ကျွန်တော်နှင့် မင်္ဂလာဆောင်ပါ ဆရာမ

ကျွန်တော်နှင့် မင်္ဂလာဆောင်ပါ ဆရာမ

ဒီပလိုမာစာရင်းကိုင်သင်တန်း (ပထမပိုင်း) ကို တက်တုန်းကပေါ့ဗျာ…
အမှတ်တရဖြစ်ခဲ့တာလေးကို မျှဝေပေးချင်လို့ပါ..။

ဒီနေ့
ဘောဂဗေဒသင်မယ့် ဆရာမအသစ် ရောက်မယ်လို့ သတင်းကြိုရထားပါတယ်..။ စာစသင်ချိန်
၆း၄၅နာရီမှာ အဆိုပါဆရာမလေးက အခန်းတွင်းကို ကျက်သရေရှိရှိနဲ့
ဝင်လာပါတယ်…။
ဆံပင်လေးကရှည်ရှည်..မိမိကိုယ်မိမိယုံကြည့်မှု အပြည့်ရှိတဲ့ဟန်ပန်လေးနဲ့
တစ်လှမ်းချင်းလျှောက်ဝင် လာတယ်..။ ဘယ်သူ့ကိုမှ မကြည့်ဘဲနဲ့
ရှေ့စိုက်စိုက်ကိုသာကြည့်ရင်း လျှောက်လာပုံလေးကခဏခဏ ကြည့်ချင်စရာ
ကောင်းလွန်းပါတယ်ဗျာ..။ အားလုံးကလည်း တိတ်ဆိပ်စွာ ကြည့်နေရင်း ဆရာမ
တစ်ယောက် မို့လို့ အလေးအမြတ်ပြုရန် မက်တက်ရပ်လိုက်ကြပါတယ်..။
ဘေးမှာထိုင်နေတဲ့ သူငယ်ချင်းက ပုခုံးပုတ်လိုက်မှ သတိက ဆောင့်အောင့်ပြီး
ဝင်လာပါတော့တယ်..။ အဲ့တော့လည်း ညီညီညာညာ နှုတ်ဆက်ရတာပေါ့ဗျာ…။
မင်္ဂလာပါ ဆရာမ ပေါ့လေ…။
အင်း..ဆိုးတာက အဆိုပါ နှုတ်ဆက်စကားကြားထဲမှာ ကျွန်တော်နှုတ်ဆက်လိုက်တာက..
"မင်္ဂလာဆောင်ပါ ဆရာမ"
သွားပြီ……သေပေတော့ ကိုကိုနန်းညွန့်ဦး ပေါ့လေ…။
ယောက်ျားလေး နည်းပါးတဲ့ ဒီလိုသင်တန်းမျိုးမှာ တရားခံကို
အများကြီးရှာစရာမလိုပါဘူး..။ မျက်လုံးပေါင်း ၁၀၀ ရဲ့ (လူ ၅၀
ဝိုင်းကြည့်တာကိုဆိုလိုတာပါ..) လားရာတူရူက တစ်နေရာထဲကိုပါ..။
ဇာတ်လိုက်ကျော်ကြီး ကိုကို ဆီကိုပေါ့လေ..။ ကျွန်တော်လည်း ဘာလို့ အဆိုပါ
နှုတ်ဆက်စကားကို ပြောထွက်မိသလဲ မသိပါဘူး..။
ဘယ်သူလဲကွ… ဆိုတဲ့ ဒေါသမာန်သင့်နေတဲ့ ပညာတက်တစ်ယောက်ရဲ့အသံကို
ကြားလိုက်ရပါတော့တယ်..။ အားလုံးထိုင်ချလိုက်ချိန်မှာ
ကျွန်တော်မထိုင်မိပါဘူး..။ ဒါကြောင့် လက်ညိုးတစ်ချောင်း ထောင်ပြီး
ကျွန်တော်ပါ လို့ ပြောပြလိုက်ရပါတော့တယ်..။ (နောင်ကျမှ
လက်ညိုးတစ်ချောင်းထောင်ရခြင်းအဓိပ္ပာယ်ကို ရှင်းပြပါဦးမယ်။)
အဆိုပါ ဆရာမက..
"မင်းနာမည် ဘယ်လိုခေါ်သလဲ..။ ဘာကြောင့် ခုနကစကားလုံးမျိုးကို
ပြောထွက်တာလဲ။ မင်း ခေတ်ပညာတက်တစ်ယောက်မဟုတ်ဘူးလား..ယဉ်ကျေးမှု
မရှိဘူးလား "
ဆရာမလေးကတော့ ရုပ်သာမပျက်သေးတာ..စိတ်ထဲမှာတော့ တော်တော်ပေါက်ကွဲနေပါပြီ…။
ကျွန်တော်လည်း ပြောစရာ စကားလုံးကို စဉ်းစားနေပါတယ်..။ ထိုအချိန်မှာ
..ကျွန်တော်က သူ့ကို ငေးကြည့်နေရင်း အချိန်ဆွဲတဲ့ သဘောနဲ့..စကားကို
ဖြည်းဖြည်းချင်း ပြောဖို့ ကြံစဉ်လိုက်ပါတယ်..။
"ကျွန်တော့်နာမည် ကိုကိုနန်းညွန့်ဦး လို့ အမည်နာမ တွင်ရပါတယ် ဆရာမလေး"
"မင်း ငါ့ကို ဆရာမလေးလို့ မခေါ်နဲ့ ။ ငါ မယ်သီလရှင် မဟုတ်ဘူး။ ပြီးတော့
စကားကို ကောင်းကောင်းပြော "
" ဟုတ်ကဲ့..စကားမှားသွားတယ် ထင်ရင် နားလည်ပေးပါ ဆရာမ။ ကျွန်တော်က
မင်္ဂလာရှိတဲ့နှုတ်ဆက်စကားနဲ့ ဆရာမ ကို နှုတ်ခွန်းဆက်တာပါ..။"
ကျွန်တော် ဗြောင်ညာဖို့ စဉ်းစားပြီးသွားပြီလေ..။ အဲ့တော့ ခုနကလို
ပြောပြီပေါ့..။ နားထောင်နေသူ အယောက် ၅၀ သော ပုရိသတ်များကလည်း
နားမလည်နိုင်တဲ့ မျက်လုံးတွေနဲ့..။ ထိုအချိန်မှာပဲ..
"ဘာ..မင်းဘယ်လို ပြောလိုက်တယ်..။ မင်္ဂလာရှိတဲ့စကား ဟုတ်လား။ "
"ဟုတ်ပါတယ် ဆရာမ..။ လောကုတ္တရာနည်းအရ အလွန် မင်္ဂလာရှိတဲ့ စကားလေးပါ..။
ကျွန်တော် ရှင်းပြပါ့မယ်။ ကျေးဇူးပြုပြီး ခဏ နားထောင်ပေးပါ..။ ဆရာမ
မကျေနပ်ရင် ကျွန်တော့်ကို အပြစ်ပေးနိုင်ပါတယ်။"
ဆရာမလေးလဲ..ခနဲ့ချင်သလို ဟန်ပန်လေးနဲ့ ပြောလိုက်ပါတယ်..။
ပညာတက်ဆိုတော့လည်း နည်းနည်းတော့ မကျေနပ်စိတ်ကို ထိန်းထားမှာပေါ့လေ..။
ကျွန်တော်ကတော့ အပြစ်လွတ်ရေးအတွက် ပလီစိခြောက်ချက်ကို နှစ်ချက် တိုးပြီး
ရှစ်ချက်အထိ ပြောဖို့ ၀န်မလေးတော့ဘူး ပေါ့ဗျာ..။ သိတယ်မလား..ကိုကို့
စကားပြောကောင်းတာ..။ အဲ့တာနဲ့..ဆရာမလေးက..
"မင်းစကားကို မင်းရှင်းစမ်းပါဦး။ မင်းပေါက်ကရပြောလို့ကတော့
စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံဆီ ပို့မယ်..ပြော.."
" ဟုတ်ကဲ့..ကျွန်တော် ဆရာမကို ပြောလိုက်မိတာ မင်္ဂလာဆောင်ပါ ဆရာမ ဟုတ်ပါတယ်နော်..။"
ခဏစောင့်ကြည့်နေပါသေးတယ်…ဆရာမလေး ရှက်နေပါတယ်..။ ကျွန်တော့်ဆီက
အသံထွက်မလာဘဲ စောင့်နေမှန်း သိတော့မှ ..
"ဟုတ်တယ်..ဆက်ပြော" လို့ သူမပြောပါတယ်..။
ကျွန်တော်လည်းရယ်ချင်စိတ်ကိုထိန်းပြီး ရှင်းပြလိုက်ရပါ တော့တယ်..။
တစ်ခန်းလုံးရဲ့ စိတ်ဝင်စားမှုက ကျွန်တော်နဲ့ ဆရာမလေးဆီ
ရောက်နေပါပြီ..။ထိုအချိန်ရောက်မှ..ကျွန်တော်က.
" မင်္ဂ..ဆိုတာ မကောင်းမှုလို့ အဓိပ္ပာယ်ရပါတယ်..။ ဆရာမ..။ လာ..ဆိုတာ
ပယ်ခြင်း.သတ်ခြင်း ရှောင်ခွာခြင်းလို့ ပါဋိဘာသာမှာ ဆိုထားပါတယ်..။
ဆောင်..ဆိုတာကတော့ ကိုယ့်နဲ့မကွာထားရှိတာကို ပြောတာပါ..။ အားလုံးပေါင်းစု
ပြောရရင် မကောင်းမှုတွေကို ရှောင်ကျဉ်ပြီး ကောင်းမှုတွေကို ကိုယ်နဲ့မကွာ
ဆောင်ထားပါလို့ ကျွန်တော်က ပြောတာပါ..။"
ကျွန်တော် ရှင်းပြလိုက်တော့ အဆိုပါဆရာမလေးခမျာအပြစ်ပေးရမှာ
အခက်တွေ့သွားပုံရပါတယ်…။ သိပ်တော့ ကျေနပ်ပုံ မရပါဘူး..။
"နောက် မင်းအဲ့လို နှုတ်မဆက်နဲ့..အများနှုတ်ဆက်သလိုပဲ နှုတ်ဆက်ရမယ်..ကြားလား။"
"ဟုတ်ကဲ့..ဆရာမ..။ "
ကျွန်တော်လည်း မြန်မြန် စစ်ပြေငြိမ်းလိုက်ပါတယ်..။ သေချာတာကတော့
ထိုဆရာမလေး ကျွန်တော့်ကို မှတ်မိသွားပါပြီ…။ ကျွန်တော်ကလည်း
ရုပ်မဆိုးသူများအဖွဲ့ အုပ်ချုပ်ရေးမှူး ဆိုတော့ သူကလည်း
သဘောကျချင်ပုံရပါတယ်..။ သေချာတာကတော့ အခုစာဖတ်နေသူကို ကိုကိုနန်းညွန့်ဦး
က နှုတ်ဆက်ချင်ပါတယ်..။
မင်္ဂလာဆောင်ပါ.. စာဖတ်သူ။

Nann Nyunt Oo

1 comment:

  1. တော်တော်ကောင်းတဲ့အိုင်ဒီယာပဲချီးကျူးပါတယ်ဗျာ

    ReplyDelete

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ