အစွန်းတရား နှစ်ပါး

ကြာတော့ကြာခဲ့ပါပြီ။ တစ်ခါက ဂျာနယ်တစ်စောင်ကို ဆောင်းပါးနှစ်ပုဒ်
ရေးပို့ဖူးပါတယ်။ တစ်ပုဒ်ကိုတော့ ဂျာနယ်မှာ ထည့်သုံးပါတယ်။
နောက်တစ်ပုဒ်ကိုတော့ စကားအသုံးအနှုန်းတွေ ပြင်ပေးဖို့ ပြောလာပါတယ်။ ဒီလို
ပြင်ပေးဖို့ ပြောလာတဲ့ ဆောင်းပါးကတော့ ကိုယ်ဒေါသဖြစ်ဖြစ်နဲ့
ဆရာကြီးတစ်ယောက်ကို ဝေဖန်တိုက်ခိုက်ထားတဲ့ ဆောင်းပါးပဲ ဖြစ်ပါတယ်။
ကိုယ်ကြည်ညိုလေးစားနေတဲ့ ဆရာကြီးတစ်ယောက်ရဲ့ စာပေကို အဲဒီဆရာကြီးက
လွန်လွန်ကျူးကျူး ဝေဖန်ပါတယ်။

ဒီဝေဖန်ချက်ကို ဖတ်ရတော့ ဝေဖန်တဲ့ ဆရာကြီးအပေါ်မှာ ကိုယ်က ဒေါသထွက်ပါတယ်။
ဒေါသဖြစ်နေတုန်း ကောက်ရေးလိုက်တာဆိုတော့ စကားလုံးအသုံးအနှုန်းတွေက
ဘယ်လိုလုပ် ပြေပြေပြစ်ပြစ် ဖြစ်နိုင်ပါ့မလဲ။
ဂျာနယ်တိုက်က စကားအသုံးအနှုန်းတွေ ပြင်ပေးဖို့ ပြောလာတော့မှ
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါတယ်။ "ငါဟာ ဘုန်းကြီးတစ်ပါးဖြစ်လျက်နဲ့
ကိုယ့်ဒေါသ ကိုယ်မထိန်းနိုင်တဲ့အပြင် ဒေါသခိုင်းတဲ့အတိုင်း
ကာယကံမြောက်သွားပါပေါ့လား။ တော်ပြီ၊ နောက်ကို ဒေါသ ဖြစ်ရင်
စာမရေးတော့ဘူး" လို့ စိတ်ထဲမှာ နောင်တတရားနဲ့
ဆုံးဖြတ်ချက်ချလိုက်မိပါတယ်။ တကယ်တော့ ဒီလို ဖြစ်ရတာဟာ ချစ်ခြင်း
မုန်းခြင်း၊ ကျေနပ်ခြင်း မကျေနပ်ခြင်း ဆိုတဲ့ အစွန်းနှစ်ဖက်ကို
နင်းမိတဲ့အတွက်ကြောင့်ပါ။ ကိုယ်ချစ်မြတ်နိုးသူ
ကိုယ်ကြည်ညိုလေးစားသူအပေါ်မှာ ချီးမွမ်းခန်းဖွင့်ရင် အူမြူးသလောက်
အပြစ်ပြောရင် ဝေဖန်ကဲ့ရဲ့ရင် သည်းခံနိုင်စွမ်း ကင်းမဲ့နေတတ်တဲ့
စိတ်အခြေအနေမျိုးကို မြတ်ဗုဒ္ဓက အလိုမရှိပါဘူး။ ကိုယ်
လေးစားကြည်ညိုသူတွေအပေါ်မှာ အခြားတဖက်က ချီးမွမ်းမှု ကဲ့ရဲ့အပြစ်တင်မှုတွေ
ပြုလာတဲ့အခါမျိုးမှာ ထားရှိရမယ့် စိတ်သဘောထားကို မြတ်ဗုဒ္ဓက ဒီလို
ဟောခဲ့ပါတယ်။

"ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ
သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ) ၌ သင်တို့သည်
ရန်ငြိုးထားခြင်း နှလုံးမသာခြင်း စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်။"
'Monks, if anyone should speak in disparagement of me, of the Dhamma
or of the Sangha, you should not be angry, resentful or upset on that
account.'

"ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ
သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်
နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ် ဖြစ်ရာ၏။"
'If you were to be angry or displeased at disparagement, that would
only be a hindrance to you.'

"ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ
သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်
နှလုံးမသာကြလျှင် သင်တို့သည် သူတစ်ပါးတို့၏ စကားကောင်း စကားဆိုးကို
သိနိုင်ကြပါမည်လော။"
'For if others disparage me, the Dhamma or the Sangha, and you are
angry or displeased, can you recognise whether what they say is right
or not?'

"မသိနိုင်ကြပါ အသျှင်ဘုရား"
'No, Lord.'

"ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ
သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ "ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊
ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌
ထင်ရှားမရှိ" ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းရမည်။"
'If others disparage me, the Dhamma or the Sangha, then you must
explain what is incorrect as being incorrect saying: " that is
incorrect, that is false, that is not our way, that is not found among
us."

"ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ဂုဏ်ကိုဖြစ်စေ
သံဃာ၏ဂုဏ်ကိုဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ)၌ သင်တို့သည် နှစ်သက်ခြင်း
ဝမ်းသာခြင်း စိတ်တက်ကြွခြင်း မဖြစ်စေသင့်။"
'But, monks, if others should speak in praise of me, of the Dhamma or
the Sangha, you should not on that account be pleased, happy or
elated.'

"ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ဂုဏ်ကိုဖြစ်စေ
သံဃာ၏ဂုဏ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် နှစ်သက်ကြလျှင် ၀မ်းသာကြလျှင်
စိတ်တက်ကြွကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏။"
'If you were to be pleased, happy of elated at such praise, that would
only a hindrance to you.'

"ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ဂုဏ်ကိုဖြစ်စေ
သံဃာ၏ဂုဏ်ကိုဖြစ်စေ ပြောကြရာ၌ "ဤစကားသည် ဤအကြောင်းကြောင့်လည်း ဟုတ်ပေ၏၊
ဤအကြောင်းကြောင့်လည်း မှန်ပေ၏၊ စင်စစ်အားဖြင့် ဤဂုဏ်သည် ငါတို့၌
ထင်ရှားရှိပေ၏" ဟု ဟုတ်မှန်သည်ကို ဟုတ်မှန်သည့်အတိုင်း သင်တို့
ဝန်ခံရမည်။"
If others praise me, the Dhamma or the Sangha, you should acknowledge
the the truth of what is true, saying: "That is correct, that is
right, that is our way, that is found among us."

အထက်က မြတ်ဗုဒ္ဓရဲ့ စကားတော်တွေကို ဆင်ခြင်ကြည့်မယ်ဆိုရင်
ဗုဒ္ဓဘာသာဝင်တွေအားလုံးက အမြတ်ဆုံးကိုးကွယ်ရာအဖြစ်နဲ့
ကိုးကွယ်ဆည်းကပ်ကြတဲ့ ဗုဒ္ဓရှင်တော်မြတ်ကိုတောင်မှ မလိုလားသူတွေက ဝေဖန်ကြ၊
အပြစ်ပြောကြတဲ့အခါမျိုးမှာ ဒေါသမထွက်ဖို့ စိတ်မဆိုးဖို့
ဝေဖန်ချက်အပေါ်မှာသာ မဟုတ်ရင် မဟုတ်တဲ့အကြောင်း ပြန်လည် ရှင်းလင်းဖို့
ညွှန်ပြခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ချီးမွမ်းလာတဲ့ အခါမှာလည်း
ဘ၀င်လေဟပ်တာမျိုး မဖြစ်ပဲ ချီးမွမ်းချက်အပေါ်မှာသာ ဟုတ်မှန်ရင်
ဟုတ်မှန်ကြောင်း ၀န်ခံပြောကြားဖို့ ညွှန်ပြခဲ့ပါတယ်။ မြတ်ဗုဒ္ဓရဲ့
စကားတော်တွေထဲမှာ ကိုယ်လေးစားကြည်ညိုသူအပေါ်မှာ အခြားတစ်ဖက်က ဝေဖန်လာလို့
ကိုယ်က စိတ်ဆိုးမယ်၊ ဒါမှမဟုတ်၊ ချီးမွမ်းလာလို့ ဘ၀င်လေဟပ်သွားမယ် ဆိုရင်
ဒီနှစ်ခုလုံးဟာ အန္တရာယ်ပဲ ဆိုတဲ့ ညွှန်ပြချက်ဟာ အလွန်ကို အရေးပါပါတယ်။

မြတ်ဗုဒ္ဓရဲ့လမ်းစဉ်ဟာ အများသိထားပြီးဖြစ်တဲ့အတိုင်း ရာဂအစွန်း၊
ဒေါသအစွန်းဆိုတဲ့ အစွန်းနှစ်ဖက်ကို ရှောင်ပြီး ကျင့်သုံးရတဲ့
မဇ္ဈိမပဋိပဒါလမ်းစဉ် (The Middle Way) ဖြစ်ပါတယ်။
တရားဘာဝနာအားထုတ်ကြတဲ့အခါမျိုးမှာတောင်မှ ဒီအစွန်းနှစ်ခုကို သတိထားပြီး
ရှောင်ရပါတယ်။ တရားထိုင်လို့ ကောင်းလိုက်တာ ဆိုတဲ့ သိမ်မွေ့လွန်းတဲ့
ရာဂအစွန်းရော မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲလာတဲ့အတွက် စိတ်ထဲမှာ
ဖြစ်ပေါ်လာတဲ့ ဒေါသအစွန်းကိုရော သတိထားပြီး ဖယ်ရှားပေးရပါတယ်။ တကယ်တော့
ဒီအစွန်းနှစ်ပါးလုံးဟာ ကိုယ်သွားမယ့်လမ်းကြောင်းအတွက် အတားအဆီးတွေ၊
အန္တရာယ် (Hindrance) တွေသာ ဖြစ်ပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက စိတ်ဆိုးခြင်း
ဘ၀င်လေဟပ်ခြင်း ဆိုတဲ့ အစွန်းတွေကို မနင်းမိဖို့ သတိပေးနေတာပါ။

မြတ်ဗုဒ္ဓ သတိပေးထားတဲ့ အစွန်းတရားနှစ်ပါးဟာ ကိုယ်တို့တွေရဲ့ လူမှုဘ၀ထဲမှာ
နေ့စဉ်တွေ့နေရတာ ဖြစ်လို့ သတိထားပြီး ရှောင်ရှားနိုင်မယ်ဆိုရင်
ကိုယ်သန္တာန်မှာ အလေ့အကျင့်ကောင်းတစ်ခုကို ထူထောင်ပေးနေသလိုပါဘဲ။
အွန်လိုင်းမှာ စာဖတ်နေတဲ့သူတွေကို ဥပမာအနေနဲ့ စဉ်းစားကြည့်ပါမယ်။
ကိုယ်အပါအ၀င် စာဖတ်နေသူအားလုံးဟာ သတင်းပဲဖတ်ဖတ်၊ ဆောင်းပါးပဲ ဖတ်ဖတ်
ဘယ်လိုအကြောင်းအရာမျိုးကို ဖတ်သည် ဖြစ်ပါစေ၊ ကိုယ်ဖတ်နေတဲ့အကြောင်းအရာနဲ့
ကိုယ့်အကြိုက် ကိုယ့်စရိုက်ကို လိုက်ပြီး ခံစားချက်နှစ်မျိုးထဲက
တစ်မျိုးမျိုး ဖြစ်မှာပါ။ ဒါကတော့ "ဒီတင်ပြချက်ကို ကြိုက်တယ်၊
မကြိုက်ဘူး၊ ကျေနပ်တယ်၊ မကျေနပ်ဘူး၊ လက်ခံနိုင်တယ်၊ လက်မခံနိုင်ဘူး"
ဆိုတဲ့ နှစ်မျိုးထဲက တစ်မျိုးပါ။ (Liking or Disliking)

ဒါကို ကိုယ်တို့ ဘယ်လို တုံ့ပြန်ကြမှာလဲ။ စိတ်ခံစားချက်အတိုင်း ကြိုက်
မကြိုက်ဘောင်ထဲကနေ လောဘအစွန်း ဒေါသအစွန်းတွေနဲ့ တုံ့ပြန်မလား။
အကြောင်းအရာအချက်အလက်တွေကို သေသေချာချာ Analysis လုပ်ပြီး သတိနဲ့
တုံ့ပြန်မလား။ ခံစားချက်အတိုင်း ကြိုက်တာတွေ့လို့ ဘ၀င်လေဟပ်တာမျိုး၊
မကြိုက်တာတွေ့လို့ ဒေါသူပုန်ထတာမျိုးတွေနဲ့ တုံ့ပြန်မယ်ဆိုလို့ကတော့
ဗုဒ္ဓအလိုတော်ကျ မကျတဲ့အပြင် သမာသမတ်ကျတဲ့ တုံ့ပြန်မှုမျိုးလဲ ဖြစ်လာမှာ
မဟုတ်ပါဘူး။ ကိုယ့်စိတ်ခံစားချက်တွေနဲ့ ကိုယ်သက်ဝင်ယုံကြည်တဲ့ အစုအဖွဲ့
အစွဲတွေကို ဘေးဖယ်ထားမယ်၊ အကြောင်းအရာအချက်အလက်တွေအပေါ်မှာ စနစ်တကျ
ဝေဖန်ဆန်းစစ်ပြီး တုံ့ပြန်မယ်ဆိုမှသာ ဗုဒ္ဓအလိုတော်ကျ အစွန်းမရောက်တဲ့
တုံ့ပြန်မှုမျိုး သမာသမတ်ကျတဲ့ တုံ့ပြန်မှုမျိုး ဖြစ်လာနိုင်မယ်လို့
ယူဆမိပါတယ်။

အရှင်- သုမန

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ