ဘာသာပြန် သတင်းရေးသားခြင်း
သတင်းစာသမားများအနေနဲ့(တခါတရံ)နိုင်ငံခြားသတင်းဋ္ဌာနအသီးသီးကပေးပို့လိုက်တဲ့၊ဖော်ပြနေတဲ့သတင်းတွေထဲကကောင်းစိုးရာရာရွေးပြီးဘာသာပြန်ကြရပါတယ်။
သတင်းစာသမားဟာ ဘာသာပြန်ဆရာရဲ့အလုပ်ကိုလည်းလုပ်ရတာဆိုတော့ ဘာသာပြန်အတတ်ပညာကို တတ်သိနားလည် ထားဖို့လိုပါတယ်။
"ဘာသာပြန်မှုဆိုသည်မှာအထူးအဆန်းမဟုတ်ပါ။ဘာသာမတူသူနှစ်ဦးတွေ့ဆုံစကားဆိုလျှင်ပင်တစ်ဦးဦးကဘာသာပြန်ရပါတော့သည်။ ပြောသူကနာသူ၏ဘာသာဖြင့်ပြန်ဆိုပြောနိုင်သည်။ ပြောသူက မိမိဘာသာဖြင့်ပြောသည် ကိုနာသူကမိမိဘာသာဖြင့် ပြန်ဆို နားလည်နိုင်သည်။
သို့တည်းမဟုတ်ကလည်းပြောသူနှင့်နာသူနှစ်ဦးလုံးနားလည်သော ကြားဘာသာတစ်ခုခုဖြင့်ဘာသာပြန်ပြောဆို၍ ဘာသာပြန်နားလည် နိုင်ပါသည်" ဟုဆရာကြီးမင်းသုဝဏ်ကဆိုပါသည်။
ဘာသာပြန်အတတ်ပညာမှာပြန်နည်းနှစ်နည်းရှိတယ်လို့လည်းဆရာကြီးမင်းဘုဝဏ်ကဆိုပါတယ်။
(၁) ပညာသည်စာသင်သားတို့အတွက် ဘာသာပြန်နည်းတစ်မျိုး
(၂) အရပ်သားလူသာမန်တို့အတွက် ဘာသာပြန်နည်းတစ်မျိုး
ဘာသာပြန်ကောင်းတစ်ဦးဖြစ်ဖို့ရန်အတွက် လိုလားအပ်တဲ့အချက်သုံးချက်ရှိတယ်လို့လည်း ဆရာကြီးကပြောခဲ့ပါတယ်။ အဲဒါတွေကတော့
(၁) ဘာသာပြန်သူက ကိုယ်ဘာသာရပ်ကိုခြေခြေမြစ်မြစ်နားလည်ရမယ်။
(၂) သူ့ဘာသာစကားကို ခြေခြေမြစ်မြစ်နားလည်ရမယ်။
(၃) ကိုယ်ဘာသာပြန်မယ့်စာအုပ်၊ဒါမှမဟုတ်ပညာရပ်ကိုခြေခြေမြစ်မြစ်နားလည်ရမယ်။
ဆိုတဲ့အချက်တွေဖြစ်ပါတယ်။
သတင်းစာသမားများအဖို့ကသတင်းဖြစ်သမျှကိုဘာသာပြန်ရတာဆိုတော့ ကိုယ့်စိတ်ကြိုက်အကြောင်းရယ်လို့ ရွေးချယ်ခွင့် မရှိပါဘူး။ နိုင်ငံရေးတို့စစ်ရေးတို့ကသတင်းဖြစ်လာရင်လည်းပြန်လိုက်၊စီးပွားရေးလူမှုရေးတို့ကသတင်းဖြစ် လာရင်လည်းပြန်လိုက်၊ ဆေးပညာတို့သိပ္ပံပညာတို့ကသတင်းဖြစ်လာရင်လည်းပြန်လိုက်၊ နေကြက်လကြက်တာက သတင်းဖြစ်လာရင်လည်းပြန်လိုက်၊ လုပ်ကြရတာပါ။ အဲဒါကြောင့်သတင်းစာသမားဟာ အရာအားလုံးနဲ့အနည်းငယ်မျှစီ (Something of everything) ကိုသိထားရမယ် လို့ဆိုခဲ့ကြတာဖြစ်ပါတယ်။
သတင်းစာကသုံးလိုက်တဲ့စကားလုံးဝေါဟာရတွေကိုအများကလိုက်လံသုံးတတ်ကြတာမိုသတင်းစာသမားတွေ ရဲ့အရေး အသားဟာအင်မတန်တာဝန်ကြီးလေးပါတယ်။
အင်္ဂလိပ်ဘာသာကနေမြန်မာတွေဖတ်ဖို့မြန်မာဘာသာကိုပြန်ဆိုရေးသားတာဆိုရင် ဘယ်မြန်မာလူမျိုးမဆို နားလည်စေမယ့် အရေးအသားမျိုးဖြစ်ရပါမယ်။ မြန်မာဘာသာကနေအင်္ဂလိပ်တွေဖတ်ဖို့အင်္ဂလိပ်ဘာသာကိုပြန်ဆိုရေး သားတာဆိုရင်လည်း ဘယ်အင်္ဂလိပ်လူမျိုးမဆိုနားလည်စေမယ့်အရေးအသားမျိုးဖြစ်ရပါမယ်။
အဘိဓါန်လှန်ကြည့်ရုံနဲ့ဘာသာပြန်လို့မရပါဘူး။အဘိဓါန်ကပေးတဲ့အဓိပ္ပါယ်ဟာအခါခပ်သိမ်းမှန်ကန်ပြည်စုံ တယ်လို့ ယူဆထားလို့မဖြစ်ပါဘူး။ဘယ်ဘာသာစကားမှာမဆိုကာလ၊ဒေသ၊ပယောဂ၊အလိုက်အဓိပ္ပါယ်ပြောင်းလဲသွားတဲ့စကားလုံးဝေါဟာရတွေရှိစမြဲပါ။ ဒါကိုသဘောမပေါက်ဘဲအဘိဓါန်ကပေးတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုအမှန်လို့ယူဆပြီး သုံးလိုက်ရင်လူရယ်စရာဖြစ်သွား တတ်ပါ တယ်။
"သတင်းဘာသာပြန်ဆိုတာ
ကမ္ဘာကြီးအကြောင်းကို ကိုယ့်လူမျိုးတွေသိအောင်လုပ်ပေးနေတာဖြစ်ပါတယ်။
ကမ္ဘာကြီးအကြောင်းကိုမသိဘဲနဲ့ကိုယ့်နိုင်ငံအကြောင်းကိုမသိနိုင်ပါဘူး။"
(လူထုစိန်ဝင်း)
သတင်းစာပညာဆိုတာဖော်မြူလာတွေနည်းစနစ်တွေကိုလှေနံပါးတစ်မှတ်ထားရတဲ့သိပ္ပံပညာမျိုးလည်းမဟုတ်ဘူး၊အတွေးကွန်ရက်ဖြန့်ကြက်နိုင်စွမ်းရှိလေလေပိုကောင်းလေလေဖြစ်တဲ့ရသစာပေမျိုးလည်းမဟုတ်ဘူး၊ဒါပေမဲတိကျမှု၊ပြတ်သားမှု၊မှန်ကန်မှုဆိုတဲ့သိပ္ပံပညာရဲ့အခြေခံစံညွန်းတွေကိုလည်းလိုအပ်တယ်သူရဲ့မျက်စိထဲမှာ၊နားထဲမှာ၊အာထဲ လျှာထဲမှာ၊ရှောခနဲရှောခနဲဝင်သွားစေမယ့် စာရေးဖွဲ့မှု အနုပညာလည်းလိုအပ်တဲ့ပညာရပ်ဖြစ်ပါတယ်။ဒါတွေအပြင် အမှားအမှန်အကောင်းအဆိုးကို ပိုင်းခြားဝေဖန်သုံးသပ်နိုင်တဲ့ နိုင်ငံရေးသုခမိန် (Statesman) ရဲ့ခေါင်းမျိုးထက်မညံ့တဲ့ ခေါင်းကောင်းကောင်းရှိဖို့လည်းလိုအပ်ပြန်ပါသေးတယ်။
ဒီအတတ်ပညာတွေနဲ့ပြည့်စုံဖို့ဆိုတာစာသင်ခန်းမထဲကပေးတဲ့ပညာနဲ့တင်မလုံလောက်ပါဘူး။ လုပ်ငန်းခွင်မှာ လက်တွေ့ လုပ်ကိုင်ရင်းဝါရင့်လက်ဟောင်းကြီးတွေရဲ့ကံကူလက်လှည့်သင်ကြားပြသမှုကိုခံယူဖို့လည်းအထူးကိုလိုအပ်ပါတယ်။
ဘာသာပြန်အတတ်နှင့်ပတ်သတ်ပြီးဆရာကြီးဦးဖေမောင်တင်ရဲ့သြ၀ါဒနဲ့ဘဲအဆုံးသတ်ပါရစေ။
ဆရာကြီးဦးဖေမောင်တင်က
"ဘာသာပြန်ရာတွင်အရေးကြီးဆုံးအချက်မှာထိကျသေချာရမည်။ ဘာသာခြားအဖိုးတန်အသုံးအနှုန်းများကို မြှုပ်မသွားပါစေနှင့်၊ ဖော်ပေးပါ။ မှုရင်းအဖိုးတန်အသုံးအနှုန်းများမပါဝင်သောဘာသာပြန်သည်အပြစ်ကင်းလွတ်မည် မဟုတ်ပေ။ဘာသာပြန်ခြင်း၏ အကျိုးလည်းသက်ရောက်မည်မဟုတ်ပေ။
ရှင်းလင်းပြတ်သား၍အဓိပ္ပါယ်ပေါ်လွင်ခြင်းသည်ဘာသာပြန်လုပ်ငန်း၏ဒုတိယအရေးကြီးဆုံးအချက်ဟုဆိုနိုင်သည်။
အထက်တွင်ပြဆိုခဲ့ပြီးသောတိကျသေချာခြင်းအဓိပ္ပါယ်ပေါ်လွင်ပြတ်သားခြင်းသည်ဟူသောဘာသာပြန် ဂုဏ်အင်္ဂါနှစ်ရပ်တွင် ချောမောပြေပြစ်ခြင်းဖြင့်အနားကွပ်လိုက်ပါကဘာသာပြန်ကောင်းတို့၏လက္ခဏာနှင့်ပြည့်စုံပြီဟု ဆိုနိုင်သည်။"
အခုခေတ်အချို့ဘာသာပြန်ဆရာတွေကတိုးတက်မှုနှုန်းအင်မတန်မြန်ဆန်စွာနဲ့ဖြစ်ထွန်းပေါ်ပေါက်နေတဲ့ စက်မှုသိပ္ပံပညာ ရပ်တွေ၊ လူမှုသိပ္ပံပညာရပ်တွေအတွက်မြန်မာဘာသာစကားမှာဝေါဟာရအလုံအလောက်မရှိဘူးလို့ ညည်းညူပြတတ်ကြပါတယ်။
ဒီလိုပုဂ္ဂိုလ်တွေအတွက်လည်းဆရာကြီးဦးဖေမောင်တင်က"ရုပ်နာပ်ဟူ၍ရှိသည့်အနက် နာမ်တရားကိုသုံးသပ်သော ပါဠိဘာသာ ကိုပင် အောင်မြင်စွာဘာသာပြန်ဆိုပြီးဖြစ်ခဲ့၍ ရုပ်ပိုင်းစုဖြစ်သောလောကဓါတ်သိပ္ပံစသည်တို့ကို မြန်မာပြန်ဆိုရန်ခဲယဉ်းမည်မဟုတ်ချေ " လို့ အားပေးစကားပြောကြားခဲ့ပါတယ်။
ဆက်ပါဦးမည်…….
အချက်အလက်နှင့်ဆောင်းပါးများအားလုံးကို အလင်းဆက် (IR)မှ ပံပိုးကူညီပါသည်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ