စိတ်မကောင်းဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ငယ်စဉ်တောင်ကျေး
ကလေးဘဝကတည်းက ဒီလို စစ်ပွဲတွေနဲ့ အဲဒီနယ်မြေ ဒေသမှာပဲ ကြီးပြင်း
ခဲ့ရလို့လေ။ ကျွန်တော့် မွေးရင်းမြေပေါ့နော်။ နှစ်တွေလည်း ကြာခဲ့ပေမယ့်
ဘာမှ မပြောင်းလဲသေးပါဘူး။ ဒါပေမဲ့လည်း စစ်ပွဲတွေက ပိုဆိုးလာတော့
စိုးရိမ်မိပါတယ်။
ကလေးဘဝ တုန်းကတော့ ကြောက်ရကောင်းမှန်း မသိဘူးပေါ့။ သေနတ်သံ၊
စိန်ပြောင်းသံတွေကိုလည်း အဝေးကပဲ ကြားရတာ ဆိုတော့
ပျော်တောင်ပျော်မိသေးတယ်။ ညီအစ်ကိုတွေ၊ သူငယ်ချင်းတွေနဲ့ စစ်တိုက်တမ်း
ကစားရင်တောင် ပါးစပ်က သေနတ်သံ ထွက်ရသေးတာ၊ ရေဒီယိုထဲက လာတဲ့ သေနတ်သံကိုပဲ
မှတ်ထားဖူးတာ၊ အခုလိုသေနတ်သံ စစ်စစ်ကြားရတော့ နားထောင်လို့ ကောင်းတယ်လို့
တွေးမိတယ် လေ။ အဲဒါကို ယောက်ျားလေး သဘာဝလို့ ပြောရမလား ဒါမှမဟုတ်
ကျွန်တော်တို့ လူမျိုးတွေရဲ့ Gene ဗီဇလို့ပဲ ပြောမလား။
ဒါပေမဲ့ အဲဒီသေနတ်သံတွေကြောင့် လူတွေ သေသွားရော။ ကျန်တဲ့သူတွေလည်း
ကြောက်လန့်ပြီး နောက်နေ့တွေမှာ မြစ်ကြီးနား ကို ပြောင်းရွှေ့သွားတာ
တွေ့ရတော့ သနားမိတယ်။ ဒီအဖြစ်အပျက်က ၁၉၇၂-၇၃ ခုနှစ်လောက်က မိုးညှင်းကို
KIA ဝင်စီး ခဲ့တာပေါ့။ မနက် ၄ နာရီလောက်မှာ ကျွဲချိုမှုတ်ပြီး
မြို့အစွန်ကို ဝင်တယ်။ အရှေ့စု ရပ်ကွက်က ပြည်သူ့စစ် အဖွဲ့နဲ့
တိုက်ပွဲဖြစ်တယ်။ ခလရ(၁၅) ရှေ့တန်း တပ်ခွဲတွေလည်း ရှိတယ်။ သူတို့နေရာနဲ့
နည်းနည်းဝေးတော့ လိုက်သွားကြတယ်။ နောက်နေ့မှာ ကချင်ပြည်နယ်
ပြည်သူ့ကောင်စီ က ဦးဖော်ယူးခါးတို့ ရဟတ်ယာဉ်နဲ့ လယ်ကွက်ထဲ ဆင်းတယ်။
ဖြစ်ပြီးမှ ဘာတွေပဲလုပ်လုပ်မရတော့ဘူးပေါ့။ အရှေ့စုရပ်ကွက် က
ပြည်သူ့စစ်နဲ့ တချို့သေကြသလို အောင်သပြေရပ်ကွက်က တချို့ ကချင်တွေလည်း
သေခဲ့ကြတယ်။ မီးရထားဘူတာရုံမှာ ကချင်မိသားစု တွေ မိုးကောင်း
မြစ်ကြီးနားကို နေ့စဉ် ပြောင်းသွားကြတာ တွေ့ရ တယ်။ ကလေးဘဝက သနားတာ၊
စိတ်မကောင်းတာပဲ သိတယ်လေ။ စစ်ပွဲဆိုတာ လူတွေသေကြေ ဒဏ်ရာရတယ်။ ဒုက္ခိတတွေ
ဖြစ်တယ်။ လယ်ယာစီးပွားတွေ ပျက်တယ်။ ဝမ်းနည်း ပူဆွေးမှုတွေ၊ နာကျင်ခံစား
မှုတွေက တစ်ဆင့် မုန်းတီးမှုကို လက်ဆင့်ကမ်း ပေးလိုက်တယ်။
ကြောက်လန့်မှုတွေနဲ့ အတူ နေရပ်ဒေသကို စွန့်ခွာသွားကြတယ်။ အနိဋ္ဌာရုံတွေ
မပြီးသေးပါဘူး။ ဆင့်ကဲဆင့်ကဲ ဆက်တိုက် ဖြစ်ပေါ်လာတာတွေက ကျန်းမာရေး
ချို့တဲ့တာ၊ ပညာရေး ပျက်ယွင်းတာ၊ စီးပွားရေးနဲ့ အသက်မွေးဝမ်းကျောင်း
လက်မဲ့ဖြစ်တာနဲ့အတူ မိသားစုဘဝ တွေ ပြိုကွဲ ပျက်စီးမှုတွေက ရင်နင့်
ကြေကွဲစရာပါ။ ပြည်တွင်းစစ်ရဲ့ အမွေဆိုးကို အခုချိန်ထိ ခံစားရတုန်း၊
ဘယ်တော့များမှ ပြီးနိုင်မှာလဲ။ လူရယ်လို့ ဖြစ်လာကတည်းက ကျွန်တော်တို့
နိုင်ငံမှာ စစ်ပွဲတွေ ရှိနေ ခဲ့တယ်။ အခုပဲ အသက် ၅၀ ကျော်နေပြီ၊
ကျွန်တော်တို့ လူ့ဘဝ ကျောမခိုင်းခင် ရပ်တန့်သွားရင် ကောင်းမှာပဲ၊
ရပ်တန့်သွားအောင် လည်း ကြိုးစားရမှာပေါ့။ နောက်မျိုးဆက်တွေကို ကောင်းမွေ
မပေး နိုင်ရင်တောင် ဆိုးမွေတွေကို မပေးခဲ့ချင်ဘူးလေ။
ဒါပေမဲ့ ပြောရတာ လွယ်တယ်၊ လက်တွေ့ လုပ်နိုင်ဖို့က ခက် ပါတယ်။ ဒါက ဘယ်ကိစ္စ
မဆိုပါ၊ လူမျိုးရေးနှင့် ဆိုင်တဲ့ စစ်ပွဲဆိုတော့ ပိုခက်တာပေါ့။
တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်းနဲ့လည်း လုပ်ဖို့ လွယ်မှာမဟုတ်ဘူး။
အကြောင်းရင်းတွေကလည်း များတယ် မဟုတ် လား။ ဒုတိယကမ္ဘာစစ်ကြီး အပြီး
လွတ်လပ်ရေးရပြီးတော့ မကြာခင် မှာ ရလာတဲ့ ပြည်တွင်းစစ် ဆိုပေမယ့်လည်း
တကယ်တမ်းကျတော့ ဒီ့အရင် ဘုရင်ခေတ် ကာလတွေ ကတည်းက စစ်ပွဲတွေ ရှိနေခဲ့တာလေ။
ကချင်ပြည်နယ်လည်း ဘယ်လွတ်ပါ့မလဲ ပါခဲ့တာပေါ့။ အင်းဝခေတ် တုန်းက အင်းဝကို
သိမ်းပိုက်ခဲ့တဲ့ မိုးညှင်းမင်းတရား ဆိုတာ ရှိခဲ့ တယ်။ ဒီထက် ရှေးကျတဲ့
ခန္တီးရှမ်းတွေလည်း စစ်ပွဲတွေဖြစ်ပြီး ပူတာအိုဘက်ကနေ တဖြည်းဖြည်းတောင်ဘက်
ဆင်းခဲ့တာပါ။ စစ်ပွဲတွေဟာ ကြာတော့လည်း ကြက်မနဲ့ ကြက်ဥ ဘယ်ဟာက အရင်ကျ သလဲ
မသိတော့သလို မုန့်လုံးစက္ကူကပ် ဖြစ်သွားတာ ပေါ့နော်။
ကျွန်တော် မွေးဖွားကြီးပြင်း လူလားမြောက် ခဲ့တဲ့ ကချင်ပြည်နယ်ဆိုတာ
စစ်ပွဲတွေ ရှိနေပေမယ့် သဘာဝတောင်တန်းကြီးတွေနဲ့ စိမ်းစိုတဲ့
ရှုခင်းတွေရယ်၊ သစ်တောဖုံးနေတဲ့ ရေမြေတောတောင်တွေ ဟာ သာယာလှပစွာ
ရှိနေတုန်းပါ။ ကချင်လူမျိုး အများစုဟာလည်း ကျေးလက်ဒေသမှာ တောင်ယာ အပါအဝင်
စိုက်ပျိုးရေး လုပ်ကိုင်နေ ထိုင်ကြတာပါ။ ဒါပေမဲ့ ကချင်ပြည်နယ်မှာ
ကချင်လူမျိုးက တခြား လူမျိုးတွေနဲ့ စာရင် လူဦးရေ နည်းပါးတာအမှန်ပဲ။
များတာက ဗမာ၊ ရှမ်း၊ တခြားတိုင်းရင်းသားတွေနဲ့ မြို့ပေါ်မှာတော့ တရုတ်၊
ကုလား၊ ပန်ချာပီ၊ ဂေါ်ရခါးတွေပါ။ နေလာတာကြာလှပြီဆိုတော့ ခင်မင်ရင်းနှီး
နေကြပြီး စိုနေတဲ့လက်တွေ ခြောက်သွားမယ် ဆိုရင်လည်း မကောင်းပါဘူး။
ကချင်လူမျိုး တော်တော်များများမှာလည်း ဒီလိုစိတ်ထား ရှိကြပါတယ်။
မြို့ပေါ်က ပညာတတ် ကချင်လူမျိုးတွေကလည်း ဝိုင်းဝန်း ထိန်းသိမ်းနားချ
နေကြတာ ကြားသိ နေရပါတယ်။ ဆရာလုပ်တာလည်း မဟုတ်ဘူးနော်။ အလျဉ်းသင့်တုန်း
ပြောပါရစေ။ ကျဉ်းမြောင်းတဲ့ လူမျိုးရေး စိတ်ထား၊ အစွန်းရောက်တဲ့
မျိုးချစ်စိတ်ဓာတ်တွေဟာ မကောင်းဘူး၊ အကျိုးမပြုဘူး၊ မထားသင့်ဘူး။
စစ်မှန်တဲ့ပြည်ထောင်စု စိတ်ဓာတ်၊ တစ်ဦးနဲ့တစ်ဦး ကောင်းကျိုးချမ်းသာ
ရှေးရှုတဲ့ ချစ်ကြည်ရင်းနှီးတဲ့ သည်းခံ ရိုင်းပင်းခြင်း၊ အပြန်အလှန် ကူညီ
ဖေးမလို့ ထောက်ပံ့ပေးကမ်းခြင်း ဆိုတဲ့ ကောင်းမွန်တဲ့ စိတ်ထားတွေသာ
မွေးမြူထားရှိသင့်တယ်။ စည်းလုံးညီညွတ်မှုသာ အောင်မြင်မှု အတွက် အခြေခံ
အုတ်မြစ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးဟာ မဖြစ်မနေ
လိုအပ်လာတယ်။
ပြည်သူလူထု တစ်ရပ်လုံးဟာ ကာလကြာရှည် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့်
ငြိမ်းချမ်းရေးကို ကလေးနို့ဆာ သလိုမျိုး ဆာလောင်မွတ်သိပ် နေကြတယ်။
အထူးသဖြင့် ကချင်ပြည်နယ်သူ ကချင်ပြည်နယ်သားတွေပေါ့။ ကျွဲနှစ်ကောင်
ခတ်တဲ့ကြားက မြေစာပင်လို့ပဲ ပြောရမလား။ အစိုးရ စစ်တပ်တွေဆိုတာ ကလည်း
မရှိလို့ မဖြစ်။ အသက်သွေးကြောသဖွယ် တစ်ခုတည်းသော မီးရထားလမ်း ကလည်း
မကြာခဏ မိုင်းခွဲခံ နေတာ မဟုတ်လား။ KIA တွေကိုလည်း ပြောမရ ဆိုမရ။
အဲဒီတော့ ဟိုဘက်ကလည်း ကြောက်ရ၊ ဒီဘက်ကလည်း ကြောက်ရ၊ ပြေးစရာလည်း မြေမရှိ၊
ဘာလုပ်ကိုင် စားသောက်ရမလဲ မသိ၊ တစ်နေ့တစ်နေ့ ထမင်းစားနိုင်ဖို့အတွက်
ရုန်းကန် လှုပ်ရှားဖို့ရာ သောကတွေ တစ်ပွေ့တစ်ပိုက်နဲ့ စိတ်ညစ် နေကြမှာပါ။
လူနေမှုဘဝတွေ နိမ့်ကျမှုနဲ့အတူ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး
ဘက်ပေါင်းစုံဟာ တဖြည်းဖြည်း နိမ့်ပါးနေမှာပါ။ မရှိတာထက် မသိတာ
ပိုခက်ပါတယ်။ အသိဉာဏ် နိမ့်ပါးမှုဟာ ပိုဆိုးဝါးပါတယ်။ ကုစားနိုင်ဖို့
အချိန် အတော်ကြာယူမှ ရမှာပါ။ ပြန်လည် တည်ဆောက်မှုနဲ့ ဖွံ့ဖြိုး
တိုးတက်မှုတွေကလည်း ဝေးကွာနေဦးမှာပါ။ ဒါ တွေကို ကချင်လွတ်မြောက်ရေး
တပ်မတော် (KIA) ကညီအစ်ကိုတွေ သိစေချင်ပါတယ်။ အခုအချိန်က
ခေတ်ပြောင်းနေပြီ၊ ပါတီစုံ ဒီမိုကရေစီ စနစ် ကျင့်သုံးနေပြီ။
ပြည်သူလူထုကြိုက်နှစ်သက် ရွေးချယ် လိုက်တဲ့ပါတီက အစိုးရဖွဲ့ခွင့် ရှိတယ်။
မြို့နယ်တွေက မဲပေးရွေးချယ် လိုက်တဲ့ ပါတီကိုယ်စားလှယ်တွေက
ပြည်သူ့လွှတ်တော်နဲ့ တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်စားပြုထားတဲ့
အမျိုးသားလွှတ်တော် အသီးသီးမှာ ပါဝင် ဆောင်ရွက်နိုင်ပြီလေ။
နိုင်ငံသားတိုင်းလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားနိုင်မှတော့
ကိုယ်ကြိုက်တာ ပြောခွင့်ရှိတယ်။ ကိုယ့်အယူအဆတွေ၊ ကိုယ်ဖြစ်ချင်တာတွေ
ပြောပါ၊ ဥပဒေနဲ့ လွတ်ကင်းရင် ရပါတယ်။ ဘာလို့ သေနတ်ကြီးကိုင်ပြီး လူတွေကို
ဒုက္ခပေးနေမလဲ။ ကျွန်တော့်အမြင် တော့ ကချင် တိုင်းရင်းသားတွေဟာ
ရိုးသားတယ်၊ ယဉ်ကျေးတယ်၊ မိရိုးဖလာဓလေ့တွေကို ထိန်းသိမ်းထားတယ်။
ခင်မင်နှစ်သက်ဖွယ် ရှိတဲ့အပြင် ဉာဏ်ပညာမြင့်မားသော၊ အမြင်ကျယ်သော၊
ခေတ်စနစ်နဲ့ အညီ လိုက်လျောညီထွေ နေထိုင်တတ်သော၊ ခေတ်မီ တိုးတက်သော
မြန်မာပြည်ရဲ့ ဦးခေါင်းပေါ်မှာ ဂုဏ်သိက္ခာနဲ့ လျော်ညီစွာ နေနေသူတွေ လို့
ပြသဖို့ အချိန်တန်ပြီထင်ပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်သူ
ပြည်နယ်သားတွေရဲ့ကိုယ်စား စစ်ပွဲတွေ ရပ်ပေးဖို့ လှိုက်လှဲစွာ တောင်း
ပန်ပါတယ်။ ပြည်နယ်က မိဘပြည်သူတွေကို သနားငဲ့ညှာ ထောက်ထားပေးဖို့လည်း
အလေးအနက် မေတ္တာရပ်ခံ အပ်ပါတယ်။
ကချင်ပြည်နယ်မှာ ယမ်းငွေ့တွေအစား တို့ငယ်တုန်းကလို နှင်းငွေ့တွေ ပြန်ဝေနိုင်ပါစေ။
တစ်ခါတုန်းက ဇော်မိုင်းရဲ့ သူငယ်ချင်း
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ