပန်းခြံအဖြစ်ပဲ ထားမှာဖြစ်ပြီး နောက်နှစ်ဘတ်ဂျတ်မှာ အဆင်ြ့မှင့်တင်ဖို့
ရှိပါတယ်။ မြိုင်ဟေ၀န် ပန်းခြံမှာလည်း အိမ်ရာစီမံကိန်း ဆောက်မယ်လို့
သတင်းအချို့ ကြားနေရတယ်။ လောလောဆယ် ဘယ်သူ့ကိုမှ မပေးသေးသလို အစီအစဉ်လည်း
မရှိပါဘူး" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့်
အားကစားကွင်းများ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဇန်န၀ါရီလ ၂၉ ရက်နေ့က
ပြောကြားခဲ့သည်။

ထို့ပြင် ရွှေတိဂုံစေတီတော် အနီးပတ်ဝန်းကျင် ဖြစ်သော ပြည်သူ့ရင်ပြင်ရှိ
Natural Word ကုမ္ပဏီမှ ငှားရမ်း လုပ်ကိုင်လျက်ရှိသည့် ဧရိယာအတွင်း
ရှော့ပင်းစင်တာ၊ စားသောက်ဆိုင်များ ပါဝင်သော အဆောက်အအုံများ ဆောက်လုပ်ရန်
စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် ရွှေတိဂုံဘုရားအနီး
မည်သို့သော အဆောက်အအုံမျိုး ဆောက်လုပ်မည်ကို ပြည်သူများ
စိုးရိမ်လျက်ရှိသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား
ဆက်သွယ်မေးမြန်းရာ ယခု လက်ရှိတွင် ကားပါကင်နှင့် ၀င်ပေါက် မုခ်ဦးသာ
ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

1.30.01

ရန်ကုန်မြို့တော်တွင် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများ ပြုလုပ်နေသည့်အတူ
တစ်ဖက်တွင် စိမ်းလန်းမြေ ဧရိယာများဖြစ်သော သစ်ပင်များ ရှိသည့်
ပန်းခြံများ၊ ကလေးကစားကွင်း၊ တောအုပ် စသည့်ပမာဏ လျော့ကျလာသည်ဟု
ရန်ကုန်မြို့တော် စည်ပင်နှင့် JICA မှ ပညာရှင်များ
စစ်တမ်းကောက်ယူပြီးနောက် ဇန်န၀ါရီလဆန်းပိုင်းက ထွက်ရှိခဲ့သော မဟာရန်ကုန်
မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း၏ ကြားဖြတ်အစီရင်ခံစာ (၂) တွင်
တင်ပြမှုများအရ သိရသည်။ ၂၀၀၂ ခုနှစ်က ရန်ကုန်မြို့တွင် စိမ်းလန်းမှု ဧရိယာ
စုစုပေါင်း 102.1 km2 ရှိခဲ့ရာမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အတွင်းက
စိမ်းလန်းမှု ဧရိယာ 96.3 km2 သာ ကျန်ရှိတော့သည်ဟု ယင်းအစီရင်ခံစာတွင်
ဖော်ပြထားသည်။

ထို့အတွက် ရန်ကုန်မြို့ အနာဂတ်မြို့ပြ ဖွံ့ဖြိုးမှု ပုံစံတွင်
စိမ်းလန်းဧရိယာများ ဖြစ်သည့် ကျယ်ပြန့်သော ပန်းခြံအသစ်များ
ဖန်တီးပေးကြောင်း အဆိုပြုထားပြီး ယခုလက်ရှိတွင် ပန်းခြံအသစ်များ
ပြုလုပ်ရန် မြေနေရာများ ရှာဖွေနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ သိရှိရသည်။

ယခုလက်ရှိတွင် ရန်ကုန်မြို့၌ ပန်းဥယျာဉ်နှင့် ပန်းခြံအရေအတွက် ၅၈ ခု
ရှိကြောင်း၊ သို့သော် အများပြည်သူလိုက် အပန်းဖြေနိုင်သည့်
ပန်းခြံအရေအတွက်မှာ နည်းပါးနေပြီး အချို့ပန်းခြံများမှာ ပန်းခြံအဆင့်
မမီသည့် အတွက် ထိန်းသိမ်းမှု လုပ်ငန်းများလည်း ပိုမိုလိုအပ် လာသည်ဟု
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို လေ့လာ လုပ်ကိုင်နေသူ
အင်ဂျင်နီယာ တစ်ဦးက သုံးသပ်ခဲ့သည်။

"ရန်ကုန်မြို့မှာနေတဲ့ လူအရေအတွက်နဲ့ စိမ်းလန်းမြေ ဧရိယာနဲ့ ယှဉ်ရင်
လုံလောက်မှု မရှိဘူးလို့ ပြောရမှာပါ။ ခန့်မှန်းတွက်ချက် ကြည့်မယ်ဆိုရင်
လက်ရှိ လူဦးရေအရ ရန်ကုန်မြို့က လူတစ်ဦးက စိမ်းလန်းမြေ ဧရိယာ ၄ ဒသမ ၄၂၉
စတုရန်းပေကိုပဲ ပိုင်ဆိုင်ပါတယ်။ ရုရှားနိုင်ငံမှာဆိုရင် လူတစ်ဦးက
စိမ်းလန်းမြေ ဧရိယာ ၁၆၁ ဒသမ ၄၆ စတုရန်းပေ၊ တိုကျိုမှာ ဆိုရင် ၁၃၈
စတုရန်းပေလောက် ပိုင်ဆိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီလို
စိမ်းလန်းမြေ ဧရိယာတွေဖြစ်တဲ့ ပန်းခြံတွေ၊ အများပြည်သူ နားနေတဲ့ နေရာတွေ
လုံလောက်မှုရှိအောင် ထိန်းသိမ်း ပြုစုပေးမှုတွေ လုပ်ပေးဖို့ လိုပါတယ်။
ပန်းခြံအချို့ကို အခြားအဆောက် အအုံတွေအဖြစ် ပြောင်းလဲဖို့
စီစဉ်နေတာတွေကို ပြန်စဉ်းစား သင့်ပါတယ်" ဟု သဘာဝ ပတ်ဝန်းကျင်
ထိန်းသိမ်းရေး လုပ်ငန်းများကို လေ့လာ လုပ်ကိုင်နေသူ ကိုအောင်မြင့်မော်က
ပြောပြခဲ့သည်။

ရန်ကုန်မြို့၏ အနာဂတ် မြို့ပြစီမံကိန်းတွင် စိမ်းလန်းမှု ဧရိယာများဖြစ်သော
ကျယ်ပြန့်သည့် ပန်းခြံအသစ်များ ဖန်တီးပေးသင့်ကြောင်း ဇန်န၀ါရီ
လဆန်းပိုင်းက ထွက်ရှိသော မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ
စီမံကိန်း၏ ကြားဖြတ် အစီရင်ခံစာ (၂) တွင် အဆိုပြု တင်ပြထားသည်။

ရန်ကုန်မြို့တော်အတွက် အနာဂတ် မြို့ပြဖွံ့ဖြိုးမှု ပုံစံတွင်
စိမ်းလန်းနယ်မြေ လုပ်ငန်းစဉ်များ အပြင် ဖွံ့ဖြိုးမှု ၀င်ရိုးတစ်လျှောက်
ကျယ်ပြန့်သော ပန်းခြံအသစ်များ ဖန်တီးပေးသင့်ကြောင်းနှင့် လှော်ကား
သဘာဝဥယျာဉ်အား ထိန်းသိမ်းကာကွယ်သင့်သော နယ်မြေအဖြစ် အဓိကထား
ပြုလုပ်သင့်ကြောင်း တင်ပြထားသည်။

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ