ရပ်/ကျေး အုပ်ချုပ်ရေးမှူးဆိုတာ တကယ်တော့ ဆူးကြားထဲမှာသီးတဲ့ ဘူးသီးလေးတွေပါ

ကျွန်တော်က အုပ်ချုပ်ရေးမှူး ဆိုပေမယ့် ရပ်/ကျေး
အုပ်ချုပ်ရေးမှူးဖြစ်လေတော့ စာတစ်ပုဒ်ဖြစ်အောင် ရေးရတာဟာ ကျုပ်အတွက်
မတ်စောက်တဲ့ တောင်ခါးပန်းကို ကုတ်ကပ် တက်ရသလို အင်မတန်မှ ပင်ပန်းတာ
ပါလားဗျာ။

ဒီစာကလည်း ကျုပ်အတွက် မရေးလို့မဖြစ်၊ ရေးကိုရေးမှ ဖြစ်တော့မယ့်
အခြေအနေမို့ ကျုပ်ဦးနှောက်ထဲရှိသမျှကို ဖျစ်ညှစ်ပြီး မဖြစ်ဖြစ်အောင်
ရေးလိုက် ရတာပါဗျာ။ ဒါတောင် ရေးလိုက်၊ ဆုတ်ပစ်လိုက်နဲ့
စိတ်တိုင်းမကျတိုင်း သုံးလေးခါလောက် ထပ်ခါထပ်ခါ ရေးမှ ဒီအခြေအနေ
ရောက်လာတယ် ပေါ့ဗျာ။

သတင်းဆောင်းပါးတွေ ရေးနေတဲ့ စာရေးဆရာများရဲ့စာလို တော့ ဖတ်လို့
ချောချင်မှ ချောမှာပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်ရပ်/ကျေး
အုပ်ချုပ်ရေးမှူးများရဲ့လက်တွေ့ဘဝ အခြေအနေကို သိစေချင်လွန်း လို့
ရင်ဖွင့်ပြတဲ့ ရင်ဖွင့်စာကိုတော့ သည်းခံခွင့်လွှတ်ပြီး ဖတ်ကြည့်စေ
ချင်တယ်ဗျာ။

ဒီစာရေးဖို့ ဖြစ်လာတာက ခုတစ်လော ဂျာနယ်အစောင်တိုင်းမှာ လိုလို ကျုပ်တို့
ရပ်/ကျေးအုပ်ချုပ်ရေးမှူးများရဲ့ ငွေကြေးနဲ့ ပတ်သက်တဲ့ မကောင်းသတင်းတွေက
ဝေဝေဆာဆာနဲ့ ဖတ်နေရလို့ ဆိုပါတော့ဗျာ။ မကောင်းတဲ့သူကို မကောင်းတဲ့
အကြောင်းရေးတာက အကြောင်း မဟုတ်ပေမယ့် ကောင်းတဲ့သူတွေကိုပါ မြောင်းပုပ်ထဲ
ရောက်အောင် တွန်းပို့နေကြတာများလားလို့ စိတ်ထဲမှာ တနုံ့နုံ့နဲ့
တွေးနေမိတာတော့ အမှန်ပဲဗျာ။

တစ်ခါတစ်ခါတော့လည်း တစ်ယောက်တည်းကြိတ်ပြီး တွေးနေမိ သေးတယ်ဗျာ။ သြော်
ငါတို့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ထောက်ခံစာ တစ်ခါလုပ်ရင် ၅၀၀၊
ဧည့်စာရင်း တစ်ခါတိုင်ရင် ၂၀၀၊ ကင်းကြေးက တစ်အိမ်ကို ၂၀၀ ကောက်တာလေးကို
ရေးကြီးခွင်ကျယ် လုပ်ပြီး သတင်းဆောင်းပါး အနေနဲ့ ရေးလိုက်ကြတာ။ ဒါဟာ
နိုင်ငံတော် သမ္မတကြီးပြောခဲ့တဲ့ ကောင်းသောအစိုးရ၊ သန့်ရှင်းသော အစိုးရ
လက်ထက်မှာ ကောင်းသောရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အဖြစ် မြင်ချင်လို့
ထင်ပါရဲ့ပေါ့။

ဒါဆိုရင်လည်းဗျာ ပြည်သူတွေ ဆီကနေ မတရားသဖြင့် ငွေညှစ်နေတဲ့ အစိုးရဌာန
လက်အောက်က ဝန်ထမ်းများရဲ့အကြောင်း ကရော၊ ကျုပ်တို့ ရပ်/ကျေး
အုပ်ချုပ်ရေးမှူး အကြောင်းနဲ့စာရင် ပိုပြီး ရေးလို့ မကောင်းပေဘူးလားဗျာ။
ကျုပ်တို့ရပ်/ကျေးအုပ်ချုပ်ရေးမှူး တွေအနေနဲ့ ပြည်သူတွေဆီက ငွေကောက်လို့၊
ငွေတောင်းလို့၊ အဲဒီ ငွေနဲ့ တိုက်ဆောက်တဲ့သူ၊ ကားစီးတဲ့သူ
တစ်ဦးတစ်ယောက်မှ မရှိခဲ့ ပေမယ့် စောစောကပြောတဲ့ ဌာနဆိုင်ရာ
ဝန်ထမ်းကြီးများ ကတော့ ကျုပ်တို့မြို့ကို ရောက်ရင် ကားတစ်စီးကတော့
ဝယ်ဖြစ်သွားကြတာ လူတိုင်း အသိပါဗျာ။

ပွင့်ပွင့်လင်းလင်း ပြောကြရအောင်ဗျာ။ ကျုပ်တို့ ရပ်/ကျေး
အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ ရပ်ကွက်ထဲ ငွေကောက်တဲ့ နေရာမှာ
ကိုယ့်သဘောနဲ့ကိုယ် ကောက်ဖို့ဆိုတာ အင်မတန်မှ မလွယ်တဲ့ကိစ္စ ပါဗျာ။
ရှေ့နောက် မစဉ်းစား တတ်တဲ့ အချို့သော ရပ်/ကျေးအုပ်ချုပ် ရေးမှူးများကသာ
မျက်စေ့ကန်း တစ္ဆေမကြောက် ဆိုသလို တစ်နပ်စား ဉာဏ်နဲ့ ကိုယ့်ဘဝကိုယ်
အပွန်းအပဲ့ခံပြီး လုပ်ဝံ့ကြတာပါ။ သူတို့ လုပ်သမျှဒဏ်ကိုလည်း သူတို့ဟာ
သူတို့ ခံသွားကြရတာ မျက်မြင် ပါပဲဗျာ။

အမှန်ပြောရရင် ဒီနေ့ ကျုပ်တို့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ
ရပ်ကွက်ပြည်သူဆီက ငွေကောက်နေရတာက ကျုပ်တို့ အထက်အဖွဲ့အစည်း အဆင့်ဆင့်ရဲ့
ညွှန်ကြားစာ အမိန့် ဒါမှမဟုတ် နှုတ်မိန့် ကြောင့်သာ လုပ်ကြရတာပါ။

စဉ်းစားကြည့်လေဗျာ။ မြို့နယ်အနေနဲ့ စာဖြေသံဃာ အပါး ၂၀၀ ကျော်
ဆွမ်းကပ်ဖို့တို့၊ စာအောင်သံဃာတွေကို ဘွဲ့တံဆိပ်ကပ် လှူဖို့တို့၊
မြို့နယ်သင်္ကြန်တို့၊ ခရိုင်အဆင့်၊ တိုင်းအဆင့် သင်္ကြန်တို့၊ ဆို၊ က၊ ရေး၊
တီး/လှယဉ်ကျေးမယ်တို့၊ ပြီးတော့ ရေဘေး၊ လေဘေး၊ မီးဘေးဒုက္ခသည်တွေကို
ထောက်ပံ့ဖို့ ဆိုတဲ့ အကြောင်းအရာတွေ အတွက် လိုအပ်တဲ့ငွေကို ရှာပေးဖို့က
ကျုပ်တို့ ရပ်/ကျေးရွာ အုပ်ချုပ် ရေးမှူးများရဲ့
ခေါင်းပေါ်ရောက်လာတာလေဗျာ။

ဒါတွေက ခေါင်းစဉ်ရှိလို့ ကောက်ရတာဆိုပြီး အကြောင်းပြ လို့ရပေမယ့်
ခေါင်းစဉ်မရှိဘဲ တောင်းတဲ့ငွေကျတော့ ကျုပ်တို့ရပ်/
ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ အိတ်ထဲက စိုက်ရတာပေါ့ဗျာ။ ဆိုကြပါစို့
ဌာနဆိုင်ရာအတွက် ရပ်/ကျေးအနေနဲ့ ကောက်ခံ ပြုစုပေးရတဲ့ စာရင်းတွေကို အထက်
အဖွဲ့အစည်း အဆင့်ဆင့်ကို တင်ဖို့အတွက် ကွန်ပျူတာ စီတာတို့၊
မိတ္တူပွားတာတို့ အတွက် ကုန်ကျစရိတ်ကို ကျုပ်တို့ ရပ်/ကျေး
အုပ်ချုပ်ရေးမှူးတွေရဲ့ အိတ်ကပ်ထဲက စိုက်ရတာပဲဗျာ။

ဒီကြားထဲမှာ စာအုပ်စာတမ်းကြေး၊ ဂျာနယ်ကြေး ဆိုတာတွေက ရှိသေးဗျ။ လောလောဆယ်
ကျုပ်တို့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး အတွက် ထုတ်တဲ့ ဥပဒေတို့၊
နည်းဥပဒေတို့ ဆိုတဲ့ စာအုပ်ဖိုးတွေကို လည်း ကျုပ်တို့ငွေကြေးနဲ့
စိုက်ထုတ် ဝယ်ရတာပါပဲဗျာ။

ဒါတင် ဘယ်ကလိမ့်ဦးမလဲဗျာ။ ဌာနဆိုင်ရာတို့၊ အဖွဲ့အစည်း အမည်ခံထားတဲ့
အသင်းအဖွဲ့တို့၊ ရပ်ကွက်ထဲ ကွင်းဆင်း ဆောင်ရွက်ပြီဆိုရင် ကျုပ်တို့မှာ
လူအားလည်းစိုက်ရ၊ သူတို့များကိုလည်း ကျွေးမွေး ဧည့်ခံရသေးတယ်ဗျာ။
မြန်မာလူမျိုးများရဲ့ ဓလေ့ထုံးစံမှာ က ကိုယ့်အိမ်လာတဲ့ ဧည့်သည်ကို
အိမ်ရှင်က တာဝန်ကျေပွန်စွာ ဧည့်ခံကြတာဟာ အစဉ်အလာ ယဉ်ကျေးမှု တစ်ရပ်ဆိုတာ
လက်ခံ ပါတယ်ဗျာ။

ဒါပေမဲ့ ဌာနဆိုင်ရာတို့၊ အဖွဲ့အစည်းတို့မှာပါတဲ့ ပုဂ္ဂိုလ်ကြီးများက
ဧည့်သည်အသွင်နဲ့ ဝင်လာတာ မဟုတ်ဘဲနဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးဆိုတာ
ရပ်ကွက်ထဲကရတဲ့ ငွေတွေ ရှိတယ်ဆိုတဲ့ အသိနဲ့ သူတို့လာရင်ကျွေးကို
ကျွေးရမယ်ဆိုတဲ့ အမြင်နဲ့ လာကြတာဆိုတော့ ကျုပ်တို့မှာ မချစ်သော်လည်း
အောင့်ကာနမ်း နေရတာပေါ့ဗျာ။

ဒီကြားထဲ ကိုယ်နဲ့ အနီးကပ်နေပြီး လက်တွဲ လုပ်ကိုင်နေရတဲ့
ရပ်/ကျေးစာရေးများကလည်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးကြီး ထောက်ခံစာ
လုပ်ပေးရလို့၊ စာချုပ်စာတမ်းတွေ လက်မှတ်ထိုးရလို့၊ ငွေတွေအလုံးလိုက်
အခဲလိုက် ဝင်နေတယ် ဆိုတဲ့အမြင်နဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများရဲ့
အိတ်ကပ်ထဲက ငွေမထွက်ထွက်အောင် သူတို့ တတ်ကျွမ်းတဲ့ ရုံးပညာရပ်များနဲ့
အကြောင်းပြပြီး ငွေညှစ်ချင်ကြသေး တယ်ဗျာ။ (စာရင်းဇယားတွေဆိုတာက
သတ်မှတ်ရက် မပေးနိုင်ရင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး တာဝန်လေဗျာ)
စဉ်းစားကြည့်ဗျာ၊ ထောက်ခံစာဆိုတာ တစ်လ ဘယ်နှခါများ လာမှာမို့တုံး၊
ပြီးတော့ စာချုပ်စာတမ်းဗျာ၊ တစ်လကို ဘယ်သူက ဘယ်နှခါလာပြီး
အုပ်ချုပ်ရေးမှူးဆီမှာ စာချုပ်နေလို့တုံး၊ တကယ်တော့ ရပ်/ကျေး
အုပ်ချုပ်ရေးမှူးတွေဆိုတာ ဝင်ငွေရယ်လို့ သတ်သတ်မှတ်မှတ် မရှိဘဲနဲ့
ကိုယ့်ထမင်းကိုယ်စားပြီး ပြည်သူ့ဝန် ထမ်းနေကြရတဲ့ သာမန်လူတွေပါဗျာ။

ကျုပ်တို့လည်း လူထဲကလူတွေပါဗျာ၊ အထူးသဖြင့် ပြည်သူထဲ က ပြည်သူပါပဲ၊
ပြည်သူ စိတ်မချမ်းသာတဲ့အလုပ်၊ ပြည်သူမနှစ် သက်တဲ့ အလုပ်၊ ကျုပ်တို့ကလည်း
ဘယ်လုပ်ချင်ပါ့မတုံး။ အထူး သဖြင့် ရပ်ကွက်ပြည်သူဆီက ငွေကောက်ရမယ့်
အလုပ်တို့၊ ရပ်ကွက်ထဲက ပြည်သူတွေကို ဘာအခမ်းအနား တက်ဖို့၊ ဘာအစည်းအဝေး
တက်ဖို့၊ ဘာဖွင့်ပွဲတက်ဖို့ ဆိုတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး လူဆင့်ခေါ်ရတဲ့
အလုပ်တို့ကို ကျုပ်တို့တစ်တွေ မလုပ်ချင်တာအမှန်ပါ။

ဒီနေ့ ဒီမိုကရေစီဆိုတဲ့ ခေတ်ပြောင်းကာလမှာ ပြည်သူထဲက ဘာငွေကြေးမှ
မကောက်ခံရ၊ ဘာအကြောင်းပြချက်နဲ့မှ ပြည်သူရဲ့ စိတ်ဆန္ဒ မပါရှိဘဲ၊ အတင်းအဓမ္မ
မခိုင်းရ၊ မခေါ်ရဆိုတဲ့ အမိန့်တွေက တရားဝင် ထွက်ထားတာလေဗျာ၊ ဒါပေမဲ့
ကျုပ်တို့မှာ ငွေကောက် ရတဲ့အလုပ်တို့၊ လူဆင့်ရတဲ့ အလုပ်တို့က
ကြိုကြားကြိုကြား လုပ်နေရတုန်းပါဗျာ။

ခိုင်းလို့ မလုပ်ပြန်ရင်လည်း တာဝန်မကျေတဲ့ တာဝန်ပျက်ကွက် တဲ့ ရပ်/ကျေး
အုပ်ချုပ်ရေးမှူး အဖြစ်နဲ့ ကိုယ့်အထက်က မြင်ဦးမယ် ဗျာ။ မလုပ်မဖြစ်လို့
လုပ်ရပြန်တော့လည်း တစ်ခုခုများ လွဲချော်သွား ရင် ပြည်သူက
အမြင်မကြည်ပြန်ဘူးဗျာ။

သာမန် အမြင်မကြည်ရုံ လောက်နဲ့ဆို ကိစ္စမရှိပေမယ့် ရပ်ကွက်ထဲမှာက ထစ်ခနဲရှိ
နေပြည် တော်ရောက်အောင် တိုင်ချင်တဲ့လူနဲ့၊ လူလေးငါးယောက်ကို စည်းရုံးပြီး
လက်မှတ်ထိုး တိုင်ချင်တဲ့ ဖိုးတိုင်ချင်တွေနဲ့ ထိပ်တိုက်တွေ့ပြီ
ဆိုရင်တော့ ကျုပ်တို့ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ကွဲပြီပေါ့ဗျာ၊ ရှင်း
ပေတော့ပေါ့။

အဲဒါမျိုးကျရင် ကျုပ်တို့ အထက်က တာဝန်ယူမယ့် လူကလည်း အစတည်းက ငွေမကောက်ရ၊
လူကို အဓမ္မမခိုင်းရ ဆိုတဲ့ အမိန့်တွေ ထုတ် ထားတာပဲ၊ ထုတ်ပြန်ထားတဲ့
အမိန့်ကို မလိုက်နာလို့ဖြစ်တာ ကိုယ်ဖြစ်ကိုယ်ခံဆိုပြီး မျက်နှာလွှဲနေမှာ
ကတော့ အသေအချာပဲဗျ။

ပြဿနာဖြစ်လို့ ခုံရုံးဖွဲ့ခံရပြီဆိုရင် စစ်မယ့်ဆေးမယ့် လူတွေက တခြားသူတွေ
ဟုတ်ပါရောလားဗျာ။ စောစောက ကျုပ်တင်ပြခဲ့တဲ့ ပြည်သူတွေဆီက ငွေတွေကို
သောင်းချီသိန်းချီပြီး မတရားစားထားတဲ့ ပုဂ္ဂိုလ်ကြီးများက ကျုပ်တို့ကို
စစ်မှာဗျာ၊ ကျုပ်တို့အဖြစ်က သူခိုးက လူလိုဟစ်တာမျိုး ခံနေရတာဗျ။

အကောင်းဆုံးကတော့ ခေတ်သစ် စနစ်သစ်နဲ့ သွားနေတဲ့နေရာ မှာ
ကျုပ်တို့ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ အုပ်ချုပ်ရေးမှူး
ဆိုတဲ့အတိုင်း ဒီနေ့ တရားဝင် ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ အညီ
ပြည်သူတွေကို တရားသဖြင့် အုပ်ချုပ်ရမယ့် လုပ်ငန်းကိုပဲ ခုံခုံမင်မင်
လုပ်ချင်တယ်ဗျာ။

ဘာကြေး/ညာကြေးဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ပြည်သူတွေဆီ လက်ဝါးဖြန့်ပြီး
ငွေကောက်ရတဲ့ အလုပ်တွေကို မလုပ်ချင်တော့ဘူး ဗျာ။ ပြီးတော့ ဘာပွဲ/ညာပွဲ
ဆိုပြီး ပြည်သူတွေ တစ်အိမ်တစ်ယောက် မပျက်မကွက် တက်ရမယ်ဆိုတဲ့
စကားတွေနဲ့လည်း ပြည်သူတွေရဲ့ စိတ်ကို မနှိပ်စက် ချင်တော့ဘူးဗျာ။ ခုခေတ်
လူဆင့်တယ် ဆိုတာက အရင်လို မဟုတ်ဘူးဗျာ။ အရင်က တစ်အိမ်တစ်ယောက်လာ၊ မလာ ရင်
မိမိတာဝန်သာ ဖြစ်တယ်လို့များ လော်နဲ့အော်လိုက်လို့ကတော့
ဘယ်ပြောကောင်းမလဲဗျာ။ လာလိုက်တဲ့လူတွေ၊ ခုခေတ်ကတော့ ကျုပ်တို့အိတ်ကပ် ထဲက
ငွေနဲ့ လက်ဖက်ရည်တို့၊ မုန့်တို့၊ ဆေးလိပ် တို့၊ ကွမ်းယာတို့
ကျွေးမယ်ဆိုမှ လိုက်ကြတာပါဗျာ။ ဒါတောင် လူ တိုင်းမလိုက်ပါဘူး။

ဒီနေ့ ကျုပ်တို့အဖြစ်က ကိုယ့်ရပ်ကွက်ထဲ လူဦးရေ စာရင်းလေး ကောက်ချင်လို့၊
ဘောပင်နဲ့ စာအုပ်နဲ့ကိုင်ပြီး ဆင်းလာတာ မြင်ရင် ဘာကြေးကောက်မှာတုံးက အရင်
အမေးခံ နေရတာဗျာ။ တချို့များ ကျတော့လည်း ကျုပ်တို့မြင်တာနဲ့ စောစောက
ဖလားနဲ့ တောင်းတဲ့သူတွေ သွားလို့မှ မကြာသေးဘူး၊ စာရွက်နဲ့
ဘောပင်ကိုင်ပြီး တောင်းမယ့် သူတောင်းစားတွေ လာပြီလို့ မကြားတကြား
ပြောတာကလည်း ရှိသေးဗျာ။

တကယ်တော့ ကျုပ်တို့ဘဝက ပြည်သူ့ချဉ်ဖတ်တွေ ဖြစ်မှန်းမသိ
ဖြစ်နေတာကြတာလေဗျာ။ ဖြစ်အောင်လည်း လုပ်တဲ့သူတွေက လည်း ရှိနေခဲ့ကြတာကိုး။
ကိုယ်ကောင်းရင် ခေါင်းဘယ်မှမရွေ့ဘူး ဆိုပေမယ့် ငါးခုံးမတစ်ကောင်ကြောင့်
တစ်လှေလုံးပုပ်စော်နံခံရတာ မျိုးတော့ မဖြစ်ချင်တာအမှန်ပဲဗျာ။

နောက်ဆုံးပြောရရင်တော့ဗျာ ကျုပ်တို့ရပ်/ကျေးအုပ်ချုပ်ရေး မှူးတွေကို
ငွေကြေးကိုင်တွယ်ရမယ့် တာဝန်တွေ မပေးစေ ချင်ဘူးဗျာ။ ဖြစ်နိုင်ရင်
ဌာနဆိုင်ရာ လုပ်ငန်းနဲ့ ပတ်သက်တဲ့ ငွေကြေးကို ဌာနဆိုင်ရာ တာဝန်ရှိတဲ့
ပုဂ္ဂိုလ်များ ကိုယ်တိုင်က တာဝန်ယူ ကောက်စေချင်တယ်။ ကျုပ်တို့ရပ်/ကျေး
အုပ်ချုပ်ရေးမှူးတွေ ဘက်က ပြည်သူတွေ အနေနဲ့ ဌာနဆိုင်ရာကို သွင်းရမယ့်
ငွေတွေကို အမြန်ဆုံးသွင်းဖို့၊ မပျက်မကွက် သွင်းဖို့အတွက် ပြည်သူတွေကို
စည်းရုံး ပြောဆိုရမယ့် တာဝန်ကို ကျေပွန်စွာ လုပ်မယ်ဗျာ။

ဒါဆိုရင် ကျုပ်တို့ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ ငွေကြေးနဲ့
ပတ်သက်တဲ့ စွန်းထင်းမယ့် ကိစ္စတွေ လျော့ပါးသင့်သ လောက်
လျော့ပါးသွားမယ်ပေါ့ဗျာ။ ဒီလိုမှမဟုတ်ဘဲ ပြီးခဲ့တဲ့စနစ်
ဟောင်းကြီးအတိုင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေအပေါ်ကို ချုပ်ကိုင်ပြီး
ခိုင်းနေဦးမယ်ဆိုရင်တော့။

လက်ရှိ အနေအထားက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အနေ နဲ့ ကိုယ့်အထက်က
လူလည်း ကြောက်နေရ သေးတယ်ဗျာ။ ပြီးတော့ ကိုယ့်ရပ်ကွက် ပြည်သူရဲ့ အထင်အမြင်
လွဲခံရမှာကိုလည်း စိုးနေရ သေးတယ်ဗျာ။ တကယ်တော့ ဒီနေ့ရပ်/ကျေး
အုပ်ချုပ်ရေးမှူးများရဲ့ဘဝဟာ ဆူးကြားထဲမှာ သီးရတဲ့ ဘူးသီးလို ပါပဲဗျာ။
မလူးသာ မလွန့်သာနဲ့၊ ဟိုဘက်ကလည်းစူး၊ ဒီဘက်ကလည်းစူးနဲ့၊ စဉ်းစားကြည့်ရင်
အင်မတန်မှ နိမ့်ကျတဲ့ သနားစရာ သတ္တဝါတွေပဲ ဖြစ်ပါတယ်လို့ပဲ ပြောချင်တာ
ပါပဲဗျာ။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး(မြစ်သား)

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ