လူမှုရေး အော်စကာဆု ၁၅ ဆု နာရေးကူညီမှု အသင်း ချီးမြှင့်

၂၀၁၂ ခုနှစ် လူမှုရေး ဇာတ်လမ်းများနှင့် ဇာတ်လမ်းတို များတွင် ပီပြင်စွာ
သရုပ်ဆောင် ခဲ့ကြသည့် သရုပ်ဆောင် များကို နာရေး ကူညီမှု အသင်း (ရန်ကုန်) က
ပထမဆုံး အကြိမ် လူမှုရေး အော်စကာဆု ၁၅ ဆုကို ပေးအပ် ခဲ့ကြောင်း အသင်း၏
ပြန်ကြားရေး တာဝန်ခံ ကိုကျော်ဟိန်းက ပြောကြားသည်။

ယင်းဆုများကို နာရေးကူညီမှု အသင်း (ရန်ကုန်) ၏ (၁၂) နှစ်မြောက် နှစ်ပတ်လည်
အခမ်းအနားတွင် ချီးမြှင့် ခဲ့ခြင်း ဖြစ်ပြီး နာရေးကူညီမှု အသင်းက ရိုက်ကူး
ထားသည့် သုခကုသိုလ်ဖြစ် ဆေးခန်း ပညာပေး ဇာတ်ကား ၁၆ ကား နှင့် ဈာပနနှင့်
ပတ်သက်သော ဇာတ်လမ်း လေးပုဒ်မှ ရွေးချယ်ခြင်း ဖြစ်ကြောင်း ၄င်းက ဆိုသည်။

နာရေးကူညီမှု အသင်းတွင် လူမှုရေး လုပ်ဆောင်နေသည့် လူငယ် အများစုသည် လက်တွေ့
သမားများဖြစ်ကြပြီး သရုပ်ဆောင် အလုပ်သည် စိတ်ခံစားမှုဖြင့်
လုပ်ရသောကြောင့် ခက်ခဲမည် ဖြစ်ကြောင်း၊ ယင်းဆုများကို ချီးမြှင့်ခြင်း
ကြောင့် လူမှုရေး လုပ်ငန်းတွင် တက်ကြွစွာ လုပ်ဆောင် ခဲ့သည့် လူငယ်များ
အတွက် စိတ်ဓာတ် ခွန်အား ဖြစ်စေမည် ဖြစ်ကြောင်း ရုပ်ရှင်၊ ဗီဒီယို
သရုပ်ဆောင် ဦးထူးသာက ပြောကြား သည်။

အော်စကာ ဆုရုပ်တုကို အမေရိကန် ပြည်ထောင်စုမှ ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူ၍
ချီးမြှင့်ခြင်း ဖြစ်ပြီး ဆုငွေမပါဘဲ လက်ဆောင် ပစ္စည်းများကိုပါ ထည့်သွင်း
ချီးမြှင့်ခဲ့ကြောင်း နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူက ဆိုသည်။
"ထူးချွန်တဲ့ လူတွေကို အသိအမှတ်ပြုတဲ့ သဘောပဲ။ သူတို့တွေက လူမှုရေး
လုပ်နေကြတာ။ သရုပ်ဆောင် ပညာနဲ့ စိမ်းတယ်" ဟု ၄င်းကဆိုသည်။ ဆုများ
ရွေးချယ်ရာတွင် ဝါရင့် အနုပညာရှင် များက အကဲဖြတ် မဲဖြင့် ရွေးချယ်ခြင်း
ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။

လူမှုရေး အော်စကာဆု ပေးအပ် ရာတွင် ဇာတ်ဆောင်ဆု၊ ဇာတ်ပို့ဆုဟူ၍
ခွဲခြားထားခြင်း မရှိဘဲ သရုပ်ဆောင် များသည် နာရေးကူညီမှု အသင်းတွင်
လူမှုရေး လုပ်ငန်းများ လုပ်ဆောင်နေသော လူငယ်များသာ ဖြစ်ကြောင်း နာရေး
ကူညီမှု အသင်း (ရန်ကုန်)မှ အမြဲတမ်း ဝန်ထမ်း တစ်ဦးက ပြောကြားသည်။

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ