ခေတ်အဆက်ဆက် ပြောလာသော သမိုင်းဝင်စကားများ

နောင် ဆူဆူပူပူ လုပ်မယ်ဆိုရင်တော့ စစ်တပ်ဆိုတာ ပစ်ရင်
မိုးပေါ်ထောင်မပစ်ဘူး တည့်တည့်ပစ်တယ်.... နောင် ဆူဟယ် ပူဟယ်ဆို
မသက်သာဘူးသာမှတ်..... ဦးနေ၀င်း၊ မဆလ ဥက္ကဋ္ဌ.... 23 July 1988

စစ်တပ်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့.... ဦးအောင်ကြီး 25 August 1988

ကျနော်တို့ကေ၇ွှးကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရတဲ့ပါတီကို အာဏာအပ်ပြီး
စစ်တန်းလျားပြန်မှာပါ.... ဗိုလ်ချုပ်ကြီး စောမောင် (နဝတ ဥက္ကဋ္ဌ)
ပထမအကြိမ်၂၃ စက်တင်ဘာလ ၁၉၈၈၊ ၂၇ မတ်လ ၁၉၈၉၊ ၄၄ ကြိမ်မြောက် တပ်မတော်နေ့
မိန့်ခွန်း....

နိုင်ငံတော်အာဏာနှင့် ပါတ်သက်ပြီး ကျွန်တော်တို့ ပြောခဲ့ကြတာက
ရွေးကောက်ပွဲတွေ ပြီးပြီးခြင်း အစိုးရဖွဲ့ပြီး အာဏာကို
လွှဲပြောင်းရယူဖို့ပါပဲ..... အစိုးရတစ်ရပ် ပေါ်ထွက်လာဖို့ ရွေးကောက်ပွဲတွေ
ကျင်းပပေးရခြင်းဖြစ်တယ်..... ဒါက ကျွန်တော်တို့ တာဝန်ပဲ.....
ရွေးကောက်ပွဲပြီးတဲ့အခါ တရားဝင်အစိုးရဖွဲ့ဖို့ လက်တွေ့အလုပ်ကတော့
ကျွန်တော်တို့ တပ်မတော်ရဲ့ တာဝန်မဟုတ်ဘူး.... ဒါကို ကျွန်တော်တို့
ရှင်းရှင်းလင်းလင်း ပြောနေတာပါ..... ဗိုလ်ချုပ်ကြီး စောမောင် ၁၉၉၀ ခုနှစ်
ဇန်န၀ါရီလ ၉ ရက်၊ ရွေးကောက်ပွဲ ကျင်းပရန် လေးလခွဲအလိုတွင် တိုင်းပြည်သို့
ပြောသော မိန့်ခွန်းမှ ကောက်နှုတ်ချက်...

ပြည်သူ့လွှတ်တော် (ပါလီမန်) ပေါ်ပေါက်လာရုံနဲ့ နိုင်ငံရေး
အဖွဲ့အစည်းတစ်ခုဟာ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာနဲ့
ဥပဒေပြုအာဏာတို့ကို အလိုအလျောက်မရဘူးဆိုတာကို အထူးရှင်းပြစရာ
မလိုပါဘူး..... န၀တ မှာသာ ဥပဒေပြုအာဏာရှိပါတယ်.... အစိုးရဖွဲ့ပြီး
နိုင်ငံတော်အာဏာယူဖို့ ကြားဖြတ်အခြေခံဥပဒေ ရေးဆွဲတာမျိုးကို ဘယ်နည်းနဲ့မှ
လက်ခံမှာ မဟုတ်ပါဘူး...... အဲ့ဒိလို လုပ်မည်ဆိုရင်လည်း ဥပဒေအရ
ထိထိရောက်ရောက် အရေးယူရပါလိမ့်မယ်.... အမိန့်အရ ပုံ ဗိုလ်မှူးချုပ်
ခင်ညွန့် ဇွန်လ ၂၇ ရက် ခုနှစ် အတိအကျ မသိပါ.....

NLD အာဏာရပီးရင် စစ်တပ် ခေါင်းဆောင်တွေကို နုရင်ဘတ် ခုံရုံးတင်မယ်......
၁၉၉၀ ရွေးကောက်ပွဲအပြီး လူထုကြား ပြန့်နှံ့နေသော ကောလာဟလ

မေး: စစ်အစိုးရက လူတွေပြန်ပီး လက်စားခြေမှာကို မကြောက်ဘူးလား......
ဖြေ: ငါပြောနိုင်တာကတော့ ငါတို့တွေ ညွှန်းဆိုရမယ့် ပြဿနာတွေ
အများကြီးရှိတယ်...... တကယ့်လက်တွေ့မှာကော ဂျာမာန် ဘယ်လောက်များများ
နုရင်ဘတ်ခုံရုံးမှာ ရင်ဆိုင်ခဲ့ရသလဲဗျ.....

မေး: ဒါဆိုရင် ခင်ဗျား ရန်ကုန်မှာ နုရင်ဘတ်ခုံရုံးမျိုး ရှိလာမယ်လို့
ပြောလိုက်တာလား......
ဖြေ: လုံးဝ မဟုတ်ပါဘူး... >>>> ပျှမ်းမျှဗမာအများစု <<<< က စစ်သားတွေကို
ပြန်ပီး လက်စားချေမယ် မထင်ပါဘူး.... ဒါဟာ ကြီးမားတဲ့ ပုံကြီးချဲ့မှု
ပြဿနာကြီး တစ်ခုပါ၊ တကယ်တော့ ဘာမှမဟုတ်ပါဘူး...... အင်းပေါ့ ခင်ညွန့်လို
လူမျိုးကတော့ သူ့ကိုယ်သူ လုံခြုံမှုမရှိဘူးလို့ ခံစားရမှာပေါ့.... Dominic
Faulder နှင့် ဦးကြည်မောင်တို့ AsiaWeek မဂ္ဂဇင်းအတွက် 13 July 1990
တွင်အင်တာဗျူးခဲ့စဉ်က အမေးအဖြေ

၁၉၉၀ ရွေးကောက်ပွဲအပြီး NLD အာဏာ မရခဲ့တာ စစ်တပ် ခေါင်းဆောင်တွေကို
ခုံရုံးတင်မယ် ဆိုတဲ့ စကားနဲ့ အများကြီး သက်ဆိုင်ပါတယ်...... ဦးတင်အေး၊
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ၂၇ ဇူလိုင်၂၀၁၁........

နိုင်ငံရေးလုပ်ရာတွင် အာဃာတကို အခြေခံပြီး၊ လုပ်သည်ကို မကြိုက်.....
ဒေါ်အောင်ဆန်းစုကြည်၊ NLD၊ ၂၀၁၃ ဇန်န၀ါရီ ၉ ရက်၊ နေပြည်တော်........

ဒီနေ့ ကျုပ်တို့ စစ်ကျွန်ဘဝကလွတ်မြောက်၊ စစ်အာဏာရှင်အောက်က ရုန်းထွက်၊
လွတ်လပ်မှုအသက် မျှင်းမျှင်းလေး ရှူနိုင်တဲ့ ဘဝရောက်ကြရတာဟာ အဲ့ဒီ
အရေးတော် ပုံတပ်သားတွေရဲ့ ကျေးဇူးတော်အစုံ ဂုဏ်တော် အနန္တကြောင့်ဗျ။

အဲ့ဒီ ကျေးဇူးရှင်တွေကို ဘယ်သူကျေးဇူးသိမှာလဲ။ ဘယ်လို ကျေးဇူးဆပ်မှာလဲ။
အဲ့ဒါတွေကတော့ ဥပဒေပြုမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ သွားဖြီးတမြမြ
အားကြီးတပြပြ လုပ်နေကြတဲ့ လွှတ်တော်တွေက ပဲ ရုပ်လုံးဖော်နိုင်ကြမှာပါဗျာ။
ဟံသာဝတီဦးဝင်းတင် – ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၆)....

အပေါ်က စကားတွေကိုလည်း ရက်စွဲလေးတွေ သိသူများ ဖော်ပြပေးစေလိုပါတယ်.......
မြန်မာနိုင်ငံကို ပြောင်းလဲစေတဲ့၊ ပြောင်းလဲစေမယ့် စကားလေးတွေကို အမှတ်တရ
စု ထားချင်လို့.....

သိသလောက် ပြန်ရှင်းပြချင်တာလေးကတော့...

"၁၉၄၇ ခုနှစ် အခြေခံဥပဒေကို လက်ရှိအစိုးရမှ လက်ခံမည် မဟုတ်ပေ။ ၁၉၇၄
ခုနှစ် အခြေခံဥပဒေသည်လည်း တစ်ပါတီ အာဏာရှင်စနစ်ကို
အခြေပြုရေးဆွဲထားသောကြောင့် ပြည်သူတို့က လက်ခံမည် မဟုတ်ပေ။ ယခုမူ
အခြေခံဥပဒေ မရှိဘဲနှင့် ရွေးကောက်ပွဲဝင်ရမည့်ကိန်း ဖြစ်သည်။ ရွေးကောက်ပွဲ
အနိုင်ရသောအာဏာရ ပါတီတစ်ခုခုက တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ပြီး
အခြေခံဥပဒေ ရေးဆွဲရမည်ဟု လွယ်လွယ် ပြောနေကြသည်။ ယင်းအယူအဆ မဖြစ်နိုင်ပါ။
ဖြစ်နိုင်သော်လည်း အောင်မြင်လိမ့်မည် မဟုတ်ပါ။" (မိုးသီဇွန်၊
လူဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ၊ ၁၀-၂-၈၉ ရက်စွဲဖြင့် ဖြန့်ဝေသော
"အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုနှင့် အောင်ဆန်းစုကြည်အပေါ် သုံးသပ်ချက်
စာတမ်း)
"(Constitution) ကျွန်တော့် ရေး၊ ကျွန်တော် ပြည်သူ့ကိုယ်စားလှယ်မှ
မဟုတ်ဘဲ။ ကျွန်တော် ဘာလို့ ရေးရမလဲ။ ကျွန်တော် တရားခံလား။ အဲဒီလို
မလုပ်ပါနဲ့။ အာဏာရဖို့အတွက် ပါတီတွေ မဲအနိုင်ရဖို့ ကျွန်တော်က
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဟ၊ နောက်အနှစ်နှစ်ဆယ်လောက်ဆိုရင် သွားပြီ၊ ဒီ
(Constitution) က စောမောင်နဲ့ န၀တဆိုတဲ့ကောင်က ရေးသွားတာ၊ သောက်သုံးကို
မကျဘူး။ ကန်တော့ပါရဲ့ ခင်ဗျာ။" (ဗိုလ်ချုပ်ကြီးစောမောင်၊ ၅-၇-၈၉
မိန့်ခွန်း)
ရွေးကောက်ပွဲပြီးရင် စစ်တပ်က စစ်တန်လျား ပြန်မယ်ဆိုတဲ့ ပြောကြားချက်မှာ
ဗိုလ်ချုပ်ကြီးစောမောင် Asiaweek နဲ့ Interview မှာ ပြောခဲ့ခြင်း
ဖြစ်ပါသည်။ ဘယ်စာအုပ်ထဲမှာ ပါသည်ဆိုတာကိုလည်း ကောင်းကောင်းမှတ်မိပါသည်။
စာအုပ်ဘီဒို မဖွင့်ချင်တာနဲ့ မရေးတော့ပါ။
ဦးကြည်မောင်၏ စကားသည် နှစ်ပေါင်းနှစ်ဆယ်ကျော် စစ်အာဏာရှင်စနစ်အောက်
ရောက်ခဲ့ရသည့် အကြောင်းများအနက် အကြောင်းတစ်ခုဖြစ်သည် ဆိုတာမျိုးက
လက်ခံနိုင်ဖွယ် မရှိပါ။ အဲဒီ မတိုင်မီက အခြေအနေတွေကို ပြည့်စုံအောင်
လေ့လာစေလိုပါသည်။ အဲသည် မတိုင်မီကတည်းက NLD ကို ပြင်းပြင်းထန်ထန်
နှိပ်ကွပ်နေပါပြီ။ ဒေါ်စုတို့ ဦးဝင်းတင်တို့လည်း အိမ်ချုပ်နဲ့ ထောင်ထဲမှာ
ရောက်နေကြပါပြီ။ ၅၈-ခုနှစ် စစ်တပ်က အာဏာသိမ်းခဲ့တာဟာ ဦးနု က ထိန်းမနိုင်
သိမ်းမရ ဖြစ်နေလို့ လွှဲပေးသလိုမျိုး၊ ၆၂-ခုနှစ် အာဏာသိမ်းတော့လဲ
ဖက်ဒရယ်ကြောင့်လို့ ၀ါဒဖြန့်တာမျိုးတွေလဲ ရှေးယခင်က ရှိခဲ့ဖူးပါသည်။
သမိုင်းဖြစ်ရပ်တွေကို ပြန်လည်သုံးသပ်ရာတွင် ဥဇု၊ သုဟုဇု ဟူသော
တရားတော်နှင့်အညီ စိတ်ကို အဖြောင့်စင်းဆုံး အရိုးသားဆုံးထားပြီး
လေ့လာသင့်ပါသည်။ ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိ တို့ကို ရှောင်နိုင်တာတောင်
မောဟာဂတိကြောင့် မှားတတ်ပါသည်။ သမိုင်းပညာရပ်ကို Specialize လုပ်ပြီး
လေ့လာထားတာမျိုး မဟုတ်လျှင် အချက်အလက် စုဆောင်းတာမျိုးက လွဲလို့
အဆော့တလျင် ကောက်ချက်မချသင့်ပါ။

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ