လျပ်စစ်ဝန်ကြီးဌာန အဂတိလိုက်စားမှုများနှင့် အီးပီစီကလူသို့ သူ့အမြင်ကိုယ့်အမြင် ဖလှယ်ခြင်း

အငယ်တန်းအင်ဂျင်နီယာတဦး မှ ရေးသားထားပါသည်။


ကျွန်တော်သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အငယ်တန်းအင်ဂျင်နီယာတစ်ဦး
ဖြစ်ပါသည်။ လျှပ်စစ်ဝန်ကြီးဌာန၏အဂတိလိုက်စားမှုစာတမ်းများအား
မိုးမခအင်တာနက် ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့ရာ ဖတ်ရှု ရသည့် ပြည်သူများအတွင်း
လျှပ်စစ်ဝန်ကြီးဌာနှင့် နိုင်ငံတော်အစိုးရအပေါ် အမြင်တိမ်းစောင်းမှုများ
မဖြစ်ပေါ်စေရန်နှင့် အသားမကျသေးသည့် ပြုပြင်ပြောင်းလဲမှု များတွင်
အနှောက်အယှက် အဟန့်အတားများမဖြစ်ပေါ်လာစေရန် စိုးရိမ်စိတ်ဖြင့်
ရေးသားလိုက်ခြင်းဖြစ်ပါသည်။

လက်ရှိတွင် ကျွန်တော်တို့ပြည်သူအားလုံး အဓိကလိုလားတောင့်တနေသည်မှာ
လျှပ်စစ်မီးလုံလောက်စွာ ရှိရေးပင် ဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ်က
ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်၍
ဖယောင်းတိုင်ထွန်းညှိဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော်သမ္မတအပါအ၀င်
လူကြီးများက လျှပ်စစ်မီး အမြန်ဖြန့်ဖြူးပေးနိုင်ရေး နည်းလမ်းများ
ရှာဖွေခဲ့ပါသည်။ လျှပ်စစ်မီးလုံလောက်စွာရရှိမှလည်း စက်ရုံအလုပ်ရုံများ
ပုံမှန်လည်ပတ်နိုင်ပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာမှာ ဖြစ်သလို
ညီငယ်ညီမငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိလာမှာ
ဖြစ်ပါသည်။

လျှပ်စစ်မီးအရေးပါပုံနှင့် ပြည်သူများ လိုအပ်ချက်ရှိနေသည်ကို
ကျွန်တော်တို့ လျှပ်စစ်ဝန်ထမ်းများ အထူးပင်သိပါသည်။
ထိုသိထားချက်ကြောင့်လည်း ကျွန်တော်တို့ လျှပ်စစ်ဝန်ကြီးအပါအ၀င်
အောက်ခြေ၀န်ထမ်းများကအစ နေ့မနားညမအား နည်းလမ်းရှာကြံ
လုပ်ကိုင်ပေးလျက်ရှိပါသည်။

ပြည်တွင်းအားသာမက ပြည်ပစီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီကြီးများ နှင့်ပါ
ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါသည်။ ကုမ္ပဏီကြီး များနှင့် ချိတ်ဆက်
ဆောင်ရွက်ရာတွင် ဂုဏ်သိက္ခာရှိကုမ္ပဏီများနှင့် ချိတ်ဆက်မိရေး၊
နိုင်ငံတော်အသုံးစရိတ် လျော့နည်း သက်သာစေရေး၊ အရည်အသွေးမြင့်မားရေး၊
ရေရှည်တည်တံ့ခိုင်မြဲရေး၊ တို့အပေါ်အခြေခံပြီး သတိထား ဆောင်ရွက်ခဲ့ပါသည်။

အထူးသဖြင့် အိမ်နီးချင်း ပေါချောင်ကောင်းကုမ္ပဏီများမဟုတ်သည့် အမေရိကန်
ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများမှ ကုမ္ပဏီကြီးများနှင့် ချိတ်ဆက်မိရေး
နည်းလမ်းနှင့် အဆက်အသွယ်ရှာ ဆောင်ရွက်ခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုနှင့်
ဥရောပနိုင်ငံများမှ ကုမ္ပဏီကြီးများမှာ အရည်အသွေးပိုင်း
ထိန်းသိမ်းသည့်အပြင် အမြတ်ရရှိမှုထက် နာမည်မပျက်ရေး ဈေးကွက်ရရှိရေး
ဂုဏ်သိက္ခာထိန်းသိမ်းရေးကိုသာ ဦးစားပေးလေ့ရှိပါသည်။ လာဘ်ပေးလာဘ်ယူမှု
ကင်းရှင်းပြီး လာဘ်ပေးလာဘ်ယူမှုနှင့်ပတ်သက်၍ ပြင်းပြင်း ထန်ထန်
အရေးယူနေသည့် နိုင်ငံကြီးများ၏ ကုမ္ပဏီကြီးများ ဖြစ်သည်နှင့်အညီ
မြန်မာနိုင်ငံ လျှပ်စစ်ဝန်ကြီးဌာနနှင့် ဆက်သွယ်ရာတွင်လည်း
လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းစွာ ဆက်ဆံနေသည့်အပြင် မြန်မာနိုင်ငံကဲ့သို့
နိုင်ငံငယ်ကလေးကြောင့် နိုင်ငံတကာအလည်တွင် ၄င်းတို့၏
နာမည်ပျက်ခံမည်မဟုတ်ပါ။

ကုမ္ပဏီ များအနေဖြင့် မြန်မာနိုင်ငံသို့
လာရောက်ရင်းနှီးမြုပ်နှံရန် စီစဉ်ရာတွင် အဆောက်အဦးများ ဆောက်လုပ်ခြင်း
စမ်းသပ်တိုင်းထွာခြင်းများပြုလုပ်ရသဖြင့် အရင်းအနှီး
ပိုမိုကုန်ကျကြလေ့ရှိပါသည်။ အရင်းအနှီး ပိုမိုကုန်ကျသော်လည်း
မြန်မာဝန်ကြီးနှင့်တွေ့ဆုံရာတွင် ၀န်ကြီးမှ ကျောက်ခဲရေညှစ်သလို
ဈေးဆစ်ခြင်း၊ Free Power များတောင်းခြင်းတို့ကြောင့်
အမြတ်အစွန်းမဆိုသလောက်သာ ရရှိမည်သာဖြစ်ပါသည်။ အရင်းကျေရန် မှာလည်း
အနှစ်(၂၀)ခန့်ကြာဦးမည်ဟု သိရပါသည်။ ကုမ္ပဏီကြီးများမှ အမြတ်အစွန်းရဖို့ထက်
ဈေးကွက်သစ်နှင့် နာမည်ရရှိဖို့ကိုသာ ဦးတည်လုပ်ဆောင်ကြခြင်းဖြစ်ပါသည်။

အိမ်နီးချင်းနိုင်ငံ၏ ကုမ္ပဏီ များမှာ ၁၀၀၀ိ/- တန်ကို ၁၀၀ိ/-
နှင့်ဈေးဆစ်သည်ကို လက်ခံသော်လည်း ၄င်းတို့၏ ပစ္စည်းအရည်အသွေးပိုင်းကိုမူ
အဆမတန် လျှော့ချကြလေ့ရှိပါသည်။ အိမ်နီးချင်းနိုင်ငံထုတ်
လျှပ်စစ်ပစ္စည်းများ၏ အရည်အသွေးကျဆင်းမှုကို နေ့စဉ်သုံးစွဲနေသည့်
ပြည်သူများအသိပင်ဖြစ်ပါသည်။

ရင်းနှီးမြုပ်နှံမှုအပိုင်းတွင်လည်း ရုံးပိုင်းဆိုင်ရာကိစ္စများ
ဆောင်ရွက်ရာတွင် ယခင်ခေတ်ကတည်းက သတ်မှတ်ထားပြီးဖြစ်သော
နိုင်ငံတကာစံချိန်စံညွှန်းနှင့် မညီတော့သည့် အမိန့်ညွှန်ကြားချက်
စည်းကမ်းများကို ဖျက်သိမ်းမှုမရှိသေးသည့်အပြင် ၀န်ကြီးဌာနအချို့၏
အောက်ခြေလုပ်ငန်းများမှာ ခေါက်ရိုးကျိုးနေသည့် ၀န်ထမ်းများကြောင့်
ကြန့်ကြာမှု အခက်အခဲများကို ကြုံတွေ့ နေရပါသည်။

လျှပ်စစ်ဝန်ကြီးဌာနနေဖြင့် ကုမ္ပဏီကြီးများနှင့် လျှပ်စစ်ဓာတ်အား
ထုတ်လုပ်မှုအပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရန် တစ်နှစ်ခန့်
ကြိုးစားနေသော်လည်း MoU ရေးထိုးသည့် အဆင့်တွင်သာရှိပြီး အပြီးသတ်
စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိသေးပါ။ MoU ပျက်သွားပြီး အိမ်နီးချင်း
ပေါချောင်ကောင်းကုမ္ပဏီများနှင့် ပြောင်းလဲ လုပ်ဆောင် မည်ဆိုပါက နောက်ထပ်
အချိန်(၁)နှစ်ကျော် ကြာစောင့်ရဦးမည်ဖြစ်ရာ အဆိုပါအတောအတွင်း
ပြည်သူလူထုအတွက် လျှပ်စစ်မီးအခက်အခဲများ ကြုံတွေ့ရဦးမည်ဖြစ်ပါသည်။

တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်း များနှင့် လုပ်ဆောင်နေရခြင်း
လျှပ်စစ်ဝန်ကြီးဌာန၏ ရေထွက်မတတ် ညှစ်နေသည့် ဈေးဆစ်ခြင်းတို့ကြောင့်
ကုမ္ပဏီ များမှာ မြန်မာနိုင်ငံတွင်ရင်းနှီးမြုပ်နှံရန်
စိတ်ပျက်နောက်ဆုတ်မည့် ညဉ်းတွားသံများပင် ကြားနေရပါသည်။
လျှပ်စစ်ဝန်ကြီးဌာန၏ အဂတိလိုက်စားမှုများ စာတမ်းရေးသားသူမှာ
လာဘ်ပေးလာဘ်ယူမှုများပြားသည့် အိမ်နီးချင်းကုမ္ပဏီများနှင့် မဆက်ဆံတော့၍
လာဘ်မရတော့သဖြင့် ရေးသားခြင်းဖြစ်သည်ဟု ယူဆရမလိုဖြစ်နေ ပါသည်။

၎င်း၏ဆောင်းပါးပါ တွက်ချက်ထားမှုမှာလည်း ကုမ္ပဏီများ၏ကုန်ကျစရိတ်အပေါ်
လျှော့ပေါ့ပြီး လိုရာဆွဲ၍ တွက်ချက် ထားခြင်ဖြစ်ပါသည်။ အိမ်နီးချင်း
ပေါချောင်ကောင်းမဟုတ်သည့် ဂုဏ်သိက္ခာရှိ ကုမ္ပဏီများ နောက်ဆုတ်လှည့်ပြန်
သွားပါက ပြည်သူများသာ ခံစားရမည်ဖြစ်ပါသည်။

လျှပ်စစ်မီးပျက်တောက်မှုကို ပြည်သူများ ခံစားရပါက အစိုးရနှင့်
လျှပ်စစ်ဝန်ကြီးဌာနအပေါ် မကျေနပ်မှုများဖြစ်ပေါ်လာပြီး ထိပ်တိုက်
ရင်ဆိုင်မှုများ ရှိလာမည်ဖြစ်ပါသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်ကုမ္ပဏီများ လာရောက်ရင်းနှီးမြုပ်နှံ
မှုမပြုတော့ပါက အခြားကဏ္ဍများတွင် ဆက်ဆံဆောင်ရွက်ရန်စီစဉ်နေသည့်
ကုမ္ပဏီများကိုပါ မောင်းထုတ်လိုက် သကဲ့သို့ဖြစ်သွားနိုင်ပါသည်။

ပြည်ပရင်းနှီး မြုပ်နှံမှုများအတွက် အဟန့်အတားများ ရှိနေသဖြင့် ဖွံ့ဖြိုး
တိုးတက်ရေးကို အရှိန်အဟုန်ဖြင့်သွားနေသော မိမိတို့နိုင်ငံမှာ
ယခင်အတိုင်းပင် နောက်ကျကျန်နေခဲ့ဦးမည် ဖြစ်ပါသည်။

ကျွန်တော့်အနေဖြင့် လျှပ်စစ်ဝန်ထမ်းတစ်ဦး ဖြစ်သော်လည်း
လျှပ်စစ်ဝန်ကြီးဌာနဘက်နှင့် ကုမ္ပဏီများ၏ဘက်မှ လိုက်ပါရေးသားခြင်းမဟုတ်ဘဲ
ပြည်သူလူထု၏ ရေရှည်အကျိုးကိုသာ ရှေ့ရှု၍ ရေးသား လိုက်ရခြင်းဖြစ်ပါသည်။

(Photo – A cyclist rides on vacant city streets at night in Nay Pyi
Taw, Myanmar.

Photograph by: Paula Bronstein, Getty Images)

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ