နွားဦးချိုနှင့်မြင့်မိုရ်တောင် (၀ိုင်ကေသူ)

အခုတလော မြန်မာပြည်သူတွေ ခဏခဏကြားနေကြရတာက ကျေးဇူး၊ ကျေးဇူးဆိုတဲ့
စကားတွေ ဖြစ်နေတယ်။ နိုင်ငံတော်အကြီးအကဲတွေ၊ ပြောရေးဆိုခွင့်ရှိသူတွေက
တရုတ်က မြန်မာပြည်အတွက် ကျေးဇူးတွေရှိတယ်။ တစ်ချိန်တုန်းက ကမ္ဘာ့အလယ်မှာ
မြန်မာပြည်ကြီးကို ဘယ်လို ကာကွယ်ပေးထားတယ်။ အနောက်နိုင်ငံတွေ
စီးပွားရေးပိတ်ဆို့ထားချိန်မှာ တရုတ်က ဘယ်လိုကူညီခဲ့တယ် စသည်ဖြင့်
ကျေးဇူးတရားတွေကို သီကျူးဖွဲ့ဆိုနေကြတာတွေကို ကြားနေရတာကတော့
နားဝမှာမချမ်းသာပါလားလို့ ပြောချင်တော့တယ်။ အဲဒါနဲ့ ဂျာနယ်တွေ၊
စာစောင်တွေ၊ သတင်းတွေမှာ အဲဒီကျေးဇူးအကြောင်း တုံ့ပြန်တဲ့စကားတွေ
မြင်ရကြားရဖတ်ရမလားလို့ စိတ်ဝင်တစားနဲ့ လေ့လာခဲ့ပေမယ့် ဘယ်သူဘယ်ဝါကမှ
ချက်ချင်းမတုံ့ပြန်ကြတော့ (ကိုယ်ကမသိလိုက်တာလား ဆိုတာတော့
မပြောတတ်ဘူးလေ)ကို တရုတ်ပြည်ကြီးကို သီတင်းကျွတ်အခါသမယမှာ
သွားရောက်ကန်တော့ကြဖို့ စဉ်းစားနေကြတယ်။

အဲဒီလိုစဉ်းစားပြီး ဖယောင်းတိုင်၊ အမွှေးတိုင်လေးတွေ ၀ယ်မလို့လုပ်နေတုန်း
ဂျာနယ်တစ်စောင်မှာ ဆရာအော်ပီကျယ်ရဲ့ "သူကကျေးဇူးရှိတယ်လေ၊ ပွဲလန့်တုန်း
ဖျာခင်းပေးခဲ့တာ"ဆိုတဲ့ ကာတွန်းလက်ရာလေးတစ်ခု တွေ့လိုက်တော့မှပဲ
မောင်မင်းကြီးသား ကျေးဇူးရှင်ရဲ့ ဇာတိရုပ်ကို ကွက်ကွက်ကွင်းကွင်း
သိလိုက်ရတော့တာပဲဗျာ။

မြန်မာပြည်သူတွေမှာတော့ အာဏာရှင်လက်အောက်က လွတ်မြောက်ပြီး
လွတ်လပ်တဲ့ဘ၀တွေကို ရချင်ကြလွန်းလို့ ၁၉၈၈ ခုနှစ်မှာ ပြည်လုံးကျွတ်
အရေးတော်ပုံကြီး ဆင်နွှဲခဲ့ရ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီး အပါအ၀င်
ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြရတာတွေ၊ အဲဒီဆန္ဒပြပွဲမှာ ရဟန်း၊ ရှင်၊ လူ၊
ကျောင်းသား ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ သွေးချွေးပေါင်းများစွာ
ပေးခဲ့ဆပ်ခဲ့ကြရတာပေါ့ဗျာ။ အဲဒီလို ပေးဆပ်ခဲ့ကြရတာတွေဟာ ရာထူးတွေ၊
အာဏာတွေ၊ စည်းစိမ်တွေ လိုချင်လို့ မဟုတ်ခဲ့ကြပါဘူး။ ပြည်သူတွေအားလုံး
လွတ်လပ်တဲ့ဘ၀၊ လုံခြုံတဲ့ဘ၀၊ အေးချမ်းတဲ့ဘ၀တွေကို
ပိုင်ဆိုင်စေချင်တဲ့ဆန္ဒတွေနဲ့ အသက်၊ သွေးချွေးတွေ ဘ၀တွေကို
ပေးဆပ်ခဲ့ကြတာပေါ့။

ဒီမိုကရေစီရဲ့ အနှစ်သာရတွေကို စားသုံးနေကြတဲ့ နိုင်ငံတွေလည်း
မြန်မာပြည်သူတွေ အာဏာရှင်လက်အောက်က လွတ်မြောက်စေဖို့
သူတို့တတ်နိုင်တဲ့ဘက်ကနေပြီး ပြည်သူတွေကို ထောက်ခံပေးကြ၊ အာဏာရှင်ကို
ရှုတ်ချကြ၊ စီးပွားရေးပိတ်ဆို့ကြနဲ့ နည်းမျိုးစုံ ကူညီပေးခဲ့ကြတာပေါ့။
ကိုယ်နဲ့ ဆွေမတော်၊ မျိုးမတော်၊ အိမ်နီးချင်းလည်းမဟုတ်၊ ဘာသာမတူ၊
ယဉ်ကျေးမှုမတူ၊ စရိုက်မတူ၊ အစားအသောက်မတူ၊ ဘာသာစကားမတူ၊
ရုပ်ချင်းတောင်မတူကြတဲ့ မြန်မာပြည်က ပြည်သူတွေအတွက် ဟိုးအနောက်ဖျားက
နိုင်ငံတွေ၊ ပြည်သူတွေက ဆုမွန်ကောင်းတောင်းချွေရင်းနဲ့
ကူညီပေးခဲ့တာတွေကို ကျေးဇူးတင်ရမယ်ဆိုရင်လည်း တင်ထိုက်ပါပေမယ်။

အခုတော့ ပွဲလန့်တုန်းဖျာခင်း၊ ပြည်သူတွေမကြိုက်တဲ့ အာဏာရှင်ကိုမှ
စကားလုံးတွေနဲ့ ကာကွယ်ပေးပြီး မြန်မာပြည်က ကောင်းပေ့ညွတ်ပေ့ဆိုတဲ့
သယံဇာတတွေကို ဈေးပေါပေါနဲ့ဝယ်ယူ၊ မြန်မာပြည်အတွက်ကိုတော့
တရုတ်နောက်ဖေးပေါက်ကထွက်တဲ့ ဆီတွေကို အရောင်အနံ့စုံလင်အောင် ပြုပြင်ပြီး
တင်ပို့ပေးနေတဲ့ ကိုတရုတ်တွေကိုတော့ ဈေးပေါပေါနဲ့တောင်မှ
ကျေးဇူးမတင်ပါရစေနဲ့ဗျာ။ မဖြစ်မနေ ကျေးဇူးတင်ရမယ်ဆိုရင်လည်း
ပြည်သူတွေကိုတော့ မတင်ခိုင်းလိုက်ပါနဲ့။ အဲဒီကျေးဇူးတွေကို ပြည်သူတွေကို
မဆပ်ခိုင်းလိုက်ပါနဲ့။ ကျေးဇူးဆပ်ဖို့အတွက် နိုင်ငံ့သယံဇာတတွေ
ထပ်ပြီးမပေးလိုက်ကြပါနဲ့တော့။

အဲဒီလိုပြောတဲ့အတွက် မြန်မာပြည်သူတွေဟာ ကျေးဇူးမသိတတ်တဲ့သူတွေလားလို့
မေးစရာရှိပါလိမ့်မယ်။ ဒါလုံးဝမဟုတ်ပါဘူး။ မြန်မာပြည်သူတွေဟာ
သူတစ်ပါးရဲ့ကျေးဇူးကို သိတတ်ပြီး ပြန်ဆပ်လေ့ရှိကြတဲ့ နှလုံးသားကို
ပိုင်ဆိုင်ထားကြတဲ့သူတွေပါ။ အရာရာကို အကောင်းဘက်က တွေးခေါ်ရှုမြင်ပြီး
နေကြတဲ့သူတွေပဲလေ။

အနီးစပ်ဆုံး ဥပမာပေးရရင် လက်ရှိသမ္မတ ဦးသိန်းစိန်ကိုပဲ ကြည့်ပေါ့။
တစ်ချိန်က ပြည်သူတွေနဲ့ ဆန့်ကျင်ဘက် အာဏာရှင်အဖွဲ့အစည်းက ပုဂ္ဂိုလ်ပဲ။
ဒါပေမဲ့ လက်ရှိအချိန်မှာ နိုင်ငံတော်ကို
ဒီမိုကရေစီလမ်းကြောင်းပေါ်တင်ပေးပြီး ပြည်သူတွေနဲ့ တူညီစွာ
လျှောက်လှမ်းနေတဲ့အတွက် ပြည်သူတွေက သမ္မတကြီးကို ထောက်ခံပါတယ်။ သမ္မတကြီး
ကျန်းမာပါစေလို့ ဆုတောင်းပေးခဲ့ကြတာ မဟုတ်လား။ ဒါပေမဲ့
လက်ပံတောင်းတောင်သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းလိုက်တော့ သမ္မတကြီးက
စိတ်များပြောင်းသွားပြီလား၊ ဒါမှမဟုတ် တရုတ်ပြည်ကိုပဲ
ကျေးဇူးဆပ်လိုက်တာလားဆိုပြီး ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့တယ်။

ဆိုလိုချင်တာက မြန်မာပြည်သူတွေဟာ နှစ်ပေါင်းများစွာ အာဏာရှင်လက်အောက်မှာ
ဖိနှိပ်ချုပ်ချယ် ပိတ်ဆို့ခံခဲ့ကြရပေမယ့် ငတုံးငအတွေတော့
မဟုတ်ခဲ့ကြပါဘူး။ ကိုယ့်အပေါ်ကောင်းတာကို ကောင်းမှန်းသိခဲ့ကြသလို
ဆိုးတာကိုလည်း ဆိုးမှန်းသိခဲ့ကြပါတယ်။

ဒါကလည်း ကိုယ့်နိုင်ငံသားချင်းမို့ အကောင်းမြင်နေတာ မဟုတ်ပါဘူး။
ဂျပန်ကိုပဲကြည့်လေ။ ဖက်ဆစ်ဂျပန်တွေက မြန်မာပြည်ကို အုပ်ချုပ်ခဲ့ကြပြီး
မြန်မာပြည်သူတွေကို နှိပ်စက်ညှင်းပန်းခဲ့ကြသူတွေပါ။ ဒါပေမဲ့ အခုချိန်မှာ
မြန်မာပြည်အတွက် အထောက်အပံ့တွေပေး၊ ချေးငွေတွေကိုလျော်ပစ်၊
နောက်ချေးမယ့်ငွေကလည်း အတိုးနည်းနည်းနဲ့ချေးမယ် စသည်ဖြင့် ကူညီနေတာတွေကို
ကျေးဇူးတင်ရမယ်ဆိုရင် ကျေးဇူးတင်ပါတယ်လို့ အလေးအနက် ပြောလိုက်ချင်ပါတယ်။

ဒါပေမဲ့ ကိုတရုတ်ကြီးကိုတော့ ခပ်ပါးပါးပေးလိုက်ချင်တာက တရုတ်ပြည်ကို
မြန်မာပြည်သူတွေက ကျေးဇူးရှင်အဖြစ် ရှုမြင်ရမှာလား၊ ဒါမှမဟုတ်
မြန်မာပြည်သူတွေ သွားချင်တဲ့လမ်းကို ပိတ်ဆို့ပေးခဲ့တဲ့ အိမ်နီးချင်းအဖြစ်
ရှုမြင်ရမှာလား။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်သူတွေရဲ့ကျေးဇူးကို
အတင်ခံချင်ရင်တော့ ပြည်သူတွေရဲ့ဆန္ဒကို စာနာထောက်ထားပြီး
အိမ်နီးချင်းကောင်းပီသခဲ့သင့်ပါတယ်။ အခုတော့ အာဏာရှင်တွေရဲ့
ကိုးကွယ်ရာအဖြစ်သာ နေခဲ့ရတဲ့ တရုတ်ပြည်ကြီးကိုတော့ တစ်ချိန်က
အာဏာရှင်တွေကပဲ လှိုက်လှဲစွာ ကျေးဇူးတင်ကြပါတော့လို့ ပြောချင်ပါတယ်။

မြန်မာပြည်သူပြည်သားတွေအတွက်တော့ တရုတ်ပြည်ရဲ့ ကျေးဇူးတွေ၊ တရုတ်ပြည်ရဲ့
ကူညီထောက်ပံ့မှုတွေဟာ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ အဲဒီပမာဏဟာ
ဘယ်လောက်များသလဲလို့ ဥပမာပေးရရင်တော့ နွားဦးချိုပမာဏလောက်ပဲ
ရှိပါလိမ့်မယ်။ အဲဒီ နွားဦးချိုပမာဏလောက်ပဲရှိတဲ့ ကျေးဇူးတွေအတွက်
မြန်မာပြည်သူတွေက မြင့်မိုရ်တောင်လောက် ပမာဏရှိတဲ့ ကျေးဇူးတုံ့ပြန်မှုတွေ
နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ကြပြီးပါပြီ။

မြန်မာပြည်သူပြည်သားတွေအတွက် မြင့်မိုရ်တောင်လောက် ကြီးမားတဲ့
ကျေးဇူးရှင်တွေကတော့ သူ့ကျွန်ဘ၀မှလွတ်မြောက်ဖို့နဲ့ အာဏာရှင်လက်အောက်က
လွတ်မြောက်ဖို့ ဘ၀တွေ၊ အသက်တွေ၊ သွေးချွေးတွေ ပေးဆပ်ခဲ့ကြရတဲ့
ခေတ်အဆက်ဆက်က ရဟန်း၊ ပြည်သူ၊ ကျောင်းသားတွေအပါအ၀င် သူရဲကောင်းတွေ၊
အာဇာနည်တွေပဲ ဖြစ်ကြပါတယ်။

ဒါကြောင့်မို့လို့ ကျေးဇူးရှင်အဖြစ် ရှုမြင်ရမယ်ဆိုရင် တိုင်းပြည်အတွက်
ဘ၀တွေ အသက်တွေ ပေးဆပ်ခဲ့ကြပြီး အများအကျိုးဆောင်ရွက်ခဲ့ကြတဲ့
ပုဂ္ဂိုလ်တွေကိုသာ ရှုမြင်ကြဖို့ တိုက်တွန်းလိုက်ရပါတော့သည်။ ။

written by ၀ိုင်ကေသူ

7Day News Journal
အတွဲ (၁၁)၊ အမှတ်(၄၄)

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ