ငယ်ငယ်က ကိုယ်တို့အိမ်မှာ " နီပါးနဲ့ ဂုတ်ကျား"ဆိုတဲ့
ခွေးနှစ်ကောင်ရှိခဲ့တယ်။ သူတို့ဟာ ည ည ဆို ဟောင်လွန်းလို့ ခြံလုံတယ်
ဆိုပြီး အမေတို့က သဘောကျကြတယ်၊ အသားဟင်းချက်တဲ့နေ့တွေများမှာ ဆို
သူတို့ကို အရိုးအရင်းလေးတွေ ကျွေးလေ့ရှိတယ်။
ဒီတော့ နီပါးတို့ကလည်း " သခင်အားရ" စေဖို့ တွေ့သမျှဟောင် မြင်သမျှ
ဟိန်းပေါ့၊ ဒါပေမဲ့ သူခိုး နွားခိုးတွေကျတော့ သိတောင် မသိလိုက်ကြဘဲ
ဧည့်သည်တွေကိုပါ ဟောင်ကြ ကိုက်ကြ ခွေးစွမ်း ပြကြတော့ အမေ တို့မှာ မျက်နှာ
ပျက်ရတာ ခဏ ခဏ။
ပိုဆိုးတာက လသာတဲ့ညတွေမှာ ဟောင်လွန်းကြတာပါပဲ၊ ဟောင်တာမှ ထိန်ထိန်သာနေတဲ့
လ၀န်းကြီး ကို ကြည့်ပြီး ဟောင်နေကြတာ၊ လရောင်အောက်မှာ သစ်ရိပ်လှုပ်ရင်၊
ချိုးကနဲ ချွတ်ကနဲ ကြားရင် ထ ထဟောင်ကြတော့တာပါပဲ။ ဒီတော့ အမေတို့ခမျာ
အိပ်ရေးလည်းပျက်ရ၊ စိတ်လည်း ပျက်ရမို့ … "တယ် … ဒီခွေးတွေနှယ် … လကို
ဟောင်ရတယ်လို့ "။
၂။
ကဗျာဆရာ။ ။"ခင်ဗျားတို့နှယ် ရုပ်ရှင်မင်းသမီး
လင်နောက်လိုက်တာကိုများ သတင်းရေးရတယ်လို့" သတင်းသမား။ ။
"ပြည်သူက သိချင်ကြတာကိုး"
ကဗျာဆရာ။ ။ "ဘာမဟုတ်တဲ့ ကိစ္စကိုများ .. ဒါဆို လမ်းဘေး မူးလဲ
နေတဲ့လူတယောက်ကို သတင်းထည့်ပါလား"
သတင်းသမား။ ။ ဒါဆို .. ဆရာမူးလဲ လိုက်လေ ... သတင်းဖြစ်တယ်၊ သာမန်လူ
အရက်မူးလဲနေတာ ကို ပြည်သူက မသိချင်ဘူး၊ ခင်ဗျား မူးလဲ ရင်တော့
သိချင်ကြမယ် ထင်တယ်။"
၃။
ဘယ်အရာဟာ သတင်းဖြစ်တယ်၊ မဖြစ်ဘူးဆိုတာတောင် ကွဲကွဲပြားပြား မသိသူတယောက်က
သတင်းဌာနကြီးရဲ့ ညွှန်ကြားရေးမှူးချုပ်တဲ့။ ဖြစ်ရလေ။ အေး လေ ... တသက်လုံး
ပြည်သူသိချင်တဲ့ သတင်းကို တခါခါမျှ မပေးဖူး၊ သူ့သခင်တွေ ခိုင်းသမျှ
ဝါဒတွေကိုသာ ဖြန့်ချိလာခဲ့ရသူဆိုတော့ ပြည်သူ သိချင် မသိချင်တာထက်
သခင်အားရအောင်၊ ကျွန်ပါးဝ ပြတတ်တာက လွဲလို့ ဘာမှ မခွဲခြား
တတ်တော့ဘူးထင်ပါ့။
၎။
ဦးရဲထွဋ်ဆိုတဲ့ ၀ါဒဖြန့်ချိရေးမှူးကြီးရေ ....
ခင်ဗျား ဒီနေရာကို ဘယ်လိုချဉ်းကပ်ပြီး၊ ဘယ်လိုဖားရားပြီး၊ ဘယ်လို
အလုပ်အကျွေးပြုပြီး၊ ဘယ်လို သူတပါးကို ချောက်တွန်းပြီး ယူခဲ့တာကို သိတဲ့
သူတွေကတော့ "ဘ နဖူး သိုက်တူး" ရုံမက " အမေ့ဆံဖျားနဲ့ လှေကားလုပ်ချင်သူ"
လို့ ကဲ့ရဲ့နေကြတာကို ခင်ဗျား မရှက်တတ်ရင်တောင် တချိန်ချိန် မှာ ခင်ဗျား
သားသမီးလေးတွေဟာ ရှက်တတ်ကြမယ်ဆိုတာ မသိဆိုးရွား နိုင်လှချည်လား။
၅။
ဘိုးဝဇီရ၊ ဦးပုလေး၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ မိုးကြိုး ဦးအုန်းခင်၊
ဟံသာဝတီ ဦးဝင်းတင်၊ အိုးဝေ ဦးညိုမြ၊ တို့ကို အားမနာရင်တောင်
သတင်းသမားကောင်းတို့မည်သည် မှန်ရာကို တင်ပြရဲရတယ် ဆို တဲ့
သာမန်ကျင့်ဝတ်လေးကိုတော့ သိစေချင်တယ်။
ကြီးကျယ်တဲ့၊ ပညာတတ်တဲ့၊ ယဉ်ကျေးတဲ့၊ လူ့အသိုင်းအ၀န်းကြီးမှာ ဂုဏ်နဲ့
ဒြပ်တင့်ဘက်စွာ၊ ပညာရဲ ရင့် ပွဲလည်တင့်စွာနဲ့ လူထုခေါင်းဆောင်
အမျိုးသမီးကောင်း အာဇာနည်က မိန့်ခွန်းတွေပြောနေချိန်၊
သတင်းစာရှင်းလင်းပွဲတွေ လုပ်နေချိန်၊ ကမ္ဘာ့နိုင်ငံထိပ်ပိုင်း ခေါင်းဆောင်
အသီးသီးနဲ့ တွေ့ဆုံနေချိန်၊ နိုဘယ်ဆု အပါအ၀င် ဆုတံဆိပ်တွေ
လက်ခံနေချိန်မှာ ပြည်သူတွေက သိချင်မြင်ချင် ဂုဏ်ယူချင်ကြမှာ ပါလား လို့
နားမလည်နိုင်လောက်အောင်ပင် စိတ်ဓာတ် အောက်တန်းကျလှချည့်လားဗျာတို့ ...။
ခင်ဗျားနဲ့ ခင်ဗျားသခင်တွေအတွက် မထူးဘူးလို့ မျက်စေ့မှိတ် ဖင်ပိတ်
ယုံနိုင်ပါတယ်၊ အသိပေးဖို့ သတင်းစာ အလုပ်မဟုတ်လား၊ နောက်ပြီး ..
သတင်းစာဆိုတာ ၀ါဒဖြန့်ဖို့ သက်သက်အတွက် ခင်ဗျား သခင်တွေရဲ့ အရင်းအနှီးနဲ့
ထုတ်ဝေနေတာ မဟုတ်ဘူး ..။
၆။
ဒီမိုကရေစီ သက်တန်းရင့် တိုင်းပြည်ကြီးရဲ့ လွှတ်တော်နှစ်ရပ်မှာ
မိန့်ခွန်းပြောခွင့်ရသူ၊ အင်္ဂလန် ဘုရင်မကြီးပြီးလျှင် တဦးတည်းသော
အမျိုးသမီး၊ ပြောခွင့်ရသူ ပြည်ပကမ္ဘာ့ခေါင်းဆောင်လေးဦးထဲက တဦး အပါအ၀င်၊
နောက်ပြီး တဦးတည်းသော အရပ်သူ ဆိုတာနဲ့ပင် သတင်းဖြစ်နေပြီ မဟုတ်လား။
သေးသိမ်မှုက ကန်းကုန်ပါလာလား ကိုရဲထွဋ် ...။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ နာမည်ကို နှစ်ခါတောင်
ဂုဏ်ပြု အသိ အမှတ်ပြုသွားတယ်၊ ပြီးတော့ "ဒီခရီးကို အတိတ်က အကြောင်းတွေ
လွမ်းမောဖို့လာတာ မဟုတ်ပါဘူး ပြည်သူတွေရဲ့ လက်ထဲကို ဘယ်အရာတွေ ရောက်အောင်
ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာ သိဖို့ လာ တာပါ"တဲ့၊ ဘယ်လောက်ရိုးသား
နှိမ့်ချပြီး မြင့်မြတ်ပြလိုက်သလဲ၊ အဲဒီအချိန်မှာ ခင်ဗျားကလည်း မြန်မာ
စာနယ်ဇင်းသိက္ခာကို ကမ္ဘာမှာ ချပြနေပါရောလား။
ကျုပ်တို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဂုဏ်တက်ရသလို
ခင်ဗျားလိုလူတွေကြောင့် ဂုဏ်ပျက်ရတယ်၊
ဒီမယ် ပြောလို်က်ပါရစေ ... စတုတ္ထမဏ္ဍိုင်ဆိုတာ ပေါက်တတ်ကရ
ကျွန်ပါးဝတတ်ရုံနဲ့ ထိတွေ့ကောင်း တဲ့ အရာမဟုတ်ဘူးလို့....။
၇။
ပြုပြင်ပြောင်းလဲ နေပါပြီ၊ နောက်ကြောင်းပြန်မလှည့်ပါဘူးလို့၊ တကျော်ကျော်
ပြောနေရှာတဲ့ ဦးသိန်းစိန်ကို အကြံပေးပါရစေ၊ ဒီမိုကရေစီရဲ့
စတုတ္ထမဏ္ဍိုင်ဆိုတဲ့ သတင်းမီဒီယာရဲ့ အကူကို ရချင် ယူ ချင်တယ် ဆိုယင်
ဦးရဲထွဋ်လို ကိုကိုလှိုင်လို ကာလ၊ ဒေသ၊ ပုဂ္ဂလကိုမျှ မသိသေးတဲ့လူတွေကို
ပယ်ရှား ပြီး ချက်ချင်း အစားထိုးလိုက်ဖို့ပါပဲ။
၈။
လမင်းကြီးကတော့ မြန်မာ့ကောင်းကင်မှာရော ကမ္ဘာ့ကောင်းကင်မှာပါ
ထိန်ထိန်သာနေပါပြီ၊ ကျေးဇူးပြုပြီး နီပါးတို့ ဂုတ်ကျားတို့ကို
ထိန်းပေးကြပါ အရပ်ကတို့။ ။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ