ဟန်ပြင်ကါပင် ယုယစွာ ထွေးပွေ့ထားပါမယ် —"
သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး
ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း
တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ …
ဟိုတလောက အမှတ်တရလေးတွေ ဟိုမွှေဒီမွှေနဲ့ လေရှည်ရင်း
ပျော်ခင်းသာသလိုနေ-နေတဲ့ မာအေးရဲ့တယ်လီဖုန်းလေးထဲက တေးသံစုံ ဗုံမောင်း
နရည်းသံ မည်ကြွေးပြန်လို့ နာခံလိုက်တဲ့အခါ "မမရေ – မမ ပြည်မြန်မာက
မမတူသားလေး၊ ကိုတိုးကြီးနဲ့အတူ ရောက်လာပြီ၊ မမ – သူနဲ့ ပြောလိုက်ပါဦး"
ဆိုတဲ့ ဂီမောင်ကလေး စန္ဒရားအောင်ဝင်းရဲ့အသံ လေထဲက ပျံလာပါတယ်။ "အံတီအေး –
နေကောင်းလား၊ ကျနော် ဖိုးဇော်ပါ" လို့ ပြောတာကို ဆက်ပြီးကြားရပါတယ်။
မာအေး ချက်ချင်း ပြန်ပြီး တောင်းပန်စကါး မပြောနိုင်ခဲ့ပါဘူး။ ခလေးဖက်က
အသံကိုဘဲ ပို့လွှတ်တာပေမယ့် ကိုယ်က သူ့ရုပ်လွှာကိုပါ မြင်နေရသလို
ဖြစ်သွားလို့ပါ။ ဖအေတူသားကလေး ဂီတ အကယ်ဒမီ ရဖူးထားတဲ့ ဂီတမှူး
ဇော်မျိုးထွတ်ရဲ့ အသံ ဆိုတော့ သူတင် ဘယ်ကမလဲ သူနဲ့ ရုပ်အဆင်းတူလှတဲ့
သူ့ဖခင် စန္ဒရားလှထွတ်နဲ့ မာအေးတို့ ဂီတ တနွယ်စဉ် ကျေးဇူးရှင် ဖခင်၊
ဆရာသမားများအထိ အသိအာရုံမှာ လာငြိတော့တာမို့ ဘာကစလို့ ဘယ်လိုပြောရမယ်
မသိ၊ ရပ်သွားမိတာဘဲ၊ တူဝရီးနှစ်ယောက် "ကံကြမ္မာဟာ မင်းလက်ထဲမှာ" ဆိုတဲ့
ကက်ဆက်တေးတတွဲ လှိုင်းတေးသံသွင်းအတွက် အသံသွင်းပေးကြပြီးတဲ့နောက်မှာ
တကြိမ် တခါမှ မတွေ့ကြရတော့ ပြောချင်တာတွေ များပြီး – တစ်နေသလိုကြီး
ဖြစ်တာပေါ့လေ။ အံ့သြတာတော့ မဟုတ်ပါဘူး၊ သူတို့လာမယ် ဆိုတာ အစောကြီးထဲက
ကေါလဟလ ဖြစ်နေတာဘဲ၊ ဗီဇာကိစ္စ စိတ်မချရလို့သာ သေချာပေါက် ပြောမရတာ၊
ဒီဖက်မှာ ဖြစ်နေကျတွေပါ၊ ရောက်လာမှသာ အော် ရောက်ကြပြီ လို့
စိတ်ချရတော့တဲ့ အခြေအနေမျိုး ရှိပါတယ်။
မွေးရပ်မြေ ဟိုတကျေးက တူကလေး၊ ပြေးတွေ့ချင်လိုက်ပါဘိ၊ ရင်ထဲမှာ
ဘယ်လိုရှိရှိ သူ့မှာက အချိန်က မရှိ၊ ကိုယ့်မှာက ရေမရှိ၊ သူရောက်နေတဲ့
နယူးရောက်နဲ့ မာအေးတို့ဖို့ဝိန်းက ကိုယ့်ကါးနဲ့ကိုယ် မောင်းသွားမယ်
ဆိုရင်လဲ မိုင် ခွန်နှစ်ရာကျော် ရှစ်ရာနီးပါး ဝေးလို့ ဆယ်နာရီ
ဆယ့်နှစ်နာရီလောက် မောင်းရတာ၊ ကိုယ့်မွေးရပ်မှာ တောင်ပေါ်တောင်အောက်
ဒိုးယိုပေါက် မောင်းလာခဲ့တာဘဲလို့ ဆင်ခြေကဲပေမယ့်လဲ ဘယ်သူကမှ
စိတ်မချကြတော့ စိတ်လျှော့ထားခဲ့ရပါတယ်။ ကိုယ့်အနီးအနားက
ကိုယ့်တိုင်းပြည်သား သမီးသားတွေက – ကိုယ့်အရွယ်နဲ့ ကိုယ့်ရဲ့
ကျန်းမာရေးကြောင့် တားတာ ပြောတာ ဆိုတော့လဲ မှန်နေကြသားကိုးရှင့်။
မြို့ထဲတင် မောင်းတာတောင် ကြိုက်ချင်ကြတာမဟုတ်ဖူး။ ဒါကိုတော့ မကြိုက်လဲ
မတတ်နိုင်ဘူးရှင်။ နေ့စဉ်နဲ့အမျှ လူတိုင်း အလုပ်လုပ်ကြရတဲ့ကါလ – အချိန်မှ
မရတာ သိနေတာဘဲ၊ ကိုယ့်ကိစ္စ လာကူစမ်းပါလို့ တကယ့်ကို မတတ်နိုင်မှ
ကူညီခိုင်းသင့်တယ် ထင်တော့ ကိုယ်တိုင်ဘဲ မောင်းတာပေါ့ရှင်။ ဟိုးအရင်ကလို
စီးကရက်ခဲပြီး မမောင်းဖြစ်တာ တခုဘဲ ပြောင်းသွားတာပါ။ အဲဒါဟာလဲ
နှလုံးရောဂါနဲ့ ဘာဘာညာညာ ရောဂါတွေ ရလာတာဟာ ဆေးလိပ်ကြောင့်၊ ဒါကြောင့်နဲ့
ကိုယ်အဖေါ်လုပ်နေရတဲ့ ဆေးလိပ်ကလေးကို စူကြ ဆောင့်ကြ အပြစ်တင်ကြလွန်းလို့
သနားပြီး ရပ်ထားတာ၊ ကိုယ့်ပရိသဒ်နဲ့လဲ မခွဲချင်သေးပါဘူးလေ။ အားလုံး လူတွေ
ငြိမ်းချမ်းသွားတဲ့အချိန်ရောက်တော့ ကိုယ်တတ်နိုင်တဲ့ အနုပညာ ဂီတဆေးနဲ့
ပိုက်ထွေး ပျိုးထောင် အကျိုးဆောင်ချင်သေးတော့ အသက်ရှည်အောင်
ဂရုစိုက်ဖြစ်နေတာပါ။
ကိုယ်နဲ့ပြောနေတဲ့သူက ကိုယ့်တအုပ်စုထဲက သားမို့လား၊ ကိုယ်မရှိတုန်း
ဘာတွေများ ထူးခြားသလဲ၊ ဘယ်သူတွေ ရှိကြသေးလဲ မေးဖြစ်ပါတယ်။ သုံးလေးနှစ်
အတွင်းမှာ သီချင်းမူပိုင်ကိစ္စတခုအတွက် ဂီတအစည်းအရုံးကို စုပြီး
စာတင်တာတော့ ရှိပါတယ် တဲ့၊ အသံသွင်းထားပြီးတဲ့ သီချင်းတပုဒ်ကို
အသုံးပြုမယ့် တဦးတယောက်က ခွင့်ပြုချက်တောင်းရင် အနုပညာကြေး ပေးရသေးတဲ့
ဓလေ့ ခိုင်မြဲနေတယ်လို့ ၀မ်းသာရတာပေါ့ရှင်။ အခု စာတင်တာက အနုပညာကြေး
ထိုက်သင့်သူကို ပေးတဲ့အခါ သီချင်းရေးသူနဲ့ ဆိုတဲ့သူကိုဘဲ ခွဲဝေပြီး
တီးခဲ့ရတဲ့သူက ဝေစု မပါလို့တဲ့ရှင်။ အတီးဆရာများဟာ အနုပညာကြေး
အနည်းဆုံးရတဲ့သူတွေဖြစ်လို့ ထပ်ပြီးရရင် ကေါင်းတယ်ထင်ပါတယ်။ အသံသွင်းတော့
အတူတူဘဲမို့လား။ အံတီအေးလဲ ဂီတ စီရင်ထုံး ရအောင် ကျိုးစားဖူးတာလေး
ပြောပါဦးမယ်၊ ပြန်ဆက်ရအောင် နားထောင်ကြည့်ဦးပေါ့လို့ စကါး
ဖြတ်လိုက်ပါတယ်။ တူကလေးဖက်က ဖုန်းချသွားတာတောင် သံယောဇဉ်တန်း သူလာတဲ့
ဂီတလမ်းကလေးက 'ပန်းချစ်သူ' တေးနဲ့ ဒဏ္ဍာရီပြကွက်ကလေးကို မြင်ယောင်
ကြားယောင်မိနေခဲ့ပါတယ်။
* (ပန်းချစ်သူ – ခင်မောင်တိုး) လေပြေညှင်းရယ် ငြိမ်သက်ဆဲ ညမှာ၊
သာယာတိုးတိုး တိုက်ခတ်နေ သင်းပျံ့မွှေးတဲ့ ပန်းရနံ့တွေ ဆောင်ယူ သယ်လာ
လေညှင်းရေ xxx ပန်းချစ်သူတို့လက်နဲ့ကွယ် ခူးဆွတ်ဖို့ စိုးရွံ့လို့နေတယ်၊
ဆွတ်ယူမယ် ဟန်ပြင်ကါပင် ယုယစွာ ထွေးပွေ့ထားပါမယ် xxx အသာအယာ ဆွတ်ယူ
ရင်မှာ သိမ်းထားမယ် အိုလေ … ပန်းလေး တပွင့်ရယ် x ပန်းကို ချစ်တဲ့
ပန်းချစ်သူ .. ကိုယ်တိုင် ချူကါ ဆွတ်ခူးမယ် xxx
သန့်သန့်ရှင်းရှင်း မေတ္တာပန်းလေးတခင်းကို သီချင်းနဲ့အတူ ညင်ညင်သာသာ
ခံစားကြည့်ခဲ့ဖူးပါတယ်၊ အဲဒီကါးမျာ ဇော်မျိုးထွဋ် ဂီတမှူးလုပ်ခဲ့တာ တဲ့။
ခလေးမို့ ဆိုပြီး အထင်တကြီး အမှတ်မထားဘဲ၊ ပန်းချစ်သူ – အလိုက်ကလေးပေါ်မှာ
စိတ်ချမ်းသာနေတဲ့ မာအေးကို အထူး ဆင်ဆာ နာထောင်ပေးပြီး ပြန်ရောက်လာတဲ့
မန္တလေးက မဟာဂီတ စန္ဒရားဆရာကြီး ဦးအုန်းမောင်က သတင်းပေးလာပါတယ်၊ 'မာအေးရေ
.. ကိုလှထွတ်သား၊ တယ်ဟုတ်ပါလား၊ ပုဂံဘုရားတွေကြားမှာ ကြေးစည်သံ တချက်များ
ပါလိုက်လို့ကတော့ – ပထမဆုံး ဂီတ အကယ်ဒမီ သူဘွဲ့ချီရမှာ' တဲ့ သောတရှင်ရယ်။
ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို
ကူးယူ ဖော်ပြသည်။

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ