သတင်းရင်းမြစ်များ
သတင်းအကြောင်းအရာတစ်ခုကိုရေးတဲ့အခါသင်ဟာသတင်းဖြစ်ပွားတဲ့နေရာကိုရောက်နေရင်တော့ဒီအတိုင်းပဲမြင်တာတွေ့တာရေးလိုက်ရုံပါဘဲ။ဘယ်သူပြောတယ်ဆိုတာကိုထည့်ရေးစရာမလိုပါဘူး။
ဒါပေမယ့်များသောအားဖြင့်သတင်းဖြစ်နေတဲ့နေရာမှာသတင်းထောက်ကြိုတင်ရောက်နှင့်နေတာ မရှိသလောက်ရှားပါးတယ်။ ဒီတော့သင့်ရဲ့သတင်းအချက်အလက်တွေဟာတစ်စုံတစ်ယောက်ကပြောပြတာဖြစ်မှာပါပဲ၊ ဒါမှမဟုတ်တစ်နေရာရာကရတာဖြစ်မှာပါဘဲ။
ရရှိတဲ့သတင်းဟာအောက်ပါအချက်တွေကဖြစ်ရမယ်။
Ø သတင်းထုတ်ပြန်ချက်
Ø အင်တာဗျူး
Ø အထောက်အထား စာရွက်စာတမ်း
Ø လူပုဂ္ဂိုလ်ပြောပြသူ
တို့ထံမှဖြစ်ရပေမယ်။ ဒီလိုသတင်းပေးသတင်းရရှိသောနေရာကိုသတင်းရသောဋ္ဌာန(Attribution) လို့ခေါ်တယ်။
စာဖတ်သူတစ်ယောက်ဟာသတင်းရရှိတဲ့ဋ္ဌာနကိုသိတဲ့အခါဒီသတင်းဟာဘယ်လောက်ယုံကြည်စိတ်ချတယ်။ဒါမှမဟုတ်ဘယ် လောက်အရေးကြီးတယ်ဆိုတာကိုနားလည်သဘောပေါက်နိုင်ရမယ်။
ဂျာနယ်လစ်ကောင်းတွေဟာသူတို့ရဲ့သတင်းတွေကိုသတင်းပေးသူပင်ရင်းတစ်ခုထဲကနေမရေးဘူး။ သတင်းပင်ရင်း အများကြီးကိုအခြေခံတယ်။
သတင်းပင်ရင်းတွေကိုမကြာခဏစီစစ်ပြီးဘာတွေဖြစ်နေတယ်ဆိုတာကိုအမြဲရှာပါ။အောက်ပါဋ္ဌာနများဟာ အရှေ့တောင်အာရှ ဂျာနယ်လစ်တွေရဲ့ သတင်းပင်ရင်းဇစ်မြစ်တွေ ဖြစ်လေ့ရှိပါတယ်။
သတင်းစာရှင်းလင်းပွဲ
အစိုးရရုံးများ
ရဲဋ္ဌာန၊ဆေးရုံ
အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ
သံအရာရှိများ
NGO များ၊ INGO များ
စီးပွားရေးလုပ်ငန်းဋ္ဌာနများ၊ စီးပွားရေးအသင်းအဖွဲ့များ
ကျောင်းများ
သတင်းကြေညာချက်၊ စာရွက်စာတမ်းများ
မဂ္ဂဇင်း၊သတင်းစာ၊အင်တာနက်
ဈေးတွေကလူတွေ
သင့်ရဲ့စားပွဲမှာသတင်းပင်ရင်းတွေရဲ့အသေးစိတ်ကိုထားရှိပါ။ ဘာမဆိုသတင်းကြားလျှင်ကြားချင်းချက်ချင်းစုံစမ်းနိုင် အောင်စနစ်တကျ ဆောင်ရွက်ဖို့ကြိုးစားပါ။
သတင်းအင်္ဂါရပ်များ
ဘာဖြစ်တာလဲ (What)
ဘယ်သူဖြစ်တာလဲ (Who)
ဘယ်တုန်းကဖြစ်တာလဲ (When)
ဘယ်နေရာမှာဖြစ်တာလဲ (Where)
ဘာကြောင့်ဖြစ်တာလဲ (why)
ဘယ်လိုဖြစ်တာလဲ (How)
ဆိုတဲ့ (ဘ) ခြောက်လုံးနဲ့ပြည်စုံမှ သတင်းအင်္ဂါရပ်နဲ့ညီတယ်လို့သတ်မှတ်ကြပါတယ်။
သတင်းပုံစံများ
အနောက်တိုင်းသတင်းစာပညာ (Journalism) ကျမ်းများအလိုအရသတင်းပုံစံများကိုအောက်ပါအတိုင်း ခွဲခြား ထားကြောင်းတွေ့ရသည်။
(၁) အချက်အလက်သတင်း(Fact-News) ဖြစ်ပွားမှုအချက်အလက်များကိုအစဉ်လိုက်ရေးသားရမည်။ အရေးကြီးဆုံး အချက်ကိုထိပ်မှတင်ရေးလေ့ရှိသည်။
(၂) လှုပ်ရှားမှုသတင်း(Action News) လူတို့၏ လှုပ်ရှားမှု၊ဖြစ်ပျက်မှုသတင်းမျိုးဖြစ်သည်။ စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက် မျိုးအကျုံးဝင်သည်။
(၃) ကောက်နုတ်ချက်သတင်း မိန့်ခွန်းသတင်း (Quotation News and Speeches) မိန့်ခွန်းပြောကြားသည့် သတင်းများကို ဖတ်ကောင်းအောင်ပြုပြင်ရေးသားထားခြင်းဖြစ်သည်။ မိန့်ခွန်းကိုတိုက်ရိုက်ထုတ်နုတ်တင်ပြပြီးမှ သတင်းအဖြစ် ဆက်လက်ရေးသား ဖော်ပြသောပုံစံမျိုးဖြစ်သည်။
အထက်ပါသတင်းများကိုတင်ပြသည့်ပုံစံမှာ အောက်ပါအတိုင်းဖြစ်၏။
(၁) သတင်းအဖြစ်တင်ခြင်း (News Story) ဖြစ်ပွားသည့်အတိုင်းရိုးရိုးတင်ပြသည်။
(၂) သတင်းအစီရင်ခံချက်အဖြစ်တင်ပြခြင်း (News Report) သတင်းဖြစ်ပွားပုံကို စာဖတ်ပရိသတ်သို့တင်ပြအစီရင်ခံ သည့်သဘောမျိုး ရေးသားခြင်း
(၃) သတင်းဆောင်းပါးအဖြစ်တင်ပြခြင်း (News Article) သတင်းဖြစ်ရပ်ကိုဆောင်းပါးသဖွယ်တန်ဆာဆင်ရေးသားခြင်း
(၄) သတင်းဝေဖန်ချက်အဖြစ်တင်ပြခြင်း(Commentary)သတင်းဖြစ်ရပ်ကိုမိမိအမြင်ဖြင့်ပေါင်းစပ်တင်ပြခြင်း၊ သတင်းနှင့်မှတ်ချက် ခေါင်းကြီးစသည်တို့သည်လည်းသတင်းအပေါ်သုံးသပ်ထင်မြင်ချက်များကိုတင်ပြထားခြင်းဖြစ်သည်။
(၅)တွေ့ဆုံမေးမြန်းတင်ပြခြင်း(Interview)သတင်းနှင့်ပတ်သတ်သောပုဂ္ဂိုလ်အားတွေ့ဆုံကာမေးခွန်းခြင်း၊ပြောသမျှ နားထောင်ခြင်း တို့ဖြင့် သတင်းရယူဖော်ပြခြင်းဖြစ်သည်။
သတင်းကောင်းတစ်ပုဒ်ဆိုတာ …
သတင်းကောင်းတစ်ပုဒ်ဖြစ်ဖို့
Ø မှန်ကန်တဲ့သတင်းအချက်အလက်တွေလိုအပ်တယ်။
Ø သတင်းရတဲ့ပင်ရင်းများ(Sources of Information)ကိုဖော်ပြရမယ်။
Ø မျှတရမယ်၊ဘက်လိုက်မှုမရှိဘူး။
Ø သတင်းဟာ ပြည့်စုံရမယ်။
သတင်းအရေးအသား
"သတင်းစာအရေးအသားဟာတိုတောင်းပြတ်သားပေမယ့်ဖတ်လို့ချောနေအောင်အချိတ်အဆက်မိနေရပါမယ်။ ၀ါကျဖွဲ့စည်းပုံ မှန်ကန် ရပါမယ်။မလိုအပ်တဲ့စကားလုံးတွေမသုံးဘဲ ကျစ်ကျစ်သိပ်သည်းမှုနဲ့တိုအောင်လုပ်ရပါမယ်။"
(ဆရာလူထုစိန်ဝင်းအဆို)
"စကားတိုတိုနှင့်အဓိပ္ပါယ်ပြည့်စုံနိုင်လျှင်တိုတိုပဲသုံးစွဲ၊မိမိ၏အထင်ကိုမရေးနှင့်။အသိကိုရေး။ မသေချာသောကိစ္စ၊ စွပ်စွဲထားသော အမှုများဖြစ်မှသာဆို၏ ဟူသောစကားကိုသုံးပါ။ သို့မဟုတ်က ထိုစကားကိုမသုံးပါနှင့်။ ထိုးလျှင်ထိုးသည်။ ရိုက်လျှင်ရိုက်သည်ဟူ၍ သေချာသည့်အတိုင်းရေးရမည်။သတင်းထောက်သည်မိမိ၏ရုပ်လုံးနှင့်ထင်မြင်ချက်ကို သတင်းထဲ၌မပါစေရပေ။"
(ဆရာဇ၀နအဆို)
သတင်းစာအရေးအသားကိုသင့်အောင်၊မှန်အောင်ရေးဖို့ဆိုရာမှာ-
ယနေ့သတင်းများသည် နောင်တစ်ခေတ်တွင် သမိုင်းဝင်မှတ်တမ်းများဖြစ်လာနိုင်ဖွယ်ရာရှိသဖြင့် သတင်းရေးသားရာ၌ တိကျမှန်ကန်မှုသည်အရေးကြီးလေသည်။ ထို့ကြောင့်သတင်းရေးသားရာ၌မိမိသုံးနှုန်းသော ပုဒ်၊ပါဌ်၊အက္ခရာ တို့သည်တိကျမှန်ကန်မှု ရှိသောစကားလုံးများဖြစ်ဖို့ရန်လိုသည်။ တိကျမှုမရှိသောစကားလုံးများ၊၀ါး၍ချသောစကားလုံး များကိုရှောင်ကြဉ်ကြရသည်။ ထို့အတူပင် မလိုသောစကားများ၊ပိုသောစကားများကိုသုတ်သင်ပစ်ရမည်။ မြန်မာစကား တွင် ဆိုင်ရာဆိုင်ရာ၌သာသုံးစွဲရသော စကားများရှိ၍ လွဲမှားမသုံးမိစေရန်အထူးသတိပြုကြရသည်။
ယခုခေတ်တွင် အတိုကောက်အရေးအသား ခေတ်စားလာရာနိုင်ငံရေးအဖွဲ့များ အများပြည်သူနှင့်သက်ဆိုင် သောဋ္ဌာနများကို အတိုကောက်ဖြင့်ပင်ရေးလေသည်။ သို့ရာတွင်သတင်းရေးရာ၌ နေ့စွဲ၊ ရက်စွဲများကိုအတိုကောက် ရေးခြင်းသည် မသင့်လျော်ပေ။ ရက်စွဲအတိုကောက်သည် စာပေးသည့်အခါ ထိုးမြဲလက်မှတ်နှင့်အတူရေးစမြဲဖြစ်သည်။
သတင်းရေးရာ၌စက်တင်ဘာ(၂၆)စသဖြင့်ပြည့်စုံစွာရေးသင့်ကြသည်။ ၂၆-၉-၆၂စသဖြင့်ရေးသော် စာစီရာ၌လွဲမှား တတ်သည်။ လများကိုရေးရာ၌လည်းစက်တင်ဘာလဟုဆိုခြင်းထက် စက်တင်ဘာဟုဆိုခြင်းကမှန်ကန်သည်။ ပို၍ လည်းတိုသည်။ အင်္ဂလိပ်ပြက္ခဒိန် သည်လဆန်းလဆုတ်နှင့်တွက်ချက်ခြင်းမဟုတ်၍ ၀ါခေါင်လ၊ တော်သတင်းလစသည် ကဲ့သို့လထည့်ရေးရန်မလိုချေ၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာဆိုလျှင်ပင်လုံလောက်နေသည်။ သတင်းထဲတွင် သင်္ချာအရေအတွက်များပါရှိခဲ့သော်ဂဏန်းဖြင့် ဖော်ပြခြင်း ထက်စာဖြင့်ဖော်ပြခြင်းကပို၍သင့်လျော်သည်။ အမှားအယွင်း မဖြစ်နိုင်စေပေ။
ဆက်ပါဦးမည်…….
အချက်အလက်နှင့်ဆောင်းပါးများအားလုံးကို အလင်းဆက် (IR)မှ ပံပိုးကူညီပါသည်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ