နိုင်ငံတော်တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရခြင်းကို ခေတ္တဆိုင်းငံ့ထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက သြဂုတ်လ ၉ ရက်နေ့က အတည်ပြု ပြောကြားခဲ့သည်။
''ဆိုင်းငံ့ထားတယ်ဆိုတာ ဟုတ်ပါတယ်။ ဆိုင်းငံ့ထားရတဲ့ အကြောင်းရင်းကတော့ ဥပဒေဆိုင်ရာ အငြင်းပွားဖွယ် ကိစ္စရှိနေတဲ့အတွက် လောလောဆယ် ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်''ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့တွင် ညွှန်ကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင် မှုများကို ပူးတွဲပါပုံစံ (၇) မျိုးတွင် ဖြည့်စွက်၍ လက်မှတ်ရေးထိုးပြီး နိုင် ငံတော်သမ္မတထံ အမည်ဖော်ပြ လိပ်မူ၍ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ ရုံးချိန်အတွင်း ဆက်သားဖြင့် ပေးပို့သွားရန် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သောပုဂ္ဂိုလ်များသည် တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဟု ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ ရက်နေ့ ရက်စွဲဖြင့် ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၀၁ တွင် ဖော်ပြထားသည်။
လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များမှာ''(က) ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ (ခ) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ (ဂ) ပြည်ထောင်စုဝန်ကြီး များ၊ (ဃ) ပြည်ထောင်စုရှေ့နေချုပ်၊ (င) ပြည်ထောင်စု စာရင်းစစ်ချုပ်၊ (စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ (ဆ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ''တို့ ဖြစ်ကြသည်။
တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည့် ညွှန်ကြားချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ''အစိုးရသစ်လက်ထက်တွင် Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်လာရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေး အပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်အဆို''ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး နောက်တစ်ရက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့ရာတွင် အဆိုပါအဆိုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ အများစု လွှမ်းမိုးထားသည့် ပြည်သူ့လွှတ်တော်တွင် သြဂုတ်လ ၈ ရက်နေ့က လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအပြီး အတည်ပြုရန် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၁ မဲနှင့် ကြားနေမဲ ၁၅ မဲ ဖြင့် ရှုံးနိမ့်ခဲ့ကာ အဆိုမှာ အတည်မဖြစ်ခဲ့ပေ။
အဆိုပါအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးစိန်ဝင်း(မအူပင်မဲဆန္ဒနယ်)၊ ဦးကျော်မင်း(လက်ပံတန်းမဲဆန္ဒနယ်)၊ ဒေါ်ဖြူဖြူသင်း(မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်)၊ ဦးကျော်မြင့် (မြန်အောင် မဲဆန္ဒနယ်)၊ ဒေါ်မြင့်မြင့်စန်း (၀ါးခယ် မ မဲဆန္ဒနယ်)၊ ဒေါက်တာဇော်မြင့်မောင်(ကျောက်ပန်းတောင်း မဲဆန္ဒနယ်)၊ ဒေါက်တာမျိုးအောင်(ဒဂုံမြို့သစ်ဆိပ်ကမ်း မဲဆန္ဒနယ်)တို့က ထောက်ခံဆွေးနွေးခဲ့သည်။
အစိုးရအဖွဲ့၏ ပိုင်ဆိုင်မှုများ ဖော်ထုတ်မှုမှာ ဒီမိုကရေစီနိုင်ငံများ၏ အလေ့အထဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံသည် ပွင့်လင်းမြင်သာမှု အားကောင်းရန် လိုအပ်ကြောင်း၊ နိုင်ငံတကာတွင် လက်ဆောင်ပေးမှုမှတစ်ဆင့် လာဘ်ပေးလာဘ်ယူမှု မဖြစ်ပေါ်စေရန် လက်ဆောင်ပေးမှုအတိုင်း အတာပမာဏ(Gift Limit)ကို သတ်မှတ်ပေးထားကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အခြားနိုင်ငံများနည်းတူ သတ်မှတ်ပေးရန် လိုကြောင်းစသည်ဖြင့် ၎င်းတို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။
ထို့အတူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဗိုလ်မှူးကြီးခင်မောင်ထွန်းနှင့် ဗိုလ်မှူးကြီးအောင်မြင့်တို့က ပြန်လည်သုံးသပ်ရန် ဆွေးနွေးခဲ့ကြသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဒေါက်တာစိုင်းကျော်အုန်းနှင့် အမျိုးသားဒီမိုကရေစီအင်အား စုပါတီမှ ဦးစိုးဝင်းနှင့် ဦးအောင်ဇင်တို့ကလည်း ပြန်လည်ပြင်ဆင်တင်သွင်းရန် ဆွေးနွေးခဲ့ကြသည်။
အဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်က အဆိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကွဲလွဲနေသော်လည်း အဆိုကောင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတမှ ခန့်အပ်တာဝန်ပေးသည့် အစိုးရ အဖွဲ့ဝင်များ ထံမှ ပိုင်ဆိုင်မှုစာရင်းတောင်းသကဲ့သို့ ဥပဒေပြုရေး မဏ္ဍိုင်တွင် ကြီးလေးသော တာဝန်များ ထမ်းဆောင်နေသည့် လွှတ်တော်ဥက္ကဋ္ဌများအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များထံမှလည်း ညီတူညီမျှဖြစ်စေရန် ပိုင်ဆိုင်မှုစာရင်း တောင်းဆိုရန် စဉ်းစားသင့်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
ယင်းနောက် အဆိုရှင် ဦးဝင်း မြင့်က ''ဖွဲစည်းပုံ ၆၈ မှာက သမ္မတနဲ့ ဒုသမ္မတရဲ့ပိုင်ဆိုင်တဲ့ စာရင်းတွေ၊ ပစ္စည်းတွေက ပြည်ထောင်စုလွှတ်တော် နာယကဆီကိုပဲ တင်ရမှာ။ အစိုးရအဖွဲ့ရဲ့ ဥပဒေပုဒ်မ ၁၀၁ မှာကျတော့ အစိုးရအဖွဲ့တွေက ပိုင်ဆိုင်မှုကို သမ္မတ ဆီတင်ရမှာ။ ကျွန်တော်ဆို လိုချင်တာက အများပြည်သူသိရှိနိုင်ဖို့ အများပြည်သူ အမြင်ရှင်းဖို့ ပြည်သူကို ထုတ်ဖော်ကြေညာဖို့ အဆိုတင်တာဖြစ်ပါတယ်။ ဒါဟာဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တာ မဟုတ်ဘူး''ဟု ဆွေးနွေးခဲ့သည်။
''သမ္မတကြီးအနေနဲ့ ဒါကို မလုပ်နိုင်စရာ မရှိပါဘူး။ သူကိုယ်တိုင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ပိုင်ဆိုင်မှုတွေကို စာရင်းပြုစုပြီး ပေးပို့ထားတာပါပဲ။ ဒါပေမယ်လို့ ဥပဒေဆိုင်ရာ အငြင်းပွားဖွယ် ကိစ္စရပ်တွေရှိနေလို့ ခေတ္တဆိုင်းငံ့ထားတာပါ''ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ဖြည့်စွက်ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော်အကြီးအမှူးထံ ပေးပို့ရမည်ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပုဒ်မ ၆၈ တွင် ဖော်ပြထားသည်။
''သမ္မတနဲ့ ဒုတိယသမ္မတတွေတောင် သူတို့ရဲ့ တစ်စီးပွားတည်းဖြစ်တဲ့ မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနဲ့ တခြား အဖိုးတန်ပစ္စည်းတွေကို တန်ဖိုးနဲ့တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံ ပေးပို့ရဲသေးတာပဲဗျာ။ ဥပဒေမှာ ပါတာ၊ မပါတာက မပေးရဲလို့ အကြောင်းပြသလို ဖြစ်နေတယ်။ ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်ဆိုရင် ဒီမိုကရေစီစနစ်နဲ့အညီ ထင်သာမြင်သာရှိအောင် ဒါတွေကို ချပြရဲရမှာပေါ့''ဟု လေ့လာသူတစ်ဦးက ပြောကြားခဲ့သည်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ