ဥပဒေအထက်ရောက်ရှိနေသော တရားသူကြီးများကို တရားမကြောင်းအရ တရားစွဲဆိုနိုင်မည့် ၁၈၅၀ ပြည့် နှစ်၊ တရားရေးအရာရှိများကို ကာကွယ်ခြင်းဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ (အိန္ဒိယအက်ဥပဒေအမှတ်-၁၈)ကို ရုပ်သိမ်းသည့် ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်သွင်းခဲ့ရာ လွှတ်တော်မှ မဲခွဲဆုံးဖြတ်ခဲ့ပြီး ရှုံးနိမ့်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ်လ ၉ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ် တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အဆိုပါ ၁၈၅၀ ပြည့်နှစ်၊ တရားရေးအရာရှိများကို ကာကွယ်ခြင်း ဥပဒေသည် တရားရေးအရာရှိများသည် ဥပဒေကို ဆောင်ရွက်ရာတွင် သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါက အဆိုပါ အပြုအမူအတွက် တရားရေးအရာရှိအား တရားမကြောင်းအရ တရားစွဲဆိုခြင်းမှ အကာအကွယ် ပေးထားခြင်းဖြစ်ကြောင်း၊ အဆိုပါ ဥပဒေသည် အင်္ဂလိပ်အစိုးရက လွန်ခဲ့သောနှစ်ပေါင်း ၁၆၀ ခန့်က ပြဋ္ဌာန်း ခဲ့သော ဥပဒေဖြစ်ခြင်း၊ နိုင်ငံသားတိုင်း တန်းတူခံစားခွင့်၊ လွတ်လပ်ခွင့် တရားမျှတခွင့်ကို ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၁ (က)ကို ဆန့်ကျင်နေခြင်း၊ တရားရေးအရာရှိများကို အထူးအခွင့်အရေး ပေးထားသော ဥပဒေဖြစ်ခြင်း၊ ၎င်းဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသည့်အတွက် မူလကပင် ပျက်ပြယ်သော ဥပဒေဖြစ်နေခြင်း၊ တရားသူကြီးများကို အကာအကွယ်ပေးသော ပြဋ္ဌာန်းချက် ရာဇသတ်ကြီး ဥပဒေများတွင်လည်း ပါရှိနေခြင်း၊ လွတ်လပ်စွာ တရားစီရင်ရေးကို အကာအကွယ်ပေးရာ မရောက်ခြင်းကြောင့် ပယ်ဖျက်သင့်ကြောင်း ဦးသိန်းညွန့် က ပြောကြားခဲ့သည်။
| ဒုတိယ ကမ္ဘာစစ်ပြီး အရှေ့အနောက်ဂျာမနီ နှစ်နိုင်ငံပြန်လည် ပေါင်းစည်းစအချိန်မှာ တရားဥပဒေစိုးမိုးမှု လွန်စွာအားနည်းခဲ့တာကြောင့် ဂျာမနီအစိုးရ ကနေပြီးတော့မှ ပြည်သူ့ဆန္ဒစစ်တမ်း ကောက်ယူခဲ့ပါတယ်။ ပြည်သူ့ဆန္ဒ အရ ကွန်မြူနစ်စနစ်အောက်မှာ၊ တစ်ပါတီစနစ်အောက်မှာ လေ့ကျင့်ဖွဲ့စည်း ထားခဲ့ကြတဲ့ တရားသူကြီးများ၊ တရားရေး နယ်ပယ်က ၀န်ထမ်းများကို အငြိမ်းစားပေးပြီးတော့မှ တာဝန်က ရပ်နားစေခဲ့ပါတယ်။ ဒီမိုကရေစီစနစ် တရားသူကြီးများဖြင့် ပြင်ဆင်ဖွဲ့စည်း ပေးတဲ့အခါမှာ တရားစီရင်ရေးစနစ် က တိုးတက်ကောင်းမွန်လာခဲ့ပါတယ် |
ဦးသိန်းညွန့် တင်သွင်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံတင်ပြ ချက်တွင် "အဆိုပါဥပဒေတွင် ပုဒ်မ တစ်ခုသာ ပါရှိကြောင်း၊ တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်သော ပုဂ္ဂိုလ် သည် တာဝန်၊ ၀တ္တရားများကိုဆောင် ရွက်ရာတွင် သဘောရိုးဖြင့်ဆောင်ရွက် မှုများအတွက် တရားရုံးတွင် တရား စွဲဆိုခြင်း မခံရစေရန် ကာကွယ်ပေးထားခြင်း ဖြစ်ကြောင်း၊ အဂတိလိုက် စားမှု၊ မတော်မတရား ပြုလုပ်မှုတို့ကို အကာအကွယ်ပေးခြင်း မဟုတ်ကြောင်း၊ သဘောရိုးဖြင့် ဆောင်ရွက်မှုများကို အကာအကွယ်ပေးခြင်း ဖြစ်ကြောင်း၊ ဥပဒေအရ တာဝန်ပေးအပ်ထားသော တာဝန်ကိုထမ်းဆောင်နေသည့် အခြား ၀န်ထမ်းများကိုလည်း အလားတူ အ ကာအကွယ်ပေးထားပါကြောင်း၊ တရားရေးအရာရှိများကို အလားတူ အကာအကွယ်ပေးသည့် ဥပဒေများ နိုင်ငံ တော်တော်များများ၌ ပြဋ္ဌာန်း ထားကြောင်း၊ တရားရေးတာဝန်ကို သဘောရိုးဖြင့် ထမ်းဆောင်သူကို အကာအကွယ်ပေးခြင်းသာ ဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁(က) နှင့် မသက်ဆိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါဥပဒေကို မရုပ်သိမ်းသင့်ကြောင်း" ပါရှိသည်။
ထို့နောက် ဦးသိန်းညွန့်က "နိုင် ငံတကာမူဖြစ်တဲ့ မြန်မာနိုင်ငံလက်မှတ် ထိုးထားတဲ့ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ပုဒ်မ ၃၀ ပါ ပါ တယ်။ အခုလို ဥပဒေရဲ့အထက်မှာ တရားသူကြီးတွေကို အကာအကွယ် ပေးရမယ်ဆိုတဲ့ ပုဒ်မတစ်ချက်မှ မပါပါဘူး။ နောက်တစ်ချက်က သဘော ရိုးဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ဥပဒေ ပြဿနာ မဟုတ်ပါဘူး။ အချက်အလက် ပြဿနာပါ။ ပြစ်မှုဆိုင်ရာဥပဒေ မှာလည်း တရားသူကြီးတွေကို တရားစွဲမရအောင် အကာအကွယ်ယူထား ပြီးပါပြီ။ အဲဒီတော့ တရားမကြောင်းအရ တရားစွဲခွင့်ဆိုတာ ဒီနေ့နိုင်ငံတ ကာမှာ လူတိုင်းကျင့်သုံးနိုင်တဲ့ အခွင့် အရေးပါ။ ဒီနေ့ ကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲရေးမှာ တရားစီရင်ရေး နယ်ပယ်ဟာ မပြောင်းလဲဘဲ အဟောင်းထဲမှာပဲ လည်နေပါတယ်။ တရားရေး ယန္တရားကိုထိန်းကျောင်းဖို့ ပြည်သူ တွေကို လက်နက်အနေနဲ့ တရားမကြောင်းအရ စိန်ခေါ်နိုင်ဖို့လိုပါတယ်။ သဘောရိုး ဟုတ်မဟုတ်ဆိုတာ အဲဒီ အချိန်မှာ တရားမကြောင်း ကြားနာ လိုက်ရင် ပေါ်ပေါက်ပါတယ်။ အဲဒီ အချိန်မှာ ဒီနေ့ အကျင့်ပျက်နေတဲ့ တရားသူကြီး တော်တော်များများကို ထိန်းကျောင်းနိုင်ဖို့ အခွင့်အရေး ရလာပါမယ်။ ဒီဥပဒေဟာ ကျွန်တော် တို့နိုင်ငံကို ကျွန်ပြုခဲ့တဲ့ လူတွေက ဆွဲခဲ့တဲ့ကိုလိုနီဥပဒေပါ။ ဒီဥပဒေနဲ့ပတ်သက်တဲ့ ကျွန်တော်ရဲ့ ရပ်တည်ချက် ကို မပြောင်းပါဘူး။ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူပါမယ်"ဟု ပြောကြားခဲ့သည်။
ထို့နောက် လွှတ်တော်၏ အဆုံးအဖြတ်ခံယူရာ ထောက်ခံမဲ ၁၂၁၊ ကန့်ကွက်မဲ ၂၁၄၊ ကြားနေမဲ ၃၃ မဲရရှိသည့်အတွက် ဥပဒေကြမ်း အတည်မပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက "ယနေ့မြန်မာ နိုင်ငံကို တရားဥပဒေစိုးမိုးမှု အနိမ့်ကျဆုံး နိုင်ငံများစာရင်းမှာ ကမ္ဘာက ထည့်သွင်းထားပါတယ်။ တရားစီရင် ရေးမဏ္ဍိုင်ဟာ အဂတိတရားများ ဖုံး လွှမ်းနေဆဲဖြစ်ကြောင်း ပြည်တွင်း ပြည်ပမှာလည်းပဲ ကျယ်လောင်စွာဝေဖန် အော်ဟစ်နေကြပါတယ်။ ယိမ်းယိုင် တိမ်းစောင်းနေတဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို လွှတ်တော်သက်တမ်းတစ်ခု သို့မဟုတ် နှစ်ခု သတ်မှတ်ကာလ တစ်ခုအတွင်းမှာ ဖြောင့်မတ်ကြံ့ခိုင် လာဖို့ဆိုလို့ရှိရင်တော့ ဆောင်ရွက်နိုင်မည့် နည်းလမ်းများထဲက လက်တွေ့ကျမယ့် နည်းလမ်းသုံးခုကို အကြံ ပြုတင်ပြလိုပါတယ်။ ပထမနည်း လမ်း တရားလွှတ်တော် အဆင့်ဆင့် မှာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်ထောင်စုတရားလွှတ် တော်ချုပ်တို့ရှိပါတယ်။ အဲဒီလိုရှိတဲ့ အထဲမှာ မြို့နယ်အဆင့် တရားသူကြီး၊ တရားရေးအရာရှိ တာဝန်ထမ်း ဆောင်ပြီးမှ သတ်မှတ်တဲ့နှစ်ကာလ ပြည့်မှ ခရိုင်အဆင့် ထမ်းဆောင်ရပါတယ်။ ခရိုင်အဆင့်မှာ သတ်မှတ်တဲ့ နှစ်ကာလပြည့်မှ ပြည်နယ်၊ တိုင်းအဆင့်ကို ဆက်လက်ထမ်းဆောင် ရပါတယ်။ ၎င်းအဆင့်မှာ သတ်မှတ်တဲ့ နှစ်ကာလပြည့်မှ ပြည်ထောင်စု အဆင့်သို့ ဆက်လက် ထမ်းဆောင် နိုင်ခွင့်ရှိကြောင်းကိုလည်းပဲ လေ့လာ တွေ့ရှိရပါတယ်။ တစ်နည်းအားဖြင့် တရားစီရင်ရေးနယ်ပယ်ရဲ့ ၀င်ပေါက် ပိုက်လိုင်းအတွင်း ရောက်ရှိမှ ဆက်လက် တက်ရောက်နိုင်ခြင်းမျိုး ဖြစ်ပြီးတော့မှ အပြင်ပုဂ္ဂိုလ်များ ၀င်ခွင့်လုံးဝမရှိသည့် အနေအထားမျိုးဖြစ်တာကို တွေ့ရပါတယ်။ အမှန်မှာတရား သူကြီး၊ တရားရေးအရာရှိ လုပ်သက် က အဓိကမဟုတ်ပါ။ ဖြောင့်မတ်မှန် ကန်မှု၊ လူထုအပေါ် မေတ္တာထားရန်သည်သာ ပဓာနဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တရားလွှတ်တော်အဆင့် များမှာ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံ တဲ့ ပြင်ပဥပဒေပညာရှင်များကိုပါ ထည့်သွင်းဖွဲ့စည်းတဲ့နည်းလမ်းက ပထမနည်းလမ်းဖြစ်ပါတယ်။ ဒုတိယ နည်းလမ်းအနေနဲ့ အမျိုးစစ်မှ အမျိုးချစ်တတ်သည်ဆိုတဲ့ ဆိုရိုးအတိုင်း ပြည်သူ့ကိုယ်စားလှယ်များဟာ ပြည်သူ့အကျိုးစီးပွား ဘက်ကနေပြီးတော့ မှ ရပ်တည် ကာကွယ်ပေးရပါတယ်။ ပြည်သူ့မျက်နှာကို ကြည့်နေရပါတယ်။ ပြည်သူ့အသံနှင့် ပြည်သူ့ဆန္ဒကို နားဆင်ဖြည့်ဆည်းပေးရပါတယ်။ ဘာကြောင့်ဆိုတော့ ပြည်သူ့ကိုယ်စား လှယ်များဖြစ်နေသောကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အမျိုးချစ်တတ်စေရန်၊ ပြည်သူ့အကျိုးစီးပွားဘက် က ရပ်တည်တတ်စေရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စု တရားလွှတ်တော် အဆင့်တို့ကို ပြည်သူ့ကိုယ်စားလှယ်များဖြင့် ပြင်ဆင် ဖွဲ့စည်းပေးသင့်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြီး အရှေ့အနောက်ဂျာမနီ နှစ်နိုင်ငံပြန်လည် ပေါင်းစည်းစအချိန်မှာ တရားဥပဒေစိုးမိုးမှု လွန်စွာအားနည်းခဲ့တာကြောင့် ဂျာမနီအစိုးရကနေပြီးတော့မှ ပြည်သူ့ဆန္ဒစစ်တမ်း ကောက်ယူခဲ့ပါတယ်။ ပြည်သူ့ဆန္ဒ အရ ကွန်မြူနစ်စနစ်အောက်မှာ၊ တစ်ပါတီစနစ်အောက်မှာ လေ့ကျင့်ဖွဲ့စည်း ထားခဲ့ကြတဲ့ တရားသူကြီးများ၊ တရားရေး နယ်ပယ်က၀န်ထမ်းများကို အငြိမ်းစားပေးပြီးတော့မှ တာဝန်က ရပ်နားစေခဲ့ပါတယ်။ ဒီမိုကရေစီစနစ် တရားသူကြီးများဖြင့် ပြင်ဆင်ဖွဲ့စည်း ပေးတဲ့အခါမှာ တရားစီရင်ရေးစနစ် က တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ ဒီကနေ့ ဂျာမနီနိုင်ငံဟာ ကမ္ဘာပေါ်မှာ တရားဥပဒေစိုးမိုးမှု အကောင်းဆုံး နိုင်ငံများအနက် ထိပ်တန်းနိုင်ငံ တစ်ခုဖြစ်ပါတယ်။ နမူနာယူသင့်ပါတယ်"ဟု အစီရင်ခံစာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ