ကျွန်တော်ချစ်သော သစ်ပင်များ

ဟိုတလောက သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ မြန်မာ့သစ်တော ၄၀ ရာခိုင်နှုန်း ကျန်သေးသည်တဲ့။
မရနိုင်တော့ဘူးထင်ထားသည့် နာမကျန်းဖြစ်နေသော ဘိုးဘွားမိဘတစ်ဦး
သွေးပေါင်ချိန်အထိုက်အလျောက် ကျန်နေသေးကြောင်းကြားလိုက်ရသလို
တော်ပါသေးရဲ့ဟု စိတ်ထဲလှိုက်ခနဲခံစားလိုက်ရသည်။
ကြိုးစား၍ကုလျှင်ရနိုင်ပါသေးသည်ပေါ့။

ကျွန်တော်ကသစ်ပင်တွေကိုချစ်သည်။ တောထဲတောင်ထဲ သွားရခြင်းကို ပျော်သည်။
သစ်ရိပ်ဝါးရိပ်ကို ခုံမင်သည်။ ထို့ကြောင့်ပင် လွန်ခဲ့သည့်
အနှစ်လေးဆယ်လူငယ်အရွယ်က ကျွန်တော့်ဇာတိ
သဲကုန်းမြို့၏အရှေ့ဘက်ပဲခူးရိုးမထဲသို့ မကြာခဏဆိုသလို တမင်တဆင်
သွားခဲ့ဖူးသည်။ အဲသည်တုန်းက ရိုးမကတကယ့်ပီဘိတောဆိုမှတော။

တချို့ကညင်ပင်ကြီးတွေ၊ အင်ဖိုပင်ကြီးတွေဆို
လူလေးငါးယောက်ဖက်စာလောက်ရှိသည်။ အဲ့သည်အပင်ကြီးတွေပေါ်ကို နွယ်တက်နေသည့်
နွယ်ပင်ကြီးတွေကပင် ခြေသလုံးပေါင်လုံးလောက်။ အပင်အောက်ဆို
နေပြောက်ပင်မထိုး။ အဲ့သည် အပင်ကြီးတွေအောက်ဖြတ်လျှောက်ရသည့်အခါ
အေးငြိမ်းချမ်းမြေ့သည့် အရသာကိုခံစားရသည်။

အခုတော့ဖြင့် လွမ်းစရာ..။
မကြာသေးခင်က အဲ့သည် ရိုးမထဲမှ ဘုန်းကြီးကျောင်းတွင် ညီတော်မောင်တစ်ယောက်
ကထိန်ခင်းသဖြင့် ဟိုတုန်းက ရိုးမ အလွမ်းပြေရယ်လို့ ကျွန်တော် တခုတ်တရ
လိုက်သွားဖြစ်သည်။ သို့သော် မြင်ရသည့်မြင်ကွင်းက အလွမ်းမပြေ။
ရင်ထဲမှာဆို့သည်။ ဟိုတုန်းက တောကြီးဘယ်ရောက်သွားခဲ့ပြီလဲ။ ရှိခဲ့ဖူးသော
သစ်ပင်ကြီးတွေနေရာမှာ တောင်ခေါင်း
တုံးတွေသာ တံလျှပ်တွေ တဖွေးဖွေးတရှိန်ရှိန်နှင့်...။

သစ်ကြီးဝါးကြီးတွေ မရှိတော့သည့် အဲ့သည်မြင်ကွင်းကို ကြည့်ရမြင်ရတော့
ကွယ်လွန်ခဲ့ကြပြီဖြစ်သည့် ကျွန်တော့် မိအိုဖအိုတွေကို လွမ်းသလိုမျိုး
လွမ်းမိသည်။

သဘာဝကပေးထားခဲ့သည့် အဖိုးတန်တွေကို ဖြုန်းချင်တိုင်း
ဖြုန်းတီးပစ်ခဲ့ကြပါပကောလားဟု တွေးမိသည်။ ဆက်လက် ဖြုန်းတီးကြဖို့
ဟန်ပြင်နေကြသည့် လက်မရွံ့တွေကိုလည်း မြင်နေရဆဲရှိသဖြင့်
စိတ်မကောင်းဖြစ်မိရသည်။ အဲ့သည် လက်မည်းကြီးတွေက မြန်မာ့လက်ကျန်
သစ်တောတွေ ဆီမှာ တ၀ဲဝဲရှိနေဆဲ..။

သည်နှစ်ပွင့်လင်းရာသီ၌ ရှမ်းနှင့်ကချင်ဘက်တွင် ကျန်ရှိနေသေးသည့်
သစ်တောတွေထဲမှ သစ်တွေကိုခိုးဖို့ တရုတ် သစ်တင်ကားကြီးတွေ ရှမ်းပြည်နယ်
နယ်စပ်တွင်အစီး၂၀၀ လောက်ရောက်ရှိနေသည် ဆိုသည့် သတင်းတစ်ပုဒ် သည်ရက်ထဲမှာ
ဖတ်ရသည်။ အချိန်တစ်လတာ သစ်ခုတ်ခွင့်ရဖို့ အဲသည့်နယ်မြေမှ မြန်မာ
အာဏာပိုင်တွေကို တရုတ် ကုန်သည်တွေက မြန်မာကျပ်ငွေ သိန်းနှစ်ထောင်
လာဘ်ငွေပေးရသည်တဲ့။ တိုင်းပြည့်ရတနာတွေကို သူခိုးနွား ကောင်းမှန်းမသိသလို
ထင်တိုင်းကြဲနေကြတာပါလားဟု တွေးမိသည်။
တရုတ်နိုင်ငံထဲတွင် မြန်မာငွေ ၃၅ သိန်းလောက်ရသည့်
မြန်မာ့ကျွန်းသစ်တစ်တန်ကို မြန်မာနိုင်ငံထဲတွင်တော့ တရုတ်တွေက
ငွေလေးသိန်းပဲ ပေးဝယ်သည်တဲ့။ သူခိုးဈေးဆိုသည့်အခါ ထင်သလို
အနှိမ်ခံရတော့သည်ထင်ပါ့။

ဟိုတလောက သတင်းတစ်ပုဒ်ထဲတွင်တော့ ၂၀၁၄ ရောက်လျှင် သစ်အလုံးလိုက် တရားဝင်
ထုတ်လုပ်ရောင်းချမှုကို ရပ်တန့်တော့မည်ဟု ဖတ်လိုက်ရသေးသည်။ ယခုအတိုင်းသာ
တရားဝင်ရော တရားမ၀င်ပါ လုပ်ချင်
တိုင်းလုပ်နေကြမည်ဆိုလျှင်တော့ ၂၀၁၄ အထိပင်ခံပါဦးတော့မလား တွေးမိ၏။

တိုင်းတစ်ပါးသား အင်္ဂလိပ်တို့ အုပ်ချုပ်စဉ်တုန်းကပင် သစ်ပင်တွေကို
စည်းမဲ့ကမ်းမဲ့ မခုတ်ခဲ့ကြ။ ခုလို တစ်တောလုံး ပြောင်အောင်မပြောနှင့်
ကျွန်းသားကျွန်းပင်များဆို "သွားကြားထိုး နားပန်" ပင်ခွင့်မပြုခဲ့။
ယခုတော့ ထင်တိုင်း ခုတ်ကြတော့သည်ထင်၏။ သစ်ကွင်းတွေထဲ တောင်ပုံရာပုံ
ပုံထားသည့်သစ်လုံးတွေကို ကြည့်လိုက်လျှင် တချို့သစ်လုံးလေးတွေဆို
သစ်ပင်ပင် မဖြစ်တတ်သေး။ လူဆိုလျှင်တော့ ကြီးကောင်တောင် မ၀င်သေးသည့်
အရွယ်။ ကြီးကြီးငယ်ငယ် တွေ့သမျှ အပြောင်ခုတ်ကြတာပဲဖြစ်မည်။
ကိုယ်စိုက်ခဲ့သည့် အပင်မဟုတ်တော့လည်း တန်ဖိုးထားရကောင်းမှန်းမသိကြ။

ရိုးပေါ်က ဆင်းလာသည့် ဆယ်ဘီး၊ ဆယ့်နှစ်ဘီးကားကြီးတွေပေါ်မှာ တုံးတင်းသရော
ပါလာကြသည့် သစ်လုံးကြီးတွေကို မြင်လျှင် မြင်မကောင်းရှုမကောင်း
တုံးလုံးပက်ခေါက်ပစ်တင်လာသည့် ကိုယ့်မိအိုဖအိုများ၏
အသက်မဲ့ခန္ဓာကိုယ်တွေကို မြင်ရသလို ရင်ထဲမှာ ခံစားရသည်။ အဲ့ဒီ
သစ်လုံးကြီးတွေ၏ အသက်က ကိုယ့်မိဘတွေ အသက်ထက်ပင် ကြီးနိုင်ပေသည်ကိုး။
သစ်ပင်ဖြုန်းတီးသူတွေအနေနှင့်ကတော့ သစ်ပင်တစ်ပင်ဖြစ်ဖို့နှစ်ပေါင်းအဲ့သည်
လောက်ပင် ကြာတတ်ကြောင်း တွေးမှ တွေးမိကြပါလေလားမသိ။

ကျွန်တော်ကမူ သစ်ပင်တွေကိုချစ်သူမို့ အပင်ကြီးဖြစ်ဖြစ်၊ အပင်သေးဖြစ်ဖြစ်
ဖြစ်ပြီးသား အပင်တိုင်းကို နှမြောသည်။

၂၀၀၈ နာဂစ်မုန်တိုင်းကြီး တိုက်ပြီးမနက် ရွှေဂုံတိုင်မီးပွိုင့်
မြောက်ဘက်ကုန်းမြင့်ပေါ်တွင်ရှိသော ကျွန်တော်နေထိုင်ရာ
ခုနစ်ထပ်တိုက်အပေါ်ဆုံးထပ်မှ မြင်ရသမျှ ပတ်လည်မြင်ကွင်းကို ကြည့်မိတော့
ဒုတိယကမ္ဘာစစ် အတွင်းက ပုလဲဆိပ်ကမ်းတိုက်ပွဲအပြီး
ယမ်းငွေ့မစဲခင်မြင်ကွင်းနှင့် တစ်ထပ်တည်းပါလား ထင်မိသည်။

သစ်ပင်တွေအားလုံးနီးပါး မြေပြင်တွင် အတုံးအရုံး..။
ရွှေတိဂုံစေတီတော်ကြီးလည်း တောင်ခေါင်းတုံးကြီးတစ်ခုပေါ် ထီးထီးမားမား
စံပါယ်နေရသည့် နှယ်..။

ရင်ထဲမှာ ဟင်းလင်းပြင်ကြီး ဖြစ်သွားသလို ခံစားလိုက်ရသည်။ တစ်ဆက်တည်းလည်း
ရန်ကုန် တက္ကသိုလ်ကြီးထဲမှ သက်တော်ရှည် သမိုင်းဝင် သစ်ပင်ကြီးတွေကို
သတိရလိုက်မိသည်။ အထူးသဖြင့် သစ်ပုတ်ပင်ကြီး...။ မတော်တဆသည်အပင်ကြီးများ
ကျိုးပဲ့လဲပြိုသွားခဲ့လျှင် တွေးမိကာ သစ်ပင်သစ်ကိုင်းတွေနှင့် ပိတ်ဆို့
နေသည့် လမ်းတွေကို ကျော်ဖြတ်လျက် တက္ကသိုလ်ဝင်းထဲ အရောက်သွားမိသည်။ အချို့
ပိတောက်ပင်၊ စိန်ပန်းပင်၊ ကုက္ကို ပင်ကြီးတွေ ကျိုးကြပဲ့ကြသော်လည်း
အကောင်းပကတိ ကြံ့ခိုင်ကျန်းမာနေဆဲ သစ်ပုတ်ပင်ကြီးကို မြင်ရမှ
တော်ပါသေးရဲ့ သက်ပြင်းချနိုင်သည်။ ရန်ကုန်တက္ကသိုလ်ကြီး၏ အထိမ်းအမှတ်
သစ်ပုတ်ပင်ကြီးကို ကမ္ဘာတည်သရွေ့တည် နေစေချင်ပါသည်။

ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများတွင်တော့ သက်တမ်းထောင်ချီ သည့်
မဟာသက်တော်ရှည် သစ်ပင်ကြီးတွေကိုတခုတ်တရ
ထိမ်းသိမ်းပြုစုစောင့်ရှောက်ထားတတ်ကြသည်။

ယခုလက်ရှိ ရှင်သန်နေဆဲ ကမ္ဘာ့သက်တမ်းအရှည်ဆုံး သစ်ပင်များထဲမှ ၂၀၁၂ တွင်
သက်တမ်း နှစ်ပေါင်း ၄၈၄၃ နှစ်ရှိပြီ ဖြစ်သည့် ကတော့ပုံ ထင်းရှူးပင်ကြီးက
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာရှိသည်။ အဲ့သည် အပင်ကြီးကို
အမေရိကန်နိုင်ငံသားတို့က "မက်သရူးစ လက်ရှ်" (Methuselah) ဟု
ချစ်စနိုးအမည်ပေးကာ ကယ်လီဖိုးနီးယားရှိ အမျိုးသား သစ်တောထဲတွင်
ထိန်းသိမ်းစောင့်ရှောက်ထားကြ၏။ နောက် သက်တော်ရှည် အပင်ကြီးတစ်ပင်လည်း
ကယ်လီဖိုးနီးယားပြည်နယ်ထဲတွင်ပင် ရှိခဲ့ဖူးသေးသည်။ ထိုအပင်ကြီးကိုမူ
"နီဗာဒါ" ဟု နာမည်ပေးထားခဲ့ကြ၏။ သို့သော် သစ်တစ်ပင်၏
တန်ဖိုးကိုနားမလည်သော လူ့အန္ဓများက ခုတ်လှဲပစ်သဖြင့် ၁၉၆၄ ခုနှစ်တုန်းက
ဆုံးရှုံးသွားခဲ့ရသည်။ ခုတ်လှဲခံရချိန်တွင် " နီဗာဒါ " မှာ အသက် ၄၈၄၄
နှစ်ရှိပြီဖြစ်၏။ အားလုံးက နီဗာဒါ့ကို နှမြောတသ ဖြစ်ကြရသည်။

နောက် သက်တော်ရှည်သစ်ပင်ကြီးတစ်ပင်ကမူ ဂျပန်နိုင်ငံ ဖူကူရှီးမား
(Fukushima) နယ်တွင်ရှိသည့် ချယ်ရီပင်ကြီး ဖြစ်၏။
သက်တမ်းတစ်ထောင်ကျော်ပြီ ဖြစ်သည်။ ယခုထက်တိုင် ချယ်ရီ ပွင့်ချိန်တိုင်း
အပွင့်တွေ ဝေနေအောင်ပွင့်ကာ ပန်းပန်နေနိုင်ဆဲ ရှိသည်။ နှစ်စဉ်
ချယ်ရီပန်းတွေ ပွင့်ချိန်ဆိုလျှင် သူ၏ ပန်းနုရောင် ချယ်ရီပွင့်တွေကို
ရှုမြင်ခံစားလို ကြသည့် သူ့ကိုချစ်သော ဂျပန်နိုင်ငံ သားတွေက ပန်းကြည့်ဖို့
သူ့ထံ အရောက်လာကြသည်။ သောင်းနှင့်ချီသည့်ကမ္ဘာလှည့် ခရီးသည်တွေကလည်း
သူ့ထံသို့ လာရောက်ကာ သူ၏သက်တော်ရှည်အလှကို ဂုဏ်ပြုကြသည်။

နောက်တစ်ပင်မှာမူ သက်တော်ရှည်စာရင်းထဲတွင် မပါဝင်သော်လည်း
လုံးပတ်အ၀န်းအထည် အကြီးမားဆုံးအဖြစ် ကမ္ဘာ့မှတ်တမ်းဝင် အပင်ကြီးဖြစ်၏။
ထိုအပင်ကြီးမှာ ဆိုက်ပရပ်စ်တွင် ပေါက်လေ့ပေါက်ထရှိသော အပင်ကြီးတစ်မျိုး
ဖြစ်လျက် မက္ကဆီကိုနိုင်ငံတွင် ယခု ထက်တိုင် သက်ရှိထင်ရှားရှိနေသေးသည်။
ထိုအပင်ကြီးကို ရင်စို့ လောက်အမြင့်မှ တိုင်းထွာလျင် အချင်း ၃၈ ပေရှိလေ၏။

ထိုအပင်ကြီးများကဲ့သို့ပင် အခြားသော ထူးခြား သက်တော်ရှည် သစ်ပင်ကြီးတွေ
ကမ္ဘာပေါ်တွင် အများအပြားကျန်ရှိနေကြသေးသည်။ ထိုအပင်ကြီးတွေကို
ပိုင်ဆိုင်ကြသော နိုင်ငံတိုင်း၏ ပြည်သူများက ထိုအပင်ကြီးများ ကို
မိအိုဖအိုများကဲ့သို့ တရိုတသေ တလေးတစား အမြတ်တနိုးဖြင့်
ဂုဏ်ယူဝင့်ကြွားစွာ ထိန်းသိမ်း စောင့်ရှောက်ထားကြသည်။

ကျွန်တော်တို့နိုင်ငံတွင်လည်း ထိန်းသိမ်းစောင့်ရှောက်ထားအပ်သည့်
ပင်ကြီးပင်အိုတွေ အထိုက်အလျောက်တော့ ရှိနေသေးဦးမည်ထင်သည်။ တမြန်နှစ်က
မုံရွာမြို့ကိုရောက်တော့ သက်တမ်း ရာဂဏန်းရှိမည်ထင်ရသည့် တမာပင်ကြီးတွေကို
တစီတတန်း တွေ့ခဲ့ရသေးသည်။ ရှမ်းပြည်နယ် ပင်းတယ လိုဏ်ဂူအနီးမှ ဗုတ်တလုတ်
ကန်စောင်းတွင်ရှိသော သက်တမ်းရင့်
ညောင်ပိန္နဲပင်ကြီးတွေလည်းကျန်းမာသန်စွမ်းလျက် ရှိနေသေးသည်။
တောင်သမန်အင်းစောင်းမှ မယ်ဇယ်ပင်တန်းနှင့် လက်ပံပင်ကြီးတွေ...။

အဲ့သည်လို အပင်ကြီးမျိုးတွေ သူ့နယ်ကိုယ့်နယ်မှာ အထိုက်အလျောက်တော့ဖြင့်
ကျန်လိမ့်ဦး ရှိလိမ့်ဦးထင်သည်။
ကျွန်တော့်မွေးဇာတိသဲကုန်းမြေမှ မိုးကောင်းစေတီတော် ခြေရင်းရှိ
ဗောဓိညောင်ပင်ကြီးမှာလည်း အသက် ၆၄ နှစ်ရှိပြီဖြစ်သော ကျွန်တော်
လူမှန်းသိစ ပေါက်စန အရွယ်ကတည်းကပင် လူလေးငါးခြောက်ယောက် ဖက်စာ
လောက်ရှိသောပင်စည်ကြီးနှင့် ထီးရိပ်ကြီးဖြန့်မိုးထားသလို
ခန့်ခန့်ထည်ထည်ကြီး ရှိနှင့်သည်မို့ သက်တမ်းက ရာချီမည်သေချာ၏။ အလားတူ
ဧရာမကုက္ကိုပင်ကြီးတွေလည်း ကျွန်တော့်မွေးဇာတိမြို့လေးမှာ
အတော်များများကျန်နေ ကြသေးသည်။

သပိတ်အိုင်တောရ သီတဂူသဲကုန်းဆရာတော်ကြီး အရှင်ဉာဏိဿရ စာသင်သားဘ၀က
သီတင်းသုံးတော်မူခဲ့သည့် သဲကုန်းမြို့ရပ်ကွက် ၄ တပ်ရွာ အလယ်ကျောင်း
ကျောင်းဝိုင်းထဲမှ ဧရာမ မယ်ဇယ်ပင်ကြီး၊ ပိတောက်ပင်ကြီး နှင့်
ဗောဓိညောင်ပင်ကြီးတို့ သည်လည်း သက်တမ်းရာကျော်ရှိ အံ့ထင်သည်။
ဆရာတော်ကြီးက ထိုအပင်ကြီးများကို ကောင်းစွာ
ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အကိုင်းအခက်ကိုပင် မခုတ်မပယ်ရဟု
မိန့်မှာထား၏။ သစ်ပင်ကြီးများ၏ အထင်ကရ သက်တမ်းကို
တန်ဖိုးထားခြင်းဖြစ်ပေလိမ့်မည်။

သို့သော် သစ်ပင်များ၏တန်ဖိုးကိုနားမလည် အလေးမထားတတ်ကြသူများလည်း
ကျွန်တော်တို့မြန်မာ့မြေပေါ်တွင် ရှိနေပြန်၏။ တောင်တွင်းကြီးမြို့ပေါ်မှ
ကုက္ကိုပင်ကြီးတွေ မန်ကျည်းပင်ကြီးတွေကို ထင်းမီးအတွက်အသုံးပြုရန်
ခုတ်လှဲနေကြသဖြင့် မြို့သူမြို့သားများက တောင်းပန်တားဆီးနေကြရကြောင်း
သတင်းတစ်ပုဒ် သည်ရက်ထဲမှာ ဖတ်လိုက်ရသေးသည်။ ဟိုဘက်နှစ်တွေတုန်းကလည်း
ပခုက္ကူ၊ ရေစကြို ဘက်ဆီမှ သက်တော်ရှည် မန်ကျည်း ပင်ကြီးတွေကိုခုတ်လှဲကာ
အမွှေးတိုင်တွေလုပ်ပစ်နေကြသဖြင့် မန်ကျည်းသီး မန်ကျည်းရွက်ပင်
စားရဖို့ခပ်ခက်ခက် ဆိုသည့်အကြေင်း ကြားလိုက်ရသေး၏။

လွန်ခဲ့သည့် လေး၊ ငါးလအတွင်းက ထင်သည်။ ရန်ကုန်မြို့၏ အလှပဆုံးနှင့်
အထင်ကရလမ်းမကြီးဖြစ်သည့် ဦးဝိစာရလမ်းပေါ်မှ သက်တမ်း နှစ် ၇၀ ခန့် ရှိမည့်
ရေတမာပင်အချို့ကို လမ်းချဲ့ရန် ရည်ရွယ်ချက်ဖြင့် မြို့တော်စည်ပင် က
ခုတ်လှဲမိသဖြင့် သည်လောက်မှ သစ်ပင်တန်ဖိုး နားမလည်ရကောင်းလား
ကန့်ကွက်သံတွေ သတင်းမီဒီယာတွေထဲ သောသော ညံသွားခဲ့သေး၏။

သည်ဆယ်စုနှစ်အတွင်းတွင် ကမ္ဘာ့ရာသီဥတုများ ပြောင်းလဲလာမှု၊
ကမ္ဘာကြီးပူနွေးလာမှုဆိုသည့်အသံတွေ ကမ္ဘာနှင့်အ၀န်း ဆူဆူညံညံကြားလာရသည်။
ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊
သစ်တောများမပြုန်းတီးရေး လှုပ်ရှားမှုတွေ ကမ္ဘာ့နေရာအနှံ့ ပြုလုပ်လာကြသည်။
ပတ်ဝန်းကျင်စိမ်း လန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးပွဲတွေကို
ကိုယ့်အသိစိတ်နှင့်ကိုယ်ဆောင်ရွက်လာကြသည်။ သစ်ပင်၏ကျေးဇူးကို
နားလည်သဘောပေါက်လာခဲ့ကြသည်။

မှတ်မှတ်ရရဟု ဆိုရမည်။
၁၉၈၈ တွင်စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း မြို့တွေ၊ ရွာတွေ မှာ၊
အဝေးပြေးလမ်းမကြီးတွေ ၀ဲ ယာမှာ "တစ်အိမ်လျှင် သစ်ပင် တစ်ပင်မစိုက်မနေရ၊
သစ်ပင်မရှင်လျှင် မိမိတာဝန်သာဖြစ်ကြောင်း" အမိန့်ဖြင့် သေနတ်ပြကာ
စိုက်ခိုင်းသောကြောင့် စိုက်ခဲ့ကြရသေးသည်။ အဲ့သည်သစ်ပင်လေးတွေက ခုဆိုအသက်
နှစ်ဆယ်ကျော် နှစ်ဆယ့်ငါးဝန်းကျင်ဆိုတော့ လူပျို၊ အပျိုလေးတွေ
ဖြစ်ကုန်ကြပြီ။ အရိပ်လည်း ဝေကြပြီ။

န၀တ၊ နအဖ ခေတ် နှစ်ပေါင်း ၂၀ ကျော် ၂၅ နှစ်အတွင်း အရှေ့ရိုး၊ အနောက်ရိုး၊
အလယ်ရိုးတွေပေါ် မှသစ်တောတွေ မမြင်ကွယ်ရာ၌ ကုန်ခမန်း ပြုန်းခဲ့သည့်တိုင်
လမ်းဘေးဝဲယာ လူမြင်ကွင်းတွင်တော့ ကျွန်းပင်လေးတွေ အပေါက်မြန်ခဲ့သည်အမှန်။
မြို့ထဲ ရွာထဲ စိုက်ခဲ့ရသည့် အော်ရေးရှား၊ ယူကလစ်၊ ဗာဒံ၊
စသည့်အပင်လေးတွေက အရိပ်ရ နားခိုစရာလေးတွေ ဖြစ်နေကြပြီလည်း အမှန်။
ကြက်ဆူပင်လို ဗုံမဟုတ် ပတ်မဟုတ် အရူးချေးပန်း အပင်မျိုး
ကိုတော့ဖြင့် ထားတော့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က သစ်ပင်ချစ်သူဆိုတော့
အဲ့သည် သစ်ပင် လေးတွေ အရိပ်ရလာသည့် အတွက်ဖြင့် န၀တ၊ နအဖ တို့အပေါ်
အမှန်ပင် ကျေးဇူးတင်မိသည်။ တကယ်။

သို့ပါလျက်...ဟိုတစ်နေ့ က ဂျာနယ်တစ်စောင်ထဲ သတင်း
တစ်ပုဒ်ဖတ်လိုက်ရပြန်သည်။ အခြားမဟုတ် ကျွန်တာ့် မွေးဇာတိ
သဲကုန်းမြို့မှသတင်းဖြစ်၏။ ဓာတ်ပုံနှင့်တကွ ဖော်ပြထားသဖြင့် စိတ်ထဲမှာ
ပို၍ကသိကအောက် ဖြစ်ရသည်။ ကျွန်တော်တို့မြို့မှ ကျွန်တော်သံယောဇဉ်တွယ်သည့်
ဗာဒံပင်လေးတွေ ပင်ခြေမှ ဓားဖြင့်ရစ်ပြီး လုပ်ကြံသတ်ဖြတ်ခံ ထားရသည်။
တကယ်တော့ အဲသည်အပင်လေးတွေက အရိပ် ကောင်းကောင်းပေးနေပြီ။ ထို
အရိပ်ကိုမှီခို၍ ဆိုက်ကားဂိတ် ကလေးတစ်ခုရှိသည်။ လက်ဖက်ရည်ဆိုင်မှ
ခုံလေးတွေလည်း ချခင်းထားတတ်သည်။ ကွမ်းယာ ဆိုင်လေးတစ်ဆိုင်လည်း
ထိုအရိပ်မှာခိုသည်။

သို့ပါလျက် သစ်ပင်၏တန်ဖိုး၊ အရိပ်အာဝါသ၏တန်ဖိုးကိုနားမလည်သူတစ်ယောက်၏
ခိုင်းစေချက်ဖြင့် ထိုဗာဒံပင်လေးတွေ ပင်ခြေမှဓားဖြင့်ရစ်ကာ တိတ်တခိုး
လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရသည်တဲ့။

လူအများကို အေးချမ်းသော အရိပ်ဖြင့်ထီးမိုးပေးခဲ့သည့် ထိုအပင်လေးတွေ
မကြာခင်ရက်ပိုင်း
အတွင်းမှာ မရှုမလှနှင့် ရိုးတံပြိုင်းပြိုင်းဖြစ်ကြရတော့မည်ကို
တွေးပြီးကျွန်တော် စိတ်မချမ်းသာ။

သစ်ပင်တွေကို ချစ်တတ်သူ ကျွန်တော့်အနေနှင့်တော့ ကမ္ဘာပေါ်ရှိ
သစ်ပင်မှန်သမျှ သစ်ပင်တန်ဖိုးနားမလည်သူများ၏ ဘေးမှ ထာဝရ
ကင်းဝေးကြပါစေဟုသာ ...။

သင်းရီ
အတွဲ (၁၁)၊ အမှတ်(၄၄)
7daynews journal
Nann Nyunt Oo

1 comment:

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ