နေ၀င်ပြီလို့ အနောက်အုပ်စုက လက်ခမောင်း ခတ်ကြတယ်။ တူနီးရှားကစလိုက်တာ
အီဂျစ်၊ လစ်ဗျားနဲ့ ယီမင်က အာဏာရှင်တွေ နေ၀င်ကုန်ကြတာပဲ။ သို့သော်လည်း
ဆီရီးယားမှာ လူ ၁ သောင်းကျော်သေပြီး တနှစ်ကျော် ကြာတဲ့အထိ အာဏာရှင်
အာဆဒ်က ပြုတ်မကျသေး။ သည်တော့ အာဏာရှင်တွေဟာ ပြည်သူတွေအပေါ်ကို
သံမဏိလက်ဝါးအောက်မှာ ဖိညှပ် နှိပ်ကွပ်ပြီး
သက်ဇိုးရှည်နိုင်သေးသလိုဖြစ်နေတယ်။ သူ့လိုပဲ ခေါင်းမာ၊ ကြမ်းတမ်း၊
ခက်ထန်တဲ့ အာဏာရှင်တွေဖြစ်တဲ့ မြောက်ကိုရီးယားတို့၊ အီရန်တို့တွေကလည်း
ပြည်သူတွေကို ပြင်းထန်တဲ့ ရက်စက်မှုတွေနဲ့ ဆက်ပြီး
အုပ်ချုပ်နေနိုင်တုန်းပဲကိုး။
ဒါပေမယ့် ဒါတွေက Dictator 1.0 ခေတ်ဟောင်းက အာဏာရှင်တွေ။ အခုက
ရာစုသစ်မှာ Dictator 2.0 တွေ ဖြစ်နေပြီ။ ခေတ်သစ်အာဏာရှင်စနစ်က
သူတို့နည်း သူတို့ဟန်နဲ့ အသွင်ပြောင်းလိုက်ပြီ။ သူတို့ကတော့
ပြည်သူတွေ သွေးချောင်းစီးပြီး ခေတ်ပြောင်းတော်လှန်ရေးလုပ်မှာထက်
သူတို့တတွေကိုယ်တိုင် သွေးချောင်းစီးပြီး မျိုးတုံးကုန်မှာကို
ပိုစိုးရိမ်တယ်။ သည်တော့ သူတို့တွေကလည်း လူထုကို ကိုင်တွယ်
အုပ်ချုပ်ပုံတွေကို ပြောင်းလဲလိုက်တယ်လို့ ဆိုချင်တယ်။
၂၀၁၁ ကစပြီးတော့ တရုတ်၊ ရုရှားတို့က ပြည်သူတွေကို ကိုင်တွယ်ပုံ
ပြောင်းလဲလာတယ်။ စီးပွားရေး တခါးဖွင့်ထားတော့ လူထုရဲ့ အုံကြွမှုတွေ၊
လှုံဆော်နိုးကြွမှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေကို လက်ခံတယ်၊ ခွင့်ပြုတယ်။
အတိုင်းအတာတစုံတရာအထိ လူထုကို လွတ်လပ်မှုပေးလာပါတယ်။ အဲသည်လိုမျိုးပဲ
မြန်မာပြည်က စစ်အစိုးရအသစ်ကလည်း သူတို့လိုချင်တဲ့ အုတ်မြစ် ၂၀၀၈
အခြေခံဥပဒေနဲ့ စိတ်တိုင်းကျ ရွေးကောက်ပွဲကို ဖြစ်တဲ့နည်းနဲ့
ကျင်းပပြီးတဲ့နောက်ပိုင်း (ဗိုလ်သန်းရွှေချန်ထားခဲ့တဲ့) စည်းကမ်းရှိတဲ့
ဒီမိုကရေစီကို ပြည်သူတွေလက်ထဲ ပေးလိုက်တော့တာပါပဲ။
အနောက်အုပ်စုက ဂုရုတွေ နိုင်ငံရေးသမားတွေကတော့ အရှေ့ဥရောပ၊ ရုရှား၊
အာဖဂန်၊ ပါကစ္စတန်ကစလို့ အာရှက အာဏာရှင်နိုင်ငံတွေ၊ တပါတီအာဏာရှင်တွေမှာ
လူထုတွေ ဒီမိုကရေစီအခွင့်အလမ်းတွေ ပွင့်ကုန်ပြီဆိုပြီး
ခါးတောင်းမြောင်အောင်ကျိုက်လို့ ဂျွမ်းပစ်နေကြလေရဲ့။
ရုရှားပြည်သူတွေကလည်း သမ္မတလုပ်လိုက်၊ ၀န်ကြီးချုပ်လုပ်လိုက်နဲ့
ရွေးကောက်ပွဲကျင်းပတမ်းကစားနေတဲ့ ပူတင်ကို ဆန္ဒတွေပြကြ၊ သပိတ်တွေ
မှောက်ကြ လုပ်သော်လည်း နောက်ဆုံး မဲရလဒ်တွေ ထွက်လာတော့ ရွှေဘကြီး အဲလေ
ပူတင်ကြီးပဲ ရွေးကောက်တင်မြှောက်ခြင်း ခံရပါတယ်။ ပူတင်ကလည်း မင်းတို့
လမ်းပေါ်မှာ ကြိုက်သလိုလုပ်၊ အာဏာပလ္လင်ပေါ် တက်မလာရင်ပြီးရောဆိုတဲ့
စည်းကမ်းရှိတဲ့ဒီမိုကရေစီ ဓာတ်စာ ပြည်သူကို အပင်းဆို့ထားတဲ့ပုံပါပဲ။
တရုတ်ပြည်မှာလည်း အင်တာနက်ပေါ်မှာ ကြိုက်သလို ဝေဖန် ကန့်ကွက် ပြောဆို
လှုံဆော်ကြ။ အေး ဒါပေမယ့် လမ်းပေါ်သာ အတိအလင်း တက်မလာနဲ့လို့
ပေါ်လစ်ဗြူရိုက အကန့်အသတ်ပေးထားလိုက်ပုံရပါတယ်။
နောက်ဆုံးဥပမာတခုကတော့ နယ်မြို့မှာ အကျယ်ချုပ်ခံနေရတဲ့ မျက်စိအားနည်းသူ
ရှေ့နေ ပီကင်းမြို့ပေါ်တက် ထွက်ပြေးပြီး အမေရိကန်သံရုံးထဲ ခိုလှုံ။
အဲသည်မှာ ၂ နိုင်ငံကြားမှာ အပြန်အလှန်တင်းမာမှုတွေဖြစ်။ နောက်ဆုံးတော့
တရုတ်ရှေ့နေကို သံရုံးကနေ တရုတ်တွေ လက်ထဲ ပြန်အပ်။ တရုတ်တွေက
အမေရိကန်ပြည်ကိုလွှတ်ပြီး ဥပဒေကျောင်း သွားတက်ခွင့်ပေးလိုက်တာနဲ့
အဆင်ပြေကုန်ကြပါတယ်။ ၂ နိုင်ငံ အာဏာပိုင်တွေလည်း မျက်နှာမပျက်၊
အကျယ်ချုပ်က ထွက်ပြေးသူ ရှေ့နေကလေးလည်း အမေရိကန်ပြည်မှာ
ပညာဆည်းပူးခွင့်နဲ့ ထွက်ခွာခွင့်ရသွားတော့ သားရွှေအိုးထမ်းလာတာကို
ဂြိုလ်တုကနေ တွေ့လိုက်ရသလို နေမှာပေါ့လေ။
မြန်မာပြည်မှာဆိုရင်လည်း မည်သို့ပင် ဖြစ်စေကာမူ ဗိုလ်သိန်းစိန်ကြီးက
မြန်မာနွေဦးလို့တောင် ဂုဏ်ယူရတဲ့ ခေတ်ဟောင်း အာဏာရှင်ခေတ်မှ
ခေတ်သစ်အာဏာရှင်စနစ်ဆီသို့ အပြောင်းအလဲကာလရယ်လို့
မိန့်ခွန်းထုတ်ပြောရတဲ့ ခေတ်ပြောင်းချိန်ရောက်ခဲ့ပြီ မဟုတ်လား။
စည်းကမ်းရှိတဲ့ ဒီမိုကရေစီအတိုင်းသာ နေထိုင်ကြမယ်ဆိုရင်ဖြင့်
နောက်ကြောင်းပြန်မလှည့်ဘူးရယ်လို့ အာဏာရှင်အရေခွံဟောင်းကိုလဲထားတဲ့
အာဏာရှင်လက်သစ်တွေက မိန့်မိန့်ကြီး ပြောနိုင်ပြီကိုး။
အာဏာရှင်လက်ဟောင်းတွေက အရင်တုံးကဆို လူထုကို မ၀ရေစာလေးနဲ့
ချုပ်ကိုင်ထားတဲ့ အဆင့်ကနေပြီးတော့ ပြည်သူတွေကို နည်းနည်းလေး
ပိုဝအောင်၊ ပိုလှအောင်၊ နည်းနည်းလေး ပိုတတ်၊ ပိုသိအောင် သင်ပေးထား၊
ကြိုးတိုတိုကနေ ကြိုးရှည်ရှည်လှန်ထားတဲ့ အကျင့်သစ် စနစ်သစ်တွေ
ပြုလုပ်လာပါပြီ။ အဲသည်လိုမျိုး အကန့်အသတ်ထဲမှာ အသားကျလာတဲ့
ပြည်သူတွေနေထိုင်ရာ ဗီယက်နမ်တို့ အာဆီယံတို့က တပါတီခေါင်ဆောင်
မျိုးဆက်အဆင့်ဆင့်တွေကတော့ ဒါလေးများ ငါတို့က စခဲ့တာလို့ ပြောလေမလား
မသိဘူးပေါ့လေ။
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ။ အရှေ့အုပ်စုကကော အနောက်အုပ်စုကကော
နောက်ပြန်မလှည့်ချင်ကြတော့ဘူး။ လက်ဝဲသမားကော လက်ယာသမားကလည်း
ခေတ်နောက်ပြန်မဆွဲချင်တော့ဘူး။ တဆိတ်ရှိ လမ်းပေါ်တက်လာတဲ့ ပြည်သူတွေကို
သွေးချောင်းစီးအောင် သတ်၊ ရိုက်၊ ဖမ်း၊ မုဒိန်းကျင့်၊
နိုင်ငံတကာကရှေ့မှာ လူမိုက်ကြီးအဖြစ် အရှက်ရတာတွေကနေ ပြည်တွင်း
ပြည်ပမှာ ပြိတ္တာကြီးတွေလို မနေချင်ကြတော့ဘူးလို့ ယူဆရပါတယ်။
ပြည်သူတွေကလည်း ဒီတခေါက်မှာတော့ အကန့်အသတ်ထဲကနေ အချိုသတ်ခံထားရတာကို
လိမ္မာပါးနပ်စွာနဲ့ ရင်ဆိုင်နေကြလိမ့်မယ်လို့ ယူရင် ရ၏ လို့
ထင်မိပါကြောင်း။
အာဏာရှင်တွေကလည်း ဗားရှင်းအသစ် တင်လိုက်ပြီ ဆိုမှတော့ ဒီမိုကရေစီအရေး
လှုပ်ရှားသူတွေကလည်း စစ္စတမ်တွေ အပ္ဗဂရိတ်လုပ်ကြဖို့ စဉ်းစားသင့်ကြောင်း
အကျိုးမျှော်ပြီး နှိုးဆော်လိုက်ရပါကြောင်း။ ။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ