အပြည့်အ၀ သိရဖို့ အပြည့်အစုံ လေ့လာကြစို့

"သဘောတရားမပါတဲ့ လက်တွေ့ဟာ အကန်းနဲ့ တူတယ်"တဲ့၊ လက်တွေ့မပါသော
သဘောတရားဟာလည်း အမြုံနဲ့ တူတယ်"တဲ့။
နိုင်ငံရေးခေါင်းဆောင်ကြီးတစ်ယောက်ပြောဖူးတဲ့ ဒဿနစကားလေးပါ။ သဘောတရားရော
လက်တွေ့ရော နှစ်ခုလုံးဟာ အရေးပါတဲ့အတွက် နှစ်ခုစလုံးကို တွဲစပ်ပြီး
အသုံးပြုဖို့ ပြောချင်ပုံရပါတယ်။

မြတ်ဗုဒ္ဓရဲ့သာသနာတော်၊ မြတ်ဗုဒ္ဓရဲ့အဆုံးအမ ဆိုတာဟာလဲ သဘောတရားရယ်၊
လက်တွေ့ရယ်၊ ဒီနှစ်ခုပေါင်းစပ်ပေးရာကနေ ရလာတဲ့ ရလာဒ်ရယ်လို့ သုံးမျိုး
သုံးစား ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်အများစု သိထားကြတဲ့
စကားအတိုင်းပြောရရင်တော့ ပရိယတ်၊ပဋိပတ်၊ပဋိဝေဓ ဆိုတာတွေပါ။
ဒီသုံးမျိုးထဲမှာ သဘောတရားပိုင်းဖြစ်တဲ့ ပရိယတ်ဆိုတာ
ကျယ်ဝန်းများပြားပြီး ဘာသာစကားအရလည်း ကွဲပြားခြားနားတဲ့အတွက်
အကုန်လုံးကို ပေါက်မြောက်အောင် လေ့လာဖို့ဆိုတာဟာ အားလုံးအတွက်တော့
ဖြစ်နိုင်မယ် မဟုတ်ပါဘူး။ ဒါပေမဲ့ သဘောတရားနဲ့ လက်တွေ့ကို
ပေါင်းစပ်ချင်သူတွေအတွက်ကတော့ အကုန်လုံး မဟုတ်တာတောင်
ကိုယ်လုပ်ဆောင်ရမယ့်, အကောင်အထည်ဖော်ရမယ့် လက်တွေ့ပိုင်း အတွက်
လိုအပ်တဲ့သဘောတရားပိုင်းကိုတော့ဖြင့် ပြည့်စုံနိုင်သမျှ ပြည့်စုံ အောင်
လေ့လာထားသင့်တယ်၊ ထိုက်တန်သော ဓမ္မစာပေ ဗဟုသုတ ရှိထားသင့်တယ်လို့
ယူဆမိပါတယ်။

ဒီလိုပြောရတဲ့အကြောင်းကတော့---

တရားရိပ်သာတစ်ခုက ပြန်လာတဲ့ ဒကာမကြီး တစ်ယောက်က သူတရား
သွားအားထုတ်တဲ့ ရိပ်သာက ဆယ့်ငါးရက်နဲ့ အရိယာဖြစ်စေရမယ်လို့ အာမခံလို့ သူ
သွားအားထုတ်တာ ဆယ့်နှစ်ရက်မြောက်မှာပဲ ပထမမဂ်ကို ရခဲ့ပါတယ်လို့
ပြောလာလို့ပါ။ သူပြောတာကိုတော့ ဟုတ်တယ်, မဟုတ်ဘူး၊ ဖြစ်နိုင်တယ်,
မဖြစ်နိုင်ဘူး ဆန်းစစ်ဝေဖန်တာမျိုးတွေ လုပ်မနေတော့ပါဘူး။ သူက
လက်ဆောင်အဖြစ်နဲ့ ပေးတဲ့, အဲဒီရိပ်သာကဟောကြားတဲ့ တရားခွေကိုသာ
နားထောင်လိုက်ပါတယ်။ အဒီတရားထဲမှာ မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ
ခုနစ်ရက်နဲ့ တရားရစေရမယ်လို့ အာမခံထား တယ်တဲ့။ သူကတော့ ဘုရားမဟုတ်လို့
ဆယ့်ငါးရက်ဆိုပြီး အာမခံပေးတာပါ လို့ ပြောထားလေရဲ့။(ဒီထက်
စဉ်းစားစရာကောင်းတာတွေ၊ ဥပမာ- တရားပြသူကိုယ်တိုင်က သူ့ကိုယ်သူ
ရဟန္တာပါလို့ ထုတ်ပြောနေတာတွေ ရှိပါသေးတယ်။ဒါတွေကတော့ ထားပါတော့။)

မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ မည်သူမဆို သတိပဋ္ဌာန်
တရားလေးပါးကို ပွားများအားထုတ်ရင် မျက်မှောက်ဘ၀မှာ ရဟန္တာသော် လည်းကောင်း၊
အနာဂါမ်သော်လည်းကောင်း ဖြစ်နိုင်ကြောင်း ဟောကြားခဲ့တာကတော့ အမှန်ပါ။
ဒါပေမဲ့ ခုနစ်ရက်အတွင်း လို့ တစ်ထစ်ချ ဟောကြားတာမျိုးတော့ မဟုတ်ပါဘူး။
ခုနစ်နှစ် ခြောက်နှစ် ငါးနှစ် လေးနှစ် စသည်အားဖြင့် အဆင့်ဆင့်
ဟောကြားခဲ့ပြီးမှ နောက်ဆုံး ခုနစ်ရက်လို့ ဟောကြားခဲ့တာ ဖြစ်ပါတယ်။
မဟာဗောဓိရာဇကုမာရသုတ်မှာဆိုရင် ခုနစ်ရက်တောင် မဟုတ်ဘူး၊ မနက်အားထုတ်ရင်
ညနေမှာ ရဟန္တာ (သို့မဟုတ်) အနာဂါမ် ဖြစ်နိုင်ကြောင်းကိုတောင်
ဟောကြားခဲ့ပါသေးတယ်။

ဒီနေရာမှာ မြတ်စွာဘုရား မိန့်ကြားတဲ့ "ယော ကောစိ-မည်သူမဆို" ဆိုတာ
ဘယ်လို ပုဂ္ဂိုလ်မျိုးကို ဆိုလိုသလဲ ဆိုတာ စဉ်းစားစရာပါ။ လုပ်ငန်း
ခွင်တစ်ခုမှာ အလုပ်လျှောက်ထားရင်တောင် လူတိုင်းလျှောက်လို့ မရနိုင်ပါ
ဘူး။ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံသူတွေပဲ လျှောက်ထားလို့
ရနိုင်မှာပါ။ မြတ်စွာဘုရား မိန့်ကြားတဲ့ "ယော ကောစိ-မည်သူမဆို"
ဆိုတာဟာလည်း အဲဒီလိုမျိုး သတ်မှတ်အရည်အချင်းနဲ့ ပြည်စုံသူကို ဆိုလိုတာပါ။

ဒါနဲ့ပတ်သက်လို့ တစ်ခါတုန်းက ဗောဓိမင်းသား ဆိုသူဟာ
မြတ်စွာဘုရားကို မေးလျှောက်ဖူးပါတယ်။ သူမေးလျှောက်ထားကတော့-

"မြတ်စွာဘုရားသာသနာတော်မှာ ရဟန်းပြုလာသူတစ်ယောက်ဟာ မြတ်စွာ
ဘုရားတည်းဟူသော ဆရာကို အမှီပြုပြီး တရားဓမ္မကို ပွားများအားထုတ် မယ်
ဆိုရင် ဘယ်လောက်ကြာကြာ အားထုတ်မှ ရဟန္တာဖြစ်နိုင်ပါသလဲ" လို့ မေးတာပါ။
ဒါကို မြတ်စွာဘုရားက ဘယ်လို ပြန်ဖြေသလဲ ဆိုတော့

"ဒီမေးခွန်းနဲ့ ပတ်သက်လို့ မင်းသားကို ပြန်မေးစရာ ရှိပါတယ်၊ ကြိုက်သလို ဖြေပါ"တဲ့။

"သင်မင်းသားဟာ မင်းသားဖြစ်တဲ့အလျှောက် ဆင်စီး,ချွန်ကိုင်အတတ်ကို
တတ်မြောက်ထားပါတယ်၊ သင့်ထံကို တစုံတစ်ယောက်က အဲဒီ ပညာရပ် တွေကို
တတ်မြောက်ချင်လို့ သင်ကြားပေးပါ လို့ ပြောလာတယ် ဆိုပါစို့"တဲ့။

"ဒီလူဟာ ၁။ အလေးအနက်လဲ မထားဘူး၊ ၂။ ကျန်းမာရေးကလဲ ညံ့နေ တယ်၊ ၃။
မူယာမာယာကလဲများ၊ ၄။ ပျင်းကလဲ ပျင်း၊ ၅။ ဥာဏ်ကလဲ ထိုင်းတယ် ဆိုပါစို့"
တဲ့။ " ဒီလိုလူမျိုးကို သင်မင်းသား တတ်မြောက်အောင် သင်ပေးလို့
ဖြစ်နိုင်မလား"တဲ့။

ဒီလိုမေးလိုက်တော့ ဗောဓိမင်းသားက " အရှင်ဘုရားအမိန့်ရှိတဲ့
အချက်ငါးချက်ထဲက တစ်ချက်ချက်နဲ့ ငြိစွန်းနေရင်တောင် သင်ပေးလို့
မဖြစ်နိုင်ပါဘူးဘုရား။ ဒီလို မဟုတ်ဘဲ ၁။အလေးအနက်လဲ ထားမယ်၊
၂။ကျန်းမာရေးလဲကောင်းမယ်၊ ၃။ရိုးသားမှုလဲ ရှိမယ်၊၄။ကြိုးလဲ ကြိုးစားမယ်၊
၅။ဥာဏ်ကလဲ ကောင်းမယ်၊ ဒီလို အချက်အလက်တွေနဲ့ ပြည့်စုံမယ် ဆိုရင်တော့
တတ်မြောက်အောင် သင်ပေးလို့ ဖြစ်နိုင်ပါတယ်ဘုရား" လို့ ပြန်
လည်လျှောက်ထားပါတယ်။

ဒီတော့မှ မြတ်စွာဘုရားကလည်း တရားအားထုတ်မည့်သူအတွက် ၁။
သဒ္ဓါတရားရှိခြင်း ၂။ကျန်းမာခြင်း ၃။ရိုးသားခြင်း ၄။ လုံ့လ၀ီရိယရှိခြင်း
၅။အသိဥာဏ်ရှိခြင်းဆိုတဲ့ အင်္ဂါငါးရပ် လိုအပ်ပုံနဲ့ ဒီအင်္ဂါရပ်တွေနဲ့
ပြည့်စုံမယ်ဆိုရင် ခုနစ်နှစ်အတွင်းဆိုတာကနေ နောက်ဆုံး မနက် အားထုတ်ရင်
ညနေရနိုင်တယ်ဆိုတာကိုပါ ပြည့်စုံစွာ ဟောကြားတော် မူခဲ့ပါတယ်။
မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ တရားအားထုတ်မည့် သူအတွက်
လိုအပ်တဲ့အင်္ဂါရပ်တွေဟာ လွယ်ကူတဲ့ မြန်မာစကားနဲ့ အကျဉ်းချုပ်ပြီး
ရေးလိုက်တာဖြစ်လို့ အပေါ်ယံက ရှပ်ကြည့်ရင် တိမ်နေသလို ထင်ရကောင်း
ထင်ရပါလိမ့်မယ်။ တကယ့်တကယ် မြတ်စွာဘုရား ဟောကြားခဲ့တဲ့
ပါဠိတော်မူရင်းစကားကို လေးနက်စွာ စဉ်းစားကြည့်မယ် ဆိုရင်တော့
အင်္ဂါရပ်အားလုံးနဲ့ ပြည့်စုံဖို့ဆိုတာ လွယ်လွယ်နဲ့ မဖြစ်နိုင်ကြောင်း
မှန်းဆနိုင်မှာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ ပြောရရင် ကျန်းမာခြင်းဆိုတဲ့ ဒုတိယအင်္ဂါရပ်ကို လယ်တီဆရာ
တော်ဘုရားကြီးရဲ့ ၀ိဇ္ဇာမဂ္ဂဒီပနီမှာ

"ယခု ၀ိပ္ပတ္တိကာလအတွင်း၌ ဤဒုတိယအင်္ဂါ ပြည့်စုံခဲလှ၏။ ယခု လူတို့၏ ပကတိသော
ဝမ်းမီးသည် ကောက်ရိုးမီး, မြက်မှိုက်မီး, သစ်ရွက်မှိုက်မီးတို့
နှင့်အလားတူ၏၊ ဤမီးစုသည် ထခွင့်ဆိုက်လျှင် ရုတ်တရက် တဟုန်တည်း ထ၍
တောက်လျက် အနီးအစပ်တွင် ရှိရှိသမျှသော ၀တ္ထုစုကို ခဏခြင်း
လောင်ကျွမ်းစေတတ်၏၊ သေခွင့်ဆိုက်လျှင် ခဏခြင်း အပြီးသေ၏။"

လို့ ဆိုထားတာကို ထောက်ပြီး အတိမ် အနက်ကို ခန့်မှန်းနိုင်မယ် ထင်ပါတယ်။
ဒီအင်္ဂါရပ်တွေကို အပြည့်အစုံ အတိအကျ သိဖို့အတွက်တော့ မဇ္ဈိမနိကာယ်၊
ဗောဓိရာဇကုမာရသုတ်မြန်မာပြန်နဲ့ လယ်တီဆရာတော် ဘုရားကြီးရဲ့
ဝိဇ္ဇာမဂ္ဂဒီပနီမှာ ရှုကြပါတော့လို့သာ ညွှန်းဆိုချင်ပါတယ်။

မြတ်စွာဘုရားမိန့်ကြားတဲ့ ခုနစ်ရက်နဲ့ တရားရနိုင်တယ်၊ မနက်
အားထုတ်ရင် ညနေရနိုင်တယ်ဆိုတာတွေဟာ အထက်မှာ ဆိုခဲ့တဲ့ အင်္ဂါရပ် တွေနဲ့
ပြည့်စုံသူကို ရည်ရွယ်မိန့်ကြားခဲ့တာပါ။ ဒီအင်္ဂါရပ်တွေကို ချန်လှပ်ပြီး
ခုနစ်ရက်နဲ့ တရားရနိုင်တယ်, မနက်အားထုတ်ရင် ညနေရနိုင်တယ်လို့ ကွက်ပြီး
ဟောပြောတာမျိုးဟာ နားကြားသူတွေအတွက် ဆေးမဖြစ်ဘဲ ဘေး ဖြစ်သွားနိုင်ပါတယ်။
ဒီစာစုရဲ့ အစမှာ ဖော်ပြခဲ့တဲ့ ဒကာမကြီးဟာ အဲဒီလို အဖြစ်မျိုးနဲ့
ကြုံခဲ့ရတာပါ။ ဒီဒကာမကြီးဟာ ကျောင်းဆရာမတစ်ယောက် ဖြစ်တဲ့အတွက် လောကအလိုက်
ထိုက်သင့်သလို ဗဟုသုတရှိပေမယ့် ဓမ္မ စာပေဗဟုသုတဘက်မှာတော့
အားနည်းနေတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် လဲ ဟောပြောသူရဲ့
ဟောပြောချက်အပေါ်မှာ ချိန်ချိန်ဆဆ မရှိတော့ဘဲ တစ်ထစ်ချ ယုံစားမိတာ
ဖြစ်ပါတယ်။

ဒီအနေအထားမျိုးက ကျော်လွှားလိုသူတိုင်းဟာ ဓမ္မစာပေဖြစ်တဲ့
သဘောတရားပိုင်းကို အတတ်နိုင်ဆုံး ပြည့်ပြည့်စုံစုံ နားလည်အောင်,
ဓမ္မစာပေဗဟုသုတတွေ တိုးပွားအောင် လေ့လာသင်ယူသင့်ကြပါတယ်။ ဒီလို
ပြည့်ပြည့်စုံစုံ နားလည်သိရှိထားမယ်ဆိုလျှင် လက်တွေ့ပိုင်းကို
လုပ်ဆောင်ရာမှာ အယောင်ယောင်အ၀ါးဝါးနဲ့ အမှားတွေကို ရှောင်လွှဲနိုင်မှာ
ဖြစ်သလို အမှားဖြန့်ဖြူးနေသူတွေနဲ့ ကြုံရတဲ့ အခါမျိုးမှာလဲ စဉ်းစား
ချင့်ချိန်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် သဘောတရားပိုင်း ဖြစ်တဲ့
ဓမ္မစာပေတွေကို ပြည့်ပြည့်၀၀ သိရအောင် ပြည့်ပြည့်စုံစုံ
လေ့လာအားထုတ်ကြပါလို့ ဆန္ဒပြုလိုက်ပါတယ်။

(၁၉-၇-၂၀၁၁(အာဇာနည်နေ့) က ပိဋကပညာရှင်ဆရာကြီးဦးချမ်းသာနဲ့
ဓမ္မစာပေသင်တန်းသားများရဲ့ ၀ါဆိုသင်္ကန်းကပ်အလှူဒါနပွဲမှာ ပြောဖြစ်ခဲ့
တာလေးတွေကို စုစည်းရေးထားမိခဲ့တာ။ အခုမှပဲ ပြန်တွေ့တယ်။)

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ