ပြည်သူ့လွှတ်တော်၌ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို အသစ်ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေး ကော်မတီ အသစ်ထပ်မံဖွဲ့စည်းခြင်းကို ပြည်သူ့လွှတ်တော်
မှ သဘောတူညီသည့်အတွက် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက
ယနေ့ (သြဂုတ်လ ၇ ရက်) နံနက် ၁၀ နာရီ အချိန်တွင် ကြေညာခဲ့သည်။

ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ၊ အတွင်းရေးမှူးအဖြစ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးဝင်းမြင့် တို့က ဆောင်ရွက်မည်ဖြစ်ပြီး အဖွဲ့ဝင် ၁၅ ဦး
ပါဝင်ကြောင်း သိရသည်။

ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊
တရားရေးအဖွဲ့အစည်းများ၊ အစိုးရ၀န်ထမ်းများ၊ မီဒီယာများကြား
တရားဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှု ရှိစေရန်
ကြပ်မတ်ထိန်းကျောင်းရမည်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းမှု
ရရှိစေရန် ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ
ဦးနန္ဒကျော်စွာက ကြေညာခဲ့သည်။ ထို့ပြင် အဆိုပါ ကော်မတီသည်
ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ကော်မတီကို (၁) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ- ကော့မှူးမဲဆန္ဒနယ်၊ (၂)
ဦးမန်းမောင်မောင်ဥာဏ် ပန်းတနော် မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၃) ဦးမင်းဆွေ၊
ဒိုက်ဦးမဲဆန္ဒနယ်၊ အဖွဲ့ဝင် (၄) ဒေါ်ဒွဲဘူ၊ အင်န်ဂျန်းယန် မဲဆန္ဒနယ်၊
အဖွဲ့ဝင်(၅) ဦးစိုင်းထွန်းစိန် မိုင်းပြင်း မဲဆန္ဒနယ်၊အဖွဲ့ဝင် (၆)
ဒေါက်တာရိုအုပ် မတူပီ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၇) ဦးခင်မောင်မြင့်
ဇီးကုန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင် (၈) ဒေါ်မိယဉ်ချမ်း၊ ကျိုက်မရော မဲဆန္ဒနယ်၊
အဖွဲ့ဝင် (၉) ဒေါ်လဲ့လဲ့ဝင်းဆွေ၊ တာမွေ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၀)
ဦးစိုးရယ်၊ ဒီမောဆို၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၁) ဒေါ်ခင်စောဝေ၊ ရသေ့တောင်
မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၂) ဦးနယ်လ်ဆင် (ခ) ဦးဆောင်ဆီ ၊ ကျောက်မဲ မဲဆန္ဒနယ်၊
အဖွဲ့ဝင် (၁၃) ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၄)
ဒေါက်တာဇော်မြင့်မောင်၊ ကျောက်ပန်းတောင်းမဲဆန္ဒနယ် အဖွဲ့ဝင် (၁၅)
ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၊ အတွင်းရေးမှူး တို့ဖြင့်
ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ ၇ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်
စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက
''ပြည်သူ့လွှတ်တော်ဥပဒေပုဒ်မ ၂၁ နှင့် နည်းဥပဒေ ၃၃တို့အရ လွှတ်တော်
ကော်မတီလေးရပ်ကို ပထမအကြိမ် ပြည်သူ့လွှတ် တော်ပုံမှန်အစည်းအဝေး ကာလတွင်
လည်းကောင်း၊ ဥပဒေပုဒ်မ ၂၄၊ ၂၉ နှင့် နည်းဥပဒေ ၇၉၊ ၈၁ တို့အရ
လွှတ်တော်ကော်မတီ ၁၉ ခုနှင့် ကော်မရှင်တစ်ခုကို ပထမအကြိမ် ပြည်သူ့လွှတ်တော်
ဒုတိယပုံမှန်အစည်းအဝေးကာလတွင် လည်းကောင်း တိုးချဲ့ဖွဲ့စည်းခဲ့ပြီး
ကော်မတီ၊ ကော်မရှင်တို့ရဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့အဖွဲ့ဝင်များကို တာဝန်၊
လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်း ကာလကို သတ်မှတ်ပေးခြင်းများ
ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ဒီနေ့ကာလမှာလည်း လွှတ်တော်နှင့် နိုင်ငံတော်မှာ
လိုအပ်နေတဲ့ ကော်မတီအသစ်တစ်ခုဖြစ်တဲ့ တရား ဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်း ရေး ကော်မတီကို ဥက္ကဋ္ဌအဖြစ် ကော့မှူးမဲဆန္ဒနယ်မှ
ဒေါ်အောင်ဆန်းစုကြည်နှင့်အတွင်းရေးမှူးအဖြစ် ပုသိမ်မဲဆန္ဒနယ်မှ
ဦးဝင်းမြင့်တို့ဖြင့် ထပ်မံတိုးချဲ့ ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ ထိုသို့
ကော်မတီအသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းခြင်းကြောင့် မူလက
ဖွဲ့စည်းထားတဲ့ကော်မတီ၊ ကော်မရှင်များရဲ့ အဖွဲ့ဝင်အမည်စာရင်းလည်း
ပြောင်းလဲတာဝန်ပေးအပ်ခြင်းများကို လွှတ်တော်သို့ တင်ပြသွားမှာဖြစ်ကြောင်း၊
ယခင်ဖွဲ့စည်းခဲ့သော ကော်မတီများ၏ တာဝန်များ အပိုင်းတွင်ပါရှိသော
တည်ဆဲဥပဒေများနှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအား
လျော်စွာထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များသည် လက်ရှိအခြေအနေနှင့်
ညီညွတ်ဆီလျော်ပါက အမိန့်ညွှန်ကြားချက် များအား လိုက်နာဆောင်ရွက်ရာတွင်
စောင့်ကြည့် ထိန်းညှိကူညီရမည်ဟူသော အပိုဒ်အား ပယ်ဖျက်ပြီး သက်ဆိုင်ရာဌာန၊
အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊
စည်းကမ်း၊ အမိန့်ကြေညာစာ၊ အမိန့်ညွှန်ကြားချက်နှင့်
လုပ်ထုံးလုပ်နည်းများသည် တည်ဆဲဥပဒေနှင့် လည်းကောင်း၊
ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများနှင့်လည်းကောင်း
ညီညွတ်ဆီ လျော်အောင် ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှုရှိပါက
လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းညှိကူညီရမည်ဟူသော အပိုဒ်ကို
အစားထိုး ဖြည့်စွက်သွားမှာ ဖြစ်ကြောင်းနှင့် လွှတ်တော်ရဲ့ သဘောဆန္ဒ
ရယူသွားမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ကော်မတီ၏ တာဝန်၊
လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို တင်ပြရာတွင် ''ကော်မတီ၏
သက်တမ်းမှာ စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ် သတ်မှတ်ပါတယ်။ ကော်မတီသည်
ပြည် သူ့လွှတ် တော်ကိုယ်စားလှယ်များ၊ ပြည်သူ့အစိုးရ၊
တရားရေးအဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ သတင်းမီဒီယာများနှင့်
သက်ဆိုင်သူအားလုံးတို့သည် တရားဥပဒေနှင့်အညီ နေထိုင်ပြုမူ
လိုက်နာဆောင်ရွက်နိုင်ရေးအတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း၊
ထိန်းညှိကူညီခြင်း ပြုရမည်။ အရေးယူ ဆောင်ရွက်ရန်ရှိပါက
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြရမည်။
တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော အကြောင်းကိစ္စများဖြစ်ပေါ်ရန်
အကြောင်းပေါ်ပေါက်လာပါက ပေါ်ပေါက်သည်ဟု ယူဆပါက သက်ဆိုင်ဆက်စပ်သည့်
အဖွဲ့အစည်းများကို ကူညီစောင့်ကြည့်ထိန်းညှိပေးရမည်။
တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုမှတစ်ဆင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှု အောင်မြင်လာရေးအတွက် လေ့လာသုံးသပ်
ဆောင်ရွက်ရမည်။ သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက
ကျင့်သုံးလျက်ရှိသည့် ဥပဒေများကိုလေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊
အသစ်ပြဋ္ဌာန်းရန်များ တွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်''စသည့်
အချက်များအပြင် အဆိုပါကော်မတီသည် ပြည်ထောင်စုအဆင့်ဖြစ်ကြောင်း
လွှတ်တော်သို့ တင်ပြခဲ့သည်။
ဥပဒေစိုးမိုးရေးဆိုတာ မီဒီယာတွေအတွက်လည်း ပါတယ်။ ဥပဒေစိုးမိုးရေးဆိုတာ
အားလုံးအတွက်လို့ အမေယူဆတယ်။ တချို့က ဥပဒေဆိုတာဟာ လူ့အဖွဲ့အစည်းကို
ထိန်းချုပ်ဖို့လို့ ယုံကြည်တယ်။ အမေကတော့ အဲလိုမယုံကြည်ဘူး။ ဥပဒေဆိုတာ
လူ့အဖွဲ့အစည်းကို ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့၊ လူ့အဖွဲ့အစည်းရဲ့
ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့
ဒီပုံစံနဲ့ပဲ လုပ်သွားမှာပါ . . .

ထို့နောက် လွှတ်တော်၏ သဘောထားရယူရာသဘောတူသည့်အတွက် ကော်မတီတစ်ခု
တိုးချဲ့ဖွဲ့စည်းခြင်း၊ ကော်မတီဝင်များ ပြောင်းလဲတာဝန်ပေးအပ်ခြင်း၊
ကော်မတီ၏ တာဝန်များ ပယ်ဖျက် အစားထိုးခြင်းကို အတည်ပြုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ''ခံစားချက်ကတော့ ဒါကိုအလုပ်ဖြစ်အောင်
လုပ်ရမယ်ဆိုတာပေါ့။ အခွင့်အရေးရှိသလောက်ကိုပဲ ဥပဒေစိုးမိုးရေး၊
မြှင့်တင်ရေးအတွက် အသုံးချရမယ်ပေါ့။ ဒီလိုပါပဲ။ ရိုးရိုးခံစားချက်ပါပဲ။
ကော်မတီကတော့ ငြိမ်းချမ်းရေးနဲ့ တိုက်ရိုက် မဆက်နွှယ်ဘူး။ အမေတို့
အမြဲပြောခဲ့တဲ့အတိုင်းပဲ ဥပဒေစိုးမိုးရေးကို ပြည်တွင်းငြိမ်းချမ်းရေးနဲ့
ခွာလို့မရဘူး။ ဒါတွေက ဆက်နွှယ်နေတယ်။ အစကတည်းက
အမေတို့ပြောတဲ့အတိုင်းပါပဲ''ဟု သတင်းထောက်များအား ဖြေကြားခဲ့သည်။

သတင်းထောက်များက ကော်မတီမှ မီဒီယာများအတွက် ဆောင်ရွက်ပေးနိုင်မည့်
ကိစ္စများကို မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ''ဥပဒေစိုးမိုးရေးဆိုတာ
မီဒီယာတွေအတွက်လည်း ပါတယ်။ ဥပဒေစိုးမိုးရေးဆိုတာ အားလုံးအတွက်လို့ အမေယူဆ
တယ်။ တချို့က ဥပဒေဆိုတာဟာ လူ့အဖွဲ့အစည်းကို ထိန်းချုပ်ဖို့လို့
ယုံကြည်တယ်။ အမေကတော့ အဲလိုမယုံကြည်ဘူး။ ဥပဒေဆိုတာ လူ့အဖွဲ့အစည်းကို
ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့၊ လူ့အဖွဲ့အစည်းရဲ့ ရသင့်ရထိုက်တဲ့
အခွင့်အရေးတွေကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ ဒီပုံစံနဲ့ပဲ
လုပ်သွားမှာပါ''ဟု ပြန်လည် ဖြေကြားခဲ့သည်။

ထို့ပြင် ကော်မတီအဖွဲ့ဝင်များမှာ မည်သူမည်ဝါဖြစ်စေ မိမိ၏ ရည်မှန်းချက်
အောင်မြင်ရန် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ထပ်မံပြောကြားခဲ့သည်။

1 comment:

  1. အမေစုရေသားတို့ကဥပဒေဆိုကြောက်နေပါပြီး
    သားတို့တစ်လျှောက်လုံးအဖိနှိပ်ခံဥပဒေအောက်မှာ
    နေခဲ့ရလို့ပါအမေစုလက်ထဲ့ရောက်မှပြည်သူတွေ
    အသက်ရှုပေါက်ရမယ်ထင်ပါတယ်

    ReplyDelete

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ